← Chapters

နောက်ဆုံးရ သတင်းအချက်အလက်နှင့် ဓား၃ချက် အပေါက်၆ပေါက် ပြစ်ဒဏ်_၆

Vol. 13 Ch. 175

နောက်ဆုံးရ သတင်းအချက်အလက်နှင့် ဓား၃ချက် အပေါက်၆ပေါက် ပြစ်ဒဏ်_၆

Vol. 13 Ch. 175

ငါးဖမ်းကုန်သည်အဖွဲ့သည် ကလေးကစားစရာ မဟုတ်၊ အခွန်ငွေကောက်ခံခြင်းမျှသာ မဟုတ်ဘဲ ကုန်သည်အဖွဲ့၏ စည်းမျဉ်းများကို သေချာ လိုက်နာရမည်– လူရမ်းကားများ သောင်းပြောင်းစုပေါင်းထားသည့် အဖွဲ့တစ်ခုမဟုတ်ဘဲ စနစ်တကျဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

…

ချန်ကျဲ့ တိတ်ဆိတ်နေခဲ့၏။

ချန်ကျဲ့သည် အရင်က လူသတ်ဖူးပါ၏။ ထို့ပြင် တစ်ယောက်တည်း သတ်ဖူးသည်လည်း မဟုတ်ပေ– မာလျို့၊ ယွီပင်း၊ ယွီစန်းလျို့– ထိုလူအားလုံးကို သူ၏လက်ဖြင့် ကိုယ်တိုင်သတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုသို့လူသတ်ခြင်းသည် ကုန်သည်အဖွဲ့၏စည်းမျဉ်းဖြင့် ပြစ်ဒဏ်စီရင်ခံရခြင်းနှင့် ကွာခြားပေသည်။

ဓားသုံးချက် အပေါက်၆ပေါက်ပြစ်ဒဏ်သည် အသက်တစ်ချောင်းကို အရေးမထားခြင်း၊ ရှင်းပြ၍မရနိုင်လောက်အောင် နားလည်ရန်ခက်ခဲသည့် ကြောက်ရွံ့မှုတစ်မျိုးနှင့် သေခြင်းရှင်ခြင်းအား တိုက်ရိုက်ထိန်းချုပ်ခံရသည့် ခံစားချက်တို့ကို ဖော်ပြနေခဲ့သည်။

ချန်ကျဲ့သည် မိမိမှာ သင်ယူရမည့်အရာများ အများကြီးရှိနေသေးကြောင်း ခံစားလိုက်ရသည်။

ချန်ကျဲ့သည် လက်ရှိအဖြစ်အပျက်အကြောင်း စဉ်းစားတွေးတောနေစဉ် သူ၏ပခုံးကို တစ်‌ယောက်ယောက်မှ လာပုတ်သည်ကို ခံစားလိုက်ရ၏။ လှည့်ကြည့်လိုက်ရာ ဖုန်းရွှမ်ကို မြင်တွေ့လိုက်ရသည်။

ဖုန်းရွှမ်သည် အပြုံးဖြင့် စကားဆိုသည်။

“ညီငယ်ကျိုစစ်”

“ကြီးကြပ်ရေးမှုးဖုန်း”

ဖုန်းရွှမ်မှ ပြောသည်။

“ဘာကို ကြီးကြပ်ရေးမှူးလဲ။ အခုကစပြီး ငါတို့အားလုံးက မွေးစားအဖေရဲ့ သားတွေပဲလေ။ ငါ့ကို အစ်ကိုကြီးလို့ပဲခေါ်ပါ”

“အစ်ကိုဖုန်း”

ချန်ကျဲ့ ဦးညွှတ်အရိုအသေပြုလိုက်သည်။ ဖုန်းရွှမ်မှ ပြောသည်။

“ကျိုစစ် သွားပြီး ပြင်ဆင်တော့။ ငါတို့ နောက်နာရီဝက်အတွင်း စီရင်စုမြို့ဆီ ထွက်ခွာတော့မှာ”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“အိုး ကျွန်တော် ပြင်ဆင်ထားပြီးပါပြီ”

ဖုန်းရွှမ်မှ ခေါင်းညိတ်လိုက်ပြီး မေးသည်။

“ဒီတစ်ခေါက် မင်းရဲ့မိသားစုကိုပါ တစ်ခါတည်း ခေါ်ခဲ့မှာလား”

ချန်ကျဲ့ ပြန်ပြောလိုက်သည်။

“ဟုတ်ပါတယ်။ ကျွန်တော်နဲ့အတူ ဇနီးသည်နဲ့ ခယ်မလေးတို့ အတူလိုက်ခဲ့မှာပါ”

“အို အဲဒါကောင်းတယ်။ ငါ မင်းနဲ့ မင်းရဲ့မိသားစုအတွက် မြင်းလှည်းပြင်ဆင်ထားပြီးပြီ။ မင်းတို့ ခရီးနှင်ဖို့အတွက် လုံးဝ ကွက်တိပဲ”

“မြင်းလှည်းလား”

ချန်ကျဲ့ အံ့ဩသွား၏။ ဤတောင်ပိုင်းဒေသသည် မြောက်ပိုင်းနှင့်မတူဘဲ မြင်း ရှားပါးသည်။ ချမ်းသာကြွယ်ဝသူများသာလျှင် မြင်းလှည်းစီးရန် တတ်နိုင်ကြသည်။

စီးနင်းနိုင်သည့် မြင်းသည် အလွန်ဈေးမြင့်၏။ ချန်ကျဲ့၏ လက်ရှိအဆင့်အတန်းနှင့် လက်လှမ်းမီနိုင်ရန် ဝေးကွာလွန်းလှပေသည်။

မြင်းကောင်းတစ်ကောင်ကို ကျွေးမွေးရသည့် တစ်နေ့စာ ကုန်ကျစရိတ်သည် ငွေစသုံးဆယ်ဝန်းကျင်ခန့် ရှိလေရာ မိသားစုဝင်ငါးဦးရှိသည့် မိသားစုတစ်စုအတွက် တစ်နေ့တာလုံး အားဖြည့်ရန် လုံလောက်သည်။

ထို့ကြောင့်ပင် မြင်းတစ်ကောင်သည် လူတစ်ယောက်ထက်ပို၍ အဖိုးတန်ရခြင်း ဖြစ်သည်။

မျန့်ရွှေစီရင်စု၌ လူနှစ်ယောက်ထမ်းရသည့် ဝေါယာဉ်များကို မကြာခဏ မြင်တွေ့ရတတ်သော်ငြား မြင်းလှည်းများကို မြင်တွေ့ရခဲ၏။

ခြုံငုံလိုက်သော် ဝေါယာဉ်ထမ်းရန် လူနှစ်ယောက်ငှားရမ်းရသည့် ကုန်ကျစရိတ်သည် မြင်းတစ်ကောင်ကို ထိန်းသိမ်းရခြင်းထက် ပို၍ အကုန်အကျ သက်သာပေသည်။

ထို့ကြောင့် မြို့ပေါ်တွင် လူအများစုသည် မြင်းထက် လူထမ်းဝေါယာဉ်များကို စီးလေ့ရှိကြသည်။ အမှန်စင်စစ် လူချမ်းသာများသာလျှင် မြင်းစီးခြင်း သို့မဟုတ် မြင်းလှည်းတို့ဖြင့် ခရီးသွားကြသည်။

ဖုန်းရွှမ်သည် ချန်ကျဲ့ကို အပြင်ခေါ်ထုတ်လာခဲ့သည်။ ထို့နောက်တွင် အပြာရောင်အပြင်အဆင်ဖြင့် ရထားလုံးတစ်စီးကို မြင်တွေ့လိုက်ရသည်။

ဤခေတ်အခါ၏ ရထားလုံးများသည် အဆင့်အတန်း ခွဲခြားထားရှိသည်ဖြစ်ရာ ဤရထားလုံးသည် ဈေးကြီးကြောင်း သိသာထင်ရှားပါ၏။

ဥပမာဆိုရသော် အဆင့်နိမ့်ရထားလုံးများသည် အမိုးအကာမရှိပေ။ လယ်သမားများမှ ကုန်ပစ္စည်းများ၊ မြေဩဇာများ သယ်ယူပို့ဆောင်သည့် တွန်းလှည်းများနှင့် ဆင်တူပေသည်။

ထို့ပြင် များသောအားဖြင့် ၎င်းရထားလုံးများတွင် မြင်းကို အသုံးပြုခြင်းထက် ကျွဲ၊နွားများ သို့မဟုတ် မြည်းများဖြင့် ဆွဲကြသည်။

အကြမ်းထည်ဆန်သော်ငြား ဤခေတ်ကာလ၌ ထိုသို့ရထားလုံးများကို စီးနင်းနိုင်သူများကို အတော်အသင့် လေးစားမှုထားရှိကြပြီး ကြွယ်ဝချမ်းသာသည်ဟု သတ်မှတ်ကြပေသည်။

၎င်း၏ နောက်အဆင့်မှာ အမိုးအကာတစ်ခုတည်း ပါရှိသည့် ရထားလုံးပုံစံဖြစ်ပြီး များသောအားဖြင့် တော်သင့်ရုံအဆင့်အတန်းရှိသော မြေရှင်ကြီးများမှ ပိုင်ဆိုင်တတ်ကြသည်။

ထို့နောက် ၎င်း၏ရှေ့အဆင့်တွင် တစ်မျိုးရှိသေး၏။ သပ်ရပ်ကြော့ရှင်းသည့် အတွင်းပိုင်းအပြင်အဆင်ဖြင့် ပိုးထည်စတို့ဖြင့် ဆင်ယင်အပ်သော၊ စီရင်စုမှ ချမ်းသာကြွယ်ဝပြီး အမည်ကျော်ကြားသူများသာ ပိုင်ဆိုင်နိုင်သည့် ရထားလုံးမျိုးအစား ဖြစ်သည်။

သေချာပေါက်ပင် ၎င်းထက် ပို၍ ခမ်းနားထည်ဝါသည့် ရထားလုံးများလည်း ရှိသေးပါ၏။ သို့သော် ၎င်းတို့မှာ ယခင်အချိန်၌ ချန်ကျဲ့အဖို့ လက်လှမ်းမမီနိုင်သေးပေ။

ယခုတွင် အပြင်ဘက်၌ လိုအပ်သည့်အသုံးအဆောင် အားလုံးရှိသော မြင်းရထားလုံးတစ်စီးသည် သူ့ကို စောင့်နေခဲ့သည်။ အတိအကျဆိုရသော် ၎င်းကို ဆွဲနေသည်မှာ မြင်းအိုတစ်ကောင်ဖြစ်သည်။ သို့သော် အနည်းဆုံးတော့ မြည်းတစ်ကောင် မဟုတ်ဘဲ မြင်းတစ်ကောင်ဖြစ်သောကြောင့် အဆင့်အတန်းတစ်ခုကို ပြသနေပေသည်။

ထိုစဉ် ဖုန်းရွှမ်မှ ခေါ်သည်။

“စစ်ရှီး”

ဖုန်းရွှမ်၏အော်ခေါ်သံတွင် ငါးဖမ်းကုန်သည်အဖွဲ့မှ ဉာဏ်ထက်မြက်ပုံရသည့် လူငယ်တစ်ဦး ရောက်လာ၏။

“သခင်ကြီး”

ဖုန်းရွှမ်မှ ပြောသည်။

“ဒါက ခန်းမအရှင်သခင် ဒီတစ်ခေါက် ခေါ်သွားဖို့ ရည်ရွယ်ထားတဲ့ ညီငယ်၅ပဲ။ မင်းသူ့ကို သခင်၅လို့ ခေါ်နိုင်တယ်”

“သခင်၅”

စစ်ရှီးမှ ‌ရိုသေလေးစားစွာဖြင့် နှုတ်ဆက်သည်။ ချန်ကျဲ့သည် ပထမဆုံးအကြိမ်အဖြစ် ‘’သခင်’ဟု ခေါ်ဆိုခံရခြင်းကို အနည်းငယ် အနေရခက်သွားရသည်။

ဖုန်းရွှမ်မှ ပြောသည်။

“မင်း‌ နောက်တော့ ကျင့်သားရသွားမှာပါ။ ငါတို့က မွေးစားအဖေရဲ့ မွေးစားသားတွေဖြစ်သွားတဲ့နောက် ငါတို့ရဲ့အဆင့်အတန်းကလည်း မြင့်သွားတော့ အလိုအလျောက်ပဲ ဂုဏ်ပု‌ဒ်အခေါ်အဝေါ်တွေ ကပ်ပါလာတာပေါ့လေ။ မင်းလည်း အချိန်တိုအတွင်း ကျင့်သားရနိုင်အောင် ကြိုးစားလိုက်ပါ”

“ဟုတ်ကဲ့ပါ အစ်ကိုကြီး!”

ထိုအခါ ဖုန်းရွှမ်သည် ချန်ကျဲ့၏ပခုံးကိုပုတ်လိုက်ပြီး ပြောသည်။

“ယဉ်ကျေးနေဖို့ မလိုပါဘူး။ ငါတို့က ညီအစ်ကိုတွေပဲလေ။ အနာဂတ်မှာ စည်းစည်းလုံးလုံး နေကြတာပေါ့”

သူတို့စကားပြောနေစဉ် ဖန်းရှစ်ကျုံးရောက်လာခဲ့၍ အားလုံးမှ အရိုအသေပေးလိုက်ကြသည်။

ဖန်းရှစ်ကျုံးသည် ချန်ကျဲ့ကိုကြည့်၍ ပြောသည်။

“ကျိုစစ် မင်းအိမ်မှာ အားလုံး အဆင်သင့်ပြင်ဆင်ပြီးပြီလား”

“ပြင်ဆင်ပြီးပါပြီ”

“ကောင်းတယ် အဲဒါဆို ကောင်းတယ်။ ဖုန်းရွှမ်၊ မင်း ကျိုစစ်ကို သေချာလေး ဂရုစိုက်ပေးလိုက်ပါ”

“ဟုတ်ကဲ့ပါ မွေးစားအဖေ၊ ကျွန်တော်နားလည်ပါပြီ”

ဖုန်းရွှမ်မှ ပြန်ပြောသည်။ ဖန်းရှစ်ကျုံး၏နောက်မှ လိုက်လာသော ကျန်းချွမ်သည် မျက်နှာအမူအရာကင်းမဲ့နေသည်။ ချန်ကျဲ့ဘေးနားသို့ ရောက်သောအခါ ခဏမျှ ရပ်တန့်လိုက်၏။

ချန်ကျဲ့ ဇဝေဇဝါဖြစ်သွားရပြီး ကျန်းချွမ်သည်တော့ သူ့ကို စိုက်ကြည့်နေသည်။

ထို့နောက် ဘာမျှစကားမဆိုဘဲ ခေါင်းပြန်လှည့်သွားပြီး ဖန်းရှစ်ကျုံးနောက်သို့ ဆက်လိုက်သွားလေသည်။

သို့သော် ဤသို့ရပ်ကြည့်ခြင်းသည် ချန်ကျဲ့အပေါ် သိသာထင်ရှားသည့် ဖိအားတစ်မျိုး ထုတ်လွှတ်နေလျက် ဘောထားတစ်မျိုးကို ဖော်ပြနေပေသည်။

ကျန်းချွမ် ထွက်သွားပြီးနောက် ဖုန်းရွှမ်မှ ပြောသည်။

“သူ့ကို ဂရုစိုက်မနေနဲ့။ သူက အထက်စီးဆန်တာကို ကျင့်သားရနေတာ။ မွေးစားအဖေက သူ့ကိုချစ်မြတ်နိုးတော့ ငါတို့လုပ်နိုင်တာ ဘာမှမရှိဘူး။ ဒါပေမဲ့ မင်း မစိုးရိမ်ပါနဲ့။ အနာဂတ်မှာ သူမင်းကို ပြဿနာရှာခဲ့ရင် ငါ့ကိုလာပြော၊ ငါမင်းအတွက် ရှေ့ကနေ ရပ်တည်ပေးမယ်”

ချန်ကျဲ့ လက်ယှက်အရိုအသေပြုလိုက်သည်။

“အစ်ကိုကြီးကို ကျေးဇူးတင်ပါတယ်”

ထိုအခါ ဖုန်းရွှမ်မှ ပြောသည်။

“ကောင်းပြီ စစ်ရှီး၊ အခုကစပြီးတော့ မင်းက ကျိုစစ်နောက်ကို လိုက်ရမယ်။ ရထားလုံးမောင်းနှင်ဖို့ကိုလည်း မင်းပဲ တာဝန်ယူလိုက်ပါ”

ထိုအခါ စစ်ရှီးမှ ပြောသည်။

“သခင်ကြီး စိတ်ချထားပါ။ သခင်၅နဲ့ မိသားစုတို့ မြို့ကို လုံခြုံဘေးကင်းစွာ ရောက်စေရမယ်လို့ ကျွန်တော် အာမခံပါတယ်”

“ကောင်းပြီ ကျိုစစ်၊ စစ်ရှီးက ဉာဏ်ကောင်းတယ်။ အခုတော့ သူ့ကို မင်းနောက်လိုက်ခိုင်းလိုက်ပါ။ မင်းဘာပဲလိုလို သူ့ကိုပြောလိုက်၊ မြို့ကိုရောက်တဲ့အခါ သူမင်းကို ထပ်ပြောပြလိမ့်မယ်”

ချန်ကျဲ့ ပြန်ပြောလိုက်သည်။

“ဂရုစိုက်ပေးလို့ အစ်ကိုကြီးကို ကျေးဇူးတင်ပါတယ်”

“မလိုပါဘူးကွာ”

ဖုန်းရွှမ်သည် လက်ဝှေ့ရမ်း၏။

“သွားတော့၊ ငါတို့ နောက်နာရီဝက်နေရင် ‌မြို့အဝင်ဝမှာ ဆုံကြမယ်”

“ဟုတ်ကဲ့ပါ”

ချန်ကျဲ့ ခေါင်းညိတ်လိုက်ပြီးနောက် စစ်ရှီးနောက်သို့ လိုက်သွား၏။ စစ်ရှီးမှ ပြောသည်။

“သခင်၅ ကျေးဇူးပြုပြီး ရထားလုံးပေါ်တက်ပါခင်ဗျ”

ချန်ကျဲ့ အနားသို့လျှောက်သွားလိုက်သောအခါ စစ်ရှီးသည် ခြေနင်းတုံးပြင်ဆင်‌ေပးသည်။ ‌ထို့နောက် ရထားလုံး၏ လိုက်ကာကို မ,တင်ကာ ကြိမ်တံကို ယူလိုက်ပြီး ပြောသည်။

“သခင်၅ အားလုံးအဆင်သင့်ဖြစ်ပါပြီ၊ ထွက်ခွာရအောင်ပါ”

သွား!

ရထားလုံးသည် ရုတ်ချည်း လှုပ်ရှားသွား၏။

ထွက်ခွာသွားသည့် ရထားလုံးကို ကြည့်နေခဲ့ရင်း လူတစ်ယောက်သည် ဖုန်းရွှမ်အနီးသို့ ချဉ်းကပ်လာပြီး ပြောသည်။

“သခင်ကြီး လူသစ်တစ်ယောက်ကို ဒီလိုအထူးတလည်ဆက်ဆံပေးဖို့ လိုအပ်လို့လားဗျာ။ သူ့ကို ကူညီပေးဖို့ စစ်ရှီးကိုတောင် တာဝန်ပေးလိုက်သေးတယ်”

ဖုန်းရွှမ်မှ ခပ်‌ဟဟရယ်မောလိုက်ပြီး ပြန်ပြောသည်။

“ဒီချန်ကျိုစစ်က သာမန်လူမဟုတ်ဘူး။ မွေးစားအဖေက သူ့ကို အတော်လေး သဘောကျနေပြီး သူကလည်း စွမ်းရည်ကောင်းမွန်တယ်။ အရေးအကြီးဆုံးအချက်ကတော့ ကျန်းချွမ်က သူနဲ့ ရန်ငြှိုးရှိနေတာပဲ။ သူက ငါတို့ အခုအချိန်မှာ လိုအပ်နေတဲ့ အဲဒီသန်မာပြီး ရိုးအတဲ့ လူတစ်ယောက်ပဲ”

“အဲဒီလိုလူမျိုးတွေက ထိန်းချုပ်မောင်းနှင်လို့ အကောင်းဆုံးပဲ။ ငါတို့ဘက်က သူ့ရဲ့သစ္စာရှိမှုကို ရယူနိုင်ရင် သူက အနာဂတ်မှာ ကျန်းချွမ်နဲ့ ဆန့်ကျင်တိုက်ခိုက်ဖို့ရာ ပြီးပြည့်စုံတဲ့ မဟာမိတ်ဖြစ်လာလိမ့်မယ်။ အဲဒီတော့ ရထားလုံးလေးတစ်စီးက ဘာများ အထူးတလည် ကြီးကျယ်ခမ်းနားနေဦးမှာလဲ”

ဖုန်းရွှမ်၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ဖြစ်တည်နေသည်။ သို့သော် သူ၏မျက်လုံးများသည်တော့ ညိုမှိုင်းနေကာ မထင်ရှားသည့် အလင်းတစ်စ‌ တောက်လောင်နေခဲ့သည်။

All Chapters