← Chapters

နောက်ဆုံးရ သတင်းအချက်အလက်နှင့် ဓား၃ချက် အပေါက်၆ပေါက် ပြစ်ဒဏ်_၃

Vol. 13 Ch. 172

နောက်ဆုံးရ သတင်းအချက်အလက်နှင့် ဓား၃ချက် အပေါက်၆ပေါက် ပြစ်ဒဏ်_၃

Vol. 13 Ch. 172

အမ်း!

ထိုအကြောင်းအရာကို နားထောင်ပြီးနောက် ဖန်းရှစ်ကျုံးသည် မျက်မှောင်ကြုတ်ထား၏။

ဤရက်များအတွင်း ထိုလူသည် သားငယ်၂၏အိမ်တွင် ပုန်းအောင်းနေခဲ့ခြင်း ဖြစ်နေခဲ့သည်။

ထိုစဉ် ဖုန်းရွှမ်မှ ပြောသည်။

“ညီငယ်၂ အစ်ကိုကြီးကြားဖူးတာတော့ မင်းရဲ့အိမ်တော် စီမံခန့်ခွဲမှုက အမြဲ စနစ်တကျရှိတယ်တဲ့။ အဲဒီလို အသက်ရှင်နေတဲ့ လူတစ်ယောက်လုံးကြီးက မင်းရဲ့အိမ်တော်မှာ ခိုးဝင်နေတာကို ဒီလောက်ရက်အကြာဖြစ်နေပြီ၊ မင်းက ‌ငါတို့ရဲ့သမာဓိပြည့်စုံတဲ့ မွေးစားအဖေ မနေ့က မေးလိုက်မှပဲ သိသွားခဲ့တယ်ပေါ့လေ။ အဲဒါကတော့ မင်းစကား မှန်ကန်ပါတယ်လို့ လက်ခံဖို့ရာ နည်းနည်းခက်ခဲတယ် မဟုတ်ဘူးလား။ ဒါမှမဟုတ် အကယ်လို့များ မွေးစားအဖေသာ မမေးမြန်းခဲ့ရင် မင်းက ဒီကိစ္စကို ဆက်ပြီး ဖုံးကွယ်ထားမလို့များလား”

“အစ်ကိုကြီးက တကယ်ပဲ ဘာကိုများ သွယ်ဝိုက်‌ပြောချင်နေတာပါလဲ”

ထိုစကားအဆုံး၌ ကျန်းချွမ်သည် ဖုန်းရွှမ်ကို ခေါင်းမော့ကြည့်လာ၏။

ဖုန်းရွှမ်သည် တခစ်ခစ်ရယ်မောလိုက်သည်။

“အစ်ကိုကြီးဖြစ်တဲ့ငါက ဘာများ သွယ်ဝိုက်ပြောနိုင်ပါ့မလဲ။ ငါက ငါတို့ရဲ့သမာဓိပြည့်စုံတဲ့ မွေးစားအဖေကို မလှည့်စားသင့်ဘူးလို့ပဲ ပြောချင်ရုံပါ။ တစ် က တစ်၊ နှစ် က နှစ်ပဲမို့လို့ မွေးစားအဖေက မင်းကို ခွင့်လွှတ်ပေးမှာပါ”

“ကျွန်တော် ဘယ်တုန်းကများ ကျွန်တော်တို့ရဲ့ သမာဓိပြည့်စုံတဲ့ မွေးစားအဖေကို လှည့်စားခဲ့ဖူးလို့လဲ။ အစ်ကိုကြီး ဒီလိုစကားပြောတာက ကျွန်တော့်ကို မတရားစွပ်စွဲနေတာပါပဲ!”

ကျန်းချွမ်သည် ဖုန်းရွှမ်ကို စိုက်ကြည့်နေသည်။ ဖုန်းရွှမ်သည် အားရပါးရ ရယ်မောလျက် တုံ့ပြန်သည်။

“အဲဒါဆိုရင်တော့ မင်းရဲ့အစ်ကိုကြီးငါက ပေါက်ကရတွေ‌ လျှောက်ပြောနေမိတာပဲ ဖြစ်ပါလိမ့်မယ်”

ကျန်းချွမ်သည် အမျက်ဒေါသများ မြင့်တက်လာ၏။ သို့သော် ဖန်းရှစ်ကျုံး၏ သူ့အပေါ် အကဲခတ်စူးစမ်းနေသည့် အကြည့်တို့ကို ခံစားမိသောကြောင့် ရုတ်ချည်း ပြောလိုက်သည်။

“မွေးစားအဖေ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် ဘာကိုမှ ဖုံးကွယ်မထားပါဘူး။ ကျေးဇူးပြုပြီး ရှင်းရှင်းလင်းလင်း စစ်ဆေးပေးပါ”

ဖန်းရှစ်ကျုံးသည် လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီး‌ ပြောသည်။

“တကယ်တမ်း ဘယ်လိုဖြစ်ခဲ့လဲဆိုတာက အရေးမကြီးတော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းရွှမ်ကို လွှတ်ပေးလို့မရဘူး”

“ဒါက သဘာဝပဲ။ အဲဒီတိရစ္ဆာန်ကောင်က အပြင်က ရန်သူတွေနဲ့ ပူးပေါင်းရဲတယ်။ ပြီးတော့ ငါတို့ကို သစ္စာဖောက်ခဲ့တယ်။ ငါးဖမ်းကုန်သည်အဖွဲ့မှာ သူ့အတွက် နေရာမရှိဘူး!”

ထိုအခါ ကျန်းချွမ်မှ ပြောသည်။

“ဒါပေမဲ့ ကျွန်တော့်ရဲ့အိမ်တော်ကို တင်းတင်းကျပ်ကျပ် စစ်ဆေးခြင်းမရှိတဲ့အတွက် ကျွန်တော့်မှာလည်း အပြစ်ရှိပါတယ်။ မွေးစားအဖေ အပြစ်ပေးဖို့ တောင်းဆိုပါတယ်”

ဖန်းရှစ်ကျုံးသည် အချိန်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောသည်။

“ဒါဆိုလည်း အရေးကြီးကိစ္စကို သတိပေးတဲ့အနေနဲ့ တစ်နှစ်စာ လစာဖြတ်တဲ့ ပြစ်ဒဏ်အသေးစားကို ခံယူလိုက်ပါ”

“မွေးစားအဖေကို ကျေးဇူးတင်ပါတယ်”

ကျန်းချွမ်သည် ချက်ချင်း ကျေးဇူးတင်စကားဆိုသည်။ ထို့နောက် ဖန်းရှစ်ကျုံးသည် ရပ်နေသည့် ဝူကျုံးသို့လှည့်၍ ပြောသည်။

“ချွမ်းအာရဲ့ တစ်နှစ်စာ လစာကို မင်းကိုပေးမယ်။ ငါကြားခဲ့တာ မင်းရဲ့ဒဏ်ရာတွေကို ကုသဖို့အတွက် သမားတော်ကြီးပိုင်က သူ့ရဲ့စုဆောင်းထားတဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို သုံးစွဲပစ်လိုက်ရတယ်ဆို။ အခု ပြန်ဖြည့်ဖို့ အချိန်ကျပြီ”

“ခန်းမအရှင်သခင်ကို ကျေးဇူးတင်ပါတယ်”

ဝူကျုံးသည် ချက်ချင်း ကျေးဇူးတင်စကား ဆိုလိုက်သည်။ ထို့နောက် ဖန်းရှစ်ကျုံးမှ ပြောသည်။

“ကောင်းပြီ၊ အချိန်‌နီးကပ်နေပြီ။ ပူဇော်ခန်းမ ပြင်ဆင်ပြီး အပြစ်ဒဏ်ကို ကုန်သည်အဖွဲ့ရဲ့ စည်းမျဉ်းအတိုင်း လုပ်ဆောင်ဖို့ အောက်ဘက်ကို အကြောင်းကြားလိုက်ပါ”

ထိုအခါ ဝူကျုံးမှ ချက်ချင်း ပြန်ဖြေသည်။

“ဟုတ်ကဲ့ ကျွန်တော် အခုချက်ချင်း ပြင်ဆင်လိုက်ပါ့မယ်”

ဝူကျုံးသည် ပူဇော်ခန်းမကို ပြင်ဆင်ခြင်းနှင့် ကုန်သည်အဖွဲ့၏ စည်းမျဉ်းအတိုင်း ပြစ်ဒဏ်စီရင်ခြင်းအတွက် အမြန်ထွက်ခွာသွားခဲ့သည်။

ထိုအချိန်တွင် ချန်ကျဲ့သည် ပူဇော်ခန်းမတွင် ရောက်ရှိနေပြီးဖြစ်သည်။ ကျိုးချူလည်း ခန်းမထဲသို့ ဝင်ရောက်လာ၏။ သူသည် အလွန်တရာ ‌စိတ်ပျော်ရွှင်နေဟန်ဖြင့် သံစဉ်တစ်ခုကိုပင် ဆိုညည်းနေသေးလေသည်။

ကျိုးချူ၏ ထိုသို့စိတ်အခြေအနေကို မြင်သောအခါ ချန်ကျဲ့ ရယ်မောလိုက်သည်။

“ဟားဟား ခင်ဗျား ဒီနေ့ ဘာလို့ ဒီလောက်တောင် ပျော်မြူးနေရတာလဲ”

ထိုအခါ ကျိုးချူမှ ရယ်မော၏။

“ဟားဟား သေချာပေါက် သတင်းကောင်းတွေကြောင့်ပဲပေါ့ကွာ။ ငါ့ရဲ့ယောက္ခမကြီးက ငါ့အတွက် ကြိုးတချို့ဆွဲပေးခဲ့တယ်လို့ သတင်းရခဲ့တယ်လေ။ ဒီနေ့ ငါလည်း မင်းနဲ့အတူ စီရင်စုမြို့ကို လိုက်ရတော့မှာ”

“အို အစ်ကို့ကျိုးရဲ့ ယောက္ခမကြီးက အဲဒီလောက်တောင် ဩဇာအာဏာရှိတာလား”

ချန်ကျဲ့သည် အနည်းငယ် အံ့အားသင့်သွား၏။ ကျိုးချူကတော့ ရယ်နေသည်။

“ဟားဟား တကယ်ပါပဲ၊ ငါမင်းကို ဒီအကြောင်း နောက်မှပြောပြမယ်။ အနာဂတ်မှာ မင်းမျှော်လင့်မထားတဲ့အရာတွေ ပိုလို့တောင် ဖြစ်လာနိုင်ခြေရှိသေးတယ်”

ကျိုးချူသည် ထိုသို့ပြောပြီးနောက် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ဝဲကြည့်လိုက်ပြီး တီးတိုးပြောသည်။

“ငါ ခုနက ကျောင်းရွှမ်ကိုတွေ့ခဲ့တယ်။ အဲဒီကောင်က ဒီနေ့ သေဖို့များတယ်”

ထိုအခါ ချန်ကျဲ့မှ‌ မေးမြန်းသည်။

“အစ်ကိုက ဒီနေ့ စည်းမျဉ်းအတိုင်း ပြစ်ဒဏ်စီရင်မယ့်အကြောင်း ပြောနေတာလား”

ကျိုးချူမှ ပြန်ပြောသည်။

“ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ စည်းမျဉ်းအတိုင်း ပြစ်ဒဏ်ပေးမယ်‌ဆိုရင် ဓားသုံးချက် အပေါက်‌၆ပေါက်ပြစ်ဒဏ်ကို ပေးလိမ့်မယ်။ အဲဒီကောင်က ကိုယ့်အဖွဲ့ကို သစ္စာဖောက်ပြီး အထက်လူကြီးကို အန္တာရာယ်ပြုဖို့ ကြိုးစားခဲ့တာလေ။ အဲဒီတော့ ဓားသုံးချက်ပြစ်ဒဏ်ဖြစ်လိမ့်မှာ။ သူ အသက်ရှင်နိုင်မှာ မဟုတ်ဘူး”

ထိုအခါ ချန်ကျဲ့သည် သိချင်စိတ်ပြင်းပြစွာဖြင့် မေးသည်။

“ဓားအသေး၊ ဓားအကြီးဆိုပြီး ကွဲပြားမှု မရှိနိုင်ဘူးလား”

“သေချာ‌ပေါက်ပဲပေါ့။ ငါမင်းကို ပြောပြမယ်။ အဲဒီဓားသုံးချက် အပေါက်၆ပေါက်ပြစ်ဒဏ်က အတော်လေး အနုစိတ်တယ်။ ဓားအသေး ၃လက်၊ အရှည်က ဒီလောက်ရှိမယ်.. အဲဒါကို ပေါင်နဲ့ ဝမ်းဗိုက်ကွက်တိကို ထိုးသွင်းရတယ်”

“အဲဒီအပြစ်ဒဏ်ကို စီရင်တဲ့အခါ အပြစ်ကျူးလွန်ထားတဲ့ ညီနောင်တွေက ဓားကိုကိုင်ပြီး သူတို့ရဲ့ပေါင်ကို ထိုးသွင်းကြတယ်။ ဓား၃ချက်မှာ ဓားက စနစ်တကျ ထိုးဖောက်ဝင်‌သွားပြီး ဓားကို ပြန်ဆွဲထုတ်လိုက်တဲ့အခါ (ရှေ့နောက် ထုတ်ချင်းပေါက်သွားတာကြောင့်) အပေါက်၆ပေါက် ပွင့်ဟကျန်ရစ်မယ်။ သူတို့ရဲ့ပြစ်မှုတွေကို ပြေပျောက်သွားအောင် စီရင်တာပေါ့လေ။ အဲဒါက ဓားအသေး၃ချက်ပြစ်ဒဏ်ပဲ”

“ဒါဆို ဓားအကြီးသုံးချက်ကရော?”

ချန်ကျဲ့ သိလိုစိတ်ပြင်းပြစွာ မေးသည်။

ကျိုးချူမှ ပြန်ဖြေတော့မည်တွင် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“ခန်းမအရှင်သခင် ရောက်ရှိပါပြီ!”

“နောက်မှ ဆက်ပြောကြတာပေါ့”

ထိုသို့ပြောပြီးနောက် ကျိုးချူသည် အခြားသူများနှင့်အတူ လက်သီးယှက် အရိုအသေပြုသည်။

“ခန်းမအရှင်သခင်ကို ဂါရဝပြုပါတယ်!”

ထိုစဉ် ဖန်းရှစ်ကျုံးသည် ရှေ့သို့လျှောက်လာသည်။ သူ၏နောက်တွင် အားရဝမ်းသာဟန်သော ခနဲ့ပြုံးဖြင့် ဖုန်းရွှမ်နှင့် တင်းမာနေသော မျက်နှာထားဖြင့် ကျန်းချွမ်တို့ လိုက်ပါလာ၏။

ထိုလူသုံးဦး ပူဇော်ခန်းမထဲသို့ ရောက်ရှိသည်နှင့် လက်အောက်ငယ်သားအားလုံးသည် အစီအစဉ်တကျ တန်းစီရပ်နေကြသည်။

ဝူကျုံးသည် ဖန်းရှစ်ကျုံးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကြေညာသည်။

“ဒီနေ့ အဖွဲ့သားအားလုံးကို စုဝေးခိုင်းရတဲ့အကြောင်းရင်းက ငါတို့ငါးဖမ်းကုန်သည်အဖွဲ့ကို သစ္စာဖောက်တဲ့ သစ္စာဖောက်ရဲ့ ကံကြမ္မာကို အားလုံး မျက်မြင်တွေ့ရစေဖို့အတွက်ပါပဲ!”

“ကျောင်းရွှမ်က အပြင်လူနဲ့ ပူးပေါင်းပြီး အထက်လူကြီးကို လုပ်ကြံံခဲ့တယ်။ အဲဒီလုပ်ရပ်တွေဟာ သစ္စာကင်းမဲ့ပြီး ခွင့်မလွှတ်နိုင်စရာဖြစ်တယ်။ ဒါကြောင့် ခန်းမအရှင်သခင်ဖန်းရဲ့ ဉာဏ်ပညာရှိတဲ့ ဦးဆောင်မှုအောက်မှာ ကုန်သည်အဖွဲ့ရဲ့စည်းမျဉ်းအတိုင်း “ဓားသုံးချက် အပေါက်၆ပေါက်ပြစ်ဒဏ်”ကို စီရင်ဖို့ ဆုံးဖြတ်လိုက်တယ်!”

“သစ္စာဖောက်ကျောင်းရွှမ်ကို ခေါ်လာခဲ့ပါ!”

ထိုအမိန့်စကားတွင် ကျားဖြူခန်းမ၏ လက်ရွေးစင်အဖွဲ့သားလေးဦးသည် အပြင်ဘက်မှ ကျောင်းရွှမ်ကို ခန်မးထဲသို့ စောင့်ကြပ်ခေါ်ဆောင်လာသည်။

ထို့နောက် ကျောင်းရွှမ်ကို ကြမ်းပြင်သို့ ကန်ချလိုက်၏။

“အခု ဘိုးဘေးသခင်ကြီးကို ပင့်ဖိတ်မယ်!”

ထိုအခါ လက်အောက်ငယ်သားများသည် နတ်ဘုရားနှင့် ဆင်တူသည့် ရုပ်ပုံတစ်ခုကို သယ်ဆောင်လာသည်။ ၎င်းသည် အနီရောင်တာ့အိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်တို့မှာ အဖြူရောင်‌ဖြစ်နေသော်ငြား ငယ်ရွယ်သည့် အသွင်အပြင်ရှိသည်။ ထို့ပြင် ရွှေရောင်ဦးရစ်တန်ဆာကိုလည်း ဝတ်ဆင်ထားပေသည်။

သူ၏ လက်ယာလက်မှာ ကြိမ်တစ်ချောင်းကို ကိုင်ဆောင်ထားပြီး လက်ဝဲလက်မှာ အလံငယ်လေးများပါဝင်သည့် စာလိပ်တစ်လိပ်ကို ကိုင်ဆောင်ထားသည်။

အဲဒါက ဘယ်သူများလဲ။

ချန်ကျဲ့ စဉ်းစားနေစဉ် ကျိုးချူမှ ပြောသည်။

“ဒါက ငါတို့ရဲ့ဘိုးဘေးနတ်ဘုရား ထိုက်ကုန်းဝမ်ပဲ!”

“ဘယ်ထိုက်ကုန်းလဲ”

“အဲဒီကျန်း ထိုက်ကုန်း.. ဝေ့မြစ်ကမ်းပါးမှာ ဖြောင့်တန်းတဲ့ ငါးမျှားချိတ်နဲ့ ငါးမျှားခဲ့တဲ့ ကျန်းဇီယာလေ”

“ကျန်းဇီယာ!”

ချန်ကျဲ့ အံ့အားသင့်မှုကြောင့် မျက်လုံးပြူးသွား၏။

အင်း ဒါကတော့ ငါမသိသေးတဲ့ အကြောင်းအရာပဲ! ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ဘိုးဘေးနတ်ဘုရားက ကျန်းဇီယာဆိုတာကို ငါ ပထမဆုံးသိလိုက်ရတာပဲ။

သို့သော် မည်မျှတွေးတောပါစေ လိုက်ဖက်ညီသည်ဟု ထင်ရပေသည်။ ဒဏ္ဍာရီဇာတ်လမ်းများ ပြောပြသူများသည် သုန်ဖန်းရှော့ကို သူတို့၏ ဘိုးဘေးနတ်ဘုရားဟု သတ်မှတ်နိုင်သည်ဖြစ်ရာ တံငါသည်များက ကျန်းဇီယာကို သူတို့၏ဘိုးဘေးနတ်ဘုရားအဖြစ် သတ်မှတ်ခြင်းသည် အဓိပ္ပာယ်ရှိပေသည်။

ဖန်းရှစ်ကျုံးသည် ခမ်းနားဝင့်ထည်စွာ ရှေ့သို့လျှောက်လာ၍ ဖုန်းရွှမ်ထံမှ အမွှေးတိုင်သုံးချောင်းကို ယူလိုက်ပြီး ဘိုးဘေးနတ်ဘုရားကို အရိုအသေပေးသည်။ ထို့နောက် အမွှေးတိုင်များကို နေရာချပူဇော်လိုက်သည်။

လက်အောက်ငယ်သားများမှ ပလ္လင်ကဲ့သို့သော ထိုင်ခုံကို သယ်လာခဲ့ကြပြီးနောက် ဖန်းရှစ်ကျုံးသည် သူ၏ဝတ်ရုံကို အသာ မ၍ ခြေချိတ်လျက် မောက်မာထောင်လွှားဟန်သော အမူအရာဖြင့် ထိုင်လိုက်သည်။ ဖန်းရှစ်ကျုံးသည် ထိုဖြစ်စဉ်တစ်လျှောက်လုံးကို ကြော့ရှင်းခံ့ညား၍ ဩဇာကြီးမားသည့် အရှိန်အဝါဖြင့် လုပ်ဆောင်သွားခြင်း ဖြစ်သည်။

“စတင်မယ်!”

ထိုအခါ ဝူကျုံးမှ ကြေညာသည်။

“ကုန်သည်အဖွဲ့ရဲ့ စည်းမျဉ်းအတိုင်း ပြစ်ဒဏ်ကို တိုင်တည်မယ်!”

ထိုစကားတွင် လက်အောက်ငယ်သားများသည် ကြီးမားသည့် တွန်းလှည်းတစ်ခုကို ဆွဲယူလာခဲ့သည်။ ၎င်းတွန်းလှည်းအပေါ်တွင် ရှည်သွယ်ပါးလျသော၊ အလျား တစ်မီတာကျော်ခန့် ရှည်လျားသော ဓားရှည်များ ရှိသည်။ အသွားတစ်ဖက်သာ ပါရှိသည့် ဓားများဟု ခေါ်ကြသည့်တိုင် တကယ်တမ်းတွင် နှစ်ဖက်သွားဓားရှည်နှင့် ပို၍ဆင်တူပေသည်။

All Chapters