နောက်ဆုံးရ သတင်းအချက်အလက်နှင့် ဓား၃ချက် အပေါက်၆ပေါက် ပြစ်ဒဏ်
Vol. 13 Ch. 170
မိုးလေထန်သည့် တစ်ညတာသည် မျက်ရည်နှစ်စက်ကို ဆောင်ကြဉ်းခဲ့သည်။ နှလုံးသားကို ဖွင့်ဟလိုက်သည်တွင် ချစ်ခြင်းမေတ္တာသည် ပိုမိုနက်ရှိုင်းသွားခဲ့၏။
အရုဏ်တက်ချိန်၌ ချန်ကျဲ့သည် အိပ်ရာထ၍ သူ၏ေဘးတွင် လဲလျောင်းနေသည့် ဇနီးဖြစ်သူကို ကြည့်လိုက်ရာ သူ၏စိတ်နှလုံး၌ သနားကြင်နာစိတ်များ ပြည့်နှက်လာခဲ့သည်။
အတိတ်ကာလက ဒဏ်ရာများသည် သူမအား လောကကြီးအပေါ် ခုခံကာကွယ်လိုစိတ်များ စွဲမြဲနေစေသလားဟု ချန်ကျဲ့ တွေးမိ၏။
ထိုစိတ်ကြောင့် သူမသည် အိပ်စက်ချိန်တွင် အမြဲ ကွေးကွေးလေး အိပ်စက်တတ်သည်မှာ ဘောလုံးလေးတစ်လုံးအလား ကွေးကွေးကျုံ့ကျုံ့လေး ဖြစ်နေတော့သည်။
သူမသည် အခွံတစ်ခုထဲသို့ ပြန်ဝင်ဖို့ ကြိုးစားနေသည့်အလား ထင်မှတ်ရ၏။
ကောင်းကင်မှာ အလင်းရောင်ထင်ဟပ်နေပြီဖြစ်ရာ ချန်ကျဲ့ အိပ်ရာထလိုက်သည်။
အခြားအိမ်များ အိပ်မောကျနေဆဲ ဖြစ်လောက်မည့် အချိန်တွင် ချန်ကျဲ့ နိုးလာခဲ့ပြီး အကြောလျှော့လေ့ကျင့်ခန်းလုပ်သည်။ ယွီပင်းကို အနိုင်ရခဲ့ပြီး ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိခြင်းသည် သူ့အတွက် အဆုံးသတ် မဟုတ်ပေ။ အသစ်တစ်ခု၏ အစဖြစ်၏။
ကမ္ဘာလောကသည် ကျယ်ပြောလွန်းပါသည်။
ကမ္ဘာလောကကြီးအား ဂိမ်းတစ်ခုအဖြစ် သတ်မှတ်သော် လက်ရှိအချိန်၏ ချန်ကျဲ့သည် အစပြုရွာမှ မထွက်ခွာရသေးသည့်အဆင့်သာ ဖြစ်နိုင်ပေသည်။
ခပ်ဖျော့ဖျော့ လှုပ်ရှားမှုလေးတစ်ချက်ဖြင့်ပင် စူးယွင်ကျင်းသည် နိုးသွားခဲ့ပြီး အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်ကြည့်လာသည်။
“ငါမင်းကို နိုးအောင်လုပ်မိပြီ။ ပြန်အိပ်လိုက်ဦး”
ချန်ကျဲ့ ပြောလိုက်သည်။
စူးယွင်ကျင်းသည် ထထိုင်၍ အချိန်ကိုကြည့်သည်။
“အရမ်းစောနေသေးတယ်မလား ယောက်ျား”
“ဒီတိုင်း သိုင်းကွက်နည်းနည်းလောက် လေ့ကျင့်မလို့ပါ”
စူးယွင်ကျင်းသည် ထပ်မံ မမေးမြန်းတော့ဘဲ ခေါင်းညိတ်သည်။ ထို့နောက် မနက်စာပြင်ဆင်ရန်အတွက် သူမ၏ အနည်းငယ် ပင်ပန်းနေသောခန္ဓာကိုယ်ကို အားယူထသည်။
ချန်ကျဲ့မှ ပြောသည်။
“အလျင်မလိုပါနဲ့။ ကိုယ် နှစ်နာရီလောက် ထပ်လေ့ကျင့်ဖြစ်လိမ့်ဦးမယ်။ မင်း ထပ်အိပ်လိုက်ပါဦး”
ထိုသို့ပြောလျက် ချန်ကျဲ့သည် အဝတ်အစားဝတ်၍ အပြင်ထွက်သွားခဲ့သည်။
စူးယွင်ကျင်းသည် အပြင်ခန်းတွင် ဆက်မအိပ်တော့ပေ။ သူမသည် အတွင်းခန်းတံခါးကို ပိတ်ထားသည့် ထိုင်ခုံကို ဖယ်လိုက်ပြီး အခန်းထဲသို့ ဝင်သွားခဲ့သည်။ ထိုအခါ စောင်ကိုကန်ထုတ်ထားပြီး အိပ်ရာထက်တွင် ပက်လက်အနေအထားဖြင့် အိပ်ပျော်နေသည့် ကလေးမလေးကို မြင်လိုက်ရသည်။
ကလေးများသည် အံ့ဩဖို့ကောင်း၏။ ပေါ့ပါးကာ စိုးရိမ်ပူပန်မှု မရှိကြပေ။
စူးယွင်ကျင်းသည် ကလေးမလေးကို စောင်ပြန်ခြုံပေးလိုက်ပြီး အိပ်ရာဘေးတွင် ထိုင်လိုက်သည်။ ထို့နောက် ယန်ချွမ်ကျင့်စဉ်ဖြင့် အသက်ရှူနှုန်းကို စတင်လေ့ကျင့်သည်။
သူမသည် သိုင်းပညာအကြောင်း မသိပေ။ ထို့ကြောင့် အသက်ရှူလေ့ကျင့်ခန်းကိုသာ လေ့ကျင့်နိုင်၏။ သို့သော် သူမကိုယ်သူမ ပိုမိုကျွမ်းကျင်လာခဲ့ပြီး သဘောပေါက်နားလည်နိုင်စွမ်း တိုးတက်လာသည်ကို သိရှိခဲ့ရသည်။
နေ့စဉ်အလုပ်များ လုပ်နေစဉ်တွင်လည်း သူမသည် အလိုအလျောက် လေ့ကျင့်နေမိခဲ့သည်။ သို့သော် သူမ၏အသက်ရှူနှုန်းသည် အိပ်စပ်နေချိန်တွင် မသိလိုက်မသိဘာသာဖြင့် ချောမွေ့မနေခဲ့သည်မှာ နှမြောတသဖွယ်ဖြစ်သည်။
အိပ်နေရင်းနဲ့လည်း ဒီအသက်ရှူလေ့ကျင့်ခန်းကို လေ့ကျင့်နေနိုင်ရင် ဘယ်လောက်ကောင်းမလဲ။
စူးယွင်ကျင်းသည် ညီမဖြစ်သူ၏ဘေးတွင်ထိုင်၍ အသက်ရှူလေ့ကျင့်ခန်းကို လေ့ကျင့်နေခဲ့သည်။
ထိုစဉ် ချန်ကျဲ့သည် အပြင်ဘက်တွင် ရေထိန်းချုပ်လက်ဝါးသိုင်းကို လေ့ကျင့်နေသည်။ သိုင်းပညာလေ့ကျင့်ခြင်းအား တစ်ရက်တလေသော်မျှ မလစ်ဟင်းစေသင့်ပေ။
“လက်သီးကို လက်များမှ လမ်းချော်မသွားစေသင့်၊ သီချင်းဟူသည် နှုတ်ခမ်းဖျားမှ လမ်းလွဲမသွားစေသင့်၊ တစ်ရက် လစ်ဟင်းလိုက်ရင် လက်တွေက သုံးဆ ဆုတ်ယုတ်မယ်။ တစ်နှစ်လစ်ဟင်းလိုက်ရင်တော့ ဆယ်ဆ ဆုတ်ယုတ်လိမ့်မယ်”ဟူသည့် အဆိုရှိပေသည်။
သို့ဖြစ်ရာ သိုင်းပညာလေ့ကျင့်သူတိုင်းသည် လုံ့လဝီရိယရှိရန် မဖြစ်မနေ လိုအပ်သည်။
ချန်ကျဲ့သည် သိုင်းလေ့ကျင့်နေရင်း မနေ့က သတင်းအချက်အလက်ဇယားကို ဖွင့်ကြည့်သည်။
မနေ့ညက စူးယွင်ကျင်းနှင့်အတူ ကဗျာစာပေ လေ့လာဆည်းပူးခြင်းကို ချန်ချင်းချွမ်းမှ နိုင်ငံခြားဘာသာစကား လေ့လာဆည်းပူးသည့်အလား အလေးအနက်အထား လုပ်ဆောင်နေခဲ့သောကြောင့် ချန်ကျဲ့သည် နောက်ဆုံးရ သတင်းအချက်အလက်များကို မစစ်ဆေးလိုက်ရချေ။
ထို့ကြောင့် မနေ့က အချက်အလက်များကို ဒီမနက်ကြည့်ရန် အသင့်တော်ဆုံးဖြစ်၏။
[ဒီနေ့အတွက် သတင်းအချက်အလက်များကို မြှင့်တင်ပြီးပါပြီ (အဆင့် ၂)]
[၁၊ သင်မနေ့က ယွီပင်းကို သတ်ခဲ့ပြီး ရရှိခဲ့တဲ့ အချက်အလက်ဖြစ်ပါတယ်။ ယွီပင်းက ကုချင်းဖုန်းရဲ့ အစ်ကိုအရင်း ကုချင်းရှန်းရဲ့ တပည့်ဖြစ်ပါတယ်။ ညီအစ်ကိုနှစ်ယောက်က အရမ်းရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့ကြတယ်။ ဒါပေမဲ့ ကုချင်းရှန်းက အပြင်းအထန် နာမကျန်းဖြစ်ပြီး ရုတ်တရက် ဆုံးသွားခဲ့ပါတယ်]
[၂၊ သင်မနေ့က ယွီပင်းရဲ့ အိမ်တော်ထိန်းကို မြင်ခဲ့တာကြောင့် ရရှိခဲ့တဲ့ အချက်အလက်ဖြစ်ပါတယ်။ ယွီပင်းကို အလွန်လေးစားပြီး ယွီပင်းအပေါ် ခံစားချက်နက်ရှိုင်းတဲ့ ယွီပင်းရဲ့အိမ်တော်ထိန်းက သူ့ရဲ့သခင်ကို သတ်ခဲ့တဲ့အတွက် သင့်အပေါ် ရန်ငြိုးထားနေပါတယ်]
[၃၊ သင်မနေ့က ဖန်းရှစ်ကျုံးနဲ့အတူ သေရည်သောက်ခဲ့ခြင်းမှ ရရှိခဲ့တဲ့ အချက်အလက်ဖြစ်ပါတယ်။ ဖန်းရှစ်ကျုံးက ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင် နန်ပါးထျန်းရဲ့ ဆရာတူအစ်ကိုဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးက ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်ဟောင်းရဲ့ လက်အောက်မှာ သင်ယူဆည်းပူးခဲ့ကြပြီး နှစ်ယောက်စလုံးက နတ်ကျင့်စဉ်တစ်ခုကို တတ်မြောက်ထားပါတယ်။ ဒါပေမဲ့ ကုန်သည်အဖွဲ့ခေါင်းဆောင်ရာထူးကြောင့် ညီအစ်ကိုဆက်ဆံရေး ပြိုကွဲသွားခဲ့ကြပြီး မီးနဲ့ရေလို ဆန့်ကျင်ဘက် ရန်သူတွေ ဖြစ်လာခဲ့ကြပါတယ်။ အရမ်းကိုမှ အန္တရာယ်များလှတဲ့ မြေအောက်ရေစီးကြောင်းလိုမျိုး အပြင်ပန်းမှာတော့ တည်ငြိမ်းအေးချမ်းမှုကို ထိန်းသိမ်းထားပါတယ်]
[၄၊ သင်မနေ့က ကျန်းချွမ်ကို တွေ့ခဲ့ပြီး ရရှိခဲ့တဲ့ အချက်အလက်ဖြစ်ပါတယ်။ ကျန်းချွမ်က သင်္ဘောခေါင်းဆောင်ကြီး ကျောင်းရွှမ်ရဲ့ ယောက်ဖဖြစ်ပါတယ်။ ရွာအကြီးအကဲပြိုင်ပွဲမှာ သင့်ရဲ့အောင်နိုင်မှုကြောင့် ဖိအားခံစားခဲ့ရပြီး ကျန်းချွမ်က ကျောင်းရွှမ်ကို ဖမ်းဆီးခဲ့ပါတယ်။ ငါးဖမ်းကုန်သည်အဖွဲ့မှာ လျှို့ဝှက်ထိန်းသိမ်းထားပြီး ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ စည်းမျဉ်းအတိုင်း စီရင်ဖို့ ပြင်ဆင်ထားပါတယ်]
[၅၊ သင်မနေ့က ယီဟုန်ဂေဟာအကြောင်းကို အကြိမ်ပေါင်းများစွာ စဉ်းစားနေခဲ့တာကြောင့် ရရှိခဲ့တဲ့ အချက်အလက်ဖြစ်ပါတယ်။ ယီဟုန်ဂေဟာကို လျှို့ဝှက်ဆန်းကြယ်တဲ့ ငွေကြေးထောက်ပံ့သူတစ်ဦးက တည်ထောင်ထားပြီး မျန့်ရွှေစီရင်စု ရာဇဝတ်တရားသူကြီးက နှစ်ဆယ်ရာခိုင်နှုန်း ရှယ်ယာပိုင်ဆိုင်ပါတယ်။ အဲဒီယီဟုန်ဂေဟာက မျန့်ရွှေစီရင်စုမှာ ထိပ်တန်းအဆင့် အပျော်ဂေဟာဖြစ်ပြီး နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်းဆိုပြီး ပြည့်တန်ဆာကြီးလေးယောက်ရှိတယ်။ တစ်ဦးချင်းစီမှာ ထူးခြားတဲ့ အရည်အချင်းတွေရှိကြပြီး ရနံ့တွေမှာ ပျော်မွေ့ဖို့နဲ့ ကဗျာစာပေတွေ သင်ယူဖို့ အကောင်းဆုံးနေရာဖြစ်ပါတယ်]
ချန်ကျဲ့သည် သိုင်းလေ့ကျင့်နေရင်း အချက်အလက်များကို ဖတ်နေခြင်းဖြစ်သည်။ သို့ရာ ရုတ်တရက် ရပ်တန့်သွားရပြီး မျက်နှာမှာ ရှက်ရွံ့မှုကြောင့် အရောင်ပြောင်းသွားရ၏။
နံပါတ်၅ အချက်အလက်က ဘာကိုဆိုလိုတာလဲ။ ငါမနေ့က ယီဟုန်ဂေဟာအကြောင်းကို အများကြီးတွေးခဲ့တယ်လို့ ပြောချင်တာပေါ့လေ။ စနစ်ရဲ့ရှင်းပြချက်အရဆို အဆင့်၂ကို တိုးမြှင့်ပြီးနောက်မှာ နံပါတ်၅အချက်အလက်က ငါ အသိချင်ဆုံးအရာကိုပဲ ပြောပြမှာဆို။ ငါ့ကို အဲဒီအကြောင်း ပြောပြတာက ဘာပြောချင်နေတာလဲဟ?
ငါက ယီဟုန်ဂေဟာအကြောင်း အများကြီးတွေးခဲ့ပါတယ်လို့ သွယ်ဝိုက်ညွှန်းဆိုတာ ဘာသဘောလဲ ဟမ်? ငါပြောလိုက်မယ် ငါမတွေးခဲ့ဘူး။ စနစ် မင်းငါ့ကို သွားပုပ်လေလွင့်ပြောတယ်၊ ငါ့ကို အသရေဖျက်တယ်!
ဒါပေမဲ့လည်း ဒီယီဟုန်ဂေဟာက တကယ့်ကို နောက်ခံအင်အားကောင်းပုံပဲ။ စီရင်စု ရာဇဝတ်တရားသူကြီးတောင်မှ ရှယ်ယာဝင်ထားတယ်။ ထင်ပေါ်ကျော်ကြားနေတာ အံ့ဩစရာ မဟုတ်တော့ပါဘူးလေ။ စဉ်းစားကြည့်လိုက်ရင် ငါ့ရဲ့ အရင်ဘဝက ဖျော်ဖြေရေးနေရာတွေက တရားဝင်ဖြစ်တာနဲ့ မှောင်ခိုဆိုပြီး မခွဲခြားဘူး။
နေရာအနှံအပြားမှာ အဆက်အသွယ်ရှိမနေလို့ကတော့ အောင်မြင်တဲ့ ဖျော်ဖြေရေးနေရာတစ်ခုကို ဘယ်လိုမှ ဖွင့်လှစ်နိုင်မှာ မဟုတ်ဘူး။
ကျန်သည့်အချက်အလက်များထဲ၌ နံပါတ်၁နှင့် နံပါတ်၂သည် ချန်ကျဲ့ ယွီပင်းကို သတ်ဖြတ်ခဲ့ပြီးနောက် ချောင်ကုန်သည်အဖွဲ့သားများ အထူးသဖြင့် ကုချင်းဖုန်းသည် သူ့ကို မုန်းတီးသည့်အကြောင်း ဖော်ပြထားခြင်းဖြစ်သည်။
သို့သော် ချန်ကျဲ့သည် အလွန်အကျွံ မစိုးရိမ်မိပေ။
အဲဒီကုချင်းဖုန်းက ဘာဖြစ်ချင်လို့လဲ။
ခြုံငုံလိုက်သော် သူသည် ယွီပင်းကို မျန့်ရွှေစီရင်စု၏ စည်းမျဉ်းစည်းကမ်းများအတွင်း လူအများရှေ့မှောက်တွင် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ကုချင်းဖုန်းအနေဖြင့် သူ့ကို တိုက်ခိုက်ချင်လျှင်သော်မှ ထိန်းချုပ်ထားရပေလိမ့်ဦးမည်။
အစောင့်အရှောက်ကြီး၁၃ဦးထဲက တစ်ယောက်က ငါ့ကို တိုက်ခိုက်မယ်ဆို အဲဒါက ဘယ်လိုပုံစံပေါက်သွားမလဲ။ လူကြီးတစ်ယောက်က လူငယ်တစ်ယောက်ကို တိုက်ခိုက်တယ်– အဲဒီလိုသာ ဖြစ်လာခဲ့ရင် ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ခန်းမအရှင်သခင်ကလည်း ချောင်ကုန်သည်အဖွဲ့ရဲ့ အဖွဲ့သားလေးတွေကို တိုက်ခိုက်လို့ ရမှာပဲပေါ့။
အခြေမခိုင်သေးတဲ့ လူငယ်အဖွဲ့သားလေးတွေက အကြီးတွေရဲ့ အမဲလိုက်ခံရရင် ဘယ်နှယောက်လောက်များ အသက်ရှင်ကျန်ရစ်နိုင်လိမ့်မလဲ။
အဆုံးတွင်တော့ ၎င်းသည် ကုန်သည်အဖွဲ့နှစ်ဖွဲ့စလုံးကို ပါရမီရှင်များ လျော့နည်းသွားစေပြီး နောက်ဆုံးတွင်တော့ တခြားအဖွဲ့များ၏ အစားထိုးခြင်း ခံလိုက်ရနိုင်ပေသည်။
အခြားအဖွဲ့များကို အထင်မသေးလေနှင့်။ မျန့်ရွှေစီရင်စုတွင် ငါးဖမ်းကုန်သည်အဖွဲ့နှင့် ချောင်ကုန်သည်အဖွဲ့တို့ ကြီးစိုးသည့်တိုင် အခြားသော အဖွဲ့သေးလေးများသည် အက်ကွဲကြောင်းထဲတွင် ရှင်သန်နေကြဆဲ ဖြစ်ပေသည်။