ယောက်ျား၊ ကျွန်မ ဒီနေ့ အရမ်း အရမ်း အရမ်းပျော်တယ်_၆
Vol. 13 Ch. 169
စာအုပ်ဖတ်ခြင်းမှ ရရှိသည့် အသိပညာများသည် စာမဖတ်သူများထက် အမှန်တကယ်ပင် သာလွန်ပေသည်။
သိုင်းလောက၌ပင် စာဖတ်ခြင်းသည် မရှိမဖြစ် အရေးပါနေဆဲပင်။
“ကောင်းပြီ ယောက်ျား၊ သူတို့ကို ထမင်းစားဖို့ သွားခေါ်လိုက်ပါ”
ထိုအခါ ချန်ကျဲ့ ခေါင်းညိတ်လိုက်ပြီး ရုတ်ချည်း ပြောသည်။
“ညီနောင်တို့ ဒီနေ့လေ့ကျင့်မှုကို ဒီလောက်နဲ့ နားလိုက်ရအောင်”
ထိုအခါ အားလုံးသည် လေ့ကျင့်ခြင်းကို ရပ်တန့်လိုက်ကြသည်။ ထိုအချိန်တွင် သူတို့သည် ဘိုးဘေးကြီးလက်သီးသိုင်း၏ ပဏာမနိဒါန်းပိုင်းကို နားလည်သွားကြပြီဖြစ်သည်။ နောက်ထပ်အဆင့်မှာ ဖြည်းဖြည်းချင်း ကျွမ်းကျင်တတ်မြောက်အောင် ကျင့်ကြံ၍ ပို၍နက်နက်ရှိုင်းရှိုင်း နားလည်စေရန် ဖြစ်သည်။
ထို့ပြင် ဤလူငယ်လေးများသည် အချို့သိုင်းကွက်များကို သေချာနားလည်နေပြီဖြစ်၏။
ချန်ကျဲ့သည် သူတို့၏ အရည်အချင်းအရ အကဲဖြတ်ကြည့်ခဲ့သည်။ ထို့နောက် အချို့သိုင်းကွက်များကို နားလည်ရန် အခက်အခဲရှိနေသူများကို နားလည်ပြီးသူများထံမှ ပြန်လည်သင်ယူစေသည်။ အချင်းချင်း အပြန်အလှန် အတည်ပြုစစ်ေဆးပေးခြင်းဖြင့် တိုးတက်မှုလျင်မြန်ပေသည်။
သို့ဖြင့် လူအုပ်စုသည် လေ့ကျင့်ခြင်းကို ရပ်နားလိုက်ကြသည်။
သူတို့အားလုံးသည် လက်ယှက်အရိုအသေပြုလျက် ပြော၏။
“အစ်ကိုကျိုစစ် လမ်းညွှန်ပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်!”
ချန်ကျဲ့ လက်ဝှေ့ရမ်းလျက် ပြန်ပြောခဲ့သည်။
“ယဉ်ကျေးနေဖို့ မလိုပါဘူးကွာ။ အခုကစပြီး ငါတို့အားလုံးက ညီနောင်တွေပဲ!”
ထိုအခိုက်တွင် အရပ်ပုပု လူငယ်တစ်ယောက်မှ ပြောလာခဲ့သည်။
“အချိန်နောက်ကျနေပြီ၊ အားလုံးပဲ အိမ်ပြန်ကြစို့လေ။ မနက်ဖြန်ကျမှ အားလုံး အချိန်တစ်ခု သတ်မှတ်ပြီး အတူတူ ထပ်လေ့ကျင့်ကြတာပေါ့”
ထိုစကားကို အားလုံး သဘောတူခေါင်းညိတ်ကြသည်။
ချန်ကျဲ့ ထိုအရပ်ပုပု လူငယ်ကို ကြည့်လိုက်ပြီး ဉာဏ်ထက်မြက်သည့် နောက်လိုက်တစ်ယောက်ဟု မှတ်သားလိုက်သည်။ ထိုလူငယ်သည် လက်သီးသိုင်းကွက်များကို နှစ်ကြိမ်သရုပ်ပြရုံဖြင့် မှတ်မိနိုင်ခဲ့ပြီး အရေးကြီးသည့် အချက်များကို အမြဲ မေးခွန်းထုတ်တတ်သည်။
ချန်ကျဲ့ ထိုလူငယ်ကိုကြည့်၍ မေးလိုက်သည်။
“မင်းနာမည် ဘယ်လိုခေါ်လဲ”
အရပ်ပုပုလူငယ်မှ အမြန် ပြန်ဖြေသည်။
“အထက်မက်မွန်ရွာက ချီချွင်းဟွားလို့ ခေါ်ပါတယ်”
ချန်ကျဲ့ ပြန်ပြောသည်။
“နာမည်ကောင်းပဲ။ ကောင်းကောင်းလေ့ကျင့်ပါ။ အားလုံးပဲ ကျွန်တော် ထွက်သွားပြီးနောက်မှာ ညီနောင်ချီက မင်းတို့ရဲ့ခေါင်းဆောင်ပဲ။ နားမလည်တာ တစ်ခုခုရှိရင် သူနဲ့အရင် ဆွေးနွေးပါ။ သူ မဖြေရှင်းနိုင်တဲ့အခါ ကျွန်တော့်ကို လာရှာလှည့်ပါ”
လူငယ်အုပ်စုသည် ကနဦးတွင် ချန်ကျဲ့၏ထိုစကားကြောင့် အံ့ဩသွားကြသည်။ ထို့နောက်တွင်မူ တစ်ပြိုင်နက်တည်း လက်ယှက်အရိုအသေပြု၍ ပြော၏။
“ဟုတ်ကဲ့ပါ”
ချန်ကျဲ့မှ ပြောသည်။
“ကောင်းပြီ။ မင်းတို့အားလုံး တစ်နေ့လုံး လေ့ကျင့်ထားရတာ ဗိုက်ဆာနေကြရောပေါ့။ မင်းတို့ရဲ့ မရီးက အစားအသောက်နည်းနည်း ပြင်ဆင်ပေးထားတယ်။ ဒီတစ်နပ် စားသွားပြီးမှပဲ အိမ်ပြန်လိုက်ကြပါ”
ထိုသို့ပြောလျက် ချန်ကျဲ့သည် ဟူဇစ်ကို အဓိပ္ပာယ်ပါဝင်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ ဟူဇစ်သည် ရုတ်ချည်း ကူညီပေး၏။
မကြာမီတွင် အစားအသောက်များအားလုံး အဆင်သင့်တည်ခင်းပြီးခဲ့သည်။ ပြောင်းဆန်နှင့်ဆန်ကွဲ ရောနှောချက်ထားသည့် ထမင်းနှင့် တစ်ခုတည်းသော ဟင်းမှာ အသားဆားနယ်နှင့် အသီးအရွက်မွှေကြော်ဖြစ်သည်။
တောဟင်းရွက်နည်းနည်းနှင့် အသားဆားနယ်များများ မွှေကြော်ပေးထားခြင်းဖြစ်သည်။
စူးယွင်ကျင်းသည် အသားဆားနယ်ကို နုပ်နုပ်စဉ်း၍ နုပ်နုပ်လှီးထားသည့် တောဟင်းရွက်များကို အသုံးပြု၍ အသားဟင်းအနှစ်ကြော်တစ်အိုးအဖြစ် ဖန်တီးချက်ပြုတ်ခဲ့သည်။
ပြောင်းဆန်အရောထမင်းကို ပန်းကန်လုံးတစ်လုံးအပြည့်ထည့်၍ ၎င်းအထက်တွင် အသားအနှစ်တစ်လွှာ ဆမ်းထားသည်။ ဒါဇင်ကျော်သော လူငယ်အမျိုးသားတို့သည် အတူတကွ ထိုင်လျက် အားရပါးရ စားသောက်ကြသည်– ဒီထက်ပို၍ စားမြိန်စေမည့်စားစရာ မရှိနိုင်တော့ပါလေ။
နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်တိုင် သူတို့သည် ဤထမင်းတစ်နပ်မှာ သူတို့ဘဝတစ်လျှောက်လုံးတွင် အရသာအရှိဆုံးသော ထမင်းတစ်နပ်ဟု အမှတ်ရနေဦးမည် ဖြစ်သည်။
ဗိုက်ပြည့်အောင် စားသောက်ပြီးနောက်တွင် လူငယ်များသည် အသီးသီး အိမ်ပြန်သွားခဲ့ကြသည်။
ချန်ကျဲ့နှင့် စူးယွင်ကျင်းတို့လည်း အိမ်ထဲသို့ပြန်ဝင်ခဲ့ကြပြီး ကလေးမလေးကို အိပ်ရာထက် နေရာချပေးသည်။
စူးယွင်ကျင်းသည် တိတ်တဆိတ်ဖြင့် ချန်ကျဲ့၏အခန်းထဲသို့ ဝင်လာခဲ့သည်။
ချန်ကျဲ့သည် အိပ်မပျော်သေးရာ “ကျားသားရဲတွင်းသို့ ဝင်ရောက်လာသည့် သိုးငယ်ကလေး”ကို မြင်တွေ့လိုက်၏။
ချန်ကျဲ့သည် မိမိကိုယ်ကိုယ် ထိန်းချုပ်မနေဘဲ သူ၏ဇနီးလေးကို သူ၏ရင်ခွင်ထဲသို့ ရုတ်ချည်း ဆွဲပွေ့လိုက်သည်။
ဒီနေ့တွင် စူးယွင်ကျင်းသည် ခုခံခြင်းမရှိသည့်အပြင် သူမ ဘက်မှပင် အစပြုလာခဲ့ပြီး ချန်ကျဲ့ကို အံ့အားသင့်သွားစေခဲ့၏။ သူ၏ဇနီးလေးသည် အရင်က တစ်ခါမျှ ဤသို့ မပြုမူဖူးပါချေ။
သို့သော် ထိုအပြုအမူသည် သူမကို ပို၍ ညှို့ယူဆွဲဆောင်မှု အားကောင်းစေခဲ့သည်။
ချန်ကျဲ့သည် လုံးဝ ဆွဲဆောင်ခံလိုက်ရ၏။
ဤနေ့ညသည် အမှန်တကယ်ပင် ဤသို့ခံစားချက်ဖြစ်၏:
လရောင်ဖြာဖြာမှာ ကျီးကန်းတွေ အော်ညည်းပြီး ကောင်းကင်မှာ မြူခိုးတွေ ပြည့်နှက်နေကာရယ် ခန်းစီးတို့ တလှပ်လှပ် လှုပ်ခါလို့ ဖယောင်းတိုင်မီး မှိတ်တုတ်မှိတ်တုတ်အောက်မှာ အိပ်မောကျလေတယ်။
ဆောင်းဦးလေပြည် တိုက်ခတ်လို့ ရွက်ကြွေတွေဟာ တရှဲရှဲမြည်နေလေရဲ့။ နွေဦးလို ပွင့်လန်းလာတဲ့ အပြုံးတစ်ပွင့်ဟာ ဥဩငှက်ကို သွားထိခတ်လေတယ်။
ချစ်ခြင်းမေတ္တာဟာ အနီရင့်ရောင်ပြောင်းလဲသွားလို့ သူမဟာ ညင်သာစွာ အဝတ်တို့ကို ဖယ်ချွတ်လိုက်တယ်။ ထို့နောက်မှာ သူမရဲ့ အရှင်သခင်ကို အဖော်ပြုအိပ်စက်လေတယ်။
…
တစ်ညတာ၏ အချိန်တစ်ဝက်ခန့် ကုန်လွန်သွားခဲ့သည်။
ချန်ကျဲ့သည် အားအင်ကုန်ခမ်းသွားဟန်ရသော သူ၏ဇနီးလေးကို ပွေ့ဖက်လျက် လဲလျောင်းနေသည်။ သူ၏ဇနီးလေးသည် အမှန်တကယ်ပင် တိုးတက်မှုအားကောင်းပေသည်။
ချန်ကျဲ့သည် ညတစ်ဝက်တာကို သူမအား ကဗျာသင်ကြားပေးခြင်းဖြင့် ကုန်ဆုံးခဲ့သည်။ သို့သော် သူမသည် သူ၏ညွှန်ကြားမှုမှာ မလုံလောက်ဟု ခံစားရကာ သူမမှ ဦးဆောင်သည်။ သို့ဖြင့် သူမ၏ ကဗျာဖွဲ့ဆိုသီကုံးမှုအရာ၌ နူးညံ့သိမ်မွေ့မှုကို ပြသခဲ့သည်။
အရိုးထိတိုင်သော အချစ်စိတ်သာလျှင် ထိုသို့ စိတ်အားထက်သန်မှုကို ဖြစ်ပေါ်စေနိုင်ပါလိမ့်မည်။
ချန်ကျဲ့သည် သူမကို ပွေ့ပိုက်ထားရင်း သူမ၏နွေးထွေးမှုတွင် ပျော်မွေ့ခဲ့သည်။
သူမ၏ နားသယ်စပ်မှ ဆံပင်လေးများကို ဆော့ကစားသည်။
“မိန်းမ”
“အမ်း?”
စူးယွင်ကျင်းမှ ပြန်တုံ့ပြန်၍ ချန်ကျဲ့မှ ပြောသည်။
“မင်း ဒီနေ့ အရမ်းလှနေတယ်”
စူးယွင်ကျင်းမှ ပြန်ပြောသည်။
“အရင်က မလှခဲ့ဘူးလား”
ချန်ကျဲ့ ဆက်ပြောသည်။
“ဒီနေ့ ပိုလှနေတာ၊ အထူးသဖြင့် ခုနက…”
“မပြောနဲ့တော့!”
စူးယွင်ကျင်းသည် သူမ၏ လက်ချောင်းလေးနှစ်ချောင်းကို ချန်ကျဲ့၏နှုတ်ခမ်းထက်သို့ တင်လိုက်သည်။ သူမ၏ လက်ချောင်းလေးများမှာ သစ်ခွနံ့ဖျော့ဖျော့ သင်းပျံ့နေခဲ့သည်။
“ကောင်းပြီ ကောင်းပြီ၊ ကိုယ် မပြောတော့ဘူး”
ချန်ကျဲ့ စူးယွင်ကျင်း၏လက်ကို ဖယ်လိုက်သည်။
သူမကို အလေးအနက် ကြည့်နေ၏။
ချန်ကျဲ့၏ အကြည့်များအောက်၌ စူးယွင်ကျင်း၏ မျက်နှာလေးသည် ကြက်သွေးရောင် ယှက်သန်းသွားခဲ့သည်။ သူမမှာ အလွန်ရှက်ရွံ့လွန်းသောကြောင့် မြေကြီးမှ အက်ကွဲကြောင်းတစ်ခု ရှာဖွေ၍ တွားသွားဝင်ပုန်းပစ်လိုက်ချင်သည်အထိပင်။
ငါခုနက အရမ်းပြင်းထန်လွန်းသွားလား။ ဒါပေမဲ့ ငါဒီနေ့ သူ့ကို အရမ်းချစ်မြတ်နိုးနေတာလေ!
“ရှင် ဘာကြည့်နေတာလဲ”
ချန်ကျဲ့၏အကြည့်ကို ဆက်လက်၍ ခံနိုင်ရည်မရှိတော့သောကြောင့် နောက်ဆုံးတွင်တော့ စူးယွင်ကျင်းမှ ပြောလာခဲ့သည်။
ချန်ကျဲ့ အချိန်ခဏမျှ ရပ်တန့်သွားခဲ့ပြီး ပြောသည်။
“ကိုယ်က ကိုယ့်ရဲ့ဇနီးလေးကို ကြည့်နေတာလေ။ မိန်းမ မင်းဒီနေ့ ကွာခြားနေတယ်”
“ဘယ်လိုမျိုးလဲ”
စူးယွင်ကျင်းမှ သိချင်စိတ်ပြင်းပြစွာဖြင့် မေးသည်။
ချန်ကျဲ့မှ ပြောသည်။
“ဘယ်လိုပြောရမလဲ။ အရင်ကဆို မင်းက ပွင့်လန်းလာတော့မယ့် အဖူးအငုံလေးလိုပဲ၊ လှပပေမဲ့ တွန့်ဆုတ်နေတာ”
“ဒီနေ့တော့ မင်းက ပွင့်လန်းနေတဲ့ ပျိုနီပန်းလေးလိုပဲ။ နွေဦးရာသီနဲ့တောင် ယှဉ်ပြိုင်ဝံ့တဲ့ ရဲတင်းမှုမျိုး ရှိနေခဲ့တာ”
“အဲဒါကြောင့် မိန်းမ၊ မင်းဘာဖြစ်သွားတာလဲ။ ဘယ်လိုလုပ်ပြီး ဒီလောက်အကြီးကြီး ပြောင်းလဲသွားရတာလဲ”
ထိုအခါ စူးယွင်ကျင်းသည် အချိန်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မေးလာသည်။
“ယောက်ျား.. ဘာလို့ဆို ကျွန်မ ဒီနေ့ အရမ်း အရမ်း ပျော်နေတာမလို့ပေါ့!”
“ပျော်နေတာလား”
ချန်ကျဲ့သည် အနည်းငယ် ရှုပ်ထွေးသွားသော်ငြား တစ်နည်းတစ်ဖုံလည်း သိမြင်သွားခဲ့သည်။
ဟုတ်တယ်။ ဒီရက်တွေအတွင်းမှာ စူးယွင်ကျင်းက အရမ်းဖိနှိပ်ထားနေခဲ့တာ။ ကိစ္စတွေက ပိုကောင်းမွန်လာပြီလို့ ထင်ရတဲ့အချိန်မှာ ငါက ယွီပင်းကို အပြစ်ပြုမိခဲ့တယ်။
ရှန်းထောင်မြို့၌ ယွီပင်းဟူသည် သခင်ကြီးယွီဟု ကျော်ကြားသူဖြစ်ပြီး သာမန်လူများ၏ အမြင်တွင် ယွီပင်းသည် နတ်ဘုရားတစ်ပါးကဲ့သို့သော တည်ရှိမှုကြီးဖြစ်သည်။ သို့မဟုတ် ကျေးရွာအဆင့် မင်းဆိုးမင်းညစ်တစ်ပါးဟုလည်း ဆိုနိုင်ပေသည်။
ထိုသို့လူတစ်ယောက်ကို အပြစ်ပြုမိခြင်းသည် မည်သို့မျှ ရလဒ်ကောင်း မရှိနိုင်ချေ။
ထို့ကြောင့် စူးယွင်ကျင်း၏ စိတ်နှလုံးသည် ထိုနေ့မှ စတင်၍ လည်ချောင်းဝ၌ တစ်ဆို့နေခဲ့ရသည်။ ထို့နောက်တွင် သမားတော်ပိုင်၏နေအိမ်တွင် နေထိုင်ခဲ့ရပြီး ထိုအိမ်ထဲမှ အပြင်မထွက်ရဲခဲ့ပေ။ ပိုင်မိသားစုသည် ကောင်းမွန်စွာ ဆက်ဆံပေးသည့်တိုင် အခြားသူတစ်ယောက်၏ သနားညှာတာမှုအောက်၌ နေထိုင်ရသည့် ခံစားချက်မျိုးလည်း ရှိနေခဲ့သည်။ ၎င်းသည် သူမကိုယ်တိုင်သာ သိနိုင်မည့် ခါးသီးမှုတစ်မျိုးဖြစ်၏။
ထို့ပြင် ခင်ပွန်းဖြစ်သူမှာ နေ့စဉ်နေ့တိုင်း ပြင်းပြင်းထန်ထန် သိုင်းလေ့ကျင့်နေရသည်ကို သူမကိုယ်တိုင်သည်တော့ ဘာမျှ အကူအညီမပေးနိုင်ဘဲ ကြည့်နေခဲ့ရသည်။ အကူအညီမဖြစ်နိုင်သော ခံစားချက်သည် စူးယွင်ကျင်း၏ ခံစားချက်ဖိနှိပ်မှုအား အကန့်အသတ်သို့ ရောက်ရှိစေခဲ့သည်။
ဒီနေ့ပြိုင်ပွဲတွင် ယွီပင်းသည် အလွန်ရက်စက်ကြမ်းကြုတ်၏။ သူ၏လက်ဝါးရိုက်ချက်နှစ်ချက်သည် လီစန်းတင်းကို သွေးပွက်ပွက်အန်စေခဲ့သည်။ သို့ဖြင့် စူးယွင်ကျင်း၏ စိတ်နှလုံးမှာ ခင်ပွန်းသည်ဖြစ်သူ ပြိုင်ပွဲစင်ပေါ် တက်သည့်အချိန်အထိ စိုးရိမ်ပူပန်မှုများ နှောင်ဖွဲ့နေခဲ့သည်။ သူမမှာ နှလုံးခုန်နှုန်း ရပ်တန့်သွားတော့မတတ် ခံစားနေခဲ့ရ၏။
နောက်ဆုံးတွင်တော့ သူမ၏ခင်ပွန်းသည် အနိုင်ရသွားခဲ့သည်။
ထိုအခိုက်အတန့်၌ သူမသည် ထပ်မံ၍ ထိန်းချုပ်မထားနိုင်တော့ပေ။ သူမ၏ စိတ်နှလုံးအတွင်းမှ တစ်ဆို့နေသည့် စိုးရိမ်ပူပန်မှုအားလုံးကို ဖြေလျှော့ချလိုက်ပြီး မဖြေသိမ့်နိုင်လောက်အောင် ငိုကြွေးပစ်ခဲ့သည်။
ထို့နောက်တွင် ပျော်ရွှင်စရာများ တစ်ခုပြီးတစ်ခု ဖြစ်လာခဲ့သည်။ သူမ၏ခင်ပွန်းသည်ကို အဆင့်အတန်းမြင့် အကြီးအကဲတစ်ယောက်မှ သဘောကျခဲ့ပြီး မွေးစားသားအဖြစ် လက်ခံခေါ်ယူကာ တောက်ပသည့် အနာဂတ်ကို အလားအလာရှိစေခဲ့သည်။
ရွာသို့ပြန်လာချိန်တွင် သူမသည် အလွန်ပျော်ရွှင်ဝမ်းမြောက်နေခဲ့သည်။ သူမကို အရင်က အထင်မြင်သေးစွာ ကြည့်တတ်ခဲ့သော အိမ်နီးချင်းများအားလုံးသည် ယခုတွင်တော့ နွေးထွေးပျူငှာကုန်ကြသည်။
သူမသည် ခေါင်းမမော့နိုင်သည် ဂြိုဟ်ဆိုးတစ်ယောက် မဟုတ်တော့ပေ။ သူမသည် အနိုင်ကျင့်မခံရတော့သည့်အပြင် အထင်သေးသည့် အကြည့်များဖြင့်လည်း အကြည့်မခံရတော့ပေ။
ထိုအခိုက်အတန့်လေးသည် အလွန် ပျော်ရွှင်ဝမ်းမြောက်စေခဲ့၏။
မည်သူကများ နားလည်နိုင်ပါမည်နည်း။ အထင်မြင်သေးခံရသည့် ခံစားချက်သည် ရုတ်တရက် ပျောက်ကွယ်သွားပြီး မိမိမှာ ဤကမ္ဘာပေါ်တွင် အပျော်ရွင်ဆုံးလူသားဟု ခံစားခဲ့ရသည်။
ထို့ပြင် ထိုအရာအားလုံးကို သူမ၏ခင်ပွန်းသည်မှ ဆောင်ကြဉ်းလာပေးခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဒီနေ့ အိပ်ရာပေါ်တွင် သူမသည် သူမ၏ပျော်ရွှင်မှု၊ ရဲတင်းမှုနှင့် တက်ကြွမှု အလုံးစုံကို ဖြေလျှော့ပစ်ခဲ့သည်။
ထိုအခိုက်အတန့်တွင် သူမသည် ရှင်သန်မှုကို ပို၍ခံစားနိုင်ခဲ့သည်။
ထိုအခိုက်အတန့်တွင် သူမသည် ဤအမျိုးသားကို အရိုးအဆစ်ထဲအထိ ချစ်မြတ်နိုးပေသည်။