ကောင်းကင်ရုံးတော်ဂိုဏ်း
Vol. 21 Ch. 303
ရှေးဟောင်းခေတ်ပါရမီရှင်များ။
ယင်ထန်မသေမျိုး မနာလိုဖြစ်ခဲ့ရသည်။
ထိုစကားနှစ်ခွန်းကြောင့် သခင်မီ အံ့အားသင့်နေသည်။
မဟာကပ်နီးလာသည်နျင့် ရှေးစွမ်းအားရှင်များစွာ နိုးထလာသည်။ တစ်ချို့က မဟာယုခေတ်မှ တစ်ချို့က မဟာချန်ခေတ်မှ လူများဖြစ်သည်။ စုစည်းခြင်းထိပ်တန်းအဆင့်ရောက်နေသည့် ထိုစွမ်းအားရှင်များ၏ ကျင့်စဉ်အခြေခံက အလွန်တရာခိုင်ခံသည်။ ကူးဖြတ်ခြင်းအဆင့်သို့တက်ပြီး မသေမျိုးအခွင့်အလမ်းအတွက် ယှဉ်ပြိုင်ဖို့ အရည်အချင်းမီကြသည်။
သို့သော် ရှေးဟောင်းခေတ်မှ နိုးထလာသည့်ကျင့်ကြံသူဟု တစ်ခါမှမကြားဖူး။
ယခု ထိုလူလေးယောက်၏ ကျင့်စဉ်အဆင့်နှင့် တိုက်ခိုက်စွမ်းအားက အတုမဖြစ်နိုင်။ ရွှေသန္ဓေအဆင့်က နတ်ဝိညာဉ်အဆင့်ကို တန်းတူဆက်ဆံနိုင်သည်မှာ ရှားပါးဖြစ်ရပ်ဖြစ်သည်။ သမိုင်းဝင်မှတ်တမ်းတင်ထိုက်သည်။
သူတို့လေသံအရ မသေမျိုးငါးဂိုဏ်းနှင့် ရှားနိုင်ငံကိုလည်း မျက်လုံးထဲထည့်ပုံမပေါ်။
သူတို့အမူအရာကလည်း ဟန်ဆောင်နေသည့်ပုံစံ လုံးဝမရှိ။
တကယ်အမှန် ဖြစ်လေသလော။
ထိုကိစ္စက တကယ်ကြောက်စရာကောင်းသည်။ တကယ်မှန်နေလျှင် လူတိုင်းလိပ်ပြာလွင့်မတတ် ခြောက်ခြားသွားနိုင်လောက်သည်။ သူ့လို နတ်ဝိညဉ်အဆင့်လောက်နှင့် သွားမရှုပ်သင့်။
သို့သော် မူမမှန်သည့်အချက်တစ်ခုကို သခင်မီ ချက်ချင်းနားလည်လာသည်။ ခုနကဓားစွမ်းအင်သည် သူတို့တိုက်ခိုက်ခြင်း ဟုတ်ချင်မှဟုတ်မည်။ အကြီးအကဲတစ်ယောက်၏ ဓားမှော်အဆောင်ကို သုံးခဲ့ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
"ဒီလိုလာလှည့်စားချင်တယ်ပေါ့"
သူတို့လှည့်ကွက်ကို ခန့်မှန်းမိပြီဟု သခင်မီ ခံစားလိုက်ရသည်။ အနက်ရောင်စွမ်းအင်များ သူ့နှလုံးပတ်လည်တွင် ဝေ့ဝဲလှုပ်ရှားလာသည်။ ဓားကိုင်သရဲတစ်ကောင် ပေါ်လာသည်။ သခင်မီနှင့် ပေါင်းစပ်သွားသည်။
သခင်မီ၏စွမ်းအင်ရောင် အကြီးအကျယ်ပြောင်းလဲသွားသည်။ အရိုးဓားကိုကိုင်ထားသည်။ လူငယ်လေးယောက်ကို သတ်ဖြတ်၍၍ အလွယ်တကူ လာလှည့်စားမရကြောင်း ပြသတော့မည့် သရဲစစ်သူကြီးတစ်ယောက်အသွင်ဖြစ်နေသည်။
ထိုပညာသည် အစိတ်အပိုင်းငါးခုသရဲထိန်းချုပ်ကျင့်စဉ်ပညာဖြစ်သည်။ သရဲငါးကောင်ကို ကိုယ်အင်္ဂါငါးခုတွင် မွေးမြူထားသည်။ တိုက်ခိုက်ရာတွင် သရဲများက ကျင့်ကြံသူကို ဝင်ပူးကပ်နိုင်သည်။ ထိန်းချုပ်နိုင်သည်။ အနီးအဝေးတိုက်ခိုက်မှုနှစ်ခုလုံး လုပ်နိုင်သည်။
လုယန်နောက်ဘက်မှ လူတစ်ယောက် မျက်မှောင်ကျုံ့သွားပြီး စတင်လှုပ်ရှားသည်။ သူ့စွမ်းအင်ရောင်ကို အပြည့်အဝထုတ်လွှတ်လိုက်သည်။ နတ်ဆိုးနှင့် မကောင်းဆိုးဝါးဝိညာဉ်အားလုံး နှိပ်ကွပ်တော့မည့် နေတစ်စင်းလို တောက်ပသည်။
"ဘုန်း"
အားနှစ်ခုရင်ဆိုင်တွေ့၍ ကျယ်လောင်သည့်မြည်ဟိန်းသံပေါ်လာပြီး မြေပြင်တုန်ခါသွားသည်။
"လုန်ကျင်းကျိုး။ သူ့ကို မင်းလက်ထဲလွှဲလိုက်ပြီ"
လုယန်က ပြောသည်။
မုန်ကျင်းကျိုး အော်ဟစ်ရယ်မော၍ သခင်မီကို စိုက်ကြည့်သည်။
"ကိုးငရဲဂိုဏ်းရဲ့ဇစ်မြစ်ကိုတောင်မသိတဲ့ ကျင့်ကြံသူတွေက ငါ့ကိုများ လာစိန်ခေါ်ရဲတယ်ပေါ့"
မုန်ကျင်းကျိုးခန္ဓာကိုယ်တွင် မီးတောက်များပေါ်လာသည်။ မြေပြင်မှ နေတစ်စင်းထွက်လာသကဲ့သို့ ဘေးပတ်လည်လေထု ခြစ်ခြစ်တောက်ပူလာသည်။
သခင်မီကိုဝင်ပူးနေသည့်သရဲ နာကျင်စွာအော်ဟစ်ညည်းညူရင်း ခန္ဓာကိုယ် အဆက်မပြတ်ပျော်ကျလာသည်။
သခင်မီကို ပထမဆုံးအကြိမ် လာတိုက်ခိုက်သူတိုင်း သရဲချုပ်ပညာစွမ်းအားကြောင့် လွင့်ထွက်သွားစမြဲဖြစ်သည်။ အရေးနိမ့်သွားစမြဲဖြစ်သည်။
ယခုတစ်ကြိမ် သူကံမကောင်း။ တစ်ကိုယ်တော်ရွှေသန္ဓေနှစ်ခု ရဲဝံ့စွာတည်ဆောက်ထားသည့် မုန်ကျင်းကျိုးနှင့် လာတိုးသည်။ သန့်စင်ယန်မီးတောက်စစ်သည် သမိုင်းတလျှောက် ဧကဝိညာဉ်မြစ်များအားလုံးတွင် စွမ်းအားအပြင်းထန်ဆုံးဖြစ်သည်။
သခင်မီ၏ သရဲစွမ်းအင်ရောင်များ ထိန်းမနိုင်သိမ်းမရ ယိုစိမ့်ထွက်လာသည်။ အရေးမလှကြောင်း ထင်ရှားနေသည်။
မုန်ကျင်းကျိုးလက်သီးများက အရိုးဓားပေါ် အဆက်မပြတ်ကျလာသည်။ ဓားပြားပေါ်တွင် လက်သီးရာများစွာ ပေါ်လာသည်။
"တော်လောက်ပြီ"
လုယန် တည်ငြိမ်စွာပြောလိုက်သည်။ မုန်ကျင်းကျိုး အလိုက်တသိ နောက်ဆုတ်သွားပြီး သခင်မီကို ချမ်းသာပေးလိုက်သည်။
သခင်မီ ထိတ်လန့်စိတ်မပြေသေး။ အရိုးဓားကိုင်ထားသည့်သရဲကို အမြန်ပြန်သိမ်းပြီး ဒဏ်ရာကုပေးသည်။
ထိုသရဲ အချိန်အတော်ကြာသည်အထိ နောက်ထပ်တိုက်ခိုက်နိုင်မည်မဟုတ်တော့။
သခင်မီ သေချာနားလည်သွားသည်။ သူ့ပြိုင်ဘက်သည် တကယ့်ထူးခြားပါရမီရှင်ဖြစ်သည်။
ရွှေသန္ဓေအစောပိုင်းကျင့်ကြံသူတစ်ယောက်က သူ့လိုနတ်ဝိညာဉ်အဆင့်ကို အသာစီးတိုက်ခိုက်နိုင်သည်။ သူ့ပညာစွမ်းအားလုံး ထုတ်မသုံးရသေးပါ။ သို့သော် သူ့ပြိုင်ဘက်ကလည်း စွမ်းအားပြည့်ထုတ်သုံးခဲ့ခြင်းဟုတ်မဟုတ် သေချာမသိနိုင်။
အေးအေးလူလူရှိနေသည့် အမူအရာအရ တကယ်စတိုက်ခိုက်ခြင်းပင် မဟုတ်လောက်သေး။
ယန်ထန်မသေမျိုး သူတို့ပါရမီကို မနာလိုဖြစ်ခဲ့သည်မှာ တကယ်ဟုတ်လောက်သည်။ ပါရမီရှင်များ ပေါ်များလှသည့် ခေတ်ကာလမျိုးမှာပင် ဤပါရမီရှင်မျိုးကတွေ့ဖို့ ခဲယဉ်းပေလိမ့်မည်။
"သခင်မီ၊ ကျုပ်တို့က ခင်ဗျားရန်သူမဟုတ်ပါဘူး။ မသေမျိုးဂိုဏ်းနဲ့ ရှားနိုင်ငံကလည်း ဘာမှအရေးစိုက်စရာမလိုလောက်ပါဘူး။ ဒါပေမယ့် ကျုပ်တို့ကောင်းကင်ရုံးတော်ဂိုဏ်းက အပြည့်အဝမနိုးထနိုင်သေးဘူး။ သူတို့နဲ့ ရင်ဆိုင်နိုင်လောက်အောင် မပြင်ဆင်ရသေးဘူး။
ပြီးတော့ ကျုပ်တို့နဲ့ တာအိုလမ်းစဉ်ဂိုဏ်းကြားမှာ နက်ရှိုင်းတဲ့ ရန်ညှိုးတစ်ခုရှိပါတယ်။
တာအိုလမ်းစဉ်ဂိုဏ်းက ထာဝရဂိုဏ်းကို ရှင်းလင်းခဲ့တယ်။ ထာဝရအရှင် ပြန်ရှင်သန်ခွင့်ကို ဖျက်ဆီးခဲ့တယ်။ ထာဝရအရှင်ဟာ ကျုပ်တို့ရှေးခေတ်ကောင်းကင်ရုံးတော်ဂိုဏ်းအတွက် အရေးပါတဲ့ ကာကွယ်သူတစ်ယောက်ပါ"
လုယန်မျက်လုံးတွင် မုန်တီးရိပ်များပြည့်နေသည်။ တာအိုလမ်းစဉ်ဂိုဏ်းကို လက်စားချေလိုစိတ် ပြင်းပြနေဟန်ရှိသည်။
"ကောင်းကင်ရုံးတော်"
သခင်မီ ဇဝေဇဝါဖြစ်နေသည်။ တစ်ဘက်က ကောင်းကင်ရုံးတော်ဟူသည့်စကားလုံးကို အထပ်ထပ်ပြောခဲ့သည်။
ကောင်းကင်ရုံးတောက ဘာလဲ။ သူဘာကြောင့် တစ်ခါမှမကြားဖူးခဲ့သလဲ။
လုယန် စိတ်ရှည်ရှည်ရှင်းပြသည်။
"ကောင်းကင်ရုံးတော်ဟာ ရှေးဟောင်းခေတ်ရဲ့ အုပ်ချုပ်သူပါ။ ကောင်းကင်ကကြယ်ကမ္ဘာအားလုံး သဘာဝဖြစ်စဉ်းအားလုံး ကျုပ်တို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိခဲ့တယ်။
ယင်ထန်မသေမျိုးတို့ စွမ်းအားတက်မလာမီခေတ်ကာလတုန်းက သက်ရှိအားလုံး ကောင်းကင်ရုံးတော်ကို လေးစားခဲ့ကြတယ်။ ဒါပေမယ့် ယင်ထန်တို့ အင်အားတိုးလာချိန်မှာ ကောင်းကင်ရုံးတော်ရဲ့ဩဇာ တဖြေးဖြေးကျဆင်းသွားတယ်။
ကောင်းကင်ရုံးတော်က ပဲဝါအဓိပဓိအရှင်ကို ကိုးကွယ်တယ်။ ပဲဝါအရှင်ရှေ့မှောက်မှာ တောက်ပတဲ့ကြယ်ကမ္ဘာတွေဟာ ပဲဝါစေ့တွေထက်မပိုဘူး။ ဘာမှမပြောပလောက်ဘူး။
ပဲဝါအရှင်ဟာ မသေမျိုးအဖြစ်ကို ပထမဆုံးရခဲ့တဲ့ပါရမီရှင်ပဲ။ ဒါပေမယ့် ရွံစရာကောင်းတဲ့ ကိုးဆမသေမျိုးက ကောင်းကင်ရုံးတော်ရဲ့ ဂုဏ်သရေကို မှေးမှိန်စေချင်တော့ ပထမဆုံးမသေမျိုးဖြစ်ခဲ့တာ သူပဲဆိုပြီး အရှက်မရှိကြေညာခဲ့တယ်"
သခင်မီ အံ့အားသင့်သွားသည်။ ကိုးဆမသေမျိုးအကြောင်းပင် သူမသိပါ။ မသေမျိုးအဖြစ် ပထမဆုံးရသည့်အကြောင်းဆိုလျှင် ပို၍ဝေးသေးသည်။
လုယန်စကားအရ ရှေးဟောင်းခေတ်မှ ကြမ်းတမ်းသည့်ပြိုင်ဆိုင်မှုများဖြစ်ခဲ့ကြောင်း သူရိပ်စားမိသည်။ ရှေးဟောင်းခေတ်သည် မသေမျိုးများကြားမှာပင် အလိမ်အလှည့်များ ပြည့်နေပုံရသည်။
"ကျုပ်တို့အားလုံး ကောင်းကင်ရုံးတော်အဖွဲ့ဝင်တွေပဲ။ ကောင်းကင်ရုံးတော်ဂိုဏ်းကို တည်ဆောက်ဖို့ နိုးထလာကြတာ။ လာမယ့်မဟာကပ်မှာ ကောင်းကင်ရုံးတော်ရဲ့ တစ်ချိန်ကဂုဏ်သရေကို ပြန်ယူဖို့ရည်ရွယ်ထားတယ်။
ရှေးဟောင်းခတ်က နိုးထလာတာ ကျုပ်တို့ချည်းပဲမဟုတ်ဘူး။ နိုးထပြီးတဲ့ နိုးထဖို့စောင့်နေကြတဲ့ အကြီးအကဲတွေရှိသေးတယ်။ နောက်ထပ်အကြီးအကဲတွေနိုးထပြီး မဟာအစီအမံကို အကောင်အထည်ဖော်ဖို့ လျှို့ဝှက်ပြင်ဆင်နေကြတာပါ"
သခင်မီစိတ်ထဲ တွေးနေသည်။ ရှေးဟောင်းခေတ်ကျင့်ကြံသူများ နိုးထလာသည့်သတင်း မကြားရခြင်းမှာ မရှိ၍မဟုတ်။ နိုးထလာသူအားလုံးက ကောင်းကင်ရုံးတော်အဖွဲ့ဝင်များ ဖြစ်နေသောကြောင့်ဖြစ်မည်။ နိုးထပြီးနောက် ပုန်းကွယ်နေကြခြင်းဖြစ်မည်။
ရှေးဟောင်းခေတ် ကိုယ်ယောင်ဖျောက်ကျင့်စဉ်ပညာများကို မဟာရှားနိုင်ငံ မသိသည်မှာ သဘာဝကျသည်။
ချင်သခင်လေးနောက်ဘက်တွင် သူ့ကိုကာကွယ်ရန် ကိုးငရဲဂိုဏ်းက အကြီးအကဲများ စေလွတ်ထားသည့် ဝိညာဉ်ပြောင်းအဆင့်ကျင့်ကြံသူတစ်ယောက်ရှိနေသည်။
ထိုအခြေအနေမျိုး ကြုံရမည်ဟု သူထင်မထား။
ကိုယ်ထင်ပြပြီး လုယန်ကို ပေါက်တတ်ကရမပြောဖို့ ကြိမ်းမောင်းရန် သူဟန်ပြင်လိုက်သည်။ ထိုစဉ် လုယန်က ခေါင်းနည်းနည်းမော့၍ သူရှိနေသည့်နေရာသို့ ရုတ်တရက် စိုက်ကြည့်လာသည်။
ဘယ်လိုဖြစ်နိုင်မည်နည်း။ သူ့ကိုယ်ယောင်ဖျောက်ပညာသည် လောကတွင် ရှားပါးသည့်ပညာမျိုးဖြစ်သည်။ ရွှေသန္ဓေအခြေခံအဆင့်တစ်ယောက် သူ့ကိုအာရုံခံနိုင်စရာအကြောင်းမရှိ.
ထိုလငယ်အနီးတွင်လည်း သူ့ထက်အဆင့်မြင့်သည့် ကာကွယ်သူတစ်ယောက် ရှိနေနိုင်သည်။
ထိုသို့တွေးမိသဖြင့် ဝိညာဉ်ပြောင်းကျင့်ကြံသူ လုံးဝမလှုပ်ရှားရဲတော့။
လုယန် အကြည့်လွှဲလိုက်သည်။ ချင်သခင်လေးနောက်တွင် ကာကွယ်သူတစ်ယောက်ရှိနေကြောင်း ထာဝရနတ်မယ်က သူ့ကိုပြောထားပြီးဖြစ်သည်။
သူကြည့်လိုက်သဖြင့် ထိုကာကွယ်သူ ထိတ်လန့်သွားသည်မှာ ကံကောင်းသည်။
ဉာဏ်ထက်သူများသည် သူတို့ဖုံးကွယ်မှုဘယ်လိုပေါ်သွားသည်ကို အော်တိုဖြည့်တွေးတတ်ကြသည်။ သူအလုပ်ရှုပ်သက်သာသွားသည်။
"ကျုပ်တို့ကောင်းကင်ရုံးတော်ဂိုဏ်းနဲ့ ကိုးငရဲဂိုဏ်းဟာ အတော်လေးရင်းနှီးတဲ့ ဆက်ဆံရေးရှိပါတယ်။ ကောင်းကင်ရုံးတော်က ယန်ကိုကိုယ်စားပြုပြီး သက်ရှိလောကကို အုပ်ချုပ်တယ်။ ကိုးငရဲဂိုဏ်းက ယင်ကိုကိုယ်စားပြုပြီး မြေအောက်လောကကို အုပ်ချုပ်ခဲ့တယ်။ ကောင်းကင်ရုံးတော်နဲ့ ကိုးငရဲဘုံဟာ ရှေးဟောင်းခေတ်ရဲ့ အုပ်ချုပ်သူအစစ်တွေပါ"
"ဘယ်လို"
သခင်မီ အကြီးအကျယ်အံ့ဩသွားသည်။ သူတို့ဂိုဏ်းနှင့် ကောင်းကင်ရုံးတော် ထိုမျှဆက်စပ်မှုရှိနေမည်ဟု ထင်မထား။
ချင်သခင်လေးနောက်တွင်ပုန်းနေသည့် ဝိညာဉ်ပြောင်းကျင့်ကြံသူပင် ရင်ဘတ်တစ်ခုလုံး တင်းကြပ်လာသလို ခံစားရသည်။
သို့ဆိုလျှင် ကိုးငရဲဘုံ (ငရဲကိုးထပ်)သည် ရှေးဟောင်းခေတ်ကတည်းက အစပြုခဲ့ခြင်းဖြစ်လေသလော။
သခင်မီအမူအရာကိုကြည့်၍ လုယန်က နာကျင်ဝမ်းနည်းနေဟန်ဖြင့် ခေါင်းခါသည်။
"ကြည့်ရတာ ရှေးဟောင်းခေတ်အဆုံးသတ်သွားတော့ အမွေအနှစ်တွေအများကြီး ပျက်စီးသွားခဲ့တယ်ထင်တယ်။ သက်တမ်းအရင့်ဆုံး ကိုးငရဲဘုံတောင် ကျုပ်တို့နဲ့ ပတ်သက်ခဲ့တာကို မေ့သွားကြပြီပဲ။
ဒါကြောင့်လည်း ကျုပ်တို့ပြောနေတာပါ။ ကျုပ်တို့ခြင်း အသေအကြေတိုက်ခိုက်နေစရာ မကြောင်းမရှိဘူး။ စဉ်းစားကြည့်ပါ သခင်မီ။ ကျုပ်တို့သာ မသေမျိုးငါးဂိုဏ်း ဒါမှမဟုတ် ရှားနိုင်ငံကလူတွေဆိုရင် ခင်ဗျားတို့ကို ရှင်းပစ်လိုက်ရုံပဲမဟုတ်လား။ ဒီလိုအချိန်ကုန်ခံပြိး ရှင်းပြနေစရာမကြောင်းမရှိဘူး။
ခင်ဗျားမယုံသေးရင် ကျုပ်တို့မှာ နောက်ထပ်သက်သေပြစရာရှိပါသေးတယ်။
ရှေးဟောင်းခေတ်က ကောင်းကင်ရုံးတော်နဲ့ ကိုးငရဲဘုံဟာ ရင်းနှီးခဲ့ပါတယ်။ ကျုပ်တို့ရဲ့အကြီးအကဲတွေက လူဝင်စားပညာရပ်တစ်ချို့ကို နားလည်တယ်။ အဲဒီပညာရပ်တွေသုံးပြီး ခင်ဗျားတို့ဂိုဏ်းချုပ်ဟောင်းချင်ဟော်ရန်ရဲ့ လူဝင်စားကို ရှာတွေ့ခဲ့တယ်"