← Chapters

ဘုရားရေ အဲဒါချန်ကျိုစစ်ပဲ!_၆

Vol. 13 Ch. 181

ဘုရားရေ အဲဒါချန်ကျိုစစ်ပဲ!_၆

Vol. 13 Ch. 181

ကျိုးချူ၏မိသားစုသည် စီရင်စုမြို့မှဖြစ်ကြပြီး သူ စောစောထွက်ခွာသွားကြောင်း၊ စီရင်စုမြို့တွင် တွေ့ကြမည်ဖြစ်ကြောင်းတို့ကို အဖွဲ့သားတစ်ဦးမှ ချန်ကျဲ့ကို အကြောင်းကြားသည်။

ဝူဟုန်လည်း ရောက်မလာခဲ့ပေ။ ဝူဟုန်နှင့် သူ၏ဆရာကျန်းလီယဲ့တို့နှစ်ဦးသားလည်း အစောပိုင်းက ထွက်သွားကြလေပြီ။ ဝူဟုန်၏ဒဏ်ရာများသည် အတော်များများ သက်သာနေပြီဖြစ်သောကြောင့် ရဲမက်အဖြစ် ပြန်လည် တာဝန်ထမ်းဆောင်ရပေမည်။

အားလုံး နှုတ်ဆက်ပြီးနောက် ချန်ကျဲ့တို့သည် မြင်းရထားလုံးနှင့် မျန့်ရွှေစီရင်စုသို့ ခရီးဆက်ခဲ့ကြသည်။

ရှန်းထောင်မြို့သည် မျန့်‌ရွှေစီရင်စုနှင့် မိုင်သုံးဆယ်ခန့်ကွာဝေးပြီး ကျန်းကူမြို့နှင့် ဟူယန်မြို့တို့ကို ဖြတ်သန်းသွားရသည်။

အကြမ်းဖျင်း နှစ်နာရီခန့်မျှ ခရီးနှင်ခဲ့ပြီး (များသောအားဖြင့် ခြေလျင်ခရီးနှင်ခဲ့ခြင်း ဖြစ်သည်) နောက်ဆုံးတွင်တော့ မျန့်ရွှေစီရင်စုသို့ ရောက်ရှိခဲ့သည်။

မျန့်ရွှေစီရင်စုမြို့တံတိုင်းသည် အလွန်တရာ မြင့်မားလွန်းလှသည်မှာ ၅မီတာကျော်အမြင့်ရှိသည်။ ၎င်းသည် စီရင်စုမြို့အဆင့်ရှိ မြို့တစ်မြို့အတွက် အတော်လေး အထင်ကြီးဖွယ်အတိုင်းအတာ ဖြစ်ပေသည်။

မြို့တွင် အမြဲမှီတင်းနေထိုင်သူလူဦးရေ ငါးသောင်းခန့်ရှိပြီး ယာယီနေထိုင်သည့်လူဦးရေမှာ ပိုမိုများပြား၏။

မျန့်ရွှေစီရင်စုသည် မျန့်ရွှေမြစ်ဘေးတွင် တည်ရှိသောကြောင့် သယ်ယူပို့ဆောင်ရေး အဆင်ပြေချောမွေ့သည်။ ထို့ကြောင့် များစွာသော ခရီးသွားယာဉ်များသည် မျန့်ရွှေစီရင်စုမှ ဖြတ်သန်းသွားလေ့ရှိကြသည်။

၎င်းကို စီးပွားကုန်သွယ်မှုမြို့တော်ဟု သတ်မှတ်နိုင်ကာ ထို့ကြောင့်ပင် ဖြစ်ထွန်းစည်ပင်၏။

“သခင်၅ ကျွန်တော်တို့ စီရင်စုမြို့ကို ရောက်ပါပြီ”

မြို့စွန်သို့ ရထားလုံးရောက်ရှိသည်နှင့်တစ်ပြိုင်နက် စစ်ရှီးမှ ချန်ကျဲ့သို့ ပြောသည်။

ထိုအခါ ရွေ့ရွေ့သည် ရထားလုံးလိုက်ကာစကို မ,တင်လိုက်ပြီး အပြင်ဘက်ရှိ မြင့်သွန်းလှသော မြို့တံတိုင်းကြီးကို ကြည့်လိုက်သည်။

သူမသည် ရုတ်ချည်း အံ့အားသင့်သွား၏။

“ဝါး အမြင့်ကြီးပဲ!”

စူးယွင်ကျင်းလည်း သိချင်စိတ်ပြင်းပြနေခဲ့၍ အပြင်ဘက်ရှိ မြို့တံတိုင်းကြီးကို ကြည့်လိုက်သည်။

ချန်ကျဲ့ ရှေးမြို့ဟောင်း၏ အငွေ့အသက်ကို အနည်းငယ်ခံစားကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

သူတို့သည် မြို့ဂိတ်တံခါးဝ၌ ရောက်ရှိနေကြလေပြီ။ အစိုးရအရာရှိဝတ်ရုံများ ဝတ်ဆင်ထားသည့် အစောင့်ရဲမက်များသည် ပုံမှန်အားဖြင့် လူတို့ကို အထင်မြင်သေးစွာ ကြည့်ရှုတတ်ပေသည်။

သို့သော် ဖန်းရှစ်ကျုံးတို့ကို မြင်တွေ့ချိန်တွင်မူ ရုတ်ချည်း ပြုံးလိုက်ကြသည်။

အစောင့်ခေါင်းဆောင်ဖြစ်သူသည် အပြုံးမျက်နှာဖြင့် အပြေးရောက်လာ၏။

“သခင်ကြီးဖန်း ပြန်လာပြီလားဗျ”

ဖန်းရှစ်ကျုံး ပြုံးလိုက်သည်။

“မင်းရဲ့အလုပ်ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်”

ထိုအစောင့်ခေါင်းဆောင်သည် ဖုန်းရွှမ်ကို တစ်ချက်ကြည့်၏။ ဖုန်းရွှမ်သည် ချက်ချင်း ငွေတုံးအကျိုးတစ်စကို ထုတ်ယူ၍ ထိုအစောင့်ကို ပေးလိုက်သည်။

ထို့နောက် ချက်ချင်းပင် အစောင့်ရဲမက်သည် ပြုံးလိုက်ပြီး ဆိုသည်။

“သခင်ကြီးဖုန်းရဲ့ သဘောထားကြီးမှုအတွက် ကျေးဇူးတင်ပါတယ်”

“ဖယ်ကြစမ်း ဖယ်ကြစမ်း လမ်းမပိတ်ကြနဲ့!”

အစောင့်ရဲမက်များသည် မြို့ဂိတ်တံခါးဝရှိ ပြည်သူများကို ဘေးသို့မောင်းထုတ်ကာ ဖန်းရှစ်ကျုံးအတွက် လမ်းရှင်းပေးသည်။

ထိုအခါ စစ်ရှီးမှ ပြောသည်။

“သခင်၅ မြို့ဂိတ်တံခါးစောင့် ရဲမက်တွေက ကျပ်တည်းနေကြတာပါ။ တော်ဝင်တရားရုံးတော်က သူတို့ကို လခမပေးဘူး။ အဲဒါကြောင့် သူတို့‌က မြို့ဂိတ်တံခါးက ဖြတ်သန်းသွားကြတဲ့ ပြည်သူတွေကို အမြဲ ခြိမ်းခြောက်ငွေညှစ်နေကြတာ‌။ အဲဒီတော့ မြို့အဝင်အထွက်မှာ သူတို့ကို ငွေ‌နည်းနည်းလောက် ပေးလိုက်ရင် သူတို့အတွက် အဆင်ပြေပါတယ်”

ချန်ကျဲ့ ပြန်ပြောလိုက်သည်။

“ခန်းမအရှင်သခင်လို အဆင့်အတန်းနဲ့တောင်မှ မြို့ထဲဝင်ဖို့ကို ငွေပေးရသေးတာလား”

စစ်ရှီးမှ ပြောသည်။

“သေချာပေါက် မဟုတ်ဘူးပေါ့။ ဒါပေမဲ့ သူတို့က တကူးတက အပြေးရောက်လာပြီး ချိုသာယဉ်ကျေးစွာနဲ့ လေးစားမှုကို ပြသနေကြမှတော့ သူတို့ကို ဘာမှမပေးလိုက်ရင် သခင်ကြီးဖန်းရဲ့အဆင့်အတန်းအားဖြင့် မသင့်လျော်ဘူးလေ”

ထိုအခါ ချန်ကျဲ့ နားလည်သွားခဲ့သည်။

တခြားသူတွေအတွက်မူ မြို့ဝင်ကြေးဖြစ်ပြီး ဖန်းရှစ်ကျုံးကဲ့သို့သော အဆင့်အတန်းများအတွက်မူ ဆုကြေးဖြစ်သည်။

မြို့တံခါးစောင့်ရဲမက်များသည် လခမရှိပါဘဲ ဤအခွန်အခဖြင့် နေထိုင်စားသောက်ရသည်ဖြစ်ရာ လူချမ်းသာတစ်ယောက်အနေဖြင့် တစ်ပါးသူများအပေါ် ကြင်နာရပေမည်။ ပုံမှန်အားဖြင့် သူတို့၏ ရှင်သန်ရန်လမ်းကြောင်းကို ငြင်းဆန်ခြင်းငှာ မဖြစ်သင့်ပေ။ သို့ကြောင့် ဆုကြေးအနည်းငယ်မျှ ချီးမြှင့်ပေးရပေမည်။

ဤသည်မှာ လူချမ်းသာတစ်ယောက်၏ အပြုအမူဖြစ်သကဲ့သို့ ဂုဏ်သိက္ခာလည်း ဖြစ်သည်။

အစောင့်ရဲမက်ခေါင်းဆောင်၏ ဦးဆောင်မှုဖြင့် ဖန်းရှစ်ကျုံးနှင့်အဖွဲ့သည် မြို့ထဲသို့ ဝင်ခဲ့ကြသည်။ ထိုစဉ် စစ်ရှီးမှ ဆက်ပြောသည်။

“သခင်၅ ဒါက အနောက်မြို့ပါ။ ကျွန်တော်တို့ ငါးဖမ်းကုန်သည်အဖွဲ့ရဲ့နယ်မြေလည်း ဖြစ်ပါတယ်”

“အနောက်မြို့”

ချန်ကျဲ့ မှတ်သားလိုက်သည်။ ထို့နောက် စစ်ရှီးမှ ဆက်ပြောသည်။

“မျန့်ရွှေစီရင်စုကို အရှေ့၊ တောင်၊ အနောက်နဲ့ မြောက်ဆိုပြီး ‌နယ်မြေလေးခု ခွဲခြားထားပြီးတော့ နယ်မြေတစ်ခုချင်းစီကို ငါးဖမ်းကုန်သည်အဖွဲ့၊ ချောင်ကုန်သည်အဖွဲ့နြဲ တခြားကုန်သည်အဖွဲ့ငယ်လေးတွေက အုပ်ထိန်းစီမံပါတယ်”

“ကျွန်တော်တို့ ငါးဖမ်းကုန်သည်အဖွဲ့က အနောက်မြို့နဲ့ မြောက်မြို့ရဲ့ လမ်းသုံးလမ်းကို အဓိက အုပ်ထိန်းစီမံပါတယ်”

“ချောင်ကုန်သည်အဖွဲ့က အရှေ့မြို့နဲ့ မြောက်မြို့ရဲ့ လမ်းသုံးလမ်းကို တာဝန်ယူပါတယ်”

“တောင်မြို့မှာတော့ ကုန်သည်အဖွဲ့ငယ်လေးတွေက အသက်မွေး‌ဝမ်းကျောင်း လုပ်ကိုင်ကြပါတယ်။ များသောအားဖြင့်တော့ လမ်းတစ်လမ်းကို ကုန်သည်အဖွဲ့တစ်ဖွဲ့က အုပ်ထိန်းစီမံလေ့ရှိပြီး ခေါင်းဆောင် တိတိပပသတ်မှတ်ထားတာ မရှိပါဘူး”

စစ်ရှီး၏ စကားကို ချန်ကျဲ့သည် မိမိနားလည်ကြောင်း ခပ်သာသာ ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် စစ်ရှီးမှ ဆက်ပြောသည်။

“အနောက်မြို့မှာ ကျွန်တော်တို့ကျားဖြူခန်းမ အုပ်ထိန်းစီမံရတဲ့ နယ်မြေတွေက ယုံချန်း၊ ငြိမ်းချမ်းခြင်း၊ ကျားခေါင်းနဲ့ အသီးအရွက်ဈေးလမ်းမကြီးတွေပါ”

“အဲဒီနယ်မြေလေးခုကို ခန်းမအရှင်သခင်ရဲ့ မွေးစားသားလေးယောက်က အသီးသီး စီမံခန့်ခွဲကြပါတယ်”

ထိုစကားအဆုံးတွင် ချန်ကျဲ့ ခပ်ဖျော့ဖျော့ ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ ကျားဖြူခန်းမ၏ အင်အားအာဏာ ခွဲဝေထားရှိပုံဖြစ်ကြောင်း သူ နားလည်လိုက်သည်။

“ဒါပေမဲ့ ခန်းမအရှင်သခင်က သခင်၂ကို အလေးပေးတာကြောင့် အခုအချိန်မှာ သခင်၂က အင်အားအကြီး‌ဆုံးပါပဲ။ ငြိမ်းချမ်းခြင်းလမ်းမကြီးတစ်ခုလုံးက သခင်၂ရဲ့ပိုင်ဆိုင်မှုဖြစ်ပါတယ်။ သခင်၂က လက်အောက်မှာ အဖွဲ့သားညီနောင်တွေ အများဆုံးပိုင်ဆိုင်တဲ့သူလည်းဖြစ်ပြီးတော့ စုစုပေါင်း လက်အောက်ခံ အဖွဲ့သားညီနောင်၂၀၀ကျော်လောက် ရှိပါတယ်။ အဲဒါက တခြားသခင်လေးသုံးယောက်ပေါင်းစာလောက်ကို များပြားတဲ့ပမာဏပါ”

“အဲဒါကြောင့် ခန်းမမှာ သခင်၂ကို ခန်းမအရှင်သခင်ငယ်လို့လည်း ခေါ်ကြပါတယ်။ ခန်းမအရှင်သခင် မရှိတဲ့အချိန်တွေမှာ သခင်၂က အုပ်ထိန်းစီမံသူအဖြစ် တာဝန်ယူလေ့ရှိပါတယ်”

ကျန်းချွမ်၏အင်အားသည် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ကြီးမားနေသည့်အတွက် ချန်ကျဲ့၏မျက်လုံးများ မှေးကျဉ်းသွား၏။

ထိုစဉ် သူတို့၏ရထားလုံးသည် ကုန်သည်လေးများနှင့် ပျံကျဈေးသည်များ နေရာအနှံ့ရှိနေသည့် စည်ကားသည့်ဈေးတစ်ခုကို ဖြတ်သန်းသွားသည်။ ဤလမ်းသည် အထူးသဖြင့် အစားအသောက်ရောင်းချသည့် ပျံကျဈေးသည်များ အပြည့်ရှိနေကာ သက်ဝင်လှုပ်ရှားနေသည့် ဒေသငယ်လေးတစ်ခုဖြင့်ပင် ဆင်တူနေပေသည်။

ထိုမြင်ကွင်းကြောင့် ရွေ့ရွေ့မှာ သွားရည်ကျခြင်းကို မထိန်းချုပ်နိုင်ပေ။

“အစ်ကိုကြီး အစ်ကိုကြီး ကြက်ကင်သည်ကို ကြည့်ပါဦး!”

“အစ်ကိုကြီး သစ်သီးသကြားလုံးတွေ!”

“အစ်ကိုကြီး သကြားရုပ်ပုံခဲတွေ.. သကြားခဲတွေ ရောင်းနေတာ ကြည့်ပါဦး!”

…

ဤနေရာမှာ ရွေ့ရွေ့အတွက် ကောင်းကင်ဘုံပင် ဖြစ်ချေသည်။ သူမသည် စိတ်လှုပ်ရှားပျော်ရွှင်စွာဖြင့် အော်ဟစ်နေ၏။ ကုန်သည်များသည် ရထားလုံးနှစ်စီးအတွက် လမ်းဖယ်ပေးနေရင်း ကလေးငယ်လေး၏ ကျယ်လောင်စွာသော အော်ဟစ်သံကို စူးစမ်းနေကြသည်။

လမ်းမထက်တွင် တွန်းလှည်းဖြင့်ရောင်းချသော ပျံကျဈေးသည်များစွာ ရှိနေသည်ကိုလည်း မြင်တွေ့ရပေသည်။ သူတို့သည် ဟင်းသီးဟင်းရွက်များ၊ ‌ဆန်နှင့် ဆီ၊ ကြာညို့၊ ရှာလကာရည်၊ ချက်ပြုတ်ပြီး အစားအစာများအပြင် ထင်းများအထိ ရောင်းချနေကြသည်။

ဤခေတ်ကာလ၌ ဂတ်စ်နှင့် သဘာဝဓာတ်ငွေ့များ မရှိပေ။ ထို့ကြောင့် အစားအသောက်ချက်ပြုတ်ရာတွင် ထင်းလိုအပ်သည်။ မြို့ထဲတွင် ထင်းမီးမွှေးလိုပါက ထင်းကုန်သည်ဆိုင်တွင် ထင်းဝယ်ယူရမည်။ ထင်းခုတ်သမားများသည်တော့ ထင်းကုန်သည်အဖွဲ့ကို အခွန်ပေးဆောင်ရသည်။ သို့မှသာ ‌တောင်ပေါ်တက်၍ ထင်းခုတ်ယူပြီး ရောင်းချနိုင်ပေသည်။

ထို့နောက် စစ်ရှီးမှ ပြောသည်။

“သခင်၅၊ ဒါက သခင်၄ရဲ့နယ်မြေဖြစ်တဲ့ အသီးအရွက်ဈေးလမ်းမကြီးပါ”

အသီးအရွက်ဈေးကြီးကို ဖြတ်ကျော်လာပြီးနောက်တွင် အလွန်တိတ်ဆိတ်ငြိမ်သက်၍ ကျယ်ဝန်းသည့်လမ်းပေါ်သို့ ရောက်ရှိခဲ့ကြသည်။ ဤလမ်းမပေါ်ရှိ ဆိုင်ခန်းအများစုမှာ ပိုးထည်ဆိုင်များ၊ လက်ဝတ်ရတနာဆိုင်များ၊ ရှေးဟောင်းပစ္စည်းဆိုင်များ၊ လက်ရေးအလှဆိုင်များနှင့် ပန်းချီဆိုင်များ၊ အဆာသွတ်ဂျုံမုန့် သရေစာဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် အခြားသော တန်ဖိုးကြီးစီးပွားရေးလုပ်ငန်းများ ဖြစ်ကြသည်။

စစ်ရှီးမှ ဆက်ပြောသည်။

“ဒါက အကြွယ်ဝဆုံးဖြစ်တဲ့ ငြိမ်းချမ်းခြင်းလမ်းမကြီး၊ သခင်၂ရဲ့ပိုင်ဆိုင်မှုပါ။ ဒီနေရာရဲ့ တစ်နှစ်စာ အခွန်ဘဏ္ဍာငွေတစ်ခုတည်းကတင် အသီးအရွက်ဈေးကြီးထက် သုံးဆ မြင့်မားပါတယ်”

ထိုစကားတွင် ချန်ကျဲ့ အသာအယာ ခေါင်းညိတ်လိုက်သည်။ အသီးအရွက်ဈေးကြီးကို တောင်သူလယ်သမား‌များ၏ ဈေးကြီးဟု ခေါ်ဆိုသော် ဤနေရာကို ကုန်သွယ်မှုအရပ်ဒေသဟု‌ ခေါ်ဆိုနိုင်ပေသည်။

ရထားလုံးသည် ရှေ့ဆက်ရွေ့လျားနေခဲ့ပြီး နောက်ဆုံးတွင်တော့ ရှေ့တံခါးအထက်တွင် “ကျားဖြူခန်းမ”ဟု စာလုံးကြီးများ ရေးထွင်းထားသည့် စံအိမ်ကြီးရှေ့၌ ရပ်တန့်သွားခဲ့သည်။

“သခင်၅ ကျွန်တော်တို့ ကျားဖြူခန်းမရဲ့ဌာနချုပ်ကို ရောက်ပါပြီ”

စစ်ရှီးမှ ချန်ကျဲ့ကို အသိပေးလိုက်သည်။

စာစဉ်ပြီး၏

All Chapters