နောက်ဆုံးရ သတင်းအချက်အလက်နှင့် ဓား၃ချက် အပေါက်၆ပေါက် ပြစ်ဒဏ်_၂
Vol. 13 Ch. 171
ကုန်သည်အဖွဲ့နှစ်ဖွဲ့သည် တော်ဝင် တရားရုံးတော်၏ ကူညီထောက်ပံ့မှုကြောင့် အစပိုင်းမှာ ထင်ပေါ်လာခဲ့ပြီး တော်ဝင်နန်းတော်သည်လည်း သူတို့ကို ကူညီပေးခြင်းဖြင့် သူတို့၏ အတွင်းအင်အားများ ကုန်ခမ်းသွားသည်နှင့်တစ်ပြိုင်နက် မတူကွဲပြားသည့် အင်အားတစ်ခုကို အလိုအလျောက် ထောက်ပံ့နိုင်ပေသည်။
ထို့ကြောင့် ကုန်သည်အဖွဲ့ကြီးနှစ်ခုသည် ကုန်သည်အဖွဲ့ခေါင်းဆောင်များပင် လိုက်နာရမည့် စည်းမျဉ်းများကို ချမှတ်ခဲ့သည်။
“သွားတွေ အေးခဲတဲ့အခါ နှုတ်ခမ်းတွေဟာ အသက်မဲ့လေတယ်”ဟူသည့်အတိုင်း သူတို့သည် တော်ရုံမျှဖြင့် အပြင်လူများမှ ကုန်သည်အဖွဲ့အတွင်း အခြေအနေများအပေါ် အမြတ်ထုတ်ခွင့် မပေးချေ။
သို့ဖြစ်ရာ ကုချင်းဖုန်းမှ သူ့ကိုတိုက်ခိုက်လာမည့် အခွင့်အရေးမှာ အလွန်နည်းပါးသည်။ “အတွေးပိစိလေး”ဖြင့် ယွီမိသားစု၏ အိမ်တော်ထိန်းကိုမူ တစ်ချိန်ချိန်တွင် အမြစ်ဖြတ်ပစ်နိုင်မည့် အခွင့်အရေးရောက်လာလိမ့်မည်ဟု ချန်ကျဲ့ တွေးထားသည်။ သို့သော် တိုက်ရိုက်ကြီး လှုပ်ရှား၍ မဖြစ်ချေ။ အခုအချိန်တွင် ထိုလူကို သွားသတ်ရာမှ ချောင်ကုန်သည်အဖွဲ့ တွေ့သွားခဲ့လျှင် တကယ့်ကို ပြဿနာအကြီးကြီး ဖြစ်ပေတော့မည်။
ထို့ကြောင့် လောလောဆယ်တွင် ထိုအိမ်တော်ထိန်းကို အပြတ်ရှင်းရန် မလွယ်ကူသေးပေ။
လောလောဆယ်တွင် လွှတ်ထားလိုက်ခြင်းမှာ အကောင်းဆုံးဖြစ်၏။
ထို့နောက် နံပါတ်၃အချက်အလက်ဖြစ်သော ဖန်းရှစ်ကျုံးနှင့် ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင် နန်ပါးထျန်းတို့ ဆက်ဆံရေးမကောင်းမွန်သည့်အချက်မှာ ချန်ကျဲ့လည်း သတိထားမိပေသည်။
ထိုအချက်အလက်သည် သူတို့နှစ်ဦးကြားရှိ စိတ်ဝမ်းကွဲပြားမှုကို အတည်ပြုပေးလိုက်ခြင်းပင်။ ၎င်းသည် ကျော်လွှား၍မရနိုင်သော ပြဿနာဖြစ်နေသည်မှာ နှမြောတသဖွယ်ကောင်းလှ၏။
ချန်ကျဲ့သည် အင်အားအာဏာ ပိုမိုအားကောင်း၍ ပို၍နက်နဲဆန်းကြယ်သည့် သိုင်းပညာများကို သင်ယူခွင့်ရရှိရန်အတွက် အထက်သို့ပို၍ တက်လှမ်းလိုသည်။
ထိုအချက်အလက်သည် ရပ်တည်မည့်ဘက်ကို ရွေးချယ်ရခြင်းနှင့် ရင်ဆိုင်ကြုံတွေ့ရမည်ဟု ဆိုလိုပေသည်။
လူတစ်ဦးသည် ပေးအပ်သည့်အတိုင်း အချိုးညီစွာ ပြန်လည်ရရှိတတ်သည်။ ချန်ကျဲ့သည် ဖန်းရှစ်ကျုံး၏ မွေးစားသားတစ်ယောက်ဖြစ်လာကာ အထူးအခွင့်အရေးများ ခံစားလိုပါက ၎င်းနှင့်သက်ဆိုင်သည့် ဘေးဒုက္ခများကိုလည်း စွန့်စားရပေမည်။
ကုန်သည်အဖွဲ့ခေါင်းဆောင်ရဲ့ အငြိုးအတေးကို ကြောက်ရွံ့တာကြောင့်နဲ့ ကောင်းကင်ဘုံလှေကားကို တက်လှမ်းဖို့ အခွင့်အရေးကို လက်လွှတ်လိုက်ရမည်လော။
အတိအကျဆိုရသော် ဤမွေးစားသားနေရာကို စွန့်လွှတ်ရန်မှာ မဖြစ်နိုင်သည့်အရာ မဟုတ်ပေ။
ဒါပေမဲ့ ဖန်းရှစ်ကျုံးကို လက်လွှတ်လိုက်ရင်လည်း နန်ပါးထျန်းက ငါ့ကို မွေးစားသားအဖြစ် လာခေါ်လိမ့်မှာမှ မဟုတ်ဘဲနဲ့!
ငါးဖမ်းကုန်သည်အဖွဲ့၏ အဆင့်အတန်းမြင့်မားသူများအတွင်းသို့ ဝင်ရောက်နိုင်မည့် အခွင့်အရေးကိုသာ ဆုံးရှုံးသွားရလိမ့်မည်။ ချန်ကျဲ့သည် ထိုသို့ဖြစ်သွားရန် မလိုလားပါချေ။
ဘဝ၌ အခွင့်အရေးဟူသည် ခဏတိုင်း ရောက်လာတတ်သည် မဟုတ်ပေ။
နံပါတ်၄အချက်အလက်သည် ချန်ကျဲ့၏ အနာဂတ်တွင် ငါးဖမ်းကုန်သည်အဖွဲ့အတွင်း ရပ်တည်ရေးနှင့် သက်ဆိုင်သည်။
ဖန်းရှစ်ကျုံး၏ ဒုတိယမွေးစားသား ကျန်းချွမ်သည် ကျားဖြူခန်းမ၏ ကြီးကြပ်ရေးမှူးဖြစ်ပြီး အင်အားအာဏာကြီးမားသူတစ်ဦး ဖြစ်သည်။ အကြီးဆုံးမွေးစားသားဖြစ်သူ ဖုန်းရွှမ်ကိုပင် ဖိနှိပ်နိုင်ကာ ဖန်းရှစ်ကျုံး၏ အဓိက လက်ထောက်ဖြစ်သည်။
သို့သော် ထိုလူသည် ကျောင်းရွှမ်၏ယောက်ဖ ဖြစ်နေခဲ့သည်။
ကျန်းချွမ်ကို ယောက်ဖအဖြစ် ခေါ်ဆိုရခြင်းသည် တကယ်တမ်းတွင် ကျောင်းရွှမ်အတွက် အနည်းငယ် မြှောက်ပင့်လွန်းရာရောက်၏။
ကျောင်းရွှမ်၏အစ်မသည် တကယ်တမ်းတွင် တရားဝင်ဇနီးသည်ထက် များစွာပို၍ အဆင့်အတန်းနိမ့်ပါးသည့် ကြင်ယာတော်တစ်ဦး ဖြစ်သည်။ ထို့ကြောင့် ကျောင်းရွှမ်သည် ကျန်းချွမ်ကို “ယောက်ဖ”ဟု ခေါ်ဆိုရန် အရည်အချင်း မပြည့်မီပေ။
သို့သော် ကျောင်းရွှမ်၏အစ်မဖြစ်သူသည် ကိုယ်ပိုင်နည်းလမ်းများရှိ၍ ကျန်းချွမ်၏ နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးခံရသည်။ ထို့ကြောင့်ပင် ကျောင်းရွှမ်သည် လီစန်းတင်းထံမှ ရှန်းထောင်မြို့ ငါးဖမ်းကုန်သည်အဖွဲ့၏ သင်္ဘောခေါင်းဆောင်ကြီးရာထူးကို ရရှိနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုတွင် ကျန်းချွမ်မှာ ယောက်ဖဖြစ်သူအား ကိုယ်တိုင်ဖမ်းဆီးရန် ဖိအားပေးခံလိုက်ရသည်ဖြစ်ရာ ချန်ကျဲ့သည် ကြီးကြပ်ရေးမှူးကျန်းနှင့် ရန်ငြိုးဖွဲ့ပြီးခဲ့လေပြီ။
သို့သော်ငြား ချန်ကျဲ့ စိုးရိမ်ပူပန်မှု မရှိပေ။
လောကကြီးသည် ကြမ်းတမ်းရက်စက်ပြီး အထက်သို့တက်လှမ်းရန် ဆန္ဒပြင်းပြသူသည် လူအမြောက်အများကို မလွဲမသွေ အပြစ်ပြုမိရလိမ့်မည်။ ခြုံငုံလိုက်သော် လက်လှမ်းယူဖွယ်ရာ အကျိုးအမြတ်များဟူသည် ရှိနေမြဲဖြစ်ပြီး မိမိအနေဖြင့် တစ်စိတ်တစ်ပိုင်းမျှ ရယူလိုပါလျှင် အခြားသူများနှင့် ယှဉ်ပြိုင်ရခြင်းအား ရှောင်လွဲရနိုင်မည် မဟုတ်ပေ။
ထို့ပြင် ဤခေတ်ကာလသည် ယှဉ်ပြိုင်မှုကြီးမားပြင်းထန်သည့် ကာလဖြစ်သည်။
ချန်ကျဲ့ မနက်စာစားပြီးနောက် ဟူဇစ်သည် အလျင်စလို ရောက်လာခဲ့ပြီး ဦးလေးကျုံးမှ ငါးဖမ်းကုန်သည်အဖွဲ့တွင် အားလုံးလူစုရန် မှာကြားလိုက်သည်ဟု ပြောလာခဲ့သည်။ ကျောင်းရွှမ်ကို ဖမ်းမိထားပြီး ကုန်သည်အဖွဲ့၏ စည်းမျဉ်းများအတိုင်း ပြစ်ဒဏ်ချမှတ်ရန် ပြင်ဆင်နေကာ ငါးဖမ်းကုန်သည်အဖွဲ့သားများ အားလုံးကို လက်တွေ့လာရောက်ကြည့်ရှုပါရန် ဖိတ်ခေါ်လိုက်သည်ဟု ဆိုသည်။
ထိုအခါ ချန်ကျဲ့သည် အလျင်စလိုဖြင့် မနက်စာကို အနည်းငယ်မျှ ထပ်စားလိုက်ပြီး ဟူဇစ်နှင့်အတူ ငါးဖမ်းကုန်သည်အဖွဲ့သို့ လိုက်လာခဲ့သည်။
ထိုအချိန်၌ တစ်ရာနီးပါးသော ငါးဖမ်းကုန်သည်အဖွဲ့သားများသည် အားလုံးရောက်ရှိနေကြလေပြီ။ မနီးမဝေး၌ ရင်ဘတ်တွင် ကျားဖြူခန်းမ သင်္ကေတရေးထိုးထားသည့် အမဲရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အဖွဲ့သားလေးဦးသည် ဒူးထောက်ထားသည့် အမျိုးသားတစ်ဦးကို စောင့်ကြည့်နေခဲ့သည်။ ထိုလူ၏ပါးစပ်ကို အဝတ်ဖြူဖြင့် ဆို့ပိတ်ထားပြီး လက်များကို ကြိုးတုပ်ထားရာ ဝမ်းနည်းအားငယ်ဟန် ဖြစ်နေတော့သည်။
အနီးကပ်ကြည့်လိုက်သော် ထိုလူသည် ထွက်ပြေးသွားသည့် ကျောင်းရွှမ်ဖြစ်ပေသည်။
ငါးဖမ်းကုန်သည်အဖွဲ့သားများသည် ကျောင်းရွှမ်ကို လက်ညှိုးထိုးလျက် အချင်းချင်း တီးတိုးပြောဆိုနေကြသည်။
ခေါင်းငိုက်စိုက်ချထားသော ကျောင်းရွှမ်သည် ရုတ်တရက် လူအုပ်ထဲမှ လူတစ်ယောက်ကို မြင်လိုက်ရသည်။
အမျိုးသားသည် အတော်လေး ငယ်ရွယ်ကာ အားမာန်တက်ကြွမှုများဖြင့် တောက်ပနေခဲ့ပြီး အပြုအမူတို့သည် သူရဲကောင်းဆန်သည်။ အနီးဝန်းကျင်ရှိ လူများသည် လေးစားမှုဖြင့် ထိုလူငယ်ကို နှုတ်ဆက်ကြသည်။
“ညီနောင်ကျိုစစ်”
ချန်ကျဲ့သည် ဖော်ရွေသော အပြုအမူဖြင့် အားလုံးကို အပြုံးဖြင့် ခေါင်းညိတ်နှုတ်ဆက်သည်။
ယခုကတည်းက အထက်တန်းလွှာတစ်ယောက်၏ ခံစားချက်မျိုး ရရှိနေလေပြီ။
ထိုစဉ် ချန်ကျဲ့ကို မြင်တွေ့လိုက်သော ကျောင်းရွှမ်၏ မျက်လုံးများထဲတွင် ခံစားချက်များစွာ ရောထွေးလာခဲ့သည်။
အမုန်းတရား၊ မနာလိုခြင်းနှင့် မယုံကြည်နိုင်ခြင်း!
အမုန်းတရားသည် ဤသို့အဓိပ္ပာယ်ဆောင်၏: ချန်ကျဲ့ကြောင့်သာ မဟုတ်ခဲ့လျှင် ဝူကျုံးကို အလစ်တိုက်ခိုက်သည့် သူ၏အစီအစဉ်သည် အောင်မြင်ခဲ့လိမ့်မည်။ သူသည် ဤနေရာတွင် ဒူးထောက်၍ ကုန်သည်အဖွဲ့၏ ပြစ်ဒဏ်စီရင်မှုကို စောင့်ဆိုင်းနေရလိမ့်မည် မဟုတ်ပေ။
ထိုအခါ အထဲတွင်ထိုင်၍ လက်ဖက်ရည်ကို အရသာခံသောက်သုံးကာ ဦးစီးမှူးတစ်ယောက်၏ စည်းစိမ်ကို ပျော်မွေ့နေရလိမ့်မည်။
သို့သော် အမုန်းတရား၏နောက်၌ မနာလိုခြင်းတစ်စ ပါဝင်လာသည်; ထိုကောင်စုတ်လေးသည် လူအများ အိပ်မက်မက်ရုံသာ တတ်နိုင်ပြီး အမှန်တကယ် မဖြစ်မြောက်နိုင်သည့် ဖန်းရှစ်ကျုံး၏ မွေးစားသားအဖြစ် အသိအမှတ်ပြုခံခဲ့ရလေသည်။
ထို့နောက် မယုံကြည်နိုင်ခြင်း;
ချန်ကျိုစစ်ဟာ သိုင်းပညာလေ့ကျင့်သည်မှာ အချိန်မည်မျှ ကြာမြင့်ပါအံ့နည်း။ ထိုကောင်လေး၏ တိုးတက်မှုသည် အလွန်တရာ လျင်မြန်လွန်းပေသည်။
သို့ဖြင့် စိတ်ခံစားချက်မျိုးစုံ ရောထွေးနေသည့် ကျောင်းရွှမ်သည် ချန်ကျဲ့ကို စိုက်ကြည့်နေခဲ့သည်။ ချန်ကျဲ့သည်လည်း သူ့ကို ပြန်ကြည့်သည်။
သူတို့နှစ်ဦး၏အကြည့်များ ဆုံစည်းသွားခဲ့ပြီး များစွာသော အတိတ်ဖြစ်ရပ်များလည်း ထိုအကြည့်များထဲ နစ်မြုပ်နေခဲ့သည်။
ချန်ကျဲ့သည် ကျောင်းရွှမ်နှင့် စကားမပြောလိုပေ။ တစ်ချက်မျှသာ ကြည့်လိုက်ပြီးနောက် သူဒီနေ့ ထိုင်ရမည့်နေရာသို့ ဦးတည်သွားလိုက်သည်။ လမ်းတစ်လျှောက်ရှိ လူများကိုလည်း နှုတ်ဆက်ခဲ့သည်။
သူတို့သည် သူ့ကို “ညီနောင်ကျိုစစ်”ဟု နှုတ်ဆက်ကြသည်။
ထိုအချိန်၌ ငါးဖမ်းကုန်သည်အဖွဲ့ ဦးစီးမှူး၏အခန်းတွင် ကျန်းချွမ်သည် ကြမ်းပြင်ထက်တွင် ဒူးထောက်လျက် ဖန်းရှစ်ကျုံးသည် အမြင့်ဆုံးထိုင်ခုံတွင် ထိုင်နေသည်။
“မွေးစားအဖေ ကျွန်တော် မွေးစားအဖေကို အပြစ်ဝန်ချတောင်းပန်ချင်ပါတယ်”
ထိုအခါ ဖန်းရှစ်ကျုံးသည် ကျန်းချွမ်ကိုကြည့်လျက် ပြောသည်။
“သားငယ်၂ မင်းဘာလုပ်နေတာလဲ”
ကျန်းချွမ်မှ ပြန်ဖြေသည်။
“သစ္စာဖောက်ကျောင်းရွှမ် သူက ကျွန်တော့်ကြင်ယာတော်ရဲ့ မောင်တော်စပ်သူဖြစ်ပါတယ်။ အဲဒီလေးစားမှုအရ သူ့ကို ကျွန်တော့်ရဲ့ယောက်ဖလေးလို့ သတ်မှတ်နိုင်ပါတယ်။ သူ့ကို ဒီရာထူးကို ရအောင် ကူညီပေးခဲ့တာလည်း ကျွန်တော်ပါပဲ…”
ဖန်းရှစ်ကျုံးသည် လက်ကိုဝှေးရမ်းလိုက်ပြီး ပြောသည်။
“ငါ အဲဒါတွေ အားလုံး သိထားပြီးသားပဲ။ မင်း ဘာအမှားမှ မလုပ်ခဲ့ဘူး။ ကျောင်းရွှမ်က သစ္စာဖောက်တစ်ယောက်ဆိုပေမဲ့ သူ့မှာ အရည်အချင်းရှိခဲ့တာ အမှန်ပဲ။ ဒီနှစ်တွေအတွင်းမှာ သူ ပြဿနာကြီးကြီးမားမား ရှာခဲ့ဖူးတာမျိုး မရှိခဲ့ဘူး”
ဖန်းရှစ်ကျုံးသည် အရေးကိစ္စများကို ကိုင်တွယ်ရာ၌ တရားမျှတသည်။
ကျန်းချွမ်မှ ဆက်ပြောသည်။
“မွေးစားအဖေ အဲဒါချည်းပဲ မဟုတ်ပါဘူး။ ပိုအရေးကြီးတဲ့အချက်က ဒီအဖြစ်အပျက် ဖြစ်ပွားပြီးနောက်မှာ အဲဒီကောင်က တကယ်တော့ ကျွန်တော့်အိမ်တော်ကို ရောက်လာခဲ့ပြီး ခိုလှုံလိုခဲ့တယ်။ ကျွန်တော့်ရဲ့ကြင်ယာတော်က မောင်ဖြစ်သူအပေါ် သနားကြင်နာမှုကြောင့် သူ့ကို ဖွက်ထားပေးခဲ့တာ မနေ့က ကျွန်တော် သိသွားတဲ့အချိန်အထိပါပဲ။ ဒါက ကျွန်တော့် အမှားဆိုလည်း ဟုတ်ပါတယ်။ ကျေးဇူးပြုပြီး မွေးစားအဖေ ကျွန်တော့်ကို အပြစ်ပေးပါ!”