နောက်ဆုံးရ သတင်းအချက်အလက်နှင့် ဓား၃ချက် အပေါက်၆ပေါက် ပြစ်ဒဏ်_၅
Vol. 13 Ch. 174
ထိုအခိုက်အတန့်၌ ကျောင်းရွှမ်သည် သူ၏ နောက်ဆုံးသော အသက်တစ်ချက်ကို ရှူသွင်းနေခဲ့သည်။ သူ၏ စိတ်အစဉ်မှာ မျက်လုံးရှေ့တွင် ပြဇာတ်တစ်ပုဒ် ဖြတ်သန်းသွားသည့်အလားပင်။
သူငယ်ရွယ်စဉ်က သူ၏မိသားစုသည် အလွန်တရာ ဆင်းရဲခဲ့သည်။ ဖခင်ဖြစ်သူသည် စောစီးစွာ သေဆုံးသွားခဲ့ပြီး မိခင်သည် နောက်အိမ်ထောင်ပြုခဲ့သည်။ သူ၏ ပထွေးသည် သူနှင့် အစ်မဖြစ်သူကို ရိုက်နှက်၍ ဆူပူကြိမ်းမောင်းတတ်သည်။
ထိုအချိန်က သူသည် သူရဲဘောကြောင်သူတစ်ယောက်ဖြစ်ခဲ့သည်။ ပထွေးဖြစ်သူထံမှ အရိုက်ခံရတိုင်းတွင် အစ်မဖြစ်သူသည် သူ၏ရှေ့မှ ရပ်တည်ကာကွယ်ပေးခဲ့ရသည်။
သို့သော် သူ၏အစ်မသည်လည်း ပထွေးအား ပြန်ရိုက်နှက်နိုင်သည် မဟုတ်ပေ။ သူမသည်လည်း ရိုက်နှက်ခံရကာ တစ်ခါတလေတွင် အငတ်ထားခံခဲ့ရသည်။ တစ်ကြိမ်က သူနှင့် အစ်မတို့ ရိုက်နှက်ခံရပြီးနောက်၌ အစာရေစာမရှိသည့် အမှောင်ခန်းထဲတွင် နှစ်ရက်တိတိ ပိတ်ထားခံခဲ့ရသည်ကို သူမှတ်မိနေသေးသည်။
ထိုအချိန်က အစ်မဖြစ်သူတွင် ပန်ကိတ်တစ်ခုသာ ရှိခဲ့ပြီး သူ့ကို ကျွေးခဲ့သည်။
သူမ,ကိုယ်တိုင်သည်တော့ အကြေစလေးများကိုသာ စားခဲ့သည်။
နောက်ပိုင်းတွင် ကံကြမ္မာအလှည့်အပြောင်းအဖြစ် သူ၏အစ်မသည် ကျန်းချွမ်နှင့် လက်ထပ်ခဲ့ပြီး ယခုကဲ့သို့ နေ့ရက်ကောင်းများဆီသို့ ဦးတည်နိုင်ခဲ့သည်။
သူ ဦးစီးမှူးဖြစ်ချင်ရသည့် အကြောင်းရင်းမှာ တကယ်တော့ အစ်မဖြစ်သူကို ကူညီရန်အတွက် ဖြစ်ခဲ့သည်။ ကျန်းချွမ်၏ ကြင်ယာတော်တစ်ဦးဖြစ်သော သူ၏အစ်မသည် မည်မျှချစ်မြတ်နိုးခံရသည်ဖြစ်စေ ကြင်ယာတော်သာ ဖြစ်၏။
သူမ၏ နောက်ခံမိသားစုသည် အင်အားမရှိသောကြောင့် သူမသည် ကျန်းမိသားစုတွင် အမြဲလိုလို အထိခိုက်ခံနေရသည်။
သူ ဦးစီးမှူးရာထူးကို ရယူချင်သည်။ သူ ဦးစီးမှူးတစ်ယောက် ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ရှန်းထောင်မြို့ ငါးဖမ်းကုန်သည်အဖွဲ့သည် သူ၏အင်အား ဖြစ်လာလိမ့်မည်။ ဆိုလိုသည်မှာ အစ်မဖြစ်သူ၏ အင်အားဖြစ်လာနိုင်ပြီး အစ်မဖြစ်သူလည်း ခက်ခဲသည့်နေ့ရက်များကို ဖြတ်သန်းနေရတော့မည် မဟုတ်ပေ။
ယောက်ဖဖြစ်သူသည် သူမအပေါ် ပို၍ကောင်းမွန်စွာ ဆက်ဆံလောက်၏။
ယောက်ဖ၏ ပထမဇနီးဖြစ်သူပင်လျှင် သူမကို အဆင်အခြင်မဲ့ အနိုင်ကျင့်ရဲတော့မည် မဟုတ်ပေ။
သို့သော် သူ ကျရှုံးသွားခဲ့သည်။ မိမိကိုယ်ကိုယ် အမှားလုပ်ခဲ့သည်ဟုတော့ တစ်ကြိမ်တစ်ခါသော်မျှ သူ မခံစားရပါချေ။
သူ ဘာမှားခဲ့လို့လဲ။
သူက ကျရှုံးသွားခဲ့ရုံပဲ၊ အဲဒါအကုန်ပဲ။ ဝူကျုံးကို သတ်ဖို့ကြံစည်တာ မှားသွားလို့လား။
လုံးဝပဲ။
သူသည် ထိုလုပ်ရပ်ကို မှားယွင်းသည်ဟု မတွေးပါချေ။ လုပ်ဆောင်ရန် ကျရှုံးခဲ့ရုံသာ ဖြစ်သည်။ အကယ်၍များ အောင်မြင်ခဲ့လျှင် သူသည် အစ်မဖြစ်သူ၏ ခိုင်မာတောင့်တင်းသည့် ကျောက်သားနံရံ၊ ကျောင်းတော်အပြင်ဘက်ရှိ အစောင့်အရှောက်တစ်ဦးကဲ့သို့ ဖြစ်ပေးနိုင်လိမ့်မည်။
သို့သော် ကျရှုံးသွားခဲ့သောကြောင့် ဤသို့ရလဒ်နှင့် ရင်ဆိုင်ရလေသည်။
သူ့တွင် နောင်တမရှိပါချေ။
လိမ်လည်လှည့်ဖြားမှုများ၊ အာဏာလုယက်ခြင်းများ ပြည့်နှက်နေသော ဤလောက၌ လူတို့သည် အောင်မြင်မှုအတွက် ကိုယ်ကျင့်တရားအပါအဝင် အရာအားလုံးကို စွန့်ပစ်နိုင်၏။
ဤသည်မှာ ဤလောကကြီး လည်ပတ်သည့်ပုံစံ ဖြစ်သည်။ အခြားသူများကို ဝါးမြိုပစ်ဖို့ မကြိုးစားပါက လောကကြီးက သင့်ကို ဝါးမြိုပစ်ဖို့ ကြိုးစားလာလိမ့်မည်။
တကယ်တမ်းတွင် သူသည် ချန်ကျိုစစ်ကို အဲဒီလောက်လည်း မမုန်းတီးတော့ပါချေ။
ချန်ကျိုစစ်သည် သူ့အစီအစဉ်များကို ဖျက်ဆီးပစ်ခဲ့သည်။
သို့ကြောင့် သူ ကျရှုံးသွားရသော်ငြား အခြားတိုးတက်မှုတစ်မျိုးကို ဖြစ်မြောက်စေခဲ့ရာ လက်ခံနိုင်ပေသည်။ နိုင်ရာစားလောကဟူသည် ဤသို့ပင် ဖြစ်၏။
ဟူး… အရမ်းပင်ပန်းနေပြီ။
ဒါပေမဲ့လည်း ထိုက်တန်ပါတယ်လေ။
သူသည် ကနဦးက ငါးဖမ်းကုန်သည်အဖွဲ့၏ တစ်လစာပိုက်ဆံများဖြင့် အစ်မဖြစ်သူကို သွားတွေ့ခဲ့သည်။ သူမအတွက် ငွေကြေးအချို့ ချန်ထားရစ်ခဲ့ပြီးနောက် အဝေးသို့ ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာတော့ရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် အစ်မဖြစ်သူသည် သူ့အတွက် နည်းလမ်းရှာပေးမည်၊ သူမ၏ခင်ပွန်းကို တောင်းဆိုပေးမည်ဟု ပြောခဲ့သည်။
သမားတော်ပိုင်၏ သားမက်ဖြစ်သူ ဝူကျုံးကို သတ်ဖြတ်ရန် ကြံစည်ခဲ့ချိန်ကတည်းက ရလဒ်ကို သူသိထားခဲ့ပြီး ဖြစ်ခဲ့သည်။
သမားတော်ပိုင်၏ အဆက်အသွယ်များအရ ဤကိစ္စသည် ထိုမျှရိုးရိုးရှင်းရှင်းနှင့် ပြီးဆုံးသွားလိမ့်မည် မဟုတ်ပေ။
သူ ထိုအရာအားလုံးကို သေချာစဉ်းစားပြီးနောက် မနေ့ကတည်းက ထွက်သွားသင့်ခဲ့သည်။
သို့သော် မနေ့က ကျန်းချွမ်သည် သူ့ကို ဆက်လက်၍ ကာကွယ်မပေးနိုင်တော့ကြောင်း လူလွှတ်ပြောခဲ့သည်။ သူ ထွက်ပြေးနိုင်ပါသော်ငြား ငါးဖမ်းကုန်သည်အဖွဲ့သည် မကြာမီ သူ့ကို ဖမ်းမိသွားလိမ့်မည်ပင်။ သို့ဖြစ်ပါက အချည်းနှီး သေဆုံးရခြင်း ဖြစ်သွားပေလိမ့်မည်။
ထိုအစား အဖမ်းခံလိုက်ပြီး ကျန်းချွမ်၏ စတေးခံ ဖြစ်ပေးလိုက်ခြင်းမှာ ပိုကောင်းလိမ့်မည်။
ထိုနည်းလမ်းဖြင့် ကျန်းချွမ်သည် သံသယဝင်ခံရခြင်းမှ လွတ်မြောက်နိုင်ပြီး သူ့ကိုလည်း လက်ကမ်းလာပေးလိမ့်မည်။။
သို့ဖြင့် သူသည် အချည်းနှီး သေဆုံးမသွားရဘဲ ကျန်းချွမ်သည် သူ၏အစ်မကို သေချာဂရုစိုက်ပေးမည်ဖြစ်ကြောင်းနှင့် အစ်မဖြစ်သူ၏ ကလေး၊ သူ၏တူဖြစ်သူကို အနာဂတ်တွင် မိသားစု၏အမွေဆက်ခံသူ ဖြစ်စေရမည်ဟူ၍ ကတိပြုခဲ့သည်။
သူ၏အစ်မဖြစ်သူ၏ အကြီးမားဆုံးအိပ်မက်သည် သူမ၏သားလေးကို ကောင်းမွန်သည့်ဘဝလေး ပိုင်ဆိုင်နိုင်စေရန် ဖြစ်သည်။
အစ်မဖြစ်သူ၏ အိပ်မက်သည် သူ၏အိပ်မက်ဖြစ်၏။ သူ သဘောတူပါသည်။
သွေးများ ရွှဲစိုဖုံးလွှမ်းနေသည့် ကျောင်းရွှမ်သည် အသိစိတ်များ ဝေဝါးနေခဲ့လေပြီ။ သူသည် မည်မျှ အချိန်ကြာကြာ ရှင်သန်နိုင်တော့မည် မဟုတ်ပေ။
ထိုစဉ် ပြစ်ဒဏ်စီရင်သူမှ ဆက်ပြောသည်။
“အဆုတ်ကိုထိုးသွင်းတဲ့ ဓားတစ်ချက်က အတိတ်ဘဝကို ဖြတ်တောက်တယ်!”
ထိုအချိန်တွင် ကျန်းချွမ်သည်လည်း ကျောင်းရွှမ်မှာ အချိန်ကြာကြာ တောင့်မခံနိုင်တော့ကြောင်း သိလိုက်သည်။
ဓားကို ကိုင်ထားလျက်ဖြင့် ကျန်းချွမ် သက်ပြင်းချလိုက်သည်။
“ယောက်ဖ ငါ မင်းရဲ့နောက်ဆုံးခရီးကို ပို့ဆောင်ပါတယ်”
တစ်ချက်တွန်းလိုက်သည်တွင် ဓားသည် ကျောင်းရွှမ်၏နှလုံးကို ထိုးဖောက်သွားခဲ့သည်။ သွေးတစ်ပွက် ပန်းထွက်သွားခြင်းနှင့်အတူ သူ၏နှလုံးသည် ဆုတ်ပြဲသွား၏။ ထိုအချိန်တွင် အလင်းတစ်စ သူ့ထံ ကျရောက်လာသည့်အလား ကျောင်းရွှမ်၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
ထို့နောက် လေလျော့သွားသည့် ဘောလုံးတစ်လုံးကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး ပြိုလဲကျသွားခဲ့သည်။ ဓားသည် သူ၏လက်ပြင်ရိုး၌ ထိုးထွက်နေလေသည်။
ထိုမြင်ကွင်းကို မျက်မြင်တွေ့လိုက်ရသည်တွင် နေရာရှိလူအားလုံးမှာ တိတ်ဆိတ်သွားကြ၏။
ကျောင်းရွှမ်သည် သွေးအိုင်ထဲတွင် လဲလျောင်းနေလျက် နှလုံးခုန်သံ ရပ်တန့်သွားခဲ့ပြီး အသက်ရှူနှုန်းလည်း ရပ်တန့်သွားခဲ့ကာ သူ၏ဤဘဝသည် အဆုံးသတ်သို့ ရောက်ရှိခဲ့လေသည်။
“နှလုံးကိုထိုးသွင်းတဲ့ တတိယမြောက်ဓားချက်မှာ အပြစ်အားလုံး သန့်စင်ရှင်းလင်းသွားခဲ့ပါပြီ။ သေခြင်းရှင်ခြင်းကတော့ ကံတရားအပေါ် မူတည်ပါတယ်!”
နေရာရှိလူအပေါင်းတို့မှာ သွေးအိုင်ထဲ လဲနေသည့် ကျောင်းရွှမ်ကိုကြည့်လျက် လုံးဝ တိတ်ဆိတ်နေကြသည်။
ငါးဖမ်းကုန်သည်အဖွဲ့၏ စည်းမျဉ်းအရ ပြစ်ဒဏ်သည် ဤမျှပြင်းထန်ပေသည်။ မည်သူမျှ မလွတ်မြောက်နိုင်ပေ။
ကျန်းချွမ်သည် ကြမ်းပြင်ထက် လဲကျနေသည့် ကျောင်းရွှမ်ကို ကြည့်လျက် ပခုံးကို ခပ်ဖွဖွပုတ်လိုက်ပြီးနောက် တိတ်ဆိတ်စွာပဲ မတ်တပ်ပြန်ရပ်လိုက်သည်။
လူအားလုံးသည် တိတ်ဆိတ်နေကြ၏။ အားလုံးမှာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဝမ်းနည်းမှုတစ်မျိုးကို ခံစားနေကြရသည်။
ဓားသုံးချက် အပေါက်၆ပေါက်ပြစ်ဒဏ်ကို စီရင်ရာတွင် အဘယ်ကြောင့် ပူဇော်ခန်းမကို ပြင်ဆင်ရသနည်း။
အပြစ်သားကို ပြစ်ဒဏ်စီရင်ခြင်းအပြင် အရေးအကြီးဆုံးသော ကဏ္ဍမှာ အနာဂတ်မျိုးဆက်သစ်များကို သတိပေးရန်အတွက် ဖြစ်သည်။
ငါးဖမ်းကုန်သည်အဖွဲ့၏ စည်းမျဉ်းဥပဒေကို ဖောက်ဖျက်ကျူးလွန်ခြင်း၏ နောက်ဆက်တွဲအကျိုးဆက်များကို မြင်တွေ့စေရန် ဖြစ်သည်။
ငါးဖမ်းကုန်သည်အဖွဲ့၏ မျိုးဆက်သစ်လူငယ်အဖွဲ့သားလေးများအား တင်းကျပ်သည့် စည်းမျဉ်းများသည် ပေါ့ပေါ့တန်တန် သဘောထားရန် မဟုတ်၊ ငါးဖမ်းကုန်သည်အဖွဲ့ကို ဝင်ရောက်လိုက်ရုံနှင့် လုံခြုံပြီဟု မတွေးလေနှင့်ဟု သတိပေးလိုက်ခြင်း ဖြစ်သည်။
အခွင့်အရေးကို ရယူခံစားနေသူသည် ၎င်းနှင့်သက်ဆိုင်သည့် တာဝန်များနှင့် စွန့်စားမှုများကို ရင်ဆိုင်ရမည်ဖြစ်၏။
ပြစ်ဒဏ်စီရင်သူသည် ရှေ့တိုး၍ ကျောင်းရွှမ်၏ မျက်လုံးများ အရောင်ကင်းမဲ့မှုနှင့် သွေးခုန်နှုန်းတို့ကို စမ်းသပ်ကြည့်ရှုသည်။ ထို့နောက် ဖန်းရှစ်ကျုံးသို့ ကြည့်၍ ပြောသည်။
“ခန်းမအရှင်သခင် သူ သေသွားပါပြီ”
ဖန်းရှစ်ကျုံးမှ ပြောသည်။
“အင်း သူ့ရဲ့အပြစ်တွေကို ဆေးကြောသန့်စင်ခဲ့ပြီးပြီ။ မိသားစုက သူ့ကို ဆန္ဒရှိသလို မြှုပ်နှံနိုင်ပါတယ်!”
ကျန်းချွမ်မှ လက်ဝှေ့ရမ်းလိုက်ရာ လူတစ်ယောက်မှ ကျောင်းရွှမ်၏အလောင်းကို သိမ်းဆည်းယူဆောင်သွားခဲ့သည်။
ထိုစဉ် ဖုန်းရွှမ်မှ ကျန်းချွမ်ကိုကြည့်လျက် ပြောသည်။
“ညီငယ်၂ မင်းက အရမ်း အကြင်နာကင်းမဲ့တာပဲ။ ကိုယ့်ရဲ့ယောက်ဖကိုတောင် ဒီလိုလုပ်နိုင်တယ်ပေါ့လေ”
ကျန်းချွမ်မှ အေးစက်စွာ ပြန်ပြောသည်။
“ကုန်သည်အဖွဲ့ရဲ့ စည်းမျဉ်းတွေက ညှာတာမှုကင်းမဲ့ပါတယ်။ စည်းမျဉ်းကို ဖောက်ဖျက်တဲ့ ဘယ်သူမဆို သူတို့နဲ့ သင့်တော်တဲ့ပြစ်ဒဏ်ကို ခံယူရမှာပါပဲ”
ဖုန်းရွှမ်မှ ပြောသည်။
“ညီငယ်၂ မင်းက အဲဒါကြောင့် ကိစ္စကြီးတွေကို အောင်မြင်နိုင်နေတာပဲ။ မင်းမှာ သံမဏိလို နှလုံးသားမျိုးရှိနေတာ ဒီအစ်ကိုကြီးက မယှဉ်နိုင်ပါဘူးလေ”
ထိုအခါ ကျန်းချွမ်သည် အချိန်တစ်ခုအထိ တိတ်ဆိတ်သွားခဲ့ပြီး ဖုန်းရွှမ်ကို အရေးမလုပ်တော့ပေ။
ဖုန်းရွှမ်လည်း စကားမဆိုတော့ချေ။
ထိုအချိန်၌ ဖန်းရှစ်ကျုံးသည် နေရာရှိ ငါးဖမ်းကုန်သည်အဖွဲ့သားအားလုံးကို ကြည့်လိုက်ပြီး ပြောသည်။
“အဖွဲ့သားတို့၊ ကုန်သည်အဖွဲ့ရဲ့ စည်းမျဉ်းတွေဆိုတာ သံမဏိလိုပဲ ငြင်းပယ်လို့ မရနိုင်တာကြောင့် စည်းမျဉ်းဖောက်ဖျက်ပြီး ပြစ်မှု မကျူးလွန်ကြပါနဲ့။ ဒီနေ့ ကျောင်းရွှမ်ရဲ့အဖြစ်က အကောင်းဆုံး ဥပမာပါပဲ။ ကျေးဇူးပြုပြီး ကုန်သည်အဖွဲ့ရဲ့ စည်းမျဉ်းတွေကို ဂရုတစိုက် စောင့်ထိန်းကြပါ၊ ကိုယ့်ကိုယ်ကိုယ် လမ်းမှားမရောက်ပါစေနဲ့!”
ထိုစကားတွင် အားလုံးသည် တိတ်ဆိတ်နေကြ၏။
ဤသည်မှာ ငါးဖမ်းကုန်သည်အဖွဲ့ဟူသည် အမှန်စင်စစ်တွင် အဘယ်သို့ဖြစ်ကြောင်းကို အားလုံး နားလည်လိုက်ရသည့် အခိုက်အတန့်လည်း ဖြစ်ပေသည်။