နောက်ဆုံးရ သတင်းအချက်အလက်နှင့် ဓား၃ချက် အပေါက်၆ပေါက် ပြစ်ဒဏ်_၄
Vol. 13 Ch. 173
ထိုအခိုက်အတန့်၌ ကျိုးချူမှ ပြောသည်။
“ကြည့် ဒါက ဓားသုံးချက်ပဲ”
“ဓားအသေး၃ချောင်း ပေါင်ကိုထိုးသွင်းလို့ လူမသေနိုင်ဘူး။ အဲဒီပြစ်ဒဏ်က အမှားကို အပြစ်ပေးဖို့အတွက်ပဲ”
“ဒါပေမဲ့ ဓားကြီး၃ချောင်းကို အသုံးပြုတာက အသက်ကို နုတ်ယူမယ်လို့ ဆိုလိုတာပဲ။ ဓားတစ်ချောင်းကို ဝမ်းဗိုက်ကို ထိုးသွင်းပြီး နောက်တစ်ချောင်းကို ရင်ဘတ်ဆီ ထိုးသွင်းမယ်။ နောက်ဆုံးတစ်ချောင်းကိုတော့ နှလုံးကို ထိုးသွင်းမယ်။ ဒီဓားသုံးချက်က အပေါက်၆ပေါက် ဖြစ်ပေါ်စေပြီး ပုံမှန်အားဖြင့်တော့ အသက်ရှင်ကျန်ရစ်နိုင်တဲ့သူ မရှိဘူး”
ထိုအခါ ချန်ကျဲ့ ခေါင်းညိတ်သည်။
“မဟုတ်ဘူး၊ အဲဒီလိုလည်း မဟုတ်သေးဘူး”
ကျိုးချူမှ ဆက်ပြောသည်။
“တကယ်တော့ အဲဒီပြစ်ဒဏ်မှာ အသက်ရှင်နိုင်ခဲ့ပြီး အဆင်ပြေပြေရှိနေတဲ့သူ တစ်ယောက်ရှိတယ်”
“ဘယ်လိုလုပ်ပြီး အဲဒီပြစ်ဒဏ်မှာ အသက်ရှင်ကျန်တဲ့သူ ရှိနိုင်ရတာလဲ”
ချန်ကျဲ့ အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ ထိုသို့ ဓားဖြင့်ထိုးသွင်းခံရပြီးနောက်တွင် အသက်ရှင်နိုင်သူ ရှိလိမ့်မည်ဟု သူ မယုံကြည်ပါချေ။
ထိုအခါ ကျိုးချူမှ ပြောသည်။
“တကယ်ပဲ အသက်ရှင်နိုင်ခဲ့တဲ့သူ တစ်ယောက်ရှိတယ်။ ငါ ဒီအကြောင်းကို ငါ့ယောက္ခမကြီးဆီကနေ ကြားခဲ့တာ။ အဲဒီသူက ငါတို့ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ အကြီးပိုင်းတွေထဲက တစ်ယောက်တဲ့”
“ဘယ်သူလဲ”
ချန်ကျဲ့ သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။
ကျိုးချူမှ ပြောသည်။
“ကုန်သည်အဖွဲ့ခေါင်းဆောင်!”
ဟမ်??
ချန်ကျဲ့ အံ့ဩမင်သက်သွား၏။
ကုန်သည်အဖွဲ့ခေါင်းဆောင်လား? နန်ပါးထျန်းလား??
ကျိုးချူသည် ရှူးတိုးတိုးဟူသည့် အမူအရာလုပ်ပြသည်။ ချန်ကျဲ့ အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
“သူ ဘယ်လိုလုပ်ပြီး အသက်ရှင်နိုင်ရတာလဲ”
ကျိုးချူမှ ပြောသည်။
“ကုန်သည်အဖွဲ့ခေါင်းဆောင်က အရမ်းကံကောင်းတယ်။ ပထမဓားချက်က သူ့ရဲ့အူကို ဆုတ်ပြဲသွားစေခဲ့တယ်။ ဒုတိယဓားချက်ကတော့ အတွင်းအင်္ဂါတွေကို မထိခိုက်စေခဲ့ဘူး။ နှလုံးကို ပစ်မှတ်ထားတဲ့ တတိယဓားချက်ကျတော့ ငါတို့ကုန်သည်အဖွဲ့ခေါင်းဆောင်ရဲ့ နှလုံးက ညာဘက်မှာ ရှိနေခဲ့တာ။ အဲဒါကြောင့် ဓားချက်ကို ရှောင်လွှဲနိုင်ခဲ့တယ်”
ထိုအခါ ချန်ကျဲ့ မျက်လုံးပြူးသွားရသည်။ အဲဒီလောက်တောင် ကံကောင်းတဲ့သူ ရှိသေးတာလား။
နှလုံးက ညာဘက်မှာ ရှိနေတာ.. အဲဒါက ဖြစ်နိုင်တဲ့အရာဆိုပေမဲ့ အရမ်းကြီး တိုက်ဆိုင်လွန်းတာ မဟုတ်ဘူးလား။
“မဟုတ်သေးဘူး။ ကုန်သည်အဖွဲ့ခေါင်းဆောင်က တကယ်ပဲ ဓားသုံးချက် အပေါက်၆ပေါက်ပြစ်ဒဏ်ကို ခံယူရလောက်အောင် ဆိုးရွားတဲ့ပြစ်မှုကို ကျူးလွန်ခဲ့တယ်ဆိုရင် ဘယ်လိုလုပ်ပြီး ကုန်သည်အဖွဲ့ရဲ့ခေါင်းဆောင် ဖြစ်လာနိုင်သေးတာလဲ”
ချန်ကျဲ့ မယုံကြည်နိုင်ပေ။
ကျိုးချူမှ ပြောသည်။
“ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ စည်းမျဉ်းအရ ဓားသုံးချက် အပေါက်၆ပေါက်ပြစ်ဒဏ်က အတိတ်က ပြစ်မှုတွေနဲ့ အငြိုးအတေးအားလုံးကို ရှင်းလင်းပေးတာဖြစ်တယ်။ အဲဒီဓားသုံးချက် အပေါက်၆ပေါက်ပြစ်ဒဏ်ကို ခံယူပြီးတာနဲ့ ဘယ်လိုပြစ်မှုမျိုး ကျူးလွန်မိခဲ့သည်ဖြစ်စေ မေ့လျော့ခံလိုက်ရမှာပဲ။ ဘယ်သူမှ အဲဒီပြစ်မှုအကြောင်းကို ထပ်မပြောရတော့ဘူး”
“အထူးသဖြင့် ဓားသုံးချက်ကို ခံယူတယ်ဆိုတာက အပြစ်ကြွေးတွေအားလုံးကို အသက်နဲ့ ပြန်ပေးဆပ်တယ်လို့ အဓိပ္ပာယ်ရတယ်။ ပြစ်ဒဏ်ခံယူပြီး အသက်ရှင်ကျန်ရစ်နိုင်တာကတော့ ယမမင်းက လက်မခံလို့ပဲပေါ့။ ယမမင်းတောင်မှ ခေါ်မသွားမှတော့ ငါတို့လည်း အဲဒီလူရဲ့အသက်ကို ဆက်လိုက်နုတ်ယူလို့ မဖြစ်သင့်ဘူးလေ!”
ထိုအခါ ဤကုန်သည်အဖွဲ့သားများမှာ အတော်လေး အယူသီးသည်ဟု ချန်ကျဲ့ စိတ်ထဲမှ တွေးလိုက်သည်။
ဒါပေမဲ့ ပြန်စဉ်းစားကြည့်လိုက်တော့ အဲဒီလိုပဲ မဟုတ်လား။
ဒီလူမှုအဖွဲ့အစည်းမှာ အယူမသီးတဲ့သူ ဘယ်သူရှိမှာတဲ့လဲ။
ချန်ကျဲ့ တစ်ကိုယ်တည်း တွေးနေစဉ် ဝူကျုံးမှ ပြောသည်။
“အပြစ်သားကို ပါးစပ်အဝတ်ဖယ်ပေးလိုက်ပါ!”
အဖွဲ့သားတစ်ဦးသည် ကျောင်းရွှမ်၏ပါးစပ်ထဲမှ အဝတ်စကို ဖယ်လိုက်သည်။ ထို့နောက် ဝူကျုံးမှ ပြောသည်။
“ကျောင်းရွှမ် အခုအချိန်မှာ မင်းဘာများ ပြောချင်သေးလဲ”
ကျောင်းရွှမ်သည် သူ၏ရှေ့ရှိ လူအားလုံးကို အမုန်းတရားများပြည့်နှက်နေသော မျက်လုံးများဖြင့် မော့ကြည့်လာသည်။
နောက်ဆုံး၌ ကျန်းချွမ်ထံတွင် အကြည့်များရပ်တန့်သွား၏။
“ယောက်ဖ မင်းရဲ့အကျိုးအမြတ်အတွက် ငါ့ကို အသုံးချလိမ့်မယ်လို့ ငါ လုံးဝ မျှော်လင့်မထားခဲ့မိဘူးပဲ!”
ထိုအခါ ကျန်းချွမ်သည် မျက်နှာအမူအရာ မည်းမှောင်သွားလျက် ပြောသည်။
“ဒီနေရာမှာ ယောက်ဖတော်စပ်မှုဆိုတာမျိုး မရှိဘူး။ မင်းက ငါတို့ကို သစ္စာဖောက်ရဲမှတော့ ဘုရားသခင်တောင် မင်းကို ကယ်တင်နိုင်မှာ မဟုတ်ဘူးလေ။ မင်း ပြစ်မှုကျူးလွန်ခဲ့တဲ့ အချိန်ကတည်းက ဒီလိုနောက်ဆက်တွဲ အကျိုးဆက်တွေကို သိထားသင့်တယ်!”
ထိုအခါ ကျောင်းရွှမ်သည် ကျယ်လောင်စွာ ရယ်မော၏။
“ဟားဟားဟား ဘယ်လိုတောင် ဖြောင့်မတ်မှန်ကန်လိုက်သလဲ! ကောင်းပြီလေ ယောက်ဖ၊ ငါမင်းရဲ့ အနာဂတ်ကို မဖျက်ဆီးတော့ပါဘူး။ ငါ့လုပ်ရပ်တွေကို ငါဝန်ခံပါတယ်!”
“ငါက ချောင်ကုန်သည်အဖွဲ့ရဲ့ ယွီပင်းနဲ့ ပူးပေါင်းခဲ့ပြီး ဝူကျုံးရဲ့ တည်နေရာကို ပြောပြခဲ့တယ်။ ငါ ဝူကျုံးရဲ့ ရာထူးနေရာကို လိုချင်ခဲ့တာ။ အဲဒါတွေအားလုံးကို ငါဝန်ခံတယ်!”
“ဒီနေ့ ငါကြုံတွေ့ရတဲ့ ကံကြမ္မာက ငါ့ရဲ့လုပ်ရပ်တွေကြောင့်ပဲ။ ငါ ကျောင်းရွှမ်က ကံဆိုးလှတယ်။ ဒီလိုပြဿနာကောင်မျိုးနဲ့ ကြုံတွေ့ခဲ့ရတယ်လေ။ ငါရှုံးတာ ဝန်ခံပါတယ်!”
“အခု ငါ့မှာ ဘာမှပြောစရာ မရှိဘူး။ လာစမ်းပါ ငါ့ကိုမြန်မြန်သေခွင့်ပေးပါ လုပ်လိုက်တော့!”
ကျောင်းရွှမ်သည် တကယ်ကို သန်မာကြံ့ခိုင်သည့် အမျိုးသားတစ်ဦးပင်။ သူသည် ဤသို့အခြေအနေမျိုးတွင် ငိုကြွေခြင်းရော တောင်းပန်တိုးလျှိုးခြင်းရော မရှိပေ။ သူပြောဆိုရန် လိုအပ်သည်များကိုသာ ပြောသွားခဲ့သည်။
သူသည် သူ လုပ်ဆောင်ရန် လိုအပ်သမျှ အရာအားလုံးကို လုပ်ဆောင်ခဲ့ပြီးလေပြီ။ သူ၏ ကံကြမ္မာကိုလည်း လက်ခံပြီးခဲ့ပြီ။
ဤအချက်ဖြင့် ချန်ကျဲ့သည် ကျောင်းရွှမ်မှာ ကံဆိုးရှာသည့် လေးနက်သည့်လူတစ်ယောက်ဟု ပြန်ပြောင်း သတ်မှတ်လိုက်တော့သည်။
ကျောင်းရွှမ်၏ ထိုသို့အပြုအမူကို မြင်သောအခါ ဖန်းရှစ်ကျုံးမှ ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“အမ်း ယောက်ျားပီသပါပေတယ်။ ကျောင်းရွှမ် မင်း မသေခဲ့ရင် အတိတ်က လုပ်ရပ်တွေအားလုံးကို ရှင်းလင်းပြီးသားဖြစ်သွားလိမ့်မယ်။ မင်းသေသွားခဲ့ရင်တော့ ဘိုးဘေးတွေက မင်းရဲ့အသက်ဝိဉာဉ်ကို ခေါ်ဆောင်သွားဖို့ ဆန္ဒရှိလို့ပဲပေါ့။ ပြစ်ဒဏ်စီရင်ရေး အဖွဲ့သား!”
“ရှိပါတယ်!”
ထိုအခါ ခန္ဓာကိုယ်ဖွံ့ထွားကြံ့ခိုင်သည့် အဖွဲ့သားတစ်ဦး၊ အထူးသဖြင့် ပြစ်ဒဏ်စီရင်ရေးတွင် တာဝန်ရှိသည့်အဖွဲ့သားသည် ရှေ့ထွက်လာသည်။
သို့သော် ထိုအချိန်တွင် ကျန်းချွမ်မှ ရှေ့ထွက်၍ လက်ယှက်အရိုအသေပြု၏။
“မွေးစားအဖေ သူ့ရဲ့ နောက်ဆုံးခရီးကို ကျွန်တော် ပို့ဆောင်ပေးပါရစေ”
ဖန်းရှစ်ကျုံးသည် အနည်းငယ် မျက်မှောင်ကြုတ်သွား၏။
“သားငယ်၂ မလိုအပ်ဘူး”
“ဒါပေမဲ့ မွေးစားအဖေ ကျေးဇူးပြုပြီး ကျွန်တော့်ကို လုပ်ဆောင်ခွင့်ပေးပါ”
ထိုအခါ ဖန်းရှစ်ကျုံးမှ သက်ပြင်းချလိုက်ပြီး ပြောသည်။
“ဒါဆိုလည်း ကောင်းပြီ။ သားငယ်၂ မင်းလုပ်လိုက်ပါ”
ထိုအခါ ကျန်းချွမ်သည် ကြမ်းပြင်တွင် ဒူးထောက်ထားသည့် ကျောင်းရွှမ်ကိုကြည့်လိုက်ပြီး ပြောသည်။
“ကျောင်းရွှမ် ဒီယောက်ဖဖြစ်သူက မင်းရဲ့နောက်ဆုံးခရီးကို ပို့ဆောင်ပေးပါမယ်”
ကျောင်းရွှမ်၏ ခန္ဓာကိုယ်သည် အပြုံးနှင့်အတူ မတတ်သာစွာ တုန်ရီသွား၏။
“ကောင်းပါပြီ”
ထို့နောက် ကျန်းချွမ်သည် ပြစ်ဒဏ်စီရင်မည့် ဓားကို ကိုင်ဆောင်ကာ အဖွဲ့သားများသည် ရှေ့တိုး၍ ကျောင်းရွှမ်၏ အပေါ်ပိုင်းအဝတ်များကို ဆုတ်ဖြဲလိုက်ခြင်းဖြင့် သူ၏တောင့်တင်းသန်မာသော ခန္ဒာကိုယ်ကို လှစ်ဟစေသည်။
ထို့နောက် ကျန်းချွမ်သည် ဓားကိုကိုင်ဆောင်လျက် အစာအိမ်သို့ ဦးတည်လိုက်ပြီးနောက် မာကြောလှသည့် စိတ်နှလုံးဖြင့် တည့်တည့် ထိုးသွင်းလိုက်တော့သည်။
“အား~”
ကျောင်းရွှမ်၏မျက်နှာမှာ ချက်ချင်း နီရဲသွား၏။ တစ်ကိုယ်လုံး တုန်ယင်နေလျက် မျက်လုံးများ ပြူးကျယ်ကာ နာကျင်မှုကြောင့် သူ၏နောက်အံသွားများ ကြေမွပျက်စီးလုနီးနီးပင်။
ဝှစ်!
ဓားသည် သူ၏နောက်ကျောပြင်အထိ ထိုးဖောက်သွားပြီး ဓားတစ်ချက် အပေါက်နှစ်ပေါက် ဖြစ်စေသည်။
ဘေးဘက်ရှိ အဖွဲ့သားမှ ပြောသည်။
“ဓားတစ်ချက်က အူတွေကို အဆိပ်ခတ်ပြီး အပြစ်ကြွေးတွေကို ပြန်ဆပ်နေပါပြီ”
“အား အား…”
ကျောင်းရွှမ်၏အော်သံမှာ သူ၏လည်ချောင်း၌ တစ်ဆို့နေသည်။ သူ၏ခန္ဓာကိုယ်အောက်ပိုင်းကို သွေးများ ရုတ်ချည်း ရွှဲစိုသွားခဲ့ပြီး ဆက်လက်၍ ဒူးထောက်မထားနိုင်တော့ပေ။ သို့ဖြင့် အဖွဲ့သားငယ်တစ်ဦးမှ သူ့ကို ထိန်းကိုင်ပေးလိုက်ရသည်။
လဲကျဖို့ လုံလုံလောက်လောက် ခံစားခဲ့ပြီးလို့လား။
ထိုအခါ ကျန်းချွမ်သည် ဒုတိယမြောက်ဓားကို ယူလိုက်သည်။ ယခုတွင် သူ၏လက်များသည်လည်း သွေးများ စွန်းပေနေခဲ့လေပြီ။
ကျန်းချွမ်သည် မျက်လုံးများမှေးကျုံ့လိုက်ပြီး ပြောသည်။
“ဒုတိယမြောက်ဓား!”
သူသည် ကျောင်းရွှမ်၏ရင်ဘတ်ကို တိုက်ရိုက်ဦးတည်လိုက်သည်။ ကျောင်းရွှမ်သည် လုံးဝ အဆုံးသတ်ပြီဟု ခံစားလိုက်ရ၏။ သူ၏အသက်စွမ်းအင်သည် မှိန်ဖျော့အားနည်းလာခဲ့ကာ ဦးခေါင်းသည် ကျန်းချွမ်၏ပခုံးထက်သို့ မှီကျသွားခဲ့သည်။
“ညီနောင် ယောက်ဖ. မင်းမမေ့လိုက်နဲ့ မင်းငါ့ကို ကတိပေးထားတာကို မမေ့လိုက်နဲ့…”
“ငါ့အစ်မကို မင်းကိုအပ်ခဲ့ပြီ”
“ယောက်ဖ သူက ကျန်းမိသားစုရဲ့ အမွေဆက်ခံသူ…”
“မစိုးရိမ်ပါနဲ့ ယောက်ဖလေး၊ ငါပေးထားတဲ့ကတိကို တည်မှာပါ”
ကျန်းချွမ်မှ ပြောသည်။
ထိုအခါ ကျောင်းရွှမ်သည် ခပ်ဟဟ ရယ်မောလိုက်သည်။
“ဟားဟား ငါ့အစ်မက တကယ့်ကိုမလွယ်ကူရှာခဲ့ပါဘူး။ မင်းသူ့ကို ကောင်းကောင်းဂရုစိုက်ပေးပါ…”
“အင်း”
လျင်မြန်သည့်ဓားချက်နှင့်အတူ ဓားသည် သူ၏နောက်ကျောရိုးသို့ ထိုးဖောက်သွားခဲ့သည်။