လွန်ခဲ့သည့်နှစ်တစ်သောင်းက နတ်မယ်၏ဗျူဟာ
Vol. 21 Ch. 315
ကောင်းကင်ဂိတ်တောင်ထိပ်တွင် အဆောက်အဦးခြောက်ခုရှိသည်။
တာအိုရှင်ဝစီပိတ်၏ လှိုဏ်ဂူ။ ဖုန်တက်နေသည်။ ဘယ်သူမှ သန့်ရှင်းရေးမလုပ်ချင်ကြ။
ယွမ်ကျိ၏ သစ်သားအိမ်။
လုယန်၏ လှိုဏ်ဂူ
လုယန်နှင့်ယွမ်ကျိတို့ အစားအသောက်အတွက်သုံးသည့် မီးဖိုဆောင်။
စည်းဝေးခန်းမ။
ဂိုဏ်းချုပ်နေသည့် လှိုဏ်ဂူ။ ယခု ယွမ်ကျိက ဂိုဏ်းကိစ္စများ ဖြေရှင်းသည့်နေရာအဖြစ် သုံးသည်။
"အမယွမ်၊ နတ်မယ်ရဲ့ မီးဖိုချောင်က ဘယ်မှာလဲ"
လုယန် ဘေးပတ်လည်သို့ လှည့်ကြည့်သော်လည်း မီးဖိုနှင့်တူသည့်အရာ ဘာမှမမြင်။
"စိတ်မလောပါနဲ့"
ယွမ်ကျိ အင်္ကျီလက်ထဲ ခဏမွှေနှောက်လိုက်သည်။ အနုစိတ်ဖန်တီးထားသည့် အဆောက်အဦးတစ်ခု ထုတ်လိုက်သည်။ လက်ဝါးအရွယ်ရှိသည်။ လက်ရာမြောက်စွာထွင်းထုထားသည့် ကျောက်စိမ်းတုံးလေးဖြစ်သည်။
"ဒါငါ့မီးဖိုချောင်ပဲ"
ထာဝရနတ်မယ် စိတ်လှုပ်ရှားစွာ အပြင်သို့ထွက်လာသည်။
"ဒါက နတ်မယ်ရဲ့မီးဖိုလား။ သူ့မီးဖိုက ထာဝရအရှင်ရဲ့ ရုပ်ထုထဲမှာလို့ ထင်ထားတာ"
ယွမ်ကျိက ရုပ်ထုကို သယ်ထုတ်လာမည်ဟု လုယန်ထင်ခဲ့သည်။
နတ်မယ်က ယွမ်ကျိထက်အရင်ရှင်းပြသည်။
"အရင်က ငါ့မီးဖိုဟာ ဘယ်လိုလုပ် ရုပ်ထုထဲမှာရှိမှာလဲ။ တစ်ယောက်ယောက်က လေဟာနယ်စွမ်းအားသုံးပြီး ထည့်ထားတာ။ ဒါကိုရှောင်ယွမ်က ပြန်ထုတ်ခဲ့တာဖြစ်မှာပေါ့"
သူအတော်ပျော်နေဟန်ရှိသည်။ ယွမ်ကျိကိုပင် 'ရှောင်ယွမ်'ဟု ခေါ်နေသည်။
ယွမ်ကျိက အသေးအဖွဲကိစ္စများကို စိတ်ထဲမထည့်တော့ဘဲ နတ်မယ်နှင့်ဆွေးနွေးသည်။
"စီနီယာ၊ ကောင်းကင်ဂိတ်တောင်ထိပ်မှာ စားသောက်တဲ့လူဆိုလို့ လုယန်နဲ့ကျွန်မပဲရှိတယ်။ မီးဖိုချောင်နှစ်ခုမလိုအပ်ဘူး။ ဒီတော့ မူလမီးဖိုချောင်နေရာမှာ ရှင့်မီးဖိုချောင်နှင့် အစားထိုးလိုက်ဖို့ စိတ်ကူးထားတယ်။ ဘယ်လိုသဘောရလဲ"
လုယန် - "..."
"ကောင်းတာပေါ့"
နတ်မယ် ချက်ချင်းသဘောတူသည်။ မီးဖိုချောင်တစ်ခုတော့ သုံးဖို့လိုသည်။ သူ့မီးဖိုချောင်က ယခုရှိနေသည့် မီးဖိုချောင်ထက် ပိုအဆင့်မြင့်သည်။
ယွမ်ကျိ ဘယ်လက်ကိုဆန့်ထုတ်၍ မူလမီးဖိုချောင်ရှိရာသို့ မှော်တံဆိပ်တစ်ခု ပို့လွှတ်လိုက်သည်။ မီးဖိုချောင်က အလိုလိုကျုံ့၍ သူ့အင်္ကျီလက်အတွင်းသို့ ဝင်လာသည်။
"ဪ...ဒါက စကြာဝဠာအင်္ကျီလက်ပညာပဲ"
ပစ္စည်းချုံ့သည့် မှော်ပညာများစွာရှိသည်။ ဘယ်ပညာကိုသုံးနေမှန်း နတ်မယ်သေချာမသိခဲ့။ ယခု ယွမ်ကျိသုံးသည့်ပညာကို လက်တွေ့မြင်မှ သူအတည်ပြုနိုင်သွားသည်။
စကြာဝဠာအင်္ကျီလက်ပညာသည် အဆင့်မြင့်လေဟာနယ်ထိန်းချုပ်ပညာဖြစ်သည်။ မှော်လက်စွပ်များနှင့်မတူပေ။ သက်ရှိအရာများကိုပါ သိမ်းဆည်းနိုင်စွမ်းရှိသည်။ အင်္ကျီလက်ထဲတွင်ကမ္ဘာငယ်လေးတစ်ခု ဖန်တီးနိုင်သည်။ ထိုအင်္ကျီလက်ပညာကို ကျွမ်းကျင်သူတစ်ယောက်၏ လက္ခဏာတစ်ခုဟု သတ်မှတ်ကြသည်။
စကြာဝဠာအင်္ကျီလက်ပညာကို အသုံးပြုမည်ဆိုလျှင် ပထမဦးစွာ အင်္ကျီလက်ပွဝတ်ဖို့လိုသည်။
လက်ပွအင်္ကျီသည် တိုက်ခိုက်ရာတွင် အတော်အဆင်မပြေ။ ယွမ်ကျိလို ထာဝရနတ်မယ်လို ကိုယ့်အစွမ်းကို ယုံကြည်မှုအပြည့်ရှိသူများသာ ဝတ်ဆင်ကြသည်။
"ဒီပညာကို ငါအရင်က မကြာခဏသုံးတယ်။ စားသောက်စရာတွေ အင်္ကျီလက်ထဲ ထည့်သိမ်းထားပြီး အားတဲ့အခါတိုင်း ထုတ်စားတယ်။
ကုတင်တောင်ထည့်ထားလို့ရတယ်။ ကိုယ်အိပ်ချင်တဲ့အခါ အိပ်လို့ရတာပေါ့။ တစ်ခါတုန်းက ပင်လယ်ဘေးကဖြတ်သွားရင်း ငါးတွေးနဂါးတွေ ကူးခတ်နေတာမြင်တယ်။ ငါ့ကုတင်ကို ပင်လယ်ရေပြင်ပေါ်ပစ်ချပြီး လှဲအိပ်တယ်။ လှိုင်းစီးတယ်။ ပင်လယ်လေပြေကို ခံစားတယ်။ အရမ်းဇိမ်ကျခဲ့ပါတယ်"
နတ်မယ်မျက်နှာတွင် အတိတ်ကိုပြန်သတိရနေသည့်အရိပ်များ ပေါ်နေသည်။
"ဒီပညာမျိုးက လူတွေရုတ်တရက် အံ့ဩသွားအောင်လည်း လုပ်နိုင်တယ်။
ချီလင်တို့က ငါချက်ပြုတ်ထားတာတွေစားရမှာကို အားနာတတ်တော့ အမြဲတမ်းရှောင်ကြတယ်လေ။ အဲတော့ ငါက အစားအသောက်ကို အင်္ကျီလက်ထဲထည့်ပြီး သူတို့ဆီသွားလည်တယ်။
လာလည်ရုံသက်သက်ပဲလို့ထင်ပြီး သူတို့က ကြိုဆိုတယ်။ အိမ်ထဲရောက်တာနဲ့ ငါကအစားအသောက်တွေ ရုတ်တရက်ထုတ်ခင်းပြီး သူတို့အံ့ဩသွားအောင် လုပ်လိုက်တယ်"
လုယန် ထိုမြင်ကွင်းကို ခဏတွေးကြည့်သည်။ မသေမျိုးလေးယောက် ဘယ်လောက်စိတ်ပျက်သွားကြမည်ကို မှန်းဆဖို့ပင် ခဲယဉ်းလှသည်။
"ဒါပေမယ့် ဒီလှည့်ကွက်ကို ခဏခဏတော့ သုံးလို့မရဘူး"
"ဘာလို့လဲ"
"အစားအသောက်နံ့တွေ တစ်ကိုယ်လုံးနံစော်လာတယ်လေ"
ထာဝရနတ်မယ် နှာခေါင်းရှုံ့၍ပြောသည်။
နတ်မယ်၏ မီးဖိုချောင်ကို ယွမ်ကျိ လေထဲသို့ပစ်မြှောက်လိုက်သည်။ လေထဲတွင် တဖြေးဖြေးကြီးလာသည်။ နောက်ဆုံးတွင် လုယန်၏လှိုဏ်ဂူအရွယ်အစားလောက်ဖြစ်လာသည်။
ထိုအရွယ်အစားသည့် အကြီးဆုံးအနေအထား မဟုတ်သေး။ မီးဖိုချောင်ကို လေဟာနယ်မှော်အစွမ်းဖြင့် ချုံ့ထားခြင်းဖြစ်သည်။ အတွင်းပိုင်းက မယုံနိုင်လာက်အောင် ကျယ်ပြန့်သည်။
ပြီးခဲ့သည့်တစ်ခေါက်က လုယန်တို့ အမြန်လှည့်ပတ်ကြည့်ခဲ့ရခြင်းဖြစ်သည်။ မရောက်ခဲ့သည့်နေရာ များစွာကျန်သေးသည်။
နတ်မယ်၏ညာလက် လျင်မြန်စွာလှုပ်ရှားသွားပြီး တံဆိပ်များဖန်တီးနေဟန်ရှိသည်။
"နင်တို့နှစ်ယောက်လုံးကို မီးဖိုချောင်ထဲဝင်ခွင့်ပေးမယ်။ အခုချိန်ကစလို့ နင်တို့ကြိုက်တဲ့အချိန် ဝင်နိုင်ပြီ။ ငါတို့က မိသားစုတွေပဲ။ အားနာစရာမလိုပါဘူး"
စကားဆုံးသည်နှင့် နတ်မယ်က တံဆိပ်တစ်ခု လုယန်ဆီ ပိုလွှတ်လိုက်သည်။ ရိုးရှင်သည့် တံဆိပ်တစ်မျိုးဖြစ်သည်။ နတ်မယ်မျက်နှာတွင် ထူးဆန်းသည့်အပြုံးရိပ်တစ်ခု ရှိနေသည်။
လုယန် အံ့ဩနေချိန်မှာပင် တံဆိပ်က သူ့ခန္ဓာကိုယ်ထဲ ပေါင်းစပ်ပျောက်ကွယ်သွားသည်။ မီးဖိုချောင်နှင့် ဆက်နွယ်မှုတစ်ခုရလာသလို ခံစားရသည်။ အတွေးတစ်ချက်ဖြင့် ဝင်နိုင်မည့်အာရုံမျိုး ရနေသည်။
ယွမ်ကျိကလည်း တံဆိပ်ကိုမတားဆီး။ သူ့ခန္ဓာကိုယ်ထဲ ပေါင်းစပ်ခွင့်ပြုလိုက်သည်။
"ပြောရရင် ရှေးမသေမျိုးလေးယောက်ကိုလည်း ဒီတံဆိပ်မျိုး ငါပေးထားတယ်။ ငါ့မီးဖိုချောင်ကို သူတို့စိတ်ကြိုက်ဝင်နိုင်အောင်လို့ပါ။
ငါ့လှိုဏ်ဂူတည်ဆောက်ပြီးတော့ သူတို့ကိုဖိတ်ခေါ်တယ်။ ငါဘယ်လောက်ပြောပြော လာလည်ရုံပဲလာကြတယ်။ ငါချက်ကျွေးတာတွေကို လုံးဝမစားဘူး။
ငါစိတ်မကောင်းဖြစ်တာပေါ့။ သူတို့က ကြယ်ကမ္ဘာတွေ အလင်းနှစ်တွေ အများကြီးဖြတ်ကျော်ပြီးမှ လာကြရတာလေ။ ထမင်းတစ်နပ်လောက်တော့ စားသင့်တာပေါ့။
ဒါပေမယ့် သူတို့က မစားဘူးလို့ပဲငြင်းတယ်။ ဒါကြောင့် သူတို့ကို ငါ့မီးဖိုချောင်တံဆိပ်ကို ပေးလိုက်တယ်။ အချိန်မရွေးဝင်နိုင်အောင်လို့ပေါ့။
သူတို့က လက်ခံတယ်။ ပြီးတော့ သူတို့က ရထားတဲ့ တံဆိပ်အသစ်ကို စမ်းသပ်ကြည့်ချင်ကြလို့ မီးဖိုတံခါးကိုဖွင့်ပြီးဝင်တယ်"
"ပြီးတော့ရော"
ထာဝရနတ်မယ် မခိုးမခန့်ပြုံးသည်။
"ဒီတံဆိပ်က မီးဖိုချောင်ထဲကို စိတ်ကြိုက်ဝင်နိုင်တယ်လို့ပဲ ငါပြောခဲ့တာလေ။ ပြန်ထွက်လို့မရဘူး"
ထို့နောက် နတ်မယ်က နှာခေါင်းတစ်ချက်ရှုံ့သည်။
"သူတို့အထဲရောက်ပြီးတာနဲ့ ထမင်းမစားဘဲပြန်ထွက်လို့ မရတော့ဘူးပေါ့။ ငါ့အချက်အပြုတ်စွမ်းရည်လည်း နင်သိသားပဲ။ လက်ရာကောင်းလွန်းတော့ သူတို့က ပန်ကန်ပြားပါ ပြောင်အောင်လျက်ကြတာ။ ဗိုက်အပြည့်စားပြီးရင် တစ်ရေးတစ်မောတောင် အိပ်ကြသေးးတယ်။ မီးဖိုချောင်ထဲ အိပ်ယာပါထည့်ထားလို့ တော်သေးတယ်။ မဟုတ်ရင် သူတို့ ကြမ်းပြင်ပေါ်မှာ အိပ်ရမှာ။
တစ်ရေးနိုးမှ ငါ့ကိုနှုတ်ဆက်ပြီး ပြန်သွားကြတာ"
လုယန် အခြေအနေတစ်ခုကို စိတ်ကူးကြည့်ရင်း ကြက်သီးထလာသည်။
လူငယ်လေးယောက် ညအမှောင်အောက်တွင် စွန့်ပစ်ရဲတိုက်တစ်ခုသို့ စူးစမ်းလေ့လာရန် အရဲစွန့်၍ ရောက်လာမည်။ ရဲတိုက်တံခါးကို ဖြေးညှင်းစွာဖွင့်လိုက်မည်။ အထဲတွင် အမှောင်ထုမှလွဲ၍ ဘာမှမမြင်ရဘဲ လရောင်ကိုပင် ဝါးမျိုထားမည်။
ရုတ်တရက် ရဲတိုက်တံခါးများ ဝုန်းခနဲပိတ်သွားမည်။ ဆီမီးအိမ်များ လင်းလာမည်။ ရဲတိုက်သခင်မက တောက်ပသည့်အနီရောင်ဝတ်စုံ မျက်နှာကျက်မှ ပျံဆင်းလာမည်။ "ရောက်လာပြီဆိုမှတော့ ထွက်သွားဖို့မစဉ်းစားနဲ့"ဟု ပြောမည်။
လူငယ်လေးယောက် ထိတ်လန့်တုန်လှုပ်သွားမည်။ ရဲတိုက်ထဲ ဝင်စူးစမ်းမိသည့်အဖြစ်ကို နောင်တရကြမည်။
ဤဇာတ်လမ်းကို အနာဂတ်မျိုးဆက်များထံ လက်ဆင့်ကမ်း၍ ပြောကြမည်။ ဇာတ်လမ်းနာမည်က "ထာဝရနတ်မယ်၏ ထာဝရနည်းဗျူဟာ - ရှေးမသေမျိုးလေးယောက်ကို သတိလစ်မေ့မျောအောင် ပါးနပ်စွာ အနိုင်ယူလှည့်စားခြင်း" ဟု လူအများ သိကြပေလိမ့်မည်။
ကြောက်စရာကောင်းလွန်းသည့် ဉာဏ်စွမ်းဖြစ်သည်။
လုယန် ရုတ်တရက် ပြန်သတိရလာသည်။
"နေပါဦး...ဒါဆို ခုနကခင်ဗျားကျုပ်တို့ကို ပေးခဲ့တဲ့တံဆိပ်က..."
နတ်မယ်က ပုံမှန်လေသံဖြင့် ပြောသည်။
"ဪ...သူတို့ကို ထမင်းစားပြီးရင် လွတ်လွတ်လပ်လပ် ပြန်ထွက်လို့ရတဲ့ တံဆိပ်ကို ငါပေးခဲ့တာပါ။ နင်တို့နှစ်ယောက်ကို ပေးခဲ့တာလည်း အဲလိုတံဆိပ်မျိုးပဲလေ"
***********************************************