ရှေးဟောင်းခေတ်မှ နိုးထလာသည့် ပါရမီရှင်
Vol. 21 Ch. 302
"ချင်သခင်လေးက ရတနာကို ဘယ်လိုရှာမှာလဲ"
ချင်သခင်လေး တဟက်ဟက်ရယ်သည်။
"ဘာကြောင့် ကျုပ်ရတနာကို ဒီမြို့မှာဝှက်ထားခဲ့တယ်ထင်လဲ သခင်မီ။ ကျုပ်ကြုံရာကျပမ်း ရွေးချယ်ခဲ့တယ်ထင်လား။ မဟုတ်ဘူးဗျ မဟုတ်ဘူး။
ဒီထင်းရှူးမြို့ဟာ ဘာကြောင့်နာမည်ကျော်တယ်ထင်လဲ"
"သရဲမတွေကြောင့်လား"
မြို့အကြောင်းတွေးချိန်တွင် သခင်မီစိတ်ထဲ စွမ်းဆောင်ရည်အကောင်းဆုံး သရဲမသုံးယောက်ကိုသာ ပြေးမြင်သည်။
ထိုသရဲမသုံးယောက်ကို သူတို့အတွေ့အကြုံနှင့် နည်းနာများအကြောင်း အစီရင်ခံစာရေးခိုင်းပြီး သူကတစ်ဆင့် ထိပ်တန်းဂိုဏ်းဝင်များထံ အောင်မြင်နိုင်ခြေရှိသည့် နည်းဗျူဟာများအဖြစ် ပြန်တင်ပြသည်။ သို့မှသာ ယန်စွမ်းအင်ရေရှည်စုပ်ယူသည့်ကိစ္စ တိုးတက်အောင်လုပ်နိုင်မည်။ ဂိုဏ်းထဲမှ သရဲများ၏ ရှင်သန်မှုနှုန်းကို တိုးမြှင့်နိုင်မည်။ ယန်စွမ်းအင်စုဆောင်းမှုနှုန်းကိုလည်း တိုးမြှင့်နိုင်မည်။
သူ့လက်အောက်တွင် သူရဲပေါင်းရာချီရှိနေကြောင်း ရှောင်ချီတို့သုံးယောက်က မသိကြ။ ဇွဲကောင်းကောင်းဖြင့် ယန်စွမ်းအင်စုဆောင်းပေးနေကြသည်။
သို့သော် ထိုသရဲသုံးယောက် စွမ်းဆောင်ရည်မြင့်မှသာ သခင်မီ၏ အလေးပေးမှုကိုရမည်။
သခင်မီအဖြေကြောင့် ချင်သခင်လေး ဒေါသကိုအတင်းချုပ်တည်းလိုက်ရသည်။ သူ့မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။
"ထင်းရှူးပင်တွေကြောင့်ပါ။ ထင်းရှူးပင်တွေဟာ သရဲတွေကို အဟာရပေးနိုင်တယ်။ ယင်နဲ့ယန်လောကနှစ်ခုကြား ဆက်သွယ်နိုင်တဲ့ ရှားပါးပစ္စည်းတွေပဲ။ ငရဲကိုးထပ်ဖြစ်တည်မှုကို ကျုပ်တို့ဂိုဏ်းက ယုံကြည်တယ်။ ထင်းရှူးပင်တွေက ကျုပ်တို့ဂိုဏ်းရဲ့ဓမ္မနဲ့ ကိုက်ညီတယ်။
ကျုပ်အတိတ်ဘဝတုန်းက ဒီကိစ္စတွေကို ကောင်းကောင်းကျွမ်းကျင်ခဲ့လို့ ထင်းရှူးပင်တွေကို အလေးပေးခဲ့တယ်။ ထင်းရှူးမြို့ဟာ ထင်းရှူးပင်တွေပေါများတဲ့အတွက် ကျုပ်ရဲ့စိတ်ကို အလိုလိုဆွဲဆောင်နိုင်ခဲ့တယ်။
ဒါကြောင့် ထင်းရှူးပင်တွေအောက်မှာ ရတနာကို မြှုပ်နှံပြီး မှော်တံဆိပ်အထပ်ထပ်ကာထားခဲ့တာ။ ဒီမြို့ရဲ့ ယင်စွမ်းအင်လွှမ်းမိုးမှုကြောင့် ဝိညာဉ်အာရုံတွေ၊ ကံကြမ္မာစွမ်းအားတွေ၊ အနာဂတ်မြင်စွမ်းအားတွေနဲ့ ဒါကိုမရှာနိုင်ဘူး။ ပကတိမျက်လုံးနဲ့ပဲ ဒါကိုရှာတွေ့နိုင်မှာ"
ချင်သခင်လေးက အတိတ်အတွေ့အကြုံများကို ပြန်အောက်မေ့မိနေသကဲ့သို့ အခိုင်အမာပြောသည်။
အမှန်တော့ ဂိုဏ်းချုပ်ချင်၏ရတနာ ဘယ်နေရာဝှက်ထားမှန်း သူလုံးဝမသိ။ သို့သော် သူ့နောက်တွင် ကံကြမ္မာတာအိုကျွမ်းကျင်သည့် ထိပ်တန်းဂိုဏ်းအကြီးအကဲတစ်ယောက်က ထောက်ပံ့ပေးထားသည်။ အတိုင်းအတာတစ်ခုအထိ အကုန်အကျခံပြီး ချင်ဟော်ရန် ရတနာဝှက်ထားနိုင်သည့်နေရာကို အကြမ်းဖျင်းမှန်းဆတွက်ချက်ခဲ့ကြသည်။
ထိုအကြီးအကဲ ခန့်မှန်းထားသည့်နေရာက ထင်းရှူးပင်ဖြစ်သည်။
ထိုသဲလွန်စရှိနေသဖြင့် အချိန်အတိုင်းအတာတစ်ခုထိ မြို့ထဲတွင် စနစ်တကျ ဖြန့်ကျက်ရှာဖွေရုံသာရှိတော့သည်။ တစ်နေ့နေ့တွင် သူရှာတွေ့လိမ့်မည်။
သခင်မီကိုလည်း တစ်ချိန်လုံးစောင့်ကြည့်ခိုင်းထားသဖြင့် နောင်တစ်ချိန် အကောင်းဆုံးမျက်မြင်သက်သေဖြစ်လာမည်။
သူသည် ဂိုဏ်းချုပ်ချင်လူဝင်စားဖြစ်ကြောင်း အတည်ပြုနိုင်လိမ့်မည်။
"ဒါပေမယ့် လူဝင်စားသံသရာကိစ္စက အရမ်းရှုပ်ထွေးတယ်။ အကြောင်းရင်းတွေအများကြီး ပါဝင်ပတ်သက်နေတယ်။ အောင်အောင်မြင်မြင် လူပြန်ဝင်စားနိုင်ခဲ့ပေမယ့် လူဝင်စားသံသရာရဲ့ ပဟေဠိတွေအားလုံးကို ကျုပ်နားမလည်သေးဘူး။ ကျုပ်ရဲ့အတိတ်မှတ်ဉာဏ်တစ်ချို့ကိုပဲ ဖွင့်နိုင်ခဲ့တယ်။ ရတနာရဲ့ နေရာအတိအကျကို ရှင်းရှင်းလင်းလင်း မမှတ်မိဘူး"
ချင်သခင်လေးက ခေါင်းကိုခါရမ်းလျက် ဝမ်းနည်းရိပ်အပြည့်ဖြင့် ပြောသည်။
"ဒါဆို မနက်ဖြန် ထင်းရှူးမြို့ကို ယန်စွမ်းအင်သွားစုဆောင်းစရာရှိတယ်။ ချင်သခင်လေး ကျုပ်နဲ့အတူလိုက်ခဲ့မလား"
"ကောင်းတာပေါ့"
....
နောက်တစ်နေ့မနက် သခင်မီက ချင်သခင်လေးကို ထင်းရှူးမြို့ ဘုံကျောင်းပျက်သို့ ခေါ်သွားသည်။
ဘုံကျောင်းပျက်ရှေ့သို့ရောက်ပြီးနောက် နေရာကိုသိပ်သဘောမကျသဖြင့် ချင်သခင်လေး မျက်မှောင်ကျုံ့သည်။
"ဒီမှာလား"
သခင်မီ ပြုံးလိုက်သည်။
"ဒီနေရာကို အထင်မသေးပါနဲ့ သခင်လေး။ လတိုင်း ယန်စွမ်းအင်တွေ အများကြီးပေးနိုင်တဲ့နေရာပါ။ ဒီမြို့တစ်ခုတည်းတင် မြို့ငယ်ခုနစ်ခုရှစ်ခုစာလောက် ယန်စွမ်းအင်တွေ စုဆောင်းနိုင်ပါတယ်။ တစ်ခါတစ်လေ ဒီထက်တောင်ပိုများပါတယ်"
"စိတ်ဝင်စားစရာပဲ။ ထပ်ပြောပြပါဦး"
"ဒီမှာ သရဲမသုံးယောက်ရှိပါတယ်။ သူတို့အတိတ်ဘဝနဲ့ နာမည်ရင်းတွေကို မေ့နေကြပြီ။ ဒါကြောင့် သူတို့ကို ရှောင်ဝူ၊ ရှောင်လျိုနဲ့ ရှောင်ချီဆိုပြီး နာမည်ပေးထားတယ်။ သူတို့ထဲမှာ ရှောင်ချီက အငယ်ဆုံးနဲ့ ဉာဏ်အထက်ဆုံးပဲ။ ကျင့်စဉ်စွမ်းအားလည်း အမြင့်ဆုံးပါ။ အခြေတည်ထိပ်တန်းအဆင့်ရှိတယ်။ သူ့အမနှစ်ယောက်က အလတ်တန်းဆင့်ပါ"
ချင်သခင်လေး အံ့အားသင့်သွားသည်။ ပုံမှန်ဆိုလျှင် ဤထင်းရှူးမြို့လိုနေရာတစ်ခုတွင် အခြေတည်ထိပ်တန်းအဆင့် သရဲတစ်ကောင် ပြုစုပျိုးထောင်ဖို့မလွယ်။ ထိုရှောင်ချီသည် အမှန်တကယ် ပါရမီထူး၍သာဖြစ်မည်။
"ရှောင်ဝူ၊ ရှောင်လျို၊ ရှောင်ချီ...ထွက်ခဲ့ပါ"
သခင်မီ အမိန့်ပေးလိုက်သည်။
သရဲမသုံးယောက် ဘုံကျောင်းထဲမှပျံထွက်လာပြီး 'သခင်မီ'ဟု မဝံ့မရဲ နှုတ်ဆက်ကြသည်။ ကြားရသူတိုင်း နှလုံးသားအရည်ပျော်သွားနိုင်သည့် လေသံမျိုးဖြစ်သည်။
သူတို့လက်ထဲတွင် အဖြူရောင်ကျောက်စိမ်းပုလင်းတစ်လုံးစီကိုင်ထားသည်။ ပြီးခဲ့သည့်လအတွင်း စုစည်းထားသည့် ယန်စွမ်းအင်များဖြစ်သည်။
ချင်သခင်လေး စိတ်အားတက်ကြွလာသည်။ ရုပ်လှသည့် မိန်းကလေးကျင့်ကြံသူများ သရဲမများ သူမြင်ဖူးပါသည်။ သို့သော် ထိုသုံးယောက်...အထူးသဖြင့် ရှောင်ချီ၏အလှပ ပြိုင်ဘက်ကင်းအလှမျိုးဖြစ်သည်။
ချင်သခင်လေးကို မြင်ရသဖြင့် ရျောင်ချီတို့လည်း အံ့အားသင့်နေသည်။ ပုံမှန်ဆိုလျှင် သခင်မီတစ်ယောက်တည်းသာ လာလေ့ရှိသည်။ ယနေ့ လူပိုတစ်ယောက် ပါလာသည်။
အစီအစဉ်ထဲတွင် ထိုလူပိုမပါ။
"သခင်မီ၊ ကျုပ်ကို ဒီသရဲသုံးယောက် ခဏငှားနိုင်မလား။ သူတို့က ကျုပ်ကိုရတနာကူရှာပေးဖို့ ဒီမြို့ထဲမှာ အချိန်အကြာကြီး လှည့်လည်နေခဲ့ကြရတာဆိုတော့လေ"
ပိုင်ဆိုင်လိုစိတ်အပြည့်ဖြင့် ချင်သခင်လေး တောင်းဆိုသည်။
"စိတ်မပူပါနဲ့ သခင်မီ။ သူတို့က သခင်မီအတွက် ငွေရှာပေးတဲ့လူတွေဆိုတာ ကျုပ်သိပါတယ်။ ကျုပ်က ခဏပဲငှားမှာပါ။ ရတနာကို ရှာတွေ့တာနဲ့ ခင်ဗျားဆီပြန်ပေးပါ့မယ်။ ဘယ်လိုသဘောရလဲ။
သခင်မီ တုံ့ဆိုင်းသွားသည်။ အမှန်အတိုင်းပြောရလျှင် သူမငှားချင်။ သို့သော် သူ့ရှေ့မှလူက ဂိုဏ်းချုပ်ချင်လူဝင်စားဟု သတ်မှတ်ထားကြသူဖြစ်သည်။ ထိုလူမျိုးကို ကလန်ကဆန်လုပ်လျှင် နောက်ပိုင်းတွင် ပြဿနာတက်နိုင်သည်။
ထို့ကြောင့် အံကိုတင်းတင်းကြိတ်၍ သူဆုံးဖြတ်လိုက်ရသည်။
"ရပါတယ်။ သူတို့ကို ကျုပ်ငှားလိုက်ပါ့မယ်"
ဝိညာဉ်အချုပ်အနှောင်လွှဲပေးရန် မှော်တံဆိပ်တစ်ခု သူစတင်ဖန်တီးသည်။
ရုတ်တရက် သူမျက်နှာပျက်သွားသည်။ မင်သက်မိနေသည့် ချင်သခင်လေးကိုဆွဲပြီး အမြန်နောက်ဆုတ်လိုက်သည်။
ဓားရိပ်သုံးခု ကောင်းကင်မှကျလာပြီး သူရပ်နေခဲ့သည့်နေရာသို့ ရိုက်ခတ်သွားသည်။
ဓားစွမ်းအင်များက ပြင်းထန်လွန်းသဖြင့် မြေပြင်ကို တို့ဟူးသားလို နက်ရှိုင်းစွာ ထိုးခွဲသွားသည်။ ထို့နောက် ပြန်လည်ပျောက်ကွယ်သွားသည်။
သခင်မီ တုန်လှုပ်နေဆဲဖြစ်သည်။ ထိုဓားစွမ်းအင်သုံးခုသည် သူ့သေကွင်းသေကွက်များကို ချိန်ရွယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အန္တရာယ်ကို အာရုံခံ၍ အတိုင်းအတာတစ်ခုထိ ရှောင်တိမ်းနိုင်သည့် သူ့ကျင့်စဉ်စွမ်းအားကြောင့်သာမဟုတ်လျှင် ထိုဓားချက်များကိုကာကွယ်ဖို့ သူ့အသက်ကယ်ရတနာကို သုံးခဲ့ရပေလိမ့်မည်။
ထိုရတနာကလည်း သူ့ကံကြမ္မာနှင့်အသက်ကိုရင်းထားသည့် ရတနာဖြစ်သည်။
"ဖျောင်း ဖျောင်း ဖျောင်း"
ခပ်အေးအေး လက်ခုပ်တီးသံ သရဲမသုံးယောက်နောက်မှ ပေါက်လာသည်။ စိုးရိမ်ကြောင့်ကြကင်းသည့် လူငယ်တစ်ယောက်ဖြစ်သည်။
"သခင်မီ၊ တကယ်ကျွမ်းကျင်တဲ့ သိုင်းကွက်ပဲ။ ဒီဓားသုံးချက်ဟာ ခင်ဗျားကိုမသတ်နိုင်ရင်တောင် အနည်းဆုံးတော့ ဒဏ်ရာရသွားသင့်တာ။ ဒီလောက်ပေါ့ပေါ့ပါးပါး ရှောင်တိမ်းနိုင်မယ်လို့ ထင်မထားဘူး"
ဖုန်မှုန့်များ လွင့်ပျယ်သွားပြီးနောက် လူငယ်လေးယောက်ပေါ်လာသည်။ ငယ်ရွယ်နုပျိုသည့် ယောက်ျားသုံးယောက် မိန်းမတစ်ယောက်ဖြစ်သည်။ သူတို့နှင့်ယှဉ်လျှင် ဂိုဏ်းချုပ်ချင်လူဝင်စားပင် အရောင်မှိန်သွားသယောင်ရှိသည်။
"မင်းတို့ဘယ်သူလဲ"
သခင်မီ လှမ်းမေးသည်။ အဆိုးဆုံးကိုရင်ဆိုင်ရန် အသင့်ပြင်ထားသည်။ တစ်ဘက်လူက သူ့အကြောင်းသိနေသည်။ ကြိုတင်ပြင်ဆင်ထားသည်မှာ သေချာသည်။ သူ့လို နတ်ဝိညာဉ်အဆင့်တစ်ယောက်ကို လုံးဝကြောက်ရွံ့ဟန်မရှိ။
အရေးကြီးဆုံးအချက်က ထိုလေးယောက်က အခြေတည်ထိပ်တန်းအဆင့်နှစ်ယောက် ရွှေသန္ဓေအခြေခံအဆင့်နှစ်ယောက်ဖြစ်သည်။ ခုနကဓားချက်များသည် ရွှေသန္ဓေအခြေခံအဆင့်တစ်ယောက်၏ ဓားချက်ဖြစ်မည်။
သို့သော် ထိုဓားစွမ်းအင်မှ အန္တရာယ်အငွေ့အသက်ကို သူဘာကြောင့်ခံစားခဲ့ရသည်မသိ။
ဘယ်လိုပါရမီရှင်မျိုးမှန်း သူမသိ။
ထိပ်တန်းအဆင့်ဂိုဏ်းများပင် ထိုပါရမီရှင်းမျိုး မွေးထုတ်နိုင်သည်မဟုတ်။ မသေမျိုးငါးဂိုဏ်းသာ ထိုကဲ့သို့ ပြိုင်ဘက်ကင်းပါရမီရှင်များကို ပြစုပျိုးထောင်နိုင်သည်။
သို့မဟုတ် မဟာရှားနိုင်ငံက ကူးဖြတ်ချင်းအဆင့်ထိ လေ့ကျင့်ပေးရန် ရွေးချယ်ထားသူများဖြစ်မည်။
မည်သို့ဆိုစေ အခြေအနေက မကောင်းလှ။
"မသေမျိုးငါးဂိုဏ်းကလား။ ရုံးတော်ကလား"
ပြဿနာတက်မည့်အရိပ်မြင်သည်နှင့် သခင်မီ ထွက်ပြေးရန် အသင့်ပြင်ထားသည်။
လူငယ်လေးယောက်ထဲမှ လက်ခုပ်တီးနေသည့်ခေါင်းဆောင်က သူ့အဖြစ်ကို အရေးစိုက်ဟန်မရှိဘဲ အေးအေးလူလူဖြင့် ပြန်ပြောသည်။
"ခင်ဗျားက ကိုးငရဲဂိုဏ်းက သခင်မီဆိုတာဖြစ်မယ်"
ထိုလူငယ်က မော့ပင်မကြည့်ဘဲ လက်သည်းများကို သန့်ရှင်းရေးလုပ်နေသည်။
"ကျုပ်နာမည် လုယိယန်ပါ"
လုယန် ဖျတ်ခနဲ ခေါင်းမော့လာသည်။ သူ့အကြည့်က ဓားနှစ်လက်လို ထက်မြက်သည်။ သခင်မီ ရင်ဆိုင်မကြည့်ရဲ။
သခင်မီ အဆက်မပြတ် မျက်တောင်ခတ်နေသည်။ ထိုလူငယ်မျက်နှာတွင် ဘာအပြောင်းအလဲမှမရှိ။ အားလုံးကို ကြိုတွက်ထားပြီးသကဲ့သို့ ဖြစ်နေသည်။
"ကျုပ်တို့အကြောင်း သခင်မီမကြားဖူးလောက်ဘူး"
လုယန် ခပ်ညှင်းညှင်းရယ်နေသည်။
"မသေမျိုးငါးဂိုဏ်းဆိုတာ ဘာလဲ။ ရှားနိုင်ငံဆိုတာ ဘာလဲ။ ကျုပ်တို့အားလုံးဟာ ရှေးဟောင်းခေတ်မှာ မသေမျိုးဖြစ်ဖို့ ကံဇာတာပါခဲ့တဲ့ ပါရမီရှင်တွေပါ။ ကံဆိုးချင်တော့ ယန်ထန်မသေမျိုးတို့လူစုက ကျုပ်တို့ပါရမီကို မနာလိုဖြစ်ပြီး မသေမျိုးကျင့်စဉ်လမ်းကို နှောက်ယှက်ပိတ်ဆို့ခဲ့တယ်။ ဒါကြောင့် အိပ်စက်ရုံကလွဲပြီး တစ်ခြားရွေးစရာမရှိခဲ့ဘူး။ အခုမှ မသေမျိုးရာထူးအတွက် ပြိုင်ဆိုင်ပြီး ကျုပ်တို့ကောင်းကင်ရုံးတော်ရဲ့ ဂုဏ်သရေကိုပြန်ယူဖို့ နိုးထလာတာပါ"