လူသစ်အုပ်စု၏ စီးပွားရေးဆွေးနွေးပွဲ
Vol. 4 Ch. 49
အစည်းအဝေးစည်းမျဉ်းများအရ ရှားလော့ခ်သည် အစေခံသုံးဦးသာ ခေါ်ဆောင်ခွင့်ရှိ၏။ ရွှံ့ဗွက်မွန်းစတားမှာ အလုပ်သမားများထဲမှ တစ်ဦးဖြစ်သောကြောင့် သူ့ကို ရှားလော့ခ်၏အစေခံအဖြစ် မသတ်မှတ်ပေ။
"လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ဒန်ဂျင်တွေရဲ့ဖွံ့ဖြိုးတိုးတက်မှုက အရှိန်အဟုန်ကောင်းစွာနဲ့ တိုးတက်လာခဲ့ပြီး နတ်ဆိုးအရေအတွက်များများက သူတို့ရဲ့စီးပွားရေးလုပ်ငန်း စတင်ဖို့ ဒန်ဂျင်တွေကို ဝယ်ယူလာကြပါတယ်။ အရှင်က လူသစ်အုပ်စုထဲမှာလို့ အမျိုးအစား ခွဲခြားခံထားရပေမဲ့ ဒါက အရှင့်ရဲ့ဒန်ဂျင်က အဆင့်နိမ့်လို့၊ နေရာအနေအထားမကောင်းလို့ ဒါမှမဟုတ် သယံဇာတမလုံလောက်လို့ မဟုတ်ပါဘူး။ ဒန်ဂျင်အရှင်အရေအတွက် အရမ်းများပြားနေလို့ပါပဲ။ အရှင်ရှားလော့ခ်ရဲ့ အဆင့်အတန်းနဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် ဝါရင့်အုပ်စု စီးပွားရေးဆွေးနွေးပွဲမှာတောင် ပါဝင်နိုင်ပါတယ်။"
အိမ်တော်ထိန်းသည် ဘောပင်တစ်ချောင်းကို သူ၏ခန္ဓာကိုယ်ထဲသို့ ထည့်လိုက်ပြီးနောက် "ဒါကတော့ ဘာရွန်က အရှင်ရှားလော့ခ်အတွက် ချန်ထားခဲ့တဲ့ မှတ်စုတစ်ခုပါ။ သူက ထာဝရတိုင်းပြည်ရဲ့ ကနဦးဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့အဆောက်အအုံတွေနဲ့ အထူးစွမ်းရည်ရှင်တွေကိုလည်း ဂရုတစိုက်ရွေးချယ်ပေးထားပါတယ်။ ဒါက ဝါရင့်အုပ်စုစာရင်းပါပဲ။"ဟုဆိုသည်။
အိမ်တော်ထိန်းသည် စာလုံးများဖြင့်ပြည့်နေသော စက္ကူတစ်ရွက်ကို ထွေးထုတ်လိုက်ပြီး စေးကပ်ကပ်ဖြစ်နေသော ထိုစက္ကူကို ရှားလော့ခ်ထံသို့ ကမ်းပေးလိုက်၏။
ရှားလော့ခ်သည် စေးကပ်နေသောစက္ကူကိုယူ၍ သေချာစွာဖတ်ရှုလိုက်သည်။
"[ဝါရင့်အုပ်စု စီးပွားရေးဆွေးနွေးပွဲဧရိယာ]
မြေအောက်တောအုပ်စိုက်ပျိုးရေးဧရိယာ၊ မှော်ကျောက်တုံး ၁၀,၀၀၀။
မှော်ကျောက်တုံးသတ္တုရိုင်းသန့်စင်စက်ရုံ၊ မှော်ကျောက်တုံး ၁၀,၀၀၀။
နေရာရွှေ့ပြောင်းဝင်ပေါက် ဧည့်ကြိုခန်းမ၊ မှော်ကျောက်တုံး ၁၀,၀၀၀။
မှော်ပစ္စည်းများအစွမ်းသွင်းရာဌာန၊ မှော်ကျောက်တုံး ၁၀,၀၀၀။
မှော်သားရဲကောင်များသုတေသနစင်တာ၊ မှော်ကျောက်တုံး ၅၀,၀၀၀။
မြေအောက်လောကသတ္တဝါများ တိုးတက်ပြုပြင်ရေး သုတေသနစင်တာ၊ မှော်ကျောက်တုံး ၅၀,၀၀၀။
မြေအောက်လောကသတ္တဝါများအတွက် နောက်ဆုံးပေါ်ပြည့်စုံသော မှော်စွမ်းရည်ပေါင်းချုပ်ကျမ်း၊ မှော်ကျောက်တုံး ၅၀,၀၀၀..."
"အရှင်ရှားလော့ခ်၊ ဆောက်လုပ်ရေးပစ္စည်းတွေကို တစ်ချက်ကြည့်လိုက်ကြရအောင်ပါ။ ကျွန်တော်တို့ နေရာရွှေ့ပြောင်းဝင်ပေါက် ပြခန်းမကနေ စကြပါမယ်။ သူတို့ဆီမှာ မြေအောက်လောကမြောက်ပိုင်းရဲ့ အကောင်းဆုံး နေရာရွှေ့ပြောင်းဝင်ပေါက် ကုန်သည်တွေရှိပါတယ်။ အနာဂတ်ကောင်းမွန်ပြီး ကောင်းစွာလည်ပတ်နိုင်တဲ့ ဒန်ဂျင်တစ်ခုဖြစ်ဖို့ သယ်ယူပို့ဆောင်ရေးစနစ်ကောင်းတစ်ခု ရှိရပါမယ်။ နေရာရွှေ့ပြောင်းဝင်ပေါက်နဲ့ပတ်သက်ပြီး ကန့်သတ်ချက်တွေအများကြီးရှိပေမဲ့ အမြန်သယ်ယူပို့ဆောင်ရေးလမ်းကြောင်း မဆောက်လုပ်ခင်မှာတော့ ဒါက ခရီးသွားလာဖို့ အထိရောက်ဆုံးနည်းလမ်းပါပဲ။ လူသစ်အုပ်စုစီးပွားရေးဆွေးနွေးပွဲအတွက်တော့ ကျွန်တော်တို့ မလိုအပ်..." အိမ်တော်ထိန်းသည် လမ်းလျှောက်ရင်းပြောနေစဉ် သူခေါင်းလှည့်ကြည့်လိုက်သောအခါ ရှားလော့ခ်နှင့် သူ၏အစေခံသုံးဦးမှာ ပျောက်ကွယ်သွားလေပြီ။
"အရှင်ရှားလော့ခ်။" ဘာလုပ်ရမှန်းမသိ အားကိုးရာမဲ့ဖြစ်နေသော အိမ်တော်ထိန်းက ခပ်တိုးတိုးအသံဖြင့် ရွတ်လိုက်သည်။
အိမ်တော်ထိန်းက ရှားလော့ခ်ကို နေရာအနှံ့လိုက်ရှာနေစဉ်တွင် သူသည် သူ၏အစေခံများကို အခမဲ့နေ့လယ်ခင်းလက်ဖက်ရည်ပွဲနေရာသို့ ခေါ်ဆောင်သွားခဲ့ပြီဖြစ်သည်။
ထိုနေရာတွင် ရွှံ့ဖြင့်ဖုတ်ကင်ထားသောပင့်ကူများ၊ ရွှံ့စေးမုန့်ကြော်များ၊ အသားလုံးနှင့်ရွှံ့စေးပေါင်မုန့်လုံးများ၊ ရွှံ့အိုးဟော့ပေါ့နှင့် မြေအောက်လောကသားတို့အကြိုက် ရွှံ့အလွှာဖုံးထမင်းတို့ ရှိနေ၏။ အနီးအနားမှ ကလေးများပင်လျှင် ထိုအစားအစာများကို တမ်းတမ်းတတဖြင့် ငိုယိုတောင်းဆိုနေကြသည်...။
"ဒီအစားအစာတွေ ငါတို့စားလို့ရလား။"
ဆယ်ဗားနပ်စ်သည် အရသာရှိသော အစားအစာများကိုကြည့်ကာ သူမကိုယ်သူမ မထိန်းနိုင်တော့ပေ။
"ငါ ပြန်ယူသွားပြီး ရောင်းလို့ရမလား။ ဒီလိုအစားအစာတွေ ငါတစ်ခါမှမမြင်ဖူးဘူး။ စားပြီးရင် အထူးအစွမ်းတွေဘာတွေ ရသေးလား။"
"ဘာစားစရာရှိလို့လဲ။ ငါတို့ ပတ်ဝန်းကျင်ကို သေချာလေ့လာသင့်တယ်လို့ ထင်တယ်။ ဒါက နေရာအသစ်လေ။ နောက်တစ်ခါ ဒီကိုပြန်လာနိုင်ပါ့မလားဆိုတာတောင် မသေချာဘူး။ မင်း အာရ်ပီဂျီ ဂိမ်းတွေ ကစားဖူးတယ် မဟုတ်လား။"
ဘောင်းဘီမဝတ်သူသည် ဘေးမှပုလင်းများနှင့် သံဗူးများကို လှမ်းယူရန် လက်ဆန့်လိုက်သော်လည်း အာသာက သူ့ကိုတားလိုက်၏။
"မစ်ရှင်လိုအပ်ချက်တွေကို မင်းမေ့နေပြီလား။ စကားနည်းနည်းပြော၊ ဘာမှလျှောက်မထိနဲ့တဲ့။ မင်းကြောင့်သာ ဒီမစ်ရှင်မပြီးခဲ့ရင် မင်းငါ့ကို လျော်ကြေးပေးမှာလား။"
"ငါက နောက်တာပါကွာ။" ဘောင်းဘီမဝတ်သူ ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက်သည်။ အာသာ၏ တည်ကြည်နေသောမျက်နှာကိုမြင်မှ သူ ပုလင်းများကိုမထိတော့ရန် ဆုံးဖြတ်လိုက်ပြီး လေးလေးနက်နက် တောင်းပန်လိုက်သည်၊ "ဆောရီးပါ သူဌေးဘရို။ နောက်မလုပ်တော့ပါဘူး။"
ဂိမ်းမာသုံးဦး တိတ်ဆိတ်သွားကြသောအခါ ရှားလော့ခ်သည် သူတို့ကိုလျစ်လျူရှုထားလိုက်၏။
သူသည် အခမဲ့နေ့လယ်ခင်းလက်ဖက်ရည်ပွဲအတွက် ထိုနေရာသို့လာခြင်း မဟုတ်ချေ။ ရှားလော့ခ်သည် ဟေးဒီးစ်လက်တံပေါင်မုန့်တစ်လုံးနှင့် ပျစ်နှစ်မွှေးကြိုင်ပြီး သွေးရောင်လွှမ်းသော ဂန္ဓမာလက်ဖက်ရည်တစ်ခွက်ကိုယူကာ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရှုရင်း သူ၏နေရာကို ရှာတွေ့လိုက်သည်။
[ဒန်ဂျင်အရှင်များ အတွေ့အကြုံမျှဝေပွဲ၊ လူသစ်အုပ်စု စီးပွားရေးဧရိယာ]
"အာသာ၊ ဘောင်းဘီမဝတ်သူ၊ ဆယ်ဗားနပ်စ်။" ရှားလော့ခ် အော်ခေါ်လိုက်ရာ ဂိမ်းမာသုံးဦးလုံး နားစွင့်သွားကြ၏။
"ဘောပင်။"
ဘောင်းဘီမဝတ်သူက သူ၏တပ်ဇီဒိုဝတ်စုံထဲမှ ဘောပင်တစ်ချောင်းထုတ်၍ ရှားလော့ခ်ကို ပြလိုက်သည်။
"ကိုယ်ပိုင်တံဆိပ်တုံး။"
ဆယ်ဗားနပ်စ်က သူမ၏တပ်ဇီဒိုဝတ်စုံထဲမှ ကိုယ်ပိုင်တံဆိပ်တုံးကိုထုတ်၍ ရှားလော့ခ်ကို ပြလိုက်သည်။
"ခရီးဆောင်အိတ်ငယ်။"
အာသာက ခရီးဆောင်အိတ်ငယ်လေးတစ်လုံးကို မြှောက်ပြလိုက်၏။
"ကောင်းပြီ၊ ငါတို့အသင့်ဖြစ်ပြီ။ နောက်တစ်ဆင့်က ထာဝရတိုင်းပြည်အတွက် အရေးကြီးတဲ့အချိန်အခါပဲ။ အမြဲတမ်းအသင့်အနေအထားရှိကြ။ သူရဲကောင်းတစ်ယောက်မှာရှိသင့်တဲ့ ဂုဏ်သိက္ခာကိုပြကြ။ ခွေးခေါင်းလူသားတွေရဲ့ခေါင်းဆောင် ခရေမာကို အနိုင်ယူပြီး ကမ္ဘာကြီးကိုကယ်တင်ခဲ့တဲ့ သူရဲကောင်းတွေလိုပေါ့။ အာရုံစူးစိုက်ကြ။ နားလည်ကြရဲ့လား။"
ရှားလော့ခ်သည် သူ၏နောက်ဆုံးပြင်ဆင်မှုများကိုပြုလုပ်ပြီး သူ၏မှော်ကျောက်တုံးကတ်ထဲတွင် မှော်ကျောက်တုံး ၃၀၀၀ ကျော်ရှိ၊မရှိ စစ်ဆေးပြီးမှ သူတို့ကိုခေါ်ဆောင်သွား၏။
"အံ့ဩဖွယ်ရာအထူးဈေးနှုန်း၊ ပန်းပဲဆိုင်ကစီစဉ်တဲ့ နောက်ဆုံးပေါ် နှစ်တစ်ရာပြည့်အထိမ်းအမှတ်ရောင်းချပွဲ..."
"ဈေးနှုန်းသင့်တင့်ပြီး ချက်ပြုတ်ကျွမ်းကျင်တဲ့ လက်သမားကောင်း လိုချင်ပါသလား။ ကျွန်ုပ်တို့ကို ရှာဖွေလိုက်ပါ..."
"ဒဏ်ရာကုသဖို့ အလွယ်တကူစိုက်ပျိုးနိုင်တဲ့ မြက်ရိုင်းလား။ မြက်ရိုင်းက လုံလောက်တာထက်တောင် ပိုသေးတယ်။ ညစာအတွက် မြက်ရိုင်းနည်းနည်း ထည့်ချက်လို့တောင်ရတယ်..."
"လေ့လာရလွယ်ကူတဲ့ လေ့ကျင့်ခန်းတွေ၊ ဂိုဘလင်တွေတောင် သူတို့ရဲ့ကြွက်သားကို လေ့ကျင့်နိုင်တယ်..."
"စိတ်ဓာတ်မကျပါနဲ့၊ အားမငယ်ပါနဲ့။ နောက်ဆုံးထုတ် အသိပညာကြွယ်ဝစေသောစာအုပ်၊ 'သနားစရာဝိညာဉ်အတွက် ဒန်ဂျင်ဖွံ့ဖြိုးရေး' က သင့်ကို အစပြုသူတစ်ယောက်ကနေ အကြွေးနွံနစ်တဲ့အဆုံးကိုရောက်ဖို့ အာမခံပါတယ်..."
...
ရှားလော့ခ်သည် ဆိုင်များ၏ သတင်းအချက်အလက်ကောင်တာများရှိရာ ယိုယွင်းနေသောစင်္ကြံလမ်းကို ဖြတ်လျှောက်သွား၏။ ကောင်တာများကို ဆွဲဆောင်မှုရှိပြီး အချက်အလက်ပြည့်စုံသော ကြော်ငြာပစ္စည်းအမျိုးမျိုးဖြင့် အလှဆင်ထားသည်။ ဈေးနှုန်းများပင်လျှင် လူသစ်များအတွက် သင့်တော်ပေသည်။ သို့သော် သတင်းအချက်အလက်လာရောက်စုံစမ်းသော သတ္တဝါများမှာ များများစားစားမရှိချေ။
နတ်ဆိုးအနည်းငယ်နှင့် လစ်ခ်ျများ၊ သွေးစုပ်ဖုတ်ကောင်များကဲ့သို့သော မြေအောက်လောကသတ္တဝါအချို့သာ သတင်းအချက်အလက် လာရောက်စုံစမ်းနေကြ၏။
ဒါက သနားစဖွယ်ကောင်းသော လူသစ်အုပ်စုပါတကား...
"အိမ်တော်ထိန်းပြောပုံအရဆိုရင် ဒန်ဂျင်တွေအရမ်းများလို့ ငါတို့ကို လူသစ်အုပ်စုထဲ ထည့်ထားတာ မဟုတ်ဘူးလား။" ဘောင်းဘီမဝတ်သူက စီးပွားရေးပူးပေါင်းဆောင်ရွက်မှု လာရောက်ရှာဖွေသော ဒန်ဂျင်အရှင်များ များများစားစားမရှိကြောင်း အရိပ်အမြွက်ပြောနေခြင်း ဖြစ်သည်။
"ဂိမ်းတွေက ဒီလိုပါပဲ။ သတ္တဝါတွေအများကြီးရှိတယ်လို့ ကြော်ငြာထားပေမဲ့ တကယ်တက်ရောက်လာတာက သနားစရာကောင်းလောက်အောင် နည်းတယ်။ ဒါက ပုံမှန်ပါပဲ။" အာသာက ထူးဆန်းစရာမရှိဟု ခံစားမိသည့်အလား ပြန်ဖြေလိုက်သည်။
"ငါတို့က ခရေမာကို အနိုင်ယူခဲ့လို့ ဖိတ်ကြားခံရတာမဟုတ်လား။ ငါတို့ မိန့်ခွန်းပြောခွင့်များ ရဦးမလား။" ဆယ်ဗားနပ်စ်က မေးလိုက်၏။
ဂိမ်းမာများ သူတို့အချင်းချင်း စကားစမြည်ပြောနေကြစဉ် ရှားလော့ခ်သည် သူ၏စီးပွားရေးပူးပေါင်းဆောင်ရွက်မည့်သူများကို ရှာတွေ့သွား၏။
"လူသစ်များအတွက် အတိုးနှုန်းအလွန်နည်းသော ချေးငွေများ။ ချေးယူရတာ သာယာဖွယ်၊ ပြန်ဆပ်ရမှာ ရင်နာတယ်။"
ရှားလော့ခ်သည် သူ၏ကော်လံကို သပ်ရပ်အောင်ပြုလုပ်လိုက်၏။ သူ၏အိပ်မက်မှာ အခမ်းနားဆုံးဒန်ဂျင်ကို တည်ဆောက်ရန်ဖြစ်သည်။ လူအင်အားတစ်ခုတည်းကိုသာ အားကိုးနေ၍ မလုံလောက်ပေ။ ကိုယ်ပိုင်ရပ်တည်နိုင်သော စီးပွားရေးအချက်အချာနေရာတစ်ခု၊ ဖြစ်နိုင်လျှင် မှော်စွမ်းရည်ရှင်များစွာပင် ဖန်တီးနိုင်ရန်အတွက် များပြားလှသောသယံဇာတများနှင့် အဆင်ပြေလွယ်ကူသော သယ်ယူပို့ဆောင်ရေးလိုအပ်သည်။ ဤသယံဇာတများအတွက် မှော်ကျောက်တုံးများစွာ မလိုအပ်ပေဘူးလား။
ဝါရင့်အုပ်စုစာရင်းတွင် သူတွေ့ခဲ့ရသည့် အရာအားလုံးသည် ရှားလော့ခ်၏ပန်းတိုင်များပင်ဖြစ်၏။
သူသည် ဦးစွာ မှော်ကျောက်တုံးပေါင်း ၁,၈၀၀,၀၀၀ ချေးငွေရယူရန် ရည်ရွယ်ထားသည်။
သူ တံခါးလက်ကိုင်ကို ဆုပ်ကိုင်မိခင်မှာပင် တံခါးပွင့်လာပြီး ယင်ကောင်နှင့်တူသော နတ်ဆိုးတစ်ကောင် ဆွဲထုတ်ခံလိုက်ရ၏။
"ခဏ၊ ခဏစောင့်ပါဦး။ ကျွန်တော့်ဒန်ဂျင်က မြေပေါ်လောကနဲ့ နည်းနည်းနီးပြီး သုံးရက်ခရီးအကွာမှာရှိတာ ကျွန်တော်သိပါတယ်။ ကျွန်တော့်ဒန်ဂျင်မှာ သေးငယ်တဲ့ မှော်ကျောက်တုံးသတ္တုကြောတစ်ခုနဲ့ သေးငယ်တဲ့သစ်တောသယံဇာတလေးပဲရှိတာပါ။ ကျွန်တော့်ဂိုဘလင်တချို့ကိုပါ ပေါင်နှံလို့ရမလား။ မှော်ကျောက်တုံးသုံးထောင်က နည်းလွန်းပါတယ်။ ကျွန်တော် ဝါရင့်အုပ်စု ပူးပေါင်းဆောင်ရွက်ရေးစာရင်းထဲက ပစ္စည်းတွေကို ဝယ်ချင်ပါတယ်။ ဟလို။ ကျွန်တော်ပြောတာနားထောင်ပါဦး။"
ထိုနတ်ဆိုးသည် အဝေးသို့ဆွဲခေါ်သွားခြင်း ခံလိုက်ရ၏။
"ဘာအကူအညီပေးရမလဲခင်ဗျာ။ ချေးငွေလာယူတာလား။" ဖြူဖျော့သောသွေးစုပ်ဖုတ်ကောင်တစ်ဦးက ချေးငွေရုံးခန်းထဲမှ ထွက်လာကာ ရှားလော့ခ်ကိုကြည့်၍ ယဉ်ကျေးစွာ မေးလိုက်သည်။
"ငါက ဒီနားကဖြတ်သွားတာပါ။" ရှားလော့ခ်က ပေါ့ပေါ့ပါးပါးပြန်ဖြေရင်း လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြန်ထွက်ခွာသွား၏။
"အမလေး၊ ရှားလီက ချေးငွေသွားယူတော့မယ် ထင်လို့။ ငါတောင် စခရင်ရှော့ရိုက်ဖို့ ပြင်ထားတာ။" ဘောင်းဘီမဝတ်သူက အားလျော့စွာပြောလိုက်သည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒန်ဂျင်အရှင်က ဂိမ်းမာတွေရှေ့မှာ ချေးငွေလာယူတယ်ဆိုတာတော့ ဂိမ်းဇာတ်လမ်းက အရမ်းဟာကွက်တွေများလွန်းရာ ကျမှာပေါ့။" ဆယ်ဗားနပ်စ်က နောက်ပြောင်သည့်လေသံဖြင့် ပြောလိုက်၏။
အာသာသည် ရှားလော့ခ်နောက်သို့လိုက်ပါရင်း ပတ်ဝန်းကျင်ကိုကြည့်ရှုကာ တိတ်ဆိတ်စွာနေ၏။
ရှားလော့ခ်သည် သူ၏ဂိမ်းမာများ၏ အကျိုးမရှိသောစကားစမြည်များကို ဂရုမစိုက်ပေ။ သူ ပိုက်ဆံရအောင် နည်းလမ်းတစ်ခု စဉ်းစားရမည်။ သူ၏ မှော်ကျောက်တုံး ၁,၈၀၀,၀၀၀ ချေးယူလိုသော အိပ်မက်မှာ ရိုက်ချိုးခံလိုက်ရချေပြီ။
ချေးငွေမရနိုင်လျှင် သူ ဘယ်လိုပိုက်ဆံရှာရမည်နည်။ လောင်းကစားလုပ်ရမည်လော။
မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ နတ်ဆိုးတွေက လောင်းကစားလောကထဲ ခြေစုံပစ်မဝင်ကြ။ သူ၏ဂိမ်းမာများကို စစ်သည်တော်ပြိုင်ကွင်းတွင် ယှဉ်ပြိုင်စေပြီး ပိုက်ဆံရှာရန် ရည်ရွယ်ချက်ရှိသော်လည်း ချန်ပီယံဆုမရနိုင်ခင် သူတို့၏ခန္ဓာကိုယ်ကို အားကောင်းအောင်လုပ်ပေးရဦးမည်။
ရှားလော့ခ်သည် အကျပ်အတည်းကြုံနေ၏။ သူသည် အမြတ်ထုတ်ရန် ရင်းနှီးမြှုပ်နှံသူများကို ရှာဖွေလိုသော်လည်း နေရာအနှံ့လိုက်ရှာပြီးနောက်တွင် ရင်းနှီးမြှုပ်နှံမှုဌာနခွဲ မရှိသည်ကို တွေ့ရှိရသည်။ သူ အလွန်စိတ်ဓာတ်ကျသွား၏။
ရှားလော့ခ် လက်ဗလာဖြင့် အိမ်ပြန်ရတော့မည်ဟု တွေးနေစဉ်မှာပင် သူသည် 'အထူးစွမ်းရည်ရှင်များခေါ်ယူရေးဌာန' ဟူသော စာတန်းပါသည့် အခန်းတစ်ခန်းရှေ့သို့ မထင်မှတ်ဘဲ ရောက်ရှိသွားသည်။
သူ မျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်းထွက်သွားရန် ပြင်လိုက်၏။
စိုစွတ်နေသောတပ်ဇီဒိုဝတ်စုံနှင့် ရွှံ့ဗွက်မွန်းစတားက သူရှိရာဘက်သို့လျှောက်လာရင်း "အရှင်ရှားလော့ခ်။ ဘယ်မှာလဲခင်ဗျာ။ ကျွန်တော် အရှင်တို့အတွက် နေရာရွှေ့ပြောင်းဝင်ပေါက် ဧည့်ကြိုခန်းမ သဘောတူညီချက်ကို ဆောင်ရွက်ပြီးပါပြီ။ ၂၀% လျှော့ဈေးတောင်ရလို့ မှော်ကျောက်တုံး ၈၀၀၀ ပဲကျသင့်မှာပါ။ အရှင်ရှားလော့ခ်။"ဟု အော်ပြောနေသည်ကို သူတွေ့လိုက်ရသည်။
အရှင်ရှားလော့ခ် လှည့်ထွက်မည်ပြုစဉ်မှာပင် အထူးစွမ်းရည်ရှင်များခေါ်ယူရေး ဌာန၏တံခါး ပွင့်လာပြီး အိပ်မက်နတ်ဆိုးမယ်တစ်ဦး ထွက်လာ၏။ ထိုအိပ်မက်နတ်ဆိုးမယ်သည် ရှားလော့ခ်ကိုမြင်၍ ကြောင်ငေးသွားသည်။
ရှားလော့ခ်လည်း အံ့အားသင့်သွား၏။
သူတို့နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။
ဂိမ်းမာသုံးဦးအတွက်မူ ထိုမြင်ကွင်းသည် ညရှစ်နာရီ လူကြိုက်များဇာတ်လမ်းတွဲများထဲမှ ဇာတ်လိုက်အမျိုးသားနှင့် အမျိုးသမီးတို့ ဘေးပတ်လည်တွင် တလက်လက်တောက်ပနေသော ကြယ်ပွင့်များဖြင့် မမျှော်လင့်ဘဲတွေ့ဆုံကြသည့် ဇာတ်ဝင်ခန်းတစ်ခုနှယ်ပင် ဖြစ်နေ၏။
ဘောင်းဘီမဝတ်သူက အာသာကို မျက်စိမှိတ်ပြလိုက်ပြီး "ငါက ဒါကို ကသူးလူးပုံစံ လက်တွေ့ဆန်တဲ့ ထိတ်လန့်ဖွယ်အွန်လိုင်းဂိမ်းလို့ ထင်ထားတာ။ ဒီလို ဟာသအချစ်ဇာတ်လမ်းဆန်ဆန်အခန်းတွေ ပါလာလိမ့်မယ်လို့ မထင်မိဘူး။ အိပ်မက်နတ်ဆိုးမယ်က ရှားလီကိုကြည့်တဲ့ အကြည့်ကိုကြည့်စမ်း။ မြင်မြင်ချင်းအချစ်ဆိုတာ ဒါမျိုးလား။ ခေတ်တော့နောက်ကျပေမဲ့ ဒီလိုဆို အမ်ပီစီက လူကြိုက်များသွားမှာပဲ။ ဒီပုံကိုသာ ငါ ဖိုရမ်မှာတင်လိုက်ရင် နောက်ထပ်ဂယက်တစ်ခု ထပ်ဖြစ်သွားမယ်လို့ မင်းယုံသလား။"ဟု တိုးတိုးလေးပြောလိုက်သည်။
အာသာ ပြန်မဖြေနိုင်ခင်မှာပင် အိပ်မက်နတ်ဆိုးမယ်သည် ရှားလော့ခ်၏ဝတ်ရုံကို ဆွဲကိုင်ကာ "ပေး၊ ပေး... အူး။"ဟု အော်ပြောလိုက်၏။
အိပ်မက်နတ်ဆိုးမယ် စကားဆုံးအောင်ပင် မပြောနိုင်လိုက်ချေ။ ရှားလော့ခ်က သူမ၏ပါးစပ်ကိုပိတ်ကာ အိမ်ထဲသို့တွန်းထည့်လိုက်ပြီး အစေခံများကို "အပြင်မှာစောင့်နေကြ။"ဟု ပြောလိုက်သည်။ ထို့နောက် တံခါးပိတ်သွားပြီး ဂိမ်းမာသုံးဦးမှာ အပြင်ဘက်တွင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း အူတူတူ ကျန်နေခဲ့ကြ၏။
"ဘာကြီးလဲဟ။" ဆယ်ဗားနပ်စ်မှာ အံ့ဩမှုမှမပြယ်သေးပေ။
"ဆယ့်ရှစ်အပေါင်း ကန့်သတ်ဇာတ်ဝင်ခန်း... ဖြစ်မယ်ထင်တယ်။" ဘောင်းဘီမဝတ်သူက စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်၏။
"ငါတို့ စောင့်နေရမှာလား။ ဝှက်ဖဲဇာတ်လမ်း ဒါမှမဟုတ် မစ်ရှင်များ ရှိနေမလားမသိဘူး။" အာသာ မျက်မှောင်ကြုတ်ကာ ပတ်ဝန်းကျင်ကိုကြည့်ရင်း ပြောလိုက်သည်။