ဘုရားရေ အဲဒါချန်ကျိုစစ်ပဲ!_၄
Vol. 13 Ch. 179
ထိုအချိန်၌ ချန်အာ့ပါး၏မျက်နှာမှာ အနည်းငယ် နီမြန်းနေခဲ့သည်။ ဤသည်မှာ သူ၏ဘဝတွင် ဤသို့ လူအများကြီး၏အကြည့်ကို ပထမဆုံးအကြိမ် ခံယူရခြင်းဖြစ်၏။ ချန်အာ့ပါးသည် ချန်ကျဲ့ဆီသို့ အလိုအလျောက် လျှောက်သွားမိရသည်။
လူအုပ်ကြီးသည် ချန်အာ့ပါးအတွက် လမ်းဖယ်ပေးသည်။ ချန်အာ့ပါးသည် ချန်ကျဲ့ကိုကြည့်လိုက်ပြီး ပြောသည်။
“ကျိုစစ် ငါလုပ်နိုင်ပါ့မလား”
ချန်ကျဲ့ ပြုံးလိုက်ပြီး ပြောသည်။
“ဦးလေးအာ့ပါး ကျွန်တော် ဦးလေးရဲ့အကျင့်စာရိတ္တကို ယုံကြည်တယ်။ ဦးလေးက အကျိုးအမြတ်အတွက်နဲ့ ကိုယ့်ရဲ့အသိစိတ်ကို ဆန့်ကျင်ပြီး ကျွန်တော့်ဆီ လူတွေကို အကြံပြုပေးမှာ မဟုတ်ဘူး။ အဲဒီလူမှာ တကယ်ပဲ အရည်အချင်းရှိနေမှ အကြံပြုပေးလိမ့်မှာ”
ချန်ကျဲ့ လက်ကိုဝှေ့ရမ်းလိုက်သည်။
“ချီချွင်းဟွား”
“ကျိုစစ်”
လူငယ်၁၅ယောက်၏ ခေါင်းဆောင်ဖြစ်သော ချီချွင်းဟွားသည် ချန်ကျဲ့ထံ အပြေးရောက်လာ၏။ ထိုစဉ် ချန်ကျဲ့မှ ပြောသည်။
“ကျွန်တော် မင်းကို တာဝန်တစ်ခုပေးမယ်။ ခဏနေရင် ကျွန်တော်နဲ့ ဟူဇစ်က စီရင်စုကို သွားကြတော့မှာ။ ကျွန်တော် ဦးလေးအာ့ပါးကို ရွာမှာ တစ်ယောက်တည်း ထားခဲ့ရတာ စိတ်မချဘူး။ အဲဒါကြောင့် မင်းအားတဲ့အခါ ဦးလေးအာ့ပါးဆီ မကြာခဏသွားပေးပြီးတော့ တချို့ကိစ္စလေးတွေမှာ ကူညီပေးလိုက်ပါ”
“ညီနောင်ကျိုစစ် မစိုးရိမ်ပါနဲ့။ ဟူဇစ်ရဲ့အဖေက ငါတို့ရဲ့အဖေလိုပါပဲ။ ကိုယ့်အဖေကို ဂရုစိုက်သလို ဦးလေးအာ့ပါးကိုလည်း ငါတို့ဂရုစိုက်ပါ့မယ်”
ချန်ကျဲ့ ချီချွင်းဟွားကို ပခုံးဖွဖွပုတ်လိုက်သည်။ ထို့နောက် ပြောသည်။
“အကယ်၍ အနာဂတ်မှာ ဦးလေးအာ့ပါးက အဆင်ပြေတဲ့သူတစ်ယောက်ယောက် တွေ့ခဲ့ရင် မင်းတို့တွေလည်း အဲဒီလူနဲ့ ထိတွေ့ဆက်ဆံကြည့်။ အဆင်ပြေရင် မင်းတို့ အဲဒီလူကို ဘိုးဘေးကြီးလက်သီးသိုင်း သင်ပေးလို့ရတယ်”
“နားလည်ပါပြီ!”
ချန်ကျဲ့မှ အရည်အချင်းရှိသူကို ရှာဖွေရန်အတွက် အသုံးပြုသည့် အရိုးရှင်းဆုံးနှင့် အကြမ်းတမ်းဆုံးသော နည်းလမ်းမှာ ဘိုးဘေးကြီးလက်ဝါးသိုင်းဖြစ်သည်။ ဘိုးဘေးကြီးလက်သီးသိုင်းကို မြန်မြန်ဆန်ဆန် တတ်မြောက်နိုင်ပြီး အရေပြားသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိနိုင်သူသည် အရည်အချင်းရှိသူဖြစ်သည်။
ဦးလေးအာ့ပါးမှ အကျင့်စာရိတ္တကို စစ်ဆေးပြီး ချီချွင်းဟွားတို့ လူငယ်၁၅ယောက်အုပ်စုသည် အရည်အချင်းကို စစ်ဆေးလိမ့်မည်။
ထိုသို့နှစ်ဖက်နှစ်လမ်းမှ ချဉ်းကပ်လိုက်ပါလျှင် ဤကျယ်ပြောသည့် ရှန်းထောင်မြို့တွင် အရည်အချင်းရှိသူ အနည်းငယ်မျှ ရှာမတွေ့နိုင်ဟု ချန်ကျဲ့ မယုံကြည်ပါချေ။
တကယ်တမ်းတွင် ချန်ကျဲ့သည်လည်း ရွာသားများ၏ အကူအညီကို လိုအပ်ပါ၏။
ထိုအချိန်ကာလများက ရွာသားများသည် အလွန်မှီခိုအားထားရသည်။ အထူးသဖြင့် မျိုးနွယ်မိသားစုများဖြစ်ကြသော ရှန့်ယွီ၏ စစ်သည်တော် ၈၀၀၀၊ လျိုပန်း၏ မိတ်ဆွေများ၊ သူအဓိကစစ်သူကြီးများအားလုံးသည် ဟွိုင်ရှီးဒေသခံ စစ်သူကြီး၂၄ဦးဖြစ်သည့် ကျူးချုံပါးတို့ ဖြစ်သည်။
ကြီးမားသည့်အောင်မြင်မှုကို ဖန်တီးလိုပါက ချန်ကျဲ့သည်လည်း ဤရွာသားများကဲ့သို့ သူပိုင်ဆိုင်သည့် အဓိကအင်အားစုတစ်ခု လိုအပ်ပေသည်။
ချန်ကျဲ့သည် ဟာသပြဇာတ်တစ်ပုဒ်ကို ထက်မြက်စွာ ဖြေရှင်းပြီးခဲ့သည်။ ထိုဖြစ်စဉ်တစ်ခုလုံးကို လူတစ်ယောက်သည် တောက်လျှောက်စောင့်ကြည့်နေခဲ့သည်။ ထိုလူမှာ စစ်ရှီးဖြစ်၏။
ဖုန်းရွှမ်တွင် အရည်အချင်းရှိသည့် လက်ထောက်နှစ်ဦးရှိသည်။ တစ်ဦးမှာ စစ်ရှီးဖြစ်ပြီး နောက်တစ်ဦးမှာ ဖချိုက်ဖြစ်သည်။
စစ်ရှီးသည် လိမ္မာပါးနပ်ပြီး အဓိကအားဖြင့် ဖုန်းရွှမ်၏ လူမှုဆက်ဆံရေးအတွက် တာဝန်ရှိပြီး ဖုန်းရွှမ်၏ အတွင်းရေးလက်ထောက်အဖြစ် တာဝန်ထမ်းဆောင်သည်။
ဖချိုက်သည် သိုင်းပညာကောင်းမွန်သောကြောင့် ဖုန်းရွှမ်၏ ကိုယ်ရံတော်မှူးအဖြစ် တာဝန်ထမ်းဆောင်သည်။
ဖုန်းရွှမ်သည် စစ်ရှီးကို ချန်ကျဲ့နှင့် ထိတွေ့ဆက်ဆံရန် တိုက်ရိုက်စေလွှတ်လိုက်ခြင်းမှာ ချန်ကျဲ့မှာ မည်သို့လူမျိုးဖြစ်သည်ကို သိချင်စိတ်ပြင်းပြနေသောကြောင့်ဖြစ်သည်။
စစ်ရှီး၏အမြင်အရ ချန်ကျဲ့သည် အမှန်တကယ်ပင် တစ်မူထူးခြားသည့် အရည်အချင်းရှိသူတစ်ယောက် ဖြစ်ပေသည်။ ဤဘကြီးဟူသော လူအိုကြီးကို ကိုင်တွယ်ဖြေရှင်းပုံမှာ ပေါ့တန်သည်ဟု ထင်ရနိုင်သော်ငြား ချန်ကျဲ့၏ လူမှုဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်သည့်ပုံစံအား မြင်တွေ့နိုင်ပေသည်။
ရလဒ်သည် စစ်ရှီး မျှော်မှန်းထားသည်ထက် ပို၍သာလွန်ပေသည်။
သူ၏ အရေးကိစ္စများကို ကိုင်တွယ်သည့်နည်းလမ်းသည် နည်းစနစ်ကျပြီး ပြောင်းလွယ်ပြင်လွယ်ဖြင့် လိုက်လျောညီထွေရှိသည်။
တသီးတခြား မောက်မာထောင်လွှားနေဟန် မရှိသကဲ့သို့ အထင်မြင်သေးလောက်အောင် ဂုဏ်အရှိန်အဝါ ကျဆင်းသွားခြင်းမျိုးလည်း မရှိပေ။ သူ၏လုပ်ဆောင်မှုများသည် လူ့သဘာဝကို ဖမ်းဆုပ်ရာတွင် အတော်လေး ကျွမ်းကျင်ပြီး ဤသည်မှာ အတွေ့အကြုံမရှိသူတစ်ဦး၏ စွမ်းဆောင်ရည်မျိုး မဟုတ်ပေ။
ထိုသို့တွေးလျက် စစ်ရှီး မျက်လုံးအိမ်တို့ကို မှေးကျဉ်းလိုက်သည်။ ကြည့်ရသည်မှာ ချန်ကျိုစစ်သည် ထင်ရှားသန်မာသည့် သိုင်းပညာအရည်အချင်းရှိရုံမျှမက အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းသည့် နည်းဗျူဟာသည်လည်း အထင်ကြီးလောက်ပေသည်။
တကယ့်ကိုပဲ ခန်းမအရှင်သခင်ရဲ့ မွေးစားသားတွေက ဘယ်သူမှ မရိုးရှင်းကြဘူးပဲ!
ထိုသို့တွေးတောလျက် စစ်ရှီးသည် ရထားလုံးဘေးတွင် မလှုပ်မယှက် ရပ်နေခဲ့သည်။
ထို့နောက် ချန်ကျဲ့သည် ဦးလေးအာ့ပါးနှင့် အဒေါ်အာ့ပါးတို့ကို စကားပြောရန် အိမ်ထဲသို့ ဖိတ်ကြားသည်။ ရှောင်ဟူသည်တော့ လူငယ်၁၅ယောက်ကို ဦးဆောင်၍ ချန်ကျဲ့၏အိမ်တံခါးဝတွင် စောင့်ကြပ်ကြသည်။ သူတို့သည် မိမိ၏ သဘောဆန္ဒအလျောက် လုံခြုံရေးဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်ကြလေသည်။
ချန်ကျဲ့သည် အိမ်ထဲသို့ရောက်သော် အိမ်တွင်ကျန်နေသည့် ပြောင်းဆန်များ၊ ဂျုံများ၊ ဆီနှင့် အခြားသော နေ့စဉ်အသုံးအဆောင်များကို ဦးလေးအာ့ပါးတို့မိသားစုကို ပေးခဲ့သည်။
ချန်ကျဲ့တို့သည် ထိုပစ္စည်းများကို မြို့သို့ယူသွားရန်လည်း မတတ်နိုင်ပေ။ ထို့ကြောင့် ဦးလေးအာ့ပါးတို့ကိုသာ ပေးခဲ့ပြီး အိမ်သော့လည်း အပ်ခဲ့ကာ ကြည့်ရှုစောင့်ရှောက်ပေးပါရန် တောင်းဆိုခဲ့သည်။ သူ၏ ဤအိမ်ခြံဝင်းကို ချီချွင်းဟွားနှင့် လူငယ်လေးများ သိုင်းလေ့ကျင့်ရေးကွင်းအဖြစ် အသုံးပြုနိုင်သည်ဟုလည်း ပြောခဲ့သည်။
အားလုံး စီစဉ်နေရာချပြီးသော် စူးယွင်ကျင်းလည်း ချန်ကျဲ့ ဝယ်ပေးထားသည့် အဝတ်အစားကို လဲဝတ်ပြီးခဲ့သည်။
သူမသည် အောက်ဘက်ပိုင်းတွင် ပန်းရောင် အလွှာအထပ်လေးများ ပါဝင်သည့် အပြာရောင် ရူချွင်ရိုးရာဝတ်စုံကို ဝတ်ဆင်ထားသည်။ ၎င်းဝတ်စုံထက်တွင် နွေဦးပန်းလေးများ ချည်ထိုးထားရှိရာ သူမ၏ နူးညံ့သိမ်မွေ့ကာ ကြော့ရှင်းတင့်တယ်သည့် အသွင်အပြင်ကို ပို၍ထင်ပေါ်နေစေသည်။
သူမ၏ ကျေးလက်ဇာတိမှ အငွေ့အသက်ကို ခြေရာခံမိရန်ပင် ခက်ခဲလှပေသည်။
ဤသည်မှာ စာပေပညာရှင်ကြီးစူးမှ စူးယွင်ကျင်းကို ငယ်ရွယ်စဉ်ကတည်းက လေ့ကျင့်သင်ကြားပေးခဲ့သည့် စာပေပညာရှင်မျိုးရိုး၏ အငွေ့အသက်ဖြစ်သည်။
စာပေပညာရှင်မျိုးရိုးဟူသည် အမှန်တကယ်ပင် ထင်ရှားပေါ်လွင်လှပါ၏။
ကလေးမလေးသည် အနီရောင်ဝတ်စုံလေးကို ဝတ်ဆင်ထားကာ ဆံပင်လေးများကို ခေါင်းချည်ကြိုးလှလှလေးများဖြင့် ချည်ပေးထား၏။ သို့ဖြစ်ရာ ကလေးမလေး စူးယွင်ရွေ့မှာ ပန်းချီကားချပ်ထဲမှ ထွက်လာသည့် ကြွေရုပ်လေးနှင့်ပင် ဆင်တူနေတော့သည်။
အရမ်းလှပ၏။
ဤသို့ ငယ်ရွယ်သည့် အသက်အရွယ်ကလေးတွင်ပင် ဤကလေးမလေးသည် အလှလေးတစ်ဦး၏ အသွင်အပြင်ကို ပိုင်ဆိုင်ထားရှိကြောင်း ငြင်းဆန်မရနိုင်ပေ။
သူမ၏ မမစူးယွင်ကျင်းကဲ့သို့ပင် ဖြစ်၏။ သခင်ကြီးစူးသည် ဤညီအစ်မနှစ်ယောက်ကို ကောင်းမွန်စွာ ပျိုးထောင်နိုင်ခဲ့သည်ဟု ဆိုနိုင်ပေသည်။
အခြားသူကဲ့သို့ ပြောင်းလဲသွားသည့် အမျိုးသမီးလေးကို ကြည့်၍ အဒေါ်အာ့ပါးမှာ မထိန်းချုပ်နိုင်စွာ အသက်ပြင်းပြင်း ရှူထုတ်မိလိုက်ရ၏။
“ဘုရားရေ ဒီလောက်နှစ်တွေအတွင်းမှာ ယွင်ကျင်းက ဘယ်လောက်တောင် လှပတယ်ဆိုတာ ငါမသိခဲ့ရပါလား။ ကျိုစစ် မင်းတကယ် ရတနာလေးကို ရှာတွေ့ထားတာပဲ”
ထိုအခါ ချန်ကျဲ့ ရယ်မောလိုက်ပြီး ပြောသည်။
“ဟားဟား ဟုတ်ပါရဲ့ဗျာ။ ကောင်းကင်ဘုံက ကျွန်တော့်ကို ဂရုဏာထားတော်မူလို့ ကျွန်တော့်ကို ကယ်တင်ပေးဖို့ရာ နတ်သမီးလေးတစ်ပါး စေလွှတ်လိုက်တာလေ”
ထို့နောက် ချန်ကျဲ့ ဆက်ပြောလိုက်သည်။
“အဒေါ်အာ့ပါး၊ ဦးလေးအာ့ပါး ကျွန်တော်တို့် သွားတော့မယ်။ ဟူဇစ်လည်း ကျွန်တော်နဲ့အတူ လိုက်မှာဆိုတော့ အိမ်မှာ သေချာဂရုစိုက်နေပါနော်။ ကျွန်တော်တို့ မြို့မှာ အခြေကျတာနဲ့ ဟူဇစ်က ဦးလေးတို့နေဖို့အတွက် ခြံဝင်းလေးတစ်ခု ဝယ်ပေးလိမ့်မယ်”
ဦးလေးအာ့ပါးမှ ပြန်ပြောသည်။
“ငါက အဲဒီလိုကံဇာတာမှာ မပျော်မွေ့နိုင်ပါဘူးကွာ”
“ဟုတ်တယ်ကျိုစစ်၊ ငါတို့က မြို့ပေါ်က နေထိုင်မှုပုံစံနဲ့ မရင်းနှီးဘူး။ နေ့တိုင်း ခြံဝင်းသေးသေးလေးထဲမှာ အကျဉ်းကျသလိုနေရမှာထက် ငါတို့အသိအကျွမ်းတွေရှိတဲ့ ဒီရွာမှာ နေရတာက ပိုကောင်းပါတယ်။ ပြီးတော့ လက်ရှိဘဝအခြေအနေကလည်း အရင်ထက် ပိုကောင်းနေပြီလေ”
အဒေါ်အာ့ပါးမှ လေးနက်စွာဖြင့် ထပ်ဖြည့်ပြောသည်။
ချန်ကျဲ့ ခေါင်းညိတ်လိုက်ပြီး ပြောခဲ့သည်။
“အမ်း အဒေါ်အာ့ပါး၊ အဲဒီအပြင်က လူငယ်၁၅ယောက်လုံးက အကုန် ကျွန်တော်တို့လူတွေပဲ။ ခေါင်းဆောင်က ချီချွင်းဟွားလို့ခေါ်တယ်။ အဒေါ်တို့ တစ်ခုခုလိုအပ်တာရှိရင် သူ့ကိုပြောလို့ရတယ်။ ဟူဇစ်က အနားမှာနေပြီး အဒေါ်တို့ကို စောင့်ရှောက်မပေးနိုင်တော့ဘူးဆိုတော့ သူတို့က ဟူဇစ်အစား အဒေါ်တို့ကို စောင့်ရှောက်ပေးပါလိမ့်မယ်”
ချန်အာ့ပါးမှ ပြောသည်။
“သိပြီ သိပြီ ပြီးတော့လည်း ကျိုစစ် ငါတို့က မင်းနဲ့ အဆက်အသွယ်ရှိနေမှတော့ ဘယ်သူမှ ငါတို့ကို နှောင့်ယှက်ရဲမှာ မဟုတ်ပါဘူး။ ပြီးတော့ သမားတော်ပိုင်နဲ့ ဦးစီးမှူးဝူတို့ကလည်း မင်းကြောင့် ငါတို့ကို ဂရုစိုက်မှာပါပဲ။ ငါတို့အဆင်ပြေမှာပါ၊ မင်း ငါတို့အတွက် စိုးရိမ်မနေပါနဲ့တော့”