ဘုရားရေ အဲဒါချန်ကျိုစစ်ပဲ!_၃
Vol. 13 Ch. 178
ထိုအခိုက်အတန့်၌ လူငယ်တစ်ဦးမှ ရှေ့ထွက်လာပြီး အော်ဟစ်သည်။ ထိုလူငယ်သည် ချစ်လှစွာသော ဘကြီးအိုကြီး၏ မြေးဖြစ်သည်။ ထိုလူငယ်သည် သူ၏အဘိုးဖြစ်သူအတွက် ရပ်တည်ပေးလာခြင်းပင်။
ဖြန်း!
ထိုအခိုက် လူငယ်လေး၏မျက်နှာသို့ အားပြင်းပြင်း လက်ဝါးတစ်ချက် ကျရောက်သွား၏။ ထို့နောက် ခန္ဓာကိုယ်ဖွံ့ထွားသည့် လူငယ်တစ်ဦးသည် အပြေးရောက်လာပြီး ဘကြီး၏မြေးဖြစ်သူကို အင်္ကျီလည်တိုင်မှ ခပ်ပြင်းပြင်း ဆောင့်ဆွဲလိုက်သည်။
“ချန်ဖူကွေ့ မင်းကိုယ်မင်း ဘာထင်နေလဲ။ ဘယ်လိုတောင် ချန်ကျိုစစ်ကို ဒီလိုစကားပြောရဲတာလဲ။ မင်းယုံလား ငါမင်းကို သတ်ပစ်နိုင်တယ်ဆိုတာ!”
ထိုလူငယ်မှာ ခုနလေးကမှ ရောက်လာခဲ့သည့် ချန်ရှောင်ဟူဖြစ်ပေသည်။
သူ၏မျက်နှာသည် ခြိမ်းခြောက်မှုအရှိန်အဝါများ ပြည့်နှက်နေကာ သူသည် ချန်ဖူကွေ့အား သတ်ပစ်တော့မည့်အလား ထင်မှတ်ရသည်။
ထိုအခါ တောင့်တင်းသန်မာသည့် လူငယ်အရေအတွက် ဒါဇင်ကျော်သည် ချန်ရှောင်ဟူနောက်သို့ ရောက်လာကြသည်။ သူတို့သည် မနေ့က ချန်ကျဲ့ထံမှ ဘိုးဘေးကြီးလက်သီးသိုင်းကို သင်ယူခဲ့ကြသည့် လူငယ်၁၅ယောက်ဖြစ်သည်။
သူတို့သည် ကနဦးက သိုင်းလေ့ကျင့်နေရာက ချန်ကျဲ့ ထွက်သွားတော့မည်ကို သိလိုက်ရသောကြောင့် လိုက်ပါပို့ဆောင်ရန် အမြန်ရောက်လာကြခြင်း ဖြစ်သည်။
ထို့နောက် ဤမြင်ကွင်းကို တန်းတန်းမတ်မတ် မြင်လိုက်ရလေသည်။
ဘကြီးသည် သူ၏ချစ်လှစွာသော မြေးလေးမှာ အင်္ကျီကော်လံစမှ ဆွဲမခံလိုက်ရသည်ကို မြင်သောအခါ စိုးရိမ်ပူပန်စွာဖြင့် ပြောသည်။
“ဟူဇစ် မင်းဘာလုပ်တာလဲ ဘာလုပ်တာလဲ။ ဖူကွေ့ကို လွှတ်လိုက်စမ်း လွှတ်လိုက်စမ်းလို့!”
ထိုအချိန်၌ ချန်ရှောင်ဟူသည် ထိုဘကြီးအိုကြီးကို စောင်းမဲကြည့်လိုက်သည်။
သို့သော် ရှောင်ဟူသည် လက်လွှတ်မပေးဘဲ ချန်ကျဲ့၏အမိန့်ကို စောင့်နေသည်။ ဘကြီးကိုမူ သူသည် မျက်လုံးထဲ မထည့်ပေ။ ထိုလူအိုကြီးသည် အိုမင်းမစွမ်းတော့သော အဘိုးကြီးတစ်ယောက်သာ ဖြစ်၏။
ဘကြီးသည် စိတ်လှုပ်ရှားပူပန်လာခဲ့၏။ ဤသည်မှာ သူ၏ချစ်လှစွာသော မြေးလေးမှာ ပထမဆုံးအကြိမ်အဖြစ် ဆိုးဆိုးရွားရွား ဆက်ဆံခံရခြင်းဖြစ်ပေသည်။ ကနဦး၌ သူသည် ချန်ကျဲ့ကို တွန်းအားပေး၍ ခြေနင်းတုံးအဖြစ် အသုံးချမည့် အစီအစဉ်ဖြစ်သည်။ လူငယ်များကို အကြံပြုပေးနိုင်မည့် အခွင့်အာဏာကို ရရှိနိုင်ခဲ့လျှင် သူ၏မြေးဖြစ်သူကို ငါးဖမ်းကုန်သည်အဖွဲ့ထဲသို့ ထည့်သွင်းရန် အကြံပြုပေးမည် ဖြစ်သည်။ သို့ဖြစ်ပါက သူတို့၏မိသားစုသည် ကြီးပွားချမ်းသာလာလိမ့်မည် မဟုတ်ပါလော။
သို့သော် ချန်ကျိုစစ်သည် ကျေးဇူးကန်း၏။ ချန်စန်းလျို့ပြောတာ မှန်တယ်။ အပြင်လူတွေက မကောင်းဘူး။
သို့သော် တစ်ပါးသူ၏အမိုးအောက်၌ဖြစ်နေရာ ဦးညွှတ်ရကောင်းမှန်း သိရပေမည်။ ထို့နောက် ချန်ကျဲ့ကိုကြည့်၍ တောင်းပန်တိုးလျှိုးလိုက်သည်။
“ကျိုစစ် ကျေးဇူးပြုပြီး ဒီဘကြီးက တောင်းပန်ပါတယ်။ ဖူကွေ့ကို လွှတ်ပေးဖို့ ဟူဇစ်ကို ပြောလိုက်ပါကွာ”
“မင်းက ကြီးပွားသွားပြီမလို့ မျိုးနွယ်မိသားစုရဲ့ အရေးကိစ္စတွေကို ဆက်ပြီး မစီမံချင်တော့ဘူးဆိုတာ ဘကြီးသိပါတယ်။ ငါတို့အမှားကို ငါတို့သိပါတယ်။ အနာဂတ်မှာ ငါတို့မင်းကို ဆွဲမသွင်းတော့ပါဘူး။ ငါတို့ကလည်း အရှက်ကင်းမဲ့နေတဲ့သူတွေ မဟုတ်ပါဘူး။ ငါတို့ မင်းနဲ့ သေချာ စည်းထားပြီးနေပါ့မယ်။ ကျေးဇူးပြုပြီး သူ့ကိုလွှတ်ပေးလိုက်ပါ”
ဘကြီးသည် သနားချင့်စဖွယ် ငိုသံပါနှင့် တောင်းပန်သည်။
ဘကြီး၏စကားများကို ကြားသောအခါ ချန်ကျဲ့၏နှုတ်ခမ်းများသည် လှောင်ပြုံးရိပ်သန်းသွား၏။ ဤလူအိုကြီးသည် တကယ့်ကို ယုတ်ညံ့လွန်း၏။ လူကို အကျပ်ကိုင်ရာတွင်လည်း အတော်လေး ကျွမ်းကျင်ပေသည်။
သူ အပြစ်ပြုမိကြောင်း သိလိုက်သောအခါ သူ့ကိုယ်သူ ချက်ချင်း ချန်မျိုးနွယ်မိသားစုကြီးတစ်ခုလုံးနှင့် ချည်နှောင်လိုက်လေသည်။ သူ့ကို မကူညီခြင်းသည် မျိုးနွယ်တစ်ခုလုံးကို မကူညီခြင်းနှင့် ညီမျှသည့်အလား ချန်ကျဲ့အား မျိုးနွယ်တစ်ခုလုံးနှင့် ဆန့်ကျင်ဘက်အဖြစ်သို့ တွန်းပို့ပစ်လိုက်ပေသည်။
ဒီလူအိုကြီးက တကယ့်ကို တစ်ခုခုပဲ။
အရင်က ချန်ကျဲ့သည် ထိုလူအိုကြီးအား သေမည့်နေ့ရက်ကို စောင့်ဆိုင်းရင်း သူ၏နောက်ဆုံးနေ့ရက်များကို ဖြတ်သန်းနေသူဟု သဘောထား၍ လျစ်လျူရှုထားခဲ့သည်။ သို့သော် သူ ထိုလူအိုကြီးကို လျှော့တွက်လိုက်မိလေပြီ။
ဒီလူအိုကြီးက တကယ့်ကို ကောက်ကျစ်တာပဲ။
သို့ေသာ် ကံဆိုးစွာဖြင့် သူသည် ချန်ကျဲ့နှင့် ဆုံတွေ့ခဲ့လေသည်။
ချန်ကျဲ့၏မျက်နှာအမူအရာသည် ပြောင်းလဲမှုမရှိ၊ ထိုလူအိုကြီးအား အထင်မြင်သေးစွာဖြင့် စိုက်ကြည့်နေခဲ့သည်။
“ဟူဇစ်”
“ဟုတ် ကျိုစစ်!”
ဟူဇစ်မှ ပြန်တုံ့ပြန်သည်။
“သူ့ကို ဘယ်ညာ ပါးလေးချက်ရိုက်လိုက်။ သူ့အဘိုးက သူ့ကိုပေးတဲ့ သင်ခန်းစာလို့ပဲ မှတ်ယူပါစေ”
“ဟုတ်ကဲ့!”
ထို့နောက် ဟူဇစ်သည် ဖူကွေ့ကို ပင့်မြှောက်ထားခြင်းမှ ပြန်ချလိုက်ပြီး ရုတ်ချည်း လက်ဆန့်တန်း၍ ချန်ဖူကွေ့၏မျက်နှာကို အားပြင်းပြင်း လေးချက်ရိုက်လိုက်သည်။ သို့ဖြင့် ချန်ဖူကွေ့၏မျက်နှာသည် ရောင်ကိုင်းသွားတော့၏။
“အဘိုး အဘိုး~”
ချန်ဖူကွေ့သည် သူ၏မျက်နှာကို အုပ်ကိုင်၍ အဘိုးဖြစ်သူအား ငိုသံပါဖြင့် အော်ခေါ်သည်။
လူအိုကြီးမှာ ရင်ကွဲနာကျင်သွားရ၏။
“အို ငါ့မြေးလေး ငါ့မြေးလေး…”
ချန်ကျဲ့ သူ့ကို လျစ်လျူရှုလိုက်သည်။ ထိုအစား ဝိုင်းအုံနေသည့် လူအုပ်ကြီးကိုသာ ပြောလိုက်သည်။
“ကျွန်တော့်ရဲ့မျိုးနွယ်မိသားစုဝင်တွေနဲ့ ရွာသားတို့ ခင်ဗျားတို့အားလုံး ဘယ်လိုတွေးနေကြလဲဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော် ချန်ကျိုစစ်က ကြီးပွားတိုးတက်သွားပြီမလို့ အားလုံးကို လက်ကမ်းပေးသင့်တယ်လို့ပေါ့”
“ဒါပေမဲ့ ကျွန်တော် ခင်ဗျားတို့ကို မေးပါရစေ။ ကျွန်တော့်မိသားစု ဆင်းရဲမွဲတေနေခဲ့တုန်းက ဘယ်သူကများ ကျွန်တော့်မိသားစုကို ဂရုစိုက်ခဲ့သလဲ။ ခင်ဗျားလား ခင်ဗျားလား ဒါမှမဟုတ် အခုဒီမှာရှိနေတဲ့ ဘကြီးများလား”
ချန်ကျဲ့မှ ခေါ်ထုတ်လိုက်ရာ အားလုံး ခေါင်းငုံ့သွားကြသည်။
အမှန်တကယ်ပင် ချန်ကျိုစစ် ဆင်းရဲမွဲတေနေခဲ့စဉ်က မည်သူကမျှ သူ့ကို ကန်ချခဲ့ခြင်း မရှိပါချေ။ ထို့အတူ အကူအညီကမ်းလင့်ပေးဖို့ကို မဆိုထားနှင့် ကြင်နာမှုဟု ခေါ်ဆိုနိုင်သည့်အရာ ဘာတစ်ခုမျှလည်း မလုပ်ခဲ့ပါချေ။ ထို မိုက်မဲတုံးအသည့် ချန်အာ့ပါးမှအပ မည်သူကများ သူ့ကို ကူညီပါလိမ့်မည်နည်း။
သို့သော် သူ ကြီးပွားတိုးတက်သွားသောအခါ အားလုံးသည် သူ့ဆီက တစ်စိတ်တစ်ပိုင်း လိုချင်နေကြသည်။
ခုနက ဘကြီး၏စကားအဆုံးတွင် သူတို့သည် ပြဿနာရှာရနိုင်ပါ၏။ သို့သော် ယခုတွင် ချန်ကျဲ့သည် အနိုင်ပိုင်းလိုက်ပြီဖြစ်ရာ သူတို့အတွက် ရေကိုနောက်ကျိအောင် မွှေနှောက်နိုင်မည့်အခွင့်အရေး မရှိတော့ပေ။
ချန်ကျဲ့သည် စူးရှစွာသော အကြည့်များဖြင့် တစ်ဦးချင်းစီ၏ မျက်နှာများကို ကြည့်နေခဲ့သည်။ သို့သော် မည်သူမျှ သူနှင့် အကြည့်ချင်းမဆုံရဲကြပေ။
ချန်ကျဲ့သည် ဒီလောက်ဆို လုံလောက်ပြီဟု တွေးလိုက်သည်။
ချန်ကျဲ့ ပြောလိုက်သည်။
“ဒါပေမဲ့ အားလုံးရဲ့အခြေအနေကို ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်လည်း အားလုံးကို ကူညီဖို့ဆန္ဒရှိပါတယ်။ အမှန်စင်စစ် အရည်အချင်းရှိတဲ့သူဆိုရင် ကျွန်တော့်ဘက်က လက်ကမ်းပေးဖို့ ဆန္ဒရှိပါတယ်။ ခုနက ဘကြီးပြောခဲ့တဲ့ အကြံပြုပေးတဲ့စနစ်က ကြည့်လိုက်ရင်တော့ ကောင်းမွန်တယ် ထင်ရပေမဲ့ ကျွန်တော် ဘကြီးရဲ့အကျင့်စာရိတ္တကို မယုံကြည်ပါဘူး”
“အဲဒီတော့ ကျွန်တော် ပြောပါရစေ၊ အကယ်၍ ကိုယ့်မှာ အရည်အချင်းရှိတယ်လို့ ယုံကြည်မှုရှိတယ်ဆိုရင် ဦးလေးအာ့ပါးဆီ သွားလိုက်ကြပါ။ ဦးလေးအာ့ပါးကို စိစစ်ကြည့်စေလိုက်ရင် နောက်ပိုင်းကျ ဦးလေးအာ့ပါးက ကျွန်တော့်ဆီ အကြံပြုပေးပါလိမ့်မယ်”
“ရှင်းရှင်းလင်းလင်း ပြောရရင် အနာဂတ်မှာ ဦးလေးအာ့ပါး အကြံပြုပေးထားတဲ့သူဆိုရင် ကျွန်တော့်ဘက်က တွေ့ဆုံဖို့ ဆန္ဒရှိပါတယ်။ အဲဒီလူတွေမှာ အရည်အချင်းရှိမယ်ဆိုရင် ကျွန်တော်က သူတို့ကို ငါးဖမ်းကုန်သည်အဖွဲ့ ဦးစီးမှူးဆီ အကြံပြုပေးပြီး သူတို့ရဲ့အနာဂတ်အတွက် စိတ်ချရစေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ ဘကြီးက အကြံပြုပေးတဲ့သူဆိုရင်တော့ ကျွန်တော် လက်ခံတွေ့မှာ မဟုတ်ပါဘူး။ အားလုံးပဲ ကျွန်တော်ပြောတာကို နားလည်ကြရဲ့လား”
ချန်ကျဲ့၏စကားအဆုံး၌ ဘကြီး၏မျက်နှာမှာ အလောင်းကောင်အလား ဖြူဆုတ်သွားတော့သည်။ အခြားသူများအနေဖြင့် ဖြစ်ပျက်နေသည့်အရာများကို နားမလည်ခဲ့လျှင်သော်မှ သူကတော့ နားလည်ပါသည်။
သူ အဆုံးသတ်သွားလေပြီ။
ချန်ကျဲ့၏ဆိုလိုရင်းမှာ ယခုအချိန်မှ စတင်၍ ချန်မျိုးနွယ်မိသားစုတစ်ခုလုံးအတွက် ပြောရေးဆိုခွင့်ရှိသူမှာ ချန်အာ့ပါးဖြစ်လိမ့်မည်။ သူကိုယ်တိုင်သည်တော့ သူနှင့်ဆက်ယှက်ရမည်ကို လူတိုင်းကြောက်ရွံ့သည့် လူတစ်ယောက် ဖြစ်လာပေလိမ့်မည်။
သူသည် ဒီနေ့အကြံအစည်ကို ပြီးပြည့်စုံစွာ လုပ်ဆောင်နိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။ သူ့ဘက်မှ အကျိုးယုတ်၍ သူ၏ဘက်တော်သားများပါ ဆုံးရှုံးသွားရလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။
အနာဂတ်တွင် မည်သူမျှ သူ့စကားကို နားမထောင်လောက်တော့ပေ။
ထို့နောက်တွင် လူအုပ်ကြီးသည် ချက်ချင်းပင် ချန်အာ့ပါးကို သူတို့ဘယ်တုန်းကမျှ မဖော်ပြခဲ့ဖူးသည့် လေးစားမှုအပြည့်သော အကြည့်များဖြင့် ကြည့်လာကြသည်။
ထိုအခိုက်အတန့်၌ ရှန်းထောင်ရွာသားအားလုံးသည် ချန်အာ့ပါးကို အဆင့်အတန်းမြင့်မားသူအဖြစ် သတ်မှတ်လိုက်ကြတော့သည်။
ချန်ကျဲ့သည်လည်း သူလက်ခံပေးနိုင်မည့် တစ်ခုတည်းသော အကြံပြုလမ်းကြောင်းကို တည်ဆောက်ပြီးစီးခဲ့သည်။