← Chapters

ဘုရားရေ အဲဒါချန်ကျိုစစ်ပဲ!_၂

Vol. 13 Ch. 177

ဘုရားရေ အဲဒါချန်ကျိုစစ်ပဲ!_၂

Vol. 13 Ch. 177

စူးယွင်ကျင်းသည် အဝတ်အစားအသစ်များ လဲဝတ်လိုက်သည်။ စူးယွင်ကျင်းသည် ချန်ကျဲ့ကို အဝတ်ဟောင်းများ ဝတ်ထားဆဲဖြစ်သည့် ကလေးမလေးကို ခေါ်ပေးရန် ပြောသည်။

သို့ဖြင့် ချန်ကျဲ့ အပြင်ထွက်လိုက်သည်။ ထိုအခါ မြင်းရထားလုံးအနီးတွင် လူအုပ်ကြီးစုဝေးနေသည်မှာ ရွာ၏လူဦးရေတစ်ဝက်ခန့်သည် ဤနေရာတွင် စုဝေးနေသည်အား မြင်တွေ့လိုက်ရပေသည်။

ဤမြင်ကွင်းသည် သူ၏ အရင်ဘဝက ၈၀ခုနှစ်၊ ၉၀ခုနှစ်များတွင် လူတစ်ယောက်၏အိမ်ရှေ့‌၌ ကားပါကင်ထိုးထားပါက တစ်ရွာလုံး လာငေးကြည့်ကြသည့် မြင်ကွင်းနှင့် ဆင်တူပေသည်။

ချန်ကျဲ့ အနီးသို့လျှောက်သွားလိုက်သောအခါ ရထားလုံး၏ တိုင်ထက်တွင် ထိုင်နေသည့် ကလေးမလေးကို မြင်လိုက်ရသည်။ လက်ထဲတွင် မက်မွန်သီးတစ်စိတ်နှင့် မေးစေ့တွင် အရည်များစီးကျနေကာ အခြားကလေးများကို ဤသို့ပြောနေ၏။

“တွေ့လား ဒါက ငါ့အစ်ကိုကြီးရဲ့ မြင်းရထားလုံးကြီးပဲ။ လီအာ့ကုံး နင့်အဖေက မြင်းရထားလုံးထိန်းသိမ်းဖူးတယ်လို့ နင်ပြောဖူးတယ် မဟုတ်လား။ အဲဒါက ဒီလိုဟာမျိုးလား”

အောက်ဘက်ရှိ ကလေးများသည် ရထားလုံးပေါ်တွင် မက်မွန်သီးစိတ်ကြီးကို စားနေသည့် ကလေးမလေးကို အားကျခြင်းကြီးစွာဖြင့် ကြည့်နေကြသည်။

“ရွေ့ရွေ့”

“အစ်ကိုကြီး!”

ကလေးမလေးသည် ချန်ကျဲ့ကို လှည့်ကြည့်လာပြီး ပျော်ရွှင်စွာဖြင့် အော်ခေါ်သည်။ သူမသည် သူမ၏အစ်ကိုကြီးသည် သူမကို အရင်က အထင်သေးခဲ့သူများကို ယခုတွင် သူမကို လက်လှမ်းမမီနိုင်အောင် လုပ်ပေးသည့်အတွက် အလွန်ဂုဏ်ယူဝင့်ကြွားနေခဲ့သည်။

ချန်ကျဲ့မှ ပြောသည်။

“‌မင်း မမက မင်းကို အထဲဝင်ပြီး အဝတ်လဲဖို့ ခေါ်ခိုင်းလိုက်တယ်”

“အိုး!”

ကလေးမလေးသည် လက်နှစ်ဖက်ကို ဆန့်တန်းလျက် ထိုသို့ပြော၏။ ချန်ကျဲ့ သတိပေးလိုက်သည်။

“အစ်ကိုကြီးအပေါ် မက်မွန်သီးအရည်တွေ မပေစေနဲ့ဦး”

ထိုသို့ပြောလိုက်ရင်း ချန်ကျဲ့သည် ကလေးမလေးကို ချီ၍ ရထားလုံးပေါ်မှ ချပေးလိုက်သည်။ ကလေးမလေးသည် ရထားလုံးမှ အိမ်ထဲသို့ ခုန်ပေါက်ပြေးဝင်သွားတော့သည်။

ချန်ကျဲ့ အိမ်ထဲပြန်ဝင်တော့မည်တွင် အဘိုးကြီးတစ်ယောက်၏ စကားသံကို ကြားလိုက်ရ၏။

“ကျိုစစ် မင်း စီရင်စုကို သွားတော့မှာလား”

ချန်ကျဲ့ လှည့်ကြည့်လိုက်ရာ ထိုလူကြီးမှာ သူ၏ ဘကြီးဖြစ်ကြောင်း သိလိုက်ရသည်။ သူ၏ အဘိုးဖြစ်သူ၏ ဝမ်းကွဲညီအစ်ကိုပင်။

ချန်ကျဲ့သည် ထိုလူ့အ‌ပေါ် အလွန်ကောင်းမွန်သည့်အမြင် မရှိပေ။ လွန်ခဲ့သည့်တစ်ခေါက်က လုစန်းနှင့် ချန်စန်းလျို့တို့၏ပြဿနာတွင် ဤလူကြီးသည် ဘက်လိုက်ခဲ့သည်။ ထို့ကြောင့် ချန်ကျဲ့သည် သူ့အပေါ် ခင်မင်ရင်းနှီးမှု မရှိပါချေ။

ထို့ပြင် ချန်ကျဲ့သည် သူ၏အာဏာကို လုယူရန် ကြိုးစားနေခဲ့‌သည်။

ချန်ကျဲ့သည် ချန်မျိုးနွယ်မိသားစုခေါင်းဆောင်နေရာကို ဦးလေးအာ့ပါးကို ပေးလိုသည်။

ယခုတွင် ထိုကိစ္စမှာ ‌အတော်လေး အောင်မြင်နေလေပြီ။ ချန်ကျဲ့၏ဂုဏ်သတင်းသည် တိုးတက်လာခဲ့၍ သူနှင့် မိတ်ဖွဲ့ရန် လာရှာသည့် မျိုးနွယ်ဝင်များလည်း ပို၍ပို၍ တိုးပွားလာသည်။ သို့သော် ယခု၌ ချန်ကျဲ့သည် သူတို့ဆုံတွေ့ချင်လျှင်သော်မှ ဒီတိုင်း မတွေ့ဆုံနိုင်တော့ပေ။ ဆယ်သွယ်ပေးသူ လိုအပ်‌ပေလိမ့်မည်။

ထိုသို့ ချန်ကျဲ့နှင့် တိုက်ရိုက်စကားပြောနိုင်မည့် တစ်ဦးတည်းသောသူမှာ ချန်အာ့ပါးဖြစ်လိမ့်မည်။

ထို့ကြောင့် ချန်အာ့ပါး၏ အဆင့်အတန်းမှာလည်း တစ်နေ့ထက်တစ်နေ့ မြင့်မားလာနေခဲ့သည်။

ချန်ကျဲ့၏ အဆင့်အတန်း မြင့်မားလေလေ၊ အခွင့်အရေးရရှိရန် သူ့ကိုလာရှာသည့် မျိုးနွယ်ဝင်များ ပို၍များလာလေ‌လေ ဖြစ်သည်။ သို့ဖြင့် တစ်ဆက်တည်းပင် ဦးလေးချန်အာ့ပါး၏ အာဏာသည် ပို၍အားကောင်းလာခဲ့သည်။

လူတို့သည် လက်တွေ့ဆန်ကြ၏။ သူတို့အတွက် အခွင့်အရေးများ ထောက်ပံ့နိုင်သူနှင့် သူတို့၏ သဘောကျစိတ်ကို ရယူတတ်သူ၊ သူတို့၏ ဝါကြီးခြင်းကို အသုံးပြုနိုင်သူတို့တွင် မည်သူ၏အကျိုးဆောင်မှုမှာ ပို၍တန်ဖိုးကြီးမားသည်ကို ရှင်းရှင်းလင်းလင်း သိကြပေသည်။

သို့ဖြစ်ရာ လက်ရှိနှုန်းထားအရ သုံးနှစ်အတွင်း၌ ချန်အာ့ပါးသည် ရှန်းထောင်မြို့ ချန်မျိုးနွယ်မိသားစုများ၏ ဩဇာအာဏာချုပ်ကိုင်သူတစ်ဦး သေချာပေါက် ဖြစ်လာပေလိမ့်မည်။

ဤသည်မှာလည်း တစ်ပတ်ပြန်လည်လာမည့် ချန်ကျဲ့၏ ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပေသည်။

ဒါပေမဲ့ ဒီအဘိုးကြီးက ဒီနေ့ဘာဖြစ်သွားတာများလဲ။

ထိုသို့တွေးလျက် ချန်ကျဲ့ မေးလိုက်သည်။

“အို ဘကြီး တစ်ခုခုများ လိုအပ်လို့လားဗျ”

ထိုဘကြီးမှာ သူ၏မျက်နှာထက် အပြုံးတစ်ခုကို ဖျစ်ညှစ်ထုတ်လျက် ဤသို့ဆိုသည်။

“ကျိုစစ် မင်းက အခု ချန်မိသားစုရဲ့ ဂုဏ်ဆောင်ပဲ။ မင်းက အခုဆို ကိုယ်ပိုင်ရထားလုံးပေါ်မှာတောင် ထိုင်နေနိုင်‌ပြီလေ။ ငါအမြဲပြောခဲ့ပါတယ် အစ်ကိုယုံဝမ်ရဲ့ သွေးမျိုးဆက်က မမှားယွင်းနိုင်ပါဘူးလို့လေ။ အခုကြည့်ပါဦး!”

ချန်ကျဲ့သည် ပြန်မတုံ့ပြန်ပေ။

ထိုအစား ချန်ကျဲ့သည် ထိုအဘိုးကြီးကို ကြည့်နေခဲ့၏။ ထိုအဘိုးကြီး၏ ချစ်ကြည်မှုကို အရေခြုံထားသည့် နောက်ကွယ််မှ လိမ္မာပါးနပ်သည့် တွက်ချက်မှုများကို ချန်ကျဲ့ ခံစားသိရှိနိုင်ပေသည်။

မျှော်လင့်ထားသည့်အတိုင်းပင် ထိုအဘိုးကြီးသည် ဆက်ပြောလာ၏။

“ကျိုစစ် မင်းဘယ်အချိန် စီရင်စုကနေ ပြန်လာမှာလဲ”

ချန်ကျဲ့ ပြန်ပြောသည်။

“အမ်း အဲဒါကတော့ ပြောဖို့ခက်တယ် ဘကြီးရဲ့။ ဘကြီး တစ်ခုခုလိုအပ်တာရှိရင် အခုပြောလိုက်လေ။ ကျွန်တော် သွားရတော့မှာဗျ”

“ဒီလိုကွာ ကျိုစစ်၊ ချန်မိသားစုထဲက လူငယ်လေးတွေ အတော်များများက စွန့်စားလုပ်ကိုင်ချင်ကြပေမဲ့ လမ်းကြောင်းရှာမတွေ့နိုင်ဘူး ဖြစ်နေကြတာ။ မင်းက အောင်မြင်အောင် လုပ်နိုင်ခဲ့ပြီဆိုတော့ ဘာလို့များ သူတို့ကို ကူညီမပေးရမလဲ မဟုတ်ဘူးလား”

ထိုစကားကြောင့် ချန်ကျဲ့ ရယ်မောမိလိုက်သည်။

“ကျွန်တော်က ဘယ်လိုမျိုးများ ကူညီပေးနိုင်မလဲဗျ”

ထိုဘကြီးမှ အကြံပြုသည်။

“ကျိုစစ် ငါမင်းအတွက် ဖြေရှင်းနည်းတစ်ခု ရှာပေးထားတယ်။ ဒီလိုကွာ ငါမင်းအတွက် နှစ်စဉ်နှစ်တိုင်း လူငယ်လေး အရေအတွက်နည်းနည်း ရှာပေးမယ်။ မင်းကတော့ မင်းရဲ့အဆက်အသွယ်တွေကို သုံးပြီး သူတို့ကို ငါးဖမ်းကုန်သည်အဖွဲ့ထဲ နေရာချပေးပြီး သူတို့ကို ကောင်းကောင်းလေး ထိန်းကျောင်းပေးပေါ့။ ဒီလိုဆို မင်းအနေနဲ့ ကိုယ့်မျိုးနွယ်မိသားစုဝင်တွေကိုလည်း ကူညီပေးရာရောက်ပြီး မင်းရဲ့လွှမ်းမိုးမှုကိုလည်း ချဲ့ထွင်နိုင်တယ်လေ”

“ငါးဖမ်းကုန်သည်အဖွဲ့က အန္တရာယ်များတယ်။ မင်းကို အားလုံးက ကူညီပေးလို့ရတဲ့ ရွာလိုမျိုး မဟုတ်ဘူး။ အဲဒီအခါကျ မင်းမှာ ကိုယ့်ရဲ့မျိုးနွယ်မိသားစုဝင်တွေက လွဲပြီး ဘယ်သူမှ မရှိနိုင်ဘူးလေ ဟုတ်တယ်မလား”

ထိုအဘိုးကြီးသည် အပြုံးမျက်နှာကို ဆက်လက်ထိန်းသိမ်းထားလျက် ပြော၏။

ချန်ကျဲ့သည် ထိုအဘိုးကြီး၏ ပရိယာယ်ကို အဘယ်သို့များ ထိုးဖောက်မမြင်နိုင်ဘဲ ရှိပါအံ့နည်း။

နှစ်စဉ်နှစ်တိုင်း လူငယ်အနည်းငယ် အကြံပြုရွေးချယ်ပေးပြီး ချန်ကျဲ့ကို ငါးဖမ်းကုန်သည်အဖွဲ့ထဲ ထည့်ပေးစေမည်။

အဲဒါက ငါ့ကို ပစ္စည်းကိရိယာတစ်ခုလို ပြောင်းလဲပစ်လိုက်တာပဲ မဟုတ်လား။

ချန်ကျဲ့အနေဖြင့် မျိုးနွယ်မိသားစုဝင်အချို့ကို ကူညီပေးလိုသော်မှ ထိုအဘိုးကြီး၏ အကြုံပြုရွေးချယ်ပေးမှုကို သေချာပေါက် မလိုအပ်နေပါချေ။

ချန်ကျဲ့ သဘောတူလိုက်ပါက ဒီအဘိုးကြီးသည် အခုချက်ချင်း သူ၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သွားပေလိမ့်မည်။ ထို့နောက်တွင်မူ သူကိုယ်တိုင် မဟုတ်လျှင် ဘယ်သူက ငါးဖမ်းကုန်သည်အဖွဲ့ထဲ ဝင်ရောက်မည့်သူကို သတ်မှတ်ပေးလိမ့်မည်နည်း။

ထိုအခါ ဒီအဘိုးကြီး၏ အင်အားအာဏာ ပိုမိုကြီးထွားသွားပြီး သူ၏မဟာမိတ်များကို အကြံပြုရွေးချယ်ပေးလိမ့်မည်။

အဲဒီလိုဆိုရင် ကိစ္စတွေက ဘယ်ဆီကို ဦးတည်သွားလိမ့်မလဲ။

သူသည် ဒီအဘိုးကြီး၏ စက်ပုန်းခုတ်ခြင်းမှ ကိရိယာတစ်ခု ဖြစ်သွားရလိမ့်မည်။ လာဘ်မမြင်တတ်သူသာလျှင် ဒီအဘိုးကြီး၏ ငါးစာကိုဟပ်၍ ကိုယ့်ကိုယ်ကိုယ် ရောင်းစားပြီးနောက် ဒီအဘိုးကြီးအတွက် ငွေရေတွက်ပေးပေလိမ့်မည်။

သို့သော် ချန်ကျဲ့သည် ငတုံးတစ်ယောက် မဟုတ်ပါ။ အဘိုးကြီး၏ အယောင်ဆောင်မှုကို ထိုးဖောက်သိမြင်နိုင်‌ခဲ့၍ ဤသို့ ပြန်လည်မှတ်ချက်ပြုခဲ့လိုက်သည်။

“ဘကြီးရာ ဟားဟားဟား… ဘကြီးက တကယ့်ကို ကစားတာ ‌တော်တာပဲဗျာ”

“ကျိုစစ် မင်းဘာကိုဆိုလိုတာလဲ”

ဘကြီး၏မျက်နှာထက်ရှိ အပြုံးမှာ တောင့်ခဲသွား၏။

ချန်ကျဲ့မှ ပြောသည်။

“ဘကြီး စိတ်အနှောင့်အယှက် မဖြစ်လိုက်ပါနဲ့ဦး။ ဘကြီးက အသက်ကြီးတယ်ဆိုတာနဲ့ပဲ လူငယ်တွေရဲ့ကိစ္စတွေမှာ ဘကြီးအနေနဲ့ ဝင်စွက်ဖက်ပိုင်ခွင့် မရှိ‌ဘူးလေ။ ကိုယ့်ရဲ့ အငြိမ်းစားကာလလေးကို ကောင်းကောင်းပျော်မွေ့တတ်ရင် ဘကြီးမှာ သက်သောင့်သက်သာရှိတဲ့ အဆုံးသတ်လေး ရှိနိုင်မှာပါ။ ဒါပေမဲ့ နေရာတကာမှာ လိုက်ပြီး နှာခေါင်းဝင်ခံနေရင်တော့ ဘကြီးအတွက် ဇာတ်သိမ်းမကောင်းနိုင်မှာ ကျွန်တော် စိုးရိမ်မိပါတယ်!”

“ကျိုစစ် မင်းဘာပြောချင်တာလဲ။ ငါဒီလိုလုပ်နေတာ မင်းရဲ့အကျိုးအမြတ်အတွက်ပါပဲ!”

ထိုအဘိုးကြီးမှ ချေပပြောဆိုသည်။

ချန်ကျဲ့ ရယ်မောလိုက်သည်။

“ကျေးဇူးပြုပြီး ကျွန်တော့်ကို သက်ညှာပေးပါ ဘကြီးရယ်။ ဘကြီးက အခုပဲ ကျွန်တော့်ကို အာဏာပြနေတာ မဟုတ်ဘူးလား ဟမ်? ဘကြီးက အရင်က ဘက်လိုက်မှုနဲ့ ပြဿနာမတက်ခဲ့ဖူးတော့ တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် အဲဒီလောက် ဩဇာအရှိန်အဝါကြီးမားတယ်လို့ ထင်နေတာလား”

“ချန်ကျိုစစ် မင်းဘယ်လိုတောင် မိသားစုခေါင်းဆောင်ကို ဒီလိုပုံစံ စကားပြောရဲရတာလဲ။ သူက မင်းအဘိုးနဲ့ မျိုးဆက်တစ်ဆက်တည်းနော်!”

All Chapters