ဘုရားရေ အဲဒါချန်ကျိုစစ်ပဲ!_၅
Vol. 13 Ch. 180
“မင်းကသာ အရာရာဈေးကြီးတဲ့ မြို့ကို သွားရမှာ”
ဦးလေးအာ့ပါးမှ ပြောသည်။
“အဲဒါကြောင့် မင်းအဒေါ်နဲ့ငါ မင်းတို့ယူသွားဖို့ ငွေစအချို့ ပြင်ဆင်ထားပေးတယ်”
ထိုစကားတွင် အဒေါ်အာ့ပါးသည် အနီရောင်အဝတ်အိတ်လေးတစ်လုံးကို ထုတ်ယူ၍ စူးယွင်ကျင်းကို ပေးသည်။ ထို့နောက် ပြောသည်။
“ယွင်ကျင်း ကောင်မလေး ဒါက အဒေါ် မင်းအတွက် ပေးတာပါ*
ထိုအခါ စူးယွင်ကျင်းသည် အမြန်ငြင်းဆန်သည်။
ချန်ကျဲ့လည်း ငြင်းဆန်ရန် ကြိုးစားသည်။
“ဦးလေးအာ့ပါး ဒီငွေတွေက ဦးလေးနဲ့ အဒေါ်တို့ ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး စုဆောင်းထားရတဲ့ ပိုက်ဆံတွေလေ။ ကျွန်တော် မယူနိုင်ပါဘူး၊ ကျွန်တော် ဒီတိုင်း မယူနိုင်…”
“ကျိုစစ် ဦးလေးလည်း အများကြီးမပေးနိုင်ပါဘူးကွာ”
ဦးလေးအာ့ပါးမှ ပြန်လည်ချေပသည်။
*အဲ့တော့ ခရီးစရိတ်အဖြစ်ပဲ သုံးလိုက်ပေါ့။ ပြောကြတာတော့ ဆင်းရဲနွမ်းပါးတဲ့မိသားစုမှာ ကြွယ်ဝတဲ့လမ်းကြောင်း ရှိတယ်တဲ့။ မြို့ပေါ်မှာ အရာအားလုံးက ပိုက်ဆံလိုအပ်တယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပိုက်ဆံမရှိလို့ဆိုပြီး သူများလှောင်ရယ်တာ မခံရစေနဲ့။ ဒီငွေတွေကို ယူထားလိုက်၊ မင်း နောက်ပိုင်း မြို့မှာ ငွေစအချို့ ရှာနိုင်တဲ့အခါမှ ပြန်ပေးပေါ့…”
ဦးလေးအာ့ပါးသည် ငွေပေးခြင်းကို နည်းနည်းလေးမှ အလျှော့မပေးချေ။
ချန်ကျဲ့သည်လည်း တကယ့်ကို လက်မခံနိုင်ပေ။ ဝူကျုံး၏ငွေကို လက်ခံခြင်းမှာ ငါးဖမ်းကုန်သည်အဖွဲ့ ဦးစီးမှူးဖြစ်သော ဝူကျုံးတွင် ငွေရှာရန်နည်းလမ်းများစွာ ရှိနိုင်သောကြောင့် ဖြစ်သည်။
သို့သော် ဦးလေးအာ့ပါးသည် ထိုသို့ မဟုတ်ပေ။ ဦးလေးအာ့ပါးသည် ဝါးခြင်းတောင်းရက်လုပ်သူ ဖြစ်၏။ ဤမျှပမာဏအတွက် ခြင်းတောင်းမည်မျှအထိ ရက်လုပ်ရန် လိုအပ်လိမ့်မည်နည်း။
ဦးလေးအာ့ပါးသည် သူ၏စုဆောင်းငွေအားလုံးကို ပေးနေခြင်း ဖြစ်ပေသည်။
အကြိမ်ပေါင်းများစွာ ဖျောင်းဖျခြင်းနှင့် တွန်းလိုက်ဆွဲလိုက်သော စကားဝိုင်းအဆုံး၌ ချန်ကျဲ့သည် နောက်ဆုံးတွင်တော့ ဦးလေးအာ့ပါးကို ဖျောင်းဖျနိုင်ခဲ့သည်။ ဦးလေးအာ့ပါးသည် သက်ပြင်းချလိုက်ပြီး ဇနီးဖြစ်သူကို ပိုက်ဆံပြန်သိမ်းရန် ပြောလိုက်သည်။ သို့သော် ချန်ကျဲ့သို့ ဆက်ပြောသည်။
“ဦးလေး ဒီပိုက်ဆံကို မင်းအတွက် သိမ်းထားပေးမယ်။ မင်းလိုအပ်တဲ့အချိန် ဘယ်အချိန်ဖြစ်ဖြစ် လာတောင်းယူလှည့်ပါ”
“ကျွန်တော် သိပါပြီ”
ချန်ကျဲ့ ပြန်ပြောလိုက်သည်။
ချန်ကျဲ့ ထွက်သွားပြီးနောက်တွင် ဦးလေးအာ့ပါးသည် ပိုက်ဆံကို ဟူဇစ်အား ပေးလိုက်သည်။
“ဟူဇစ် ဒီပိုက်ဆံတွေကို ယူထားလိုက်၊ ဖြုန်းတီးမပစ်လိုက်နဲ့ဦး။ အကယ်၍များ မင်းအစ်ကိုကျိုစစ် ပိုက်ဆံလိုလာခဲ့ရင် ဒီပိုက်ဆံကိုယူသွားပြီး အရေးပေါ်သုံးစွဲဖို့ ကူညီပေးလိုက်ပါ”
ဟူဇစ်သည် အနီရောင်အဝတ်အိတ်လေးကို ဖွင့်ကြည့်လိုက်ရာ အရောင်မှိန်ဖျော့နေသည့် ငွေချောင်းသုံးချောင်းကို မြင်လိုက်ရသည်။ ၎င်းသည် ငွေသုံးတုံးကျော်ခန့်မျှ တန်ဖိုးရှိနိုင်၏။
ဤငွေများမှာ အိုမင်းနေပြီဖြစ်သော ဤဇနီးမောင်နှံနှစ်ယောက်မှ နေ့နေ့ညည အလုပ်လုပ်ကိုင်၍ စုဆောင်းထားခြင်းဖြစ်ကြောင်း သိရှိထားရာ ဟူဇစ်သည် ငြင်းဆန်လိုခဲ့သည်။ သို့သော် သေချာစဉ်းစားတွေးတောပြီးနောက်တွင် မိမိ၏အိတ်ထဲသို့ ထည့်သိမ်းလိုက်တော့သည်။
“သခင်၅”
စစ်ရှီးသည် ချန်ကျဲ့ထွက်လာသည်ကို မြင်တွေ့လိုက်၏။ ချန်ကျဲ့၏နောက်မှ စူးယွင်ကျင်းနှင့် စူးယွင်ရွေ့တို့လည်း ထွက်လာကြသည်။
စူးယွင်ကျင်းကို မြင်လိုက်ရသည်တွင် စစ်ရှီးသည် အနည်းငယ် အံ့အားသင့်သွားရသည်။ မြစ်နောက်ကမ်းပါးရွာငယ်လေးမှ ဤသို့ ကြော့ရှင်းတင့်တယ်သည့် အမျိုးသမီးတစ်ဦး ထွက်ပေါ်လာလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပါချေ။
ချန်ကျိုစစ်က တကယ့်ကို ကံကောင်းတဲ့သူပဲ!
စစ်ရှီးသည် စိတ်ထဲမှ ထိုသို့တွေးနေရင်း ခြေနင်းခုံကိုလည်း အမြန်နေရာချပေးသည်။ ချန်ကျဲ့သည် စူးယွင်ကျင်းကို ရထားလုံးပေါ်သို့တက်ရန် ကူညီပေးပြီး စူးယွင်ရွေ့ကို ချီတင်ပေးသည်။ ထို့နောက် သူလည်း တက်လိုက်သည်။ ထိုအခါ စစ်ရှီးသည် ခြေနင်းခုံကို ဖယ်လိုက်သည်။
ချန်ကျဲ့ ဟူဇစ်ကို ခေါ်လိုက်ရာ ဟူဇစ်သည် ရထားလုံး၏ တခြားတစ်ဖက်ရှိ တန်းပေါ်တွင် ထိုင်လိုက်သည်။
သို့ဖြင့် ရထားလုံးသည် ရွာသားများစွာ၏ အကြည့်များအောက်၌ ထွက်ခွာသွားတော့သည်။
အားလုံးသည် ခံစားချက်များပြည့်လျှံလျက် သက်ပြင်းချလိုက်ကြ၏– နောက်ဆုံးတော့ ရှန်းထောင်ရွာလေးမှ အလားအလာကောင်းမွန်သည်တစ်ယောက် ထွက်ပေါ်လာခဲ့လေပြီ။
ရွာသားတို့သည် အားကျခြင်းကြီးစွာဖြင့် အပြန်အလှန် ဆွေးနွေးပြောဆိုနေကြရင်း အိမ်ပြန်ခဲ့ကြသည်။ သူတို့အားလုံးသည် ချန်ကျိုစစ်၏ အောင်မြင်မှုကို လေးစားအားကျနေစဉ် တစ်ပြိုင်နက်တည်းတွင် သူတို့၏ ကံကောင်းမှု နည်းပါးလွန်းလှသည့် ကံကြမ္မာကို ဝမ်းနည်းပူဆွေးနေကြလေသည်။
ချန်ကျိုစစ်သည် ရှန်းထောင်ရွာ၏ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်လာခဲ့သည်။
ချန်ကျဲ့၏အဆင့်အတန်း ဆက်လက်မြင့်မားလာခြင်းနှင့်အတူ ချန်ကျိုစစ်သည် တဖြည်းဖြည်းနှင့် ရှန်းထောင်ရွာ၏ဂုဏ်ဆောင် ဖြစ်လာခဲ့သည်။
အဘိုးချန်နှင့် မရေမတွက်နိုင်အောင်များပြားသည့် ရှန်းထောင်ရွာ၏ လူကြီးသူမများသည် ဤသို့ပြောကြလိမ့်မည်။
“အရင်တုန်းက သူက ငါတို့ရွာမှာ နေခဲ့တာလေ။ ငါတို့ကို အဘိုးလို့ မကြာခဏ နှုတ်ဆက်လေ့ရှိခဲ့တာကွ!”ဟူ၍။
ရထားလုံးသည် ရှေ့သို့ ခရီးနှင်နေသည်။
ရထားလုံးထဲ၌ ရွေ့ရွေ့သည် လိုက်ကာစကို ဘေးကပ်၍ စူးစမ်းလိုစိတ်ပြင်းပြစွာဖြင့် အပြင်ဘက်ရှိ ရင်းနှီးနေသော ရှုမြင်ကွင်းများ တစ်စထက် တစ်စ ပို၍ဝေးကွာလာနေသည်အား ကြည့်နေခဲ့သည်။
ရွေ့ရွေ့သည် တွေဝေခြင်းနှင့် စိတ်ဝင်စားသည့် ခံစားချက်တို့ ရောယှက်နေလျက် မေးလာသည်။
“အစ်ကိုကြီး၊ ရွေ့ရွေ့တို့ မြို့မှာ အရသာရှိတဲ့ ပေါက်စီတွေ၊ ဖက်ထုပ်တွေ၊ သစ်သီးသကြားလုံးတွေ စားလို့ရမှာလားဟင်”
ထိုအခါ ချန်ကျဲ့မှ ပြန်ပြောသည်။
“မြို့ပေါ်က အစားအသောက်တွေက ပိုလို့တောင် အရသာရှိသေးတယ်”
ထိုစဉ် ချန်ကျဲ့သည် စူးယွင်ကျင်း၏စိတ်အခြေအနေ မကောင်းမွန်လှကြောင်း သတိထားမိ၍ မေးလိုက်သည်။
“မိန်းမ ဘာဖြစ်လို့လဲ”
“ဘာမှ မဟုတ်ပါဘူး”
စူးယွင်ကျင်းမှ ပြန်ပြောသည်။
ဇနီးဖြစ်သူ၏ ဤသို့စိတ်အခြေအနေကို မြင်တွေ့နေရရာ ချန်ကျဲ့သည် သူမ၏လက်ကို ဆုပ်ကိုင်လိုက်သည်။ ဤသည်မှာ သူမအတွက် ရင်းနှီးကျွမ်းဝင်နေသည့် နေရာပတ်ဝန်းကျင်မှ ပထမဆုံးအကြိမ်အဖြစ် ထွက်ခွာကာ ပတ်ဝန်းကျင်နေရာအသစ်သို့ ပြောင်းရွှေ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူမ၏ စိုးရိမ်ပူပန်မှုကို ချန်ကျဲ့ နားလည်နိုင်ပါသည်။
ချန်ကျဲ့၏ အရင်ဘဝက တခြားနေရာတွင် စာလေ့လာရန်အတွက် ဇာတိမြို့လေးမှ ထွက်လာခဲ့ချိန်ကလည်း ဤသို့ခံစားခဲ့ရဖူးသည်။ ရထားပေါ်တွင် ထိုင်နေရင်း ရင်းနှီးကျွမ်းဝင်နေခဲ့သည် မြင်ကွင်းများ ဝေးကွာကျန်ရစ်ခဲ့သည်ကို ပြတင်းပေါက်မှတစ်ဆင့် ကြည့်နေခဲ့သည်– ကင်းကွာခြင်းသည် အမှန်တကယ်ပင် စိတ်အားငယ်မှုကို ခံစားရစေပါ၏။
ဤသို့အချိန်မျိုးတွင် မည်မျှပမာဏသော နှစ်သိမ့်မှုဖြစ်စေ အသုံးဝင်လိမ့်မည် မဟုတ်ပေ။ သူလုပ်နိုင်သည့်အရာမှာ သူမ၏လက်ကို ဆုပ်ကိုင်ကာ “ကိုယ်ဒီမှာ ရှိနေပါတယ်၊ ဒီတစ်ကြိမ်တော့ ကိုယ်တကယ် မင်းအနားမှာ ရှိနေပါတယ်”ဟူ၍ သူမကို သိရှိစေရန်သာ ဖြစ်ပေသည်။
ရထားလုံးသည် ရှန်းထောင်မြို့သို့ လမ်းတစ်လျှောက်လုံးကို တချောက်ချောက် တကျွီကျွီဖြင့် ဖြတ်သန်းလာခဲ့သည်။
မြို့အဝင်ဝသို့ ရောက်သောအခါ ရထားလုံး ရပ်တန့်သွား၏။ ချန်ကျဲ့သည် ထိုနေရာတွင် စောင့်ဆိုင်းနေသည့် ဖန်းရှစ်ကျုံးနှင့် အခြားသူများကို နှုတ်ဆက်ရန် ရထားလုံးပေါ်မှ ဆင်းလိုက်သည်။
အပြန်အလှန် နှုတ်ဆက်ပြီးနောက် ဖန်းရှစ်ကျုံးသည် ခံ့ညားထည်ဝါသော အဝါရောင်လည်ဆံမွေးရှည်မြင်းကြီးပေါ်သို့ စီးနင်းသွားသည်။ ဖန်းရှစ်ကျုံး၏နောက်၌ ဖုန်းရွှမ်နှင့် ကျန်းချွမ်တို့သည်လည်း ကိုယ်စီ မြင်းစီးနင်း၍ လိုက်ပါကြသည်။ ကျန်လက်ရွေးစင်အဖွဲ့သားများသည် ခြေလျင်လျှောက်ရသည်။
ချန်ကျဲ့ကို လိုက်ပါပို့ဆောင်သူများတွင် ပိုင်မိသားစု၏ သားအဖနှစ်ဦးအပြင် ငါးဖမ်းကုန်သည်အဖွဲ့သားများလည်း ပါဝင်ကြသည်
ထို့ေနာက် သမားတော်ပိုင်မှ ပြောသည်။
“ကဲ သွားချိန်တန်ပြီ။ ငါတို့က တစ်သက်လုံးအတွက် နှုတ်ဆက်နေကြတာ မဟုတ်ဘူး။ အဲဒီလောက်လည်း အဝေးကြီး မဟုတ်ဘူး။ မင်း အချိန်ရတဲ့အခါ အလည်ပြန်လာခဲ့ပေါ့”
“ဟုတ်ကဲ့ပါ ဆရာ”
ချန်ကျဲ့မှ ပြန်ပြောသည်။
သခင်မပိုင်မှ ထပ်ပေါင်းပြောလာသည်။
“ဟုတ်တယ် မင်းအချိန်ရတဲ့အခါ ယွင်ကျင်းနဲ့ ရွေ့ရွေ့တို့ကိုခေါ်ပြီး အလည်ပြန်လာခဲ့နော်။ ငါ သူတို့အကြိုက်ဆုံး ငါးကြင်းနှပ်ချက်ထားလိုက်မယ်”
“ကျေးဇူးပါ အဒေါ်”
ချန်ကျဲ့ ပြန်တုံ့ပြန်သည်။
ဝူကျုံးမှ ပြောသည်။
“အင်း ကျိုစစ်၊ ကျားဖြူခန်းမရဲ့ အခြေအနေကလည်း အတော်လေး ရှုပ်ထွေးတယ်။ အဲဒီကိုရောက်ရင် သေချာဂရုစိုက်ပါ။ မင်းရဲ့ ဘယ်ညီနောင်ကိုမှ ပေါ့သေးသေး မတွေးလိုက်နဲ့”
ချန်ကျဲ့ ခေါင်းညိတ်သည်။
ဝူကျုံးမှ ဆက်ပြောသည်။
“ဒါပေမဲ့ မင်းသူတို့ကို အရမ်းစိုးရိမ်ဖို့ မလိုအပ်ဘူး။ ရှန်းထောင်မြို့ ငါးဖမ်းကုန်သည်အဖွဲ့တစ်ခုလုံးက မင်းနောက်မှာ ရှိနေတယ်။ သူတို့ မင်းကို အရမ်းတွန်းအားပေးခဲ့ရင် သူတို့လည်း နောက်ဆက်တွဲအကျိုးဆက်တွေကို ထည့်သွင်းစဉ်းစားရလိမ့်မယ်”
ထိုအခါ မနီးမဝေးရှိ တခြားသူမှ တွဲကူထားခံရသော လီစန်းတင်းမှ ပြောသည်။
“ဟုတ်တယ် ညီနောင်ကျိုစစ်၊ မင်း စိုးရိမ်ဖို့ မလိုအပ်ဘူး။ အခုအချိန်က စပြီးတော့ ငါတို့အားလုံး မင်းနောက်မှာရှိနေမယ်”
အခြားသူများမှလည်း ထိုစကားကို ပဲ့တင်ထပ်၍ ပြောကြသည်။
ဖန်းရှစ်ကျုံး ထွက်ခွာမသွားမီတွင် ကိုယ်ရေးကိုယ်တာ ချိန်းဆိုမှုများ လုပ်ဆောင်ခဲ့သည်ဟု ဆိုနိုင်သည်။
ဥပမာဆိုရသော် ဝူကျုံးသည် ရှန်းထောင်မြို့ ငါးဖမ်းကုန်သည်အဖွဲ့၏ ဦးစီးမှူးအဖြစ် ဆက်လက်ရှိနေပြီး ရွာအကြီးအကဲရာထူးကိုလည်း ရရှိခဲ့သည်။
လီစန်းတင်းသည် သင်္ဘောခေါင်းဆောင်ကြီးအဖြစ် ရာထူးတိုးသွားခဲ့ပြီး အခြားအဖွဲ့သားများသည်လည်း ရာထူးတစ်ဆင့်စီ မြင့်သွားကြသည်။
သို့သော် သင်္ဘောခေါင်းဆောင်၅ ကျိုးချူသည် လိုက်ပါပို့ဆောင်ခြင်းတွင် မပါဝင်ခဲ့ပေ။
အဲဒီလူ ဘယ်ရောက်သွားပါလိမ့်။
ချန်ကျဲ့ သိချင်နေခဲ့သည်။ စုံစမ်းမေးမြန်းကြည့်ပြီးနောက်တွင် ကျိုးချူမှာ အိမ်ပြန်သွားသည်ဟု ထင်ရပေသည်။