ဘုရားရေ အဲဒါချန်ကျိုစစ်ပဲ!
Vol. 13 Ch. 176
“ကြည့်စမ်း ရထားလုံးတစ်စီးပဲ!”
“ဘုရားရေ ထည်ဝါလိုက်တာ။ အမိုးအကာပါတဲ့ ရထားလုံးတစ်စီးပဲ။ ဘယ်လို အရေးကြီးပုဂ္ဂိုလ်ကြီးကများ အဲဒီလိုရထားလုံးနဲ့ ခရီးနှင်လာရတာလဲ။ ငါ အဲဒီလိုရထားလုံးမျိုးကို ငါ စီရင်စုမြို့ကိုသွားတုန်းက တစ်ခါပဲ မြင်ဖူးခဲ့တာ.. မင်းတို့သိတယ်မလား”
“သိတယ် သိတယ်။ မင်း အဲဒီအကြောင်းကို ကြွားဝါနေတာ တစ်နှစ်နီးပါးလောက် ရှိနေပြီလေ။ မင်းမှာ မြို့ကို တစ်ခါလေး သွားဖူးလိုက်တာကို တစ်ချိန်လုံး ဥဒေါင်းလိုမျိုး လျှောက်ပြီးကြွားဝင့်နေခဲ့တာ မဟုတ်လား”
“လျှောက်ပြီးကြွားဝင့်နေတယ်ဆိုတာ ဘာပြောတာလဲကွ။ မြို့က တကယ့်ကိုပဲ ငါတို့ရွာထက် ပိုကောင်းတယ်လေ။ အဲဒီမှာ တကယ့်ကို လူချမ်းသာတွေ အများကြီးရှိတာ။ မင်းတို့လည်း အချိန်အားတဲ့အခါ မြို့ကို တစ်ခါလောက် သွားကြည့်သင့်တယ်။ မြို့မှာတောင်မှ အခုလို အဆင့်မြင့်ရထားလုံးကို တွေ့ဖို့ခဲယဉ်းတယ်နော်”
“အင်း ယွီပင်းတို့မိသားစုမှာ ရထားလုံးတစ်စီးရှိခဲ့တာကိုတော့ ငါမှတ်မိတယ်။ ဒါပေမဲ့ သူတို့ရထားလုံးက ဒီဟာနဲ့ မတူဘူး– သူတို့ရထားလုံးက လားနဲ့ ဆွဲတာ”
“ဘာကိစ္စ ယွီမိသားစုအကြောင်း ထည့်ပြောရပြန်တာတုန်း? သူတို့မိသားစုက အဆုံးသတ်သွားပြီကို။ ဒါနဲ့ ဒီလိုရထားလုံးမျိုးကို တတ်နိုင်တဲ့သူ တခြားဘယ်သူရှိနိုင်သေးလဲ”
“ငါပြောမယ် ဒီမြင်းတွေက အရမ်းတန်ဖိုးကြီးတာ။ သူတို့ကို တစ်နေ့တာ ကျွေးမွေးစရိတ်တင်ပဲ ငွေစ ၃၀၊ ၄၀ ဝန်းကျင် ကုန်ကျတယ်တဲ့”
“ငွေစ ၃၀၊ ၄၀ တဲ့လား။ ဒီမြင်းတွေက ရွှေတွေ ငွေတွေ စားသောက်နေကြလို့လားဟ။ ငါတို့လို မိသားစုဝင်လေးယောက်ရှိတဲ့အိမ်တောင် တစ်နေ့ကို စားစရိတ် အဲဒီလောက် မကုန်ကျဘူး!”
“မင်း ဘာသိလို့လဲ။ ဒီမြင်းတွေက အထူးတန်ဖိုးထားခံရတာလေ။ သူတို့ကို ပဲတွေ ကျွေးရတာကွ”
“ပဲတွေ! ဘုရားရေ ငါစားဖို့တောင် တစ်ခါမှ ပဲမရှိဖူးဘူး”
“သူတို့ကို ရိုးရိုးရှင်းရှင်း ပဲတွေ ကျွေးရတာလောက်ပဲ ထင်နေလား။ အဲဒီလူချမ်းသာအိမ်တော်တွေက မြင်းတွေကို အထူးတည်ဆောက်ထားတဲ့ မြင်းအိမ်နဲ့ ထားကြတာ။ သူတို့မှာ ကုန်းနှီးတွေ၊ ရထားလုံးတွေအပြင် မြင်းထိန်းတောင် ရှိသေးတယ်။ ငါတို့လို သာမန်လူတွေ စိတ်ကူးကြည့်လို့တောင် မရနိုင်တဲ့ တန်ဖိုးကြီးပြည့်စုံတဲ့ ဂရုစိုက်ထိန်းသိမ်းမှုမျိုးတွေနဲ့ ထိန်းသိမ်းမွေးမြူကြတာလေ”
“ကြည့်ရတာ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာထက်တောင် ပိုပြီး ဒုက္ခများမယ့်ပုံပဲ”
“ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်တာလား။ မင်းတို့ရဲ့ ကလေးကို ပျိုးထောင်ရတာ ဘယ်လောက်ကုန်ကျလို့လဲ။ မြင်းတစ်ကောင်က ဘယ်လောက်အထိ ကုန်ကျနိုင်သလဲဆိုတာ မင်းတို့သိလား။ အဲဒီနှစ်ခုက နှိုင်းယှဉ်လို့တောင် မရနိုင်ဘူး”
ထိုအခါ အားလုံး တိတ်ဆိတ်သွားတော့သည်။
ထို့နောက် လူတစ်ယောက်မှ အော်ပြောသည်။
“ဟေ့လူတွေ အဲဒီရထားလုံးကို ကြည့်ကြစမ်း– ကြည့်ရတာ ကျိုစစ်တို့အိမ်ကို သွားနေတာလားလို့!”
“အာ တကယ်ကြီးလား။ တကယ်ကြီး ကျိုစစ်တို့အိမ်ကို သွားနေတာပဲ”
“ရပ်သွားပြီ! ရပ်သွားပြီ!”
ရှန်းထောင်ရွာသားများသည် အတင်းအဖျင်းများ ပြောဆိုရခြင်းကို နှစ်သက်သည့် သူတို့၏ဓလးထုံးတမ်းကို လက်ကိုင်ထားမြဲပင်။
အထူးသဖြင့် ခမ်းနားထည်ဝါသည့် ရထားလုံးတစ်စီးသည် ဆင်းရဲနွမ်းပါးသည့် ရွာငယ်လေးတွင် ထွက်ပေါ်လာခြင်းဖြစ်ရာ အမှန်တကယ်ပင် ရှုမြင်စရာမြင်ကွင်း ဖြစ်နေတော့သည်။
ထိုစဉ် ရထားလုံးသည် ရပ်နားသွား၏။ လိုက်ကာစများ ပွင့်ဟသွားရာ စစ်ရှီးသည် ရထားလုံးတိုင်မှ ခြေနင်းခုံကို ဖယ်ယူလိုက်ပြီး မြေပြင်တွင် နေရာချပေးသည်။ ထို့နောက် ရထားလုံးပေါ်မှ ဆင်းလာသည့် ချန်ကျဲ့ကို သတိထားလျက် ပြောသည်။
“သခင်၅ ဖြည်းဖြည်းဆင်းပါ”
ချန်ကျဲ့မှ ပြန်ပြောသည်။
“အမ်း! အပြင်မှာ ခဏလောက် စောင့်ပေးပါ”
“ဟုတ်ကဲ့ပါ”
စစ်ရှီးသည် အပြုံးဝေဆာစွာဖြင့် အမြင့်ဆုံးေသာ ယဉ်ကျေးပျူငှာသည့် ဝန်ဆောင်မှုကို ပေးနေပေသည်။
ထိုစဉ် ချန်ကျဲ့၏ ယိုယွင်းပျက်စီးနေသည့် ခြံဝင်းထဲရှိ ခြံစည်းရိုးသည် အပြင်ဘက်မှ အကြည့်များကို မကာဆီးနိုင်ပေ။ ခြံထောင့်တွင်ထိုင်၍ ပုရွက်ဆိတ်များကို ကြည့်နေသည့် ကလေးမလေးသည် လှည့်ကြည့်လိုက်ရာ ခမ်းနားထည်ဝါသည့် ရထားလုံးကို မြင်တွေ့လိုက်သည်။
သူမသည် အံ့အားသင့်လျက် ပြောလာ၏။
“မမ ရထားလုံးတစ်စီး၊ ရထားလုံး အကြီးကြီးတစ်စီးက ရွေ့ရွေ့တို့အိမ်ရှေ့မှာ ရပ်သွားတယ်!”
ထိုအခါ စူးယွင်ကျင်း ထိတ်လန့်သွား၏။ သူမ ထွက်ကြည့်လိုက်သောအခါ ထိုရထားလုံးပေါ်မှ ဆင်းလာသည့် ချန်ကျဲ့ကို မြင်တွေ့လိုက်ရသည်။
ထို့နောက် ကလေးမလေး၏ စိတ်လှုပ်ရှားစွာ အော်ဟစ်သံ ထွက်ပေါ်လာခဲ့သည်။
“ဝိုး အဲဒါ အစ်ကိုကြီးပဲ အစ်ကိုကြီးပဲ!”
ကလေးမလေးသည် ဝမ်းမြောက်ပျော်ရွှင်စွာ အော်ခေါ်လျက် ထရပ်ကာ လက်နှစ်ဖက်ကို အကျယ်ကြီးပွင့်ဟ၍ ဆက်လက်အော်ဟစ်နေသည်။
“အစ်ကိုကြီး”
ချန်ကျဲ့သည် ထိုအော်သံကို ကြားသောကြောင့် ကလေးမလေးကို ကြည့်လိုက်သည်။
“ရွေ့ရွေ့”
ချန်ကျဲ့ ကလေးမလေးကို ကောက်ချီလိုက်သည်။ ကလေးမလေးသည် သူမ၏ရှေ့ရှိ ရထားလုံးကြီးကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေသည်။
“အစ်ကိုကြီး ဒါက ဘယ်သူ့ရဲ့ရထားလုံးလဲ။ အရမ်းလှတာပဲ!”
ချန်ကျဲ့ ရယ်မောလိုက်ပြီး ပြောသည်။
“ဒီရထားလုံးက ရွေ့ရွေ့ကို စီးဖို့ လာခေါ်တာလေ”
“ရွေ့ရွေ့ကို လာခေါ်တာလား။ ဟားဟား အဲဒါဆို ရွေ့ရွေ့ အပေါ်တက်ပြီး ကြည့်လို့ရလား”
“ရတာပေါ့။ ဒါပေမဲ့ သတိထား၊ ပြုတ်မကျစေနဲ့နော်”
ထိုသို့ပြောလျက် ချန်ကျဲ့သည် ရွေ့ရွေ့ကို ရထားလုံးပေါ်သို့ တင်ပေးလိုက်သည်။ ထို့နောက် စစ်ရှီးကို ပြောသည်။
“ညီနောင်စစ်ရှီး ကျေးဇူးပြုပြီး သူ့ကို ဂရုစိုက်ပေးပါဦး”
“သခင်၅ စိတ်ချပါ။ သခင်မလေး ဘာမှမဖြစ်စေရပါဘူး”
ထိုအချိန်တွင် ကလေးမလေးသည် ရထားလုံးထဲသို့ တွားသွားဝင်သွားပြီးနောက် ဤရထားလုံးကြီးမှာ မည်မျှကျယ်ဝန်းကြောင်း သိရှိလိုက်ရပေသည်။ လူသုံးယောက်၊ လေးယောက်ခန့်ကို လူကြပ်သည်ဟု မခံစားရစေဘဲ ဆန့်နိုင်၏။ ထို့ပြင် သစ်သီးများ အပြည့်ပြင်ဆင်ပေးထားသော သစ်သီးပန်းကန်တစ်ချပ် တင်ထားသည့် စားပွဲအသေးလေးလည်း ပါရှိပေသည်။
ကလေးမလေးသည် တောက်ပစွာသော မျက်လုံးများဖြင့် သစ်သီးပန်းကန်ထဲမှ မက်မွန်သီးများကို ကြည့်နေခဲ့သည်။
“ဒါတွေကို ရွေ့ရွေ့ စားလို့ရလား”
အပြင်ဘက်ရှိ စစ်ရှီးမှ ပြန်ဖြေသည်။
“ရတာပေါ့၊ သခင်မလေး စိတ်ရှိသလို ယူစားနိုင်ပါတယ်”
“ညီမက သခင်မလေး မဟုတ်ပါဘူး။ ညီမနာမည် ရွေ့ရွေ့ပါ”
ကလေးမလေးသည် နာမည်အမှန်ပြင်ပေး၏။ စစ်ရှီးသည် ပြုံးရုံပြုံးလိုက်ပြီး ဘာမျှမပြောပေ။
ထိုအချိန်တွင် အပြင်ဘက်ရှိ လူအုပ်သည်လည်း ခြံဝင်းအနား နီးကပ်လာ၏။ ချန်ကျဲ့သည် အထဲမဝင်မီတွင် လူအုပ်စုကို ခေါင်းညိတ်ပြလိုက်သည်။
စူးယွင်ကျင်းသည် အိမ်တံခါးဝတွင် ရပ်နေသည်။ သူမသည် ဂုဏ်ယူဝံ့ကြွားမှုတစ်ဝက်၊ စိုးရိမ်ပူပန်မှုတစ်ဝက်ဖြင့် အနီးတွင် စုဝေးနေသည့် လူအုပ်ကို ကြည့်နေ၏။ ရထားလုံးသည် အလွန်ထည်ဝါလွန်းနေပေသည်။
ချန်မိသားစု၏ ချမ်းသာအကြွယ်ဝဆုံးသော နေ့ရက်များ၌ပင် ထိုသို့ရထားလုံးမျိုး မပိုင်ဆိုင်ခဲ့ဖူးပါချေ။ အများဆုံးမှ မြည်းလေးတစ်ကောင် မွေးမြူထားပြီး သယ်ယူပို့ဆောင်ရေးတွင် မြည်းလှည်းကို အသုံးပြုသည်။ ရွာတွင်မူ ၎င်းသည်ပင် ချမ်းသာကြွယ်ဝသည်ဟု သတ်မှတ်နိုင်နေလေပြီ။
မြင်းများသည် အလွန်တန်ဖိုးကြီးလွန်း၏။
အထူးသဖြင့် တရားရုံးတော်သည် တောင်ပိုင်းဒေသ၏ မြင်းများနှင့်ပတ်သက်၍ ကန့်သတ်ချက်များ သတ်မှတ်လိုက်ခြင်းကြောင့် မြောက်ပိုင်းဒေသ၏ မြင်းသယ်ယူပို့ဆောင်ရေးအား မတန်တဆ ဈေးမြင့်သွားစေခဲ့သည်။ အဆိုးရွားဆုံးသော မြင်းအိုကြီးများပင်လျှင် ငွေတုံး၈၀ခန့် တန်ကြေးရှိတတ်ပေသည်။
အနည်းငယ် ပိုကောင်းမွန်သည့် မြင်းများသည် ငွေတုံးတစ်ရာဝန်းကျင်ခန့် တန်ကြေးရှိသည်။
ထို့ပြင် ၎င်းမှာ မြင်းကို ထိန်းသိမ်းမွေးမြူရသည့် ကုန်ကျစရိတ် မပါဝင်သေးပေ။
ထို့ကြောင့် အတော်လေး နှံ့နှံ့စပ်စပ်ရှိသည့် စူးယွင်ကျင်းပင်လျှင် အံ့ဩသွားရသည်။
“ယောက်ျား ဒီရထားလုံးက?”
စူးယွင်ကျင်းသည် ချန်ကျဲ့ကို မေး၏။ ချန်ကျဲ့မှ ပြန်ပြောသည်။
“အိုး ကိုယ်တို့ မြို့ဆီ ခရီးနှင်ဖို့လေ”
စူးယွင်ကျင်းမှ ပြောသည်။
“ဒီရထားလုံးနဲ့.. ကျွန်မတို့ကလား?”
စူးယွင်ကျင်းသည် သူမ၏ အဖာအထေးများ ပြည့်နှက်နေကာ အနားသတ်များ ခေါက်ချုပ်ထားရသည့် အဝတ်အစားကို အနည်းငယ် သိမ်ငယ်စွာဖြင့် ကြည့်လိုက်သည်။
ချန်ကျဲ့မှ ဆက်ပြောသည်။
“မင်းက လွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ။ ပြီးတော့ အထဲဝင်ပြီး ကိုယ်ဝယ်ပေးထားတဲ့ အဝတ်အစားအသစ်တွေ လဲဝတ်လိုက်ဦး။ ခဏနေလို့ မြို့ကိုရောက်တဲ့အခါ ကိုယ် မင်းအတွက် အစေခံမိန်းကလေးတစ်ယောက် ရှာပေးမယ်။ အဲဒါဆို အစားအသောက်ချက်ဖို့ အဝတ်အစားလျှော်ဖွပ်ဖို့တွေကို မင်းစိုးရိမ်နေဖို့ မလိုတော့ဘူး”
စူးယွင်ကျင်းမှ ပြန်ပြောသည်။
“မလိုအပ်ပါဘူး ယောက်ျားရယ်။ အစေခံမိန်းကလေးတွေက ဈေးကြီးလွန်းပါတယ်။ ပြီးတော့ အိမ်အလုပ်က သိပ်ပြီးလည်း မများပါဘူး၊ ကျွန်မ ကိုင်တွယ်နိုင်ပါတယ်”
စူးယွင်ကျင်းမှ ဆက်ပြောသည်။
“ကျွန်မတို့က မြို့မှာ လူသစ်တွေလေ။ အဲဒါကြောင့် ငွေသုံးစွဲတဲ့အခါ သတိထားဖို့လိုအပ်တယ်”
ထိုအခါ ချန်ကျဲ့သည် သူမကို စိတ်ေအးသက်သာစေလိုက်သည်။
“အင်းပါ အင်းပါ ကိုယ့်ဇနီးလေး မင်းပြောတာ မှန်ပါတယ်။ ဒါပေမဲ့ မင်း အဝတ်သွားလဲလိုက်ပါဦး။ ခဏနေရင် မင်း ကိုယ်နဲ့အတူ ခန်းမအရှင်သခင်ဖန်းနဲ့ တွေ့ရမှာလေ”
စူးယွင်ကျင်းသည် သိတတ်နားလည်စွာ ခေါင်းညိတ်သည်။ အရေးကြီးပုဂ္ဂိုလ်တစ်ဦးကို ဆုံတွေ့ပါက မိမိကိုယ်ကိုယ် သေချာပြင်ဆင်ဝတ်စားသင့်ကြောင်းကို သူမ သိပါ၏။ ဤသည်မှာ မိမိကိုယ်ကိုယ်နှင့် တစ်ဖက်လူကို လေးစားမှုပြသခြင်း ဖြစ်ပေသည်။
စူးယွင်ကျင်းသည် အမြန် အထဲဝင်သွားပြီး ရိုးရိုးရှင်းရှင်းပင် မျက်နှာချေအချို့ကို လိမ်းလိုက်သည်။