ယောက်ျား၊ ကျွန်မ ဒီနေ့ အရမ်း အရမ်း အရမ်းပျော်တယ်_၅
Vol. 13 Ch. 168
၎င်းသည်လည်း သူ သမားတော်ပိုင်၏ တပည့်ဖြစ်လာပြီးနောက်မှ ဖြစ်သည်။
ထို့ပြင် ဘိုးဘေးကြီးလက်သီးသိုင်း၏ မိတ္တူသည် လျှို့ဝှက်သိုင်းကျမ်းများ ရောင်းချသည့် မှောင်ခိုဈေးတွင် ငွေငါးတုံးဖြင့် ရောင်းချပေသည်။
ငွေ၅တုံးဆိုတာ လယ်သမားမိသားစုအတွက် ဘယ်လိုအဓိပ္ပာယ်ဖြစ်လိမ့်မလဲ။
အိမ်ထောင်စုတစ်စုအတွက် နှစ်နှစ်စာဝင်ငွေနီးပါးရှိတယ်။ သူတို့က အဲဒီငွေနဲ့ သူတို့ရဲ့သားသမီးအတွက် လျှို့ဝှက်သိုင်းကျမ်းဝယ်ပေးဖို့ ဆန္ဒရှိပါ့မလား။
အဲဒီပိုက်ဆံနဲ့ မိသားစုရဲ့ ဆာလောင်မှုကို ဖြည့်ဆည်းပေးနိုင်မယ့် ကောက်ပဲသီးနှံတွေပဲ ဝယ်လိမ့်မှာပေါ့။
လူတချို့က မေးလိမ့်မယ်။ သိုင်းလောကမှာ ဘာလို့ သူရဲကောင်းတွေကပဲ သိုင်းပညာကို သင်ယူနိုင်ကြပြီး သာမန်လူတွေက ဘာလို့ မသင်ယူနိုင်ကြတာလဲလို့။
အဲဒါရိုးရှင်းပါတယ်။
သူတို့က အရည်အချင်း မပြည့်မှီလို့ပဲ။
သာမန်လူတွေက စားသောက်ဖို့အတွက် ရုန်းကန်နေရပြီး လယ်ယာလုပ်ကိုင်ဖို့၊ ကောက်ရိတ်ဖို့၊ အခွန်ဆောင်ဖို့တွေနဲ့ အလုပ်များနေကြတာ။ လယ်စိုက်ချိန်တွေမှာဆို လူချမ်းသာအိမ်တွေမှာ ယာလုပ်သားလုပ်ရတာနဲ့ ပိုလို့တောင် ခက်ခဲကုန်ကြသေးတယ်။
ဘယ်သူကများ သိုင်းလေ့ကျင့်ဖို့ အချိန်ရနိုင်မှာလဲ။
ပြီးတော့လည်း သိုင်းပညာလေ့ကျင့်ဖို့အတွက် လိုအပ်ချက်တွေက ကောင်းကောင်းစားသောက်နေထိုင်ရမှာ။ မဟုတ်ရင် ကျင့်ကြံသူအတွက် အန္တရာယ်ဖြစ်နိုင်တယ်။
ပြီးတော့ သိုင်းပညာကို လေ့လာသင်ယူရာမှာလည်း ခက်ခဲလိမ့်မယ်။
သိုင်းလောက၏ သိုင်းကျမ်းများသည် တော်ဝင်စာမေးပွဲကမ္ဘာ၏ စာအုပ်များကဲ့သို့ ယေဘုယျအားဖြင့် လက်ဝါးကြီးအုပ်ခံထားရပေသည်။ အပြင်လူကို အဆင့်နိမ့်သိုင်းပညာလေးတစ်ခု သင်ပေးလျှင်သော်မှ မနည်းလှသော ဈေးနှုန်းတစ်ခု သတ်မှတ်ခေါ်ဆိုကြသည်။
ဈေးအပေါဆုံး သိုင်းကျမ်းလေးတစ်ခုသော်မှ ငွေ၅တုံးတန်ကြေးရှိလေသည်။
အဲဒါက အရမ်း ဈေးမကြီးလွန်းဘူးလား။
သို့သော် သာမန်ပြည်သူများသည် ငွေ၁တုံးပင်လျှင် မတတ်နိုင်ကြပေ။ သို့ဖြစ်ရာ သိုင်းကျမ်းဝယ်ယူရန် ငွေကြေးကို အဘယ်အရပ်ကများ သွားရှာလာပါရမည်နည်း။
ဤလူမှုအဖွဲ့အစည်း၏ ချမ်းသာကြွယ်ဝမှု ဖြန့်ဖြူးခြင်းစနစ်သည် အချို့လူများမှာ အခြားသူများထက် သာလွန်နိုင်ပြီး ကျန်လူများမှာ သူတို့၏တစ်ဘဝလုံးကို ပင်ပန်းကြီးစွာ အလုပ်လုပ်ရမည်ဟု အဆုံးအဖြတ်ပေးလေသည်။
ထိုသို့ဖြစ်ရခြင်းမှ ပင်ပန်းကြီးစွာ အလုပ်လုပ်သူများသည် လုံလောက်သည့် ကြိုးပမ်းအားထုတ်မှု မရှိသောကြောင့်လော။
မဟုတ်ပေ။ သူတို့မှာ အလွန်တရာ ကြိုးစားအားထုတ်လွန်းသောကြောင့် ခဏရပ်နားပြီး သူတို့လုပ်နေသည့်အရာများမှာ မှန်ကန်ပါ၏လောဟု စဉ်းစားရန်ပင် အချိန်မရှိကြချေ။
“ရင်းနှီးမြှုပ်နှံမှု မရှိပါက ချမ်းသာကြွယ်ဝမှု မရှိနိုင်၊ ညအချိန် စားကျက်မလွှတ်ဘဲနှင့် ဝဖြိုးသည့်မြင်းကောင်း မရရှိနိုင်”ဟူသည့် အဆိုကို အားလုံး သိကြပါ၏။ သို့သော် “ချမ်းသာကြွယ်ဝမှု မရှိသည့် ရင်းနှီးမြှုပ်နှံမှုသည် ဆင်းရဲမွဲတေမည့် ကံကြမ္မာသာဖြစ်ပြီး ဝဖြိုးမှု မရှိပါဘဲ ညအချိန် စားကျက်စားသည့် မြင်းသည် ပင်ပန်းကြီးစွာ အလုပ်လုပ်နေသော မြင်းဖြစ်သည်”ဟူသည့် နောက်တစ်ကြောင်းကို မည်သူ သိပါအံ့နည်း။
အောက်ခြေလူတန်းစားများအတွက် ခက်ခဲကျပ်တည်းမှုအပေါင်းကို ဆန့်ကျင်ဖြတ်ကျော်ပြီး မိမိတို့၏ ကံကြမ္မာကို ပြောင်းလဲနိုင်ရန်မှာ အလွန်တရာ ခက်ခဲသည်။
ချန်ကျဲ့၏အောင်မြင်မှုမှာ သူ၏ အခွင့်အရေးများနှင့် စနစ်၏သတင်းအချက်အလက်စနစ်ကြောင့်ဟု မှတ်ယူနိုင်ပါ၏။
သူ၏ ကမ္ဘာကူးပြောင်းလာသူဟူသည့် အချက်ပင်လျှင် များစွာ အထောက်အကူ မဖြစ်နိုင်ချေ။ ဤကမ္ဘာ၏ အဆင့်နိမ့်လူတန်းစားများအပေါ် ကန့်သတ်မှူများသည် သူ၏အရင်ဘဝထက် များစွာပို၍ ကြောက်မက်ဖွယ်ကောင်းလှသည်။
ချန်ကျဲ့သည် မိမိကိုယ်တိုင် ရွှံ့နွံတောထဲမှ ရုန်းထွက်နိုင်ခဲ့ပြီးနောက်တွင် ရွှံနွံထဲတွင် ရုန်းကန်နေရဆဲဖြစ်သော ဤလူများကို ကူညီပေးချင်သည်။ အိပ်မက်များ ရှင်သန်နေဆဲဖြစ်သည့် လူငယ်လေးများကို ကူညီပေးချင်သည်။
ထို့ပြင် ဤလူငယ်များ အောင်မြင်သွားပါက အနာဂတ်တွင် သူ့အတွက် အင်အားတစ်ရပ် ဖြစ်လာကြလိမ့်မည်။
အနှစ်ချုပ်လိုက်သော် ချန်ကျဲ့သည် အရည်အချင်းကို ရင်းနှီးမြှုပ်နှံနေခြင်း ဖြစ်ပေသည်။
ချန်ကျဲ့သည် ထိုအိပ်မက်များ ပြည့်လျှံနေဆဲဖြစ်သော လူငယ်များကို ဘိုးဘေးကြီးလက်သီးသိုင်းကို သင်ပေးခဲ့သည်။ အရမ်းဆန်းကြယ်နက်နဲသည့် သိုင်းပညာကိုမူ သင်မပေးခဲ့ပေ။
ဤအဆင့်တွင် ဘိုးဘေးကြီးလက်သီးသိုင်းသည် သူတို့အတွက် လုံလောက်၏။
တစ်စုံတစ်ယောက်မှ နှစ်နှစ်၊ သုံးနှစ်အတွင်း အရေပြားသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိနိုင်ခဲ့ပြီး သူ့ကို လာရှာနိုင်ခဲ့လျှင် ထိုလူသည် သူ၏အရည်အချင်းကို သက်သေပြပြီး ဖြစ်၏။ ထိုအခါ ချန်ကျဲ့သည်လည်း ထိုလူတို့ကို သူတို့၏ ကိုယ်ပိုင်ပုံစံအတိုင်း ကျင့်ကြံနိုင်စေရန် လေ့ကျင့်မှုကို အဆင့်တက်ပေးလိုက်မည်ဟု တွေးထားခဲ့သည်။
သူတို့မှ အခြားအရည်အချင်းရှိသူ တစ်ယောက်ယောက်ကို တွေ့ခဲ့လျှင်လည်း ဤသိုင်းပညာကို တစ်ဆင့်ပြန်သင်ပေးနိုင်သည်ဟု ချန်ကျဲ့ ပြောထားခဲ့သည်။
အရေပြားသန့်စင်ခြင်းအဆင့် သိုင်းပညာရှင်သုံးယောက် ပေါ်ထွက်လာအောင် ကူညီကျင့်ကြံပေးနိုင်သူကို သူကိုယ်တိုင်၏ သိုင်းပညာအရည်အချင်းမှာ ချို့ယွင်းမှုရှိနေခဲ့လျှင်သော်မှ ချန်ကျဲ့သည် ထိုသူအား ငါးဖမ်းကုန်သည်အဖွဲ့တွင် အလုပ်နေရာတစ်ခု ရှာဖွေပေးမည်ဟု ပြောခဲ့သည်။
ထိုအချိန်မှစ၍ ထိုသူကို ငါးဖမ်းကုန်သည်အဖွဲ့မှ ဆက်လက်ဂရုစိုက်ပေးလိမ့်မည်။
ဤနည်းစနစ်သည် လက်ရှိတွင် အကျိုးမရှိလှသော်ငြား အနာဂတ်တွင်မူ ချန်ကျဲ့အတွက် နောက်လိုက်အများအပြား ရရှိစေခြင်းဖြင့် အကျိုးပြုနိုင်လိမ့်မည်။
လူ၁၅ယောက်ဖြင့် အရည်အချင်းပြည့်မှီသော သိုင်းပညာရှင် တစ်ယောက်၊ နှစ်ယောက်ခန့်ကို ရရှိချင်မှ ရရှိစေနိုင်လိမ့်မည်။ သို့သော် ထိုလူများသည် သိုင်းပညာကို ဖြန့်ဝေပေးနိုင်ပြီး သင်ကြားပေးနိုင်လျှင် ချန်ကျဲ့အတွက် ပိုမိုများပြားသည့် အရည်အချင်းရှိသူများကို သယ်ဆောင်လာပေးနိုင်လိမ့်မည်။
ထို့နောက် သူတို့၏တပည့်များသည်လည်း တခြားသူကို ပြန်သင်ကြားပေးလိမ့်မည်။ သို့ဖြင့် စဉ်ဆက်မပြတ်သော စက်ဝန်းကြီး ဖြစ်သွားပေလိမ့်မည်။
၁၅ပုံ ၁ပုံ အခွင့်အရေးရှိသည်ဟု အခြေတည်တွက်ချက်သော် လူအရေအတွက် ငါးဆယ်၊ ငါးရာ၊ ငါးထောင်အထိ ကျယ်ပြန့်သွားခဲ့ပါက မည်မျှအရေအတွက် ဖြစ်လိမ့်မည်နည်း။
မျက်မှောက်ခေတ် မျိုးဆက်သစ်များသည် ဤနည်းစနစ်ကို နားလည်ကြလိမ့်မည်။ ၎င်းနည်းစနစ်သည် အသိအမှတ်ပြုရလောက်အောင် အကျိုးရှိပါ၏။။
၎င်းကို လူမှ လူသို့ ကူးပြောင်းသည့် သဘာဝဖြစ်စဉ်ဟု ခေါ်ဆိုပေသည်။
ချန်ကျဲ့သည် မျိုးစေ့စိုက်ပျိုးခဲ့ပြီး သူလိုလားသည့် ပန်းပင်များ ကြီးပြင်းရှင်သန်လာပါရန် မျှော်လင့်မိသည်။
သို့ဖြင့် ချန်ကျဲ့သည် နေ့လယ်ခင်းတစ်ခုလုံးကို ထိုလူငယ်များအား သိုင်းပညာသင်ပေးခြင်းဖြင့် ကုန်ဆုံးခဲ့သည်။ အားလုံးသည် အလွန် ကြိုးစားကြ၏။ ဤသည်မှာ သူတို့အတွက် ကံကြမ္မာကို တွန်းလှန်နိုင်မည့် အခွင့်အရေးဖြစ်သည်။ ဤသို့အချိန်မျိုးတွင် မည်သူကများ လျော့တိလျော့ရဲ လုပ်နေနိုင်ပါမည်နည်း။
ဤသင်ကြားမှုသည် အနည်းဆုံး ငွေ၅တုံး တန်ကြေးရှိကြောင်းကို စိတ်တွင်မှတ်သားလျက်၊
ထို့ပြင် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် သိုင်းပညာရှင်မှ သူတို့ကို တိုက်ရိုက်သင်ကြားပေးနေခြင်းသည် ပို၍ အဖိုးတန်ပေသည်။
အရူးကောင်မှသာလျှင် ဤသို့အခွင့်အရေးမျိုးကို လက်လွတ်ခံလိမ့်မည်။ ဤသို့အခွင့်အရေးဟူသည် အလွန်တရာ ရှားပါးလေရာ လေးလေးနက်နက် ကျေးဇူးမတင်သူဟူ၍ မရှိနိုင်ပေ။
ချန်ကျဲ့သည် သူတို့ကို အလေးအနက် သင်ကြားပေးခဲ့သည်။ သူတို့သည် အနာဂတ်တွင် သူ၏လမ်းညွှန်ပြသမှုအောက်မှ အဓိကကျသော အရည်အချင်းရှိသူများ ဖြစ်မလာနိုင်ကြောင်း ချန်ကျဲ့ သိသည်။ သို့သော် ဤလူများသည် အနာဂတ် အရည်အချင်းရှိသူများအတွက် အစပျိုးရာအရပ် ဖြစ်လာနိုင်ပေသည်။
ဤလူများမှ ခိုင်မာသည့် အခြေခံအုတ်မြစ်ကို တည်ဆောက်ထားသ၍ အနာဂတ်တွင် သူတို့သည် ချန်ကျဲ့အတွက် အရည်အချင်းရှိသူများကို လေ့ကျင့်ပျိုးထောင်ပေးနိုင်လိမ့်မည်။
ဤသည်မှာ အရည်အချင်းရှိသူများကို ပျိုးထောင်ခြင်းအတွက် မဟာစီမံကိန်းကြီး ဖြစ်၏။ ၎င်းစီမံကိန်းကြီးတွင် ချန်ကျဲ့ ရင်းနှီးမြှုပ်နှံခဲ့သည်မှာ ဘိုးဘေးကြီးလက်သီးသိုင်းတစ်ခုသာ ဖြစ်သည်။
ဘိုးဘေးကြီးလက်သီးသိုင်းကို ငွေ၅တုံးဖြင့် ရောင်းချသည့် အကြောင်းရင်းသည် အတိအကျဆိုရသော် လူသားများ၏ လောဘကြောင့် ဖြစ်သည်။ အကယ်၍ လူတစ်ယောက်သည် ထိုသိုင်းကျမ်းကို ငွေ၅တုံးဖြင့် ဝယ်ယူပြီး တစ်ရွာလုံးကို မျှဝေပေးရန် ဆန္ဒရှိခဲ့လျှင် မည်သူမျှ ဂရုစိုက်ကြမည် မဟုတ်တော့ပေ။
သို့သော် ဘယ်သူကများ မိမိ၏ငွေကို အခြားသူများ၏ အကျိုးစီးပွားအတွက် အသုံးပြုရလောက်အောင် တုံးအပါမည်နည်း။
လူသားတို့၏ တစ်ကိုယ်ကောင်းဆန်မှုသည် ဤသိုင်းလောကကြီးတွင် သိုင်းပညာရှင်များ ပြန့်နှံပေါက်ပွားခြင်းမှ ကာကွယ်ထားခဲ့သည်။ သို့တိုင် ထိုးထွင်းအမြင်ရှိသည့် ဂိုဏ်းများကဲ့သို့ သူတို့၏ နောင်လာနောက်သားများအတွက် သိုင်းကျမ်းများ ဝယ်ယူလေ့ကျင့်ပေးသည့် ဂိုဏ်းများလည်း ချွင်းချက်အဖြစ် တည်ရှိသေးပေသည်။
ချန်ကျဲ့ သင်ကြားပေးသည့် ပုံစံမှာမူ အလွန်ရှားပါးသည်။
လေ့ကျင့်သင်ကြားပေးမှုသည် ညနေခင်းအထိ ကြာမြင့်ခဲ့ပြီး ချန်ကျဲ့မှ အားလုံးကို ပြန်လွှတ်တော့မည်တွင်
စူးယွင်ကျင်းသည် ချန်ကျဲ့ကို ဘေးသို့ ဆွဲခေါ်လိုက်သည်။
“ကျိုစစ် ကျွန်မ အိမ်မှာကျန်တဲ့ အသားဆားငန်နဲ့ ပြောင်းဆန်တွေကို ချက်ထားတယ်။ သူတို့ကို ညစာစားသွားဖို့ နေခိုင်းလိုက်ပါ”
ချန်ကျဲ့ စူးယွင်ကျင်းကို ကြည့်လိုက်သည်။
“မင်း ကိုယ်ဘာလုပ်ချင်နေတယ်ဆိုတာ နားလည်နေလား”
စူးယွင်ကျင်းမှ ပြုံးလိုက်ပြီး ပြောသည်။
“ကျွန်မ လုံးဝကြီး မှန်နေတာတော့ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်မ အနည်းအကျဉ်းတော့ နားလည်ပါတယ်။ ရှေးခေတ်တွေတုန်းက မုန့်ချန်က မမွေးဖွားသေးတဲ့ ဘုရားခင်အတွက် လောကကြီးအပေါ် ကြင်နာမှုတွေ ပေးအပ်ခဲ့တယ်လေ…”
“ဒီနေ့ ရှင် လုပ်နေတာက “ပညာရှိများ ပြုစုပျိုးထောင်ခြင်း”ရဲ့ တခြားပုံစံတစ်ခု ဖြစ်ပါလိမ့်မယ်”
စူးယွင်ကျင်းသည် အပြုံးလေးဖြင့် ပြောနေသည်။ သူ၏နည်းဗျူဟာ၏ လေးနက်မှုကို နားလည်နေသည့် စူးယွင်ကျင်းကိုကြည့်လျက် ချန်ကျဲ့ မထိန်းချုပ်နိုင်စွာ ခံစားချက်များ သိမ့်ခနဲဖြစ်ပေါ်သွားရသည်။ ကြည့်ရသည်မှာ ဤအမျိုးသမီးငယ်လေးသည်လည်း သာမန်လူ မဟုတ်နေပါလေ။