← Chapters

အယောင်ဆောင်

Vol. 21 Ch. 304

အယောင်ဆောင်

Vol. 21 Ch. 304

လုယန်စကားကြောင့် ခပ်တည်တည်ရှိသေည့် ချင်သခင်လေး အမူအရာပြောင်းသွားသည်။

လုယန် ကောင်းကင်ရုံးတော်အဖွဲ့ဝင်ဖြစ်ဖြစ် ရှေးခေတ်ပါရမီရှင်ဖြစ်ဖြစ် သူ့အတွက် အရေးမကြီး။ သူဝင်စွက်နိုင်သည့်ကိစ္စမဟုတ်။

သို့သော် ချင်ဟော်ရန်လူဝင်စားတွေ့ထားသည်ဟူသည့်စကားကို သူလက်မခံနိုင်။

သူတို့ဘက်မှ တွေ့ထားသည်ဆိုလျှင် သူကဘာဖြစ်သွားမည်နည်း။

ချင်သခင်လေး ကိုယ့်အကြောင်းကိုယ် သေချာသိသည်။ လူဝင်စားဆိုသည့်နာမည်၏ ရည်ရွယ်ချက်က ချင်ဟောရန်၏အမွေအနှစ်ကို ဆက်ခံနိုင်ဖို့ဖြစ်သည်။

သူနှင့်လုယန် သက်တူရွယ်တူဖြစ်သည်။ သူ့ကျင့်စဉ်စွမ်းအား အခြေတည်ထိပ်တန်းအဆင့်ရှိသည်။ လုယန်၏ ညီငယ်များထက် ကျင့်စဉ်အဆင့်မြန်မြန်တက်နိုင်ခဲ့သည်။ သို့သော် သူ့ကျင့်စဉ်ပါရမီက ထင်သလောက်မကောင်း။ ကိုးငရဲဂိုဏ်းအကြီးအကဲများက ချင်ဟော်ရန်လို့ ပါရမီထူးချွန်သူဟု အများထင်လာအောင် သူ့ကျင့်စဉ်စွမ်းအားကို ပြင်ပအကူအညီဖြင့် မြှင့်တင်ပေးခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ တိုးတက်မှုကို အတင်းအကြပ်မြှင့်တင်ခြင်းကြောင့် ဆိုးဝါးသည့်အကျိုးဆက်များ ဖြစ်လာမည်။ အနာဂတ်ကျင့်စဉ်လမ်း အလွန်တရာခက်ခဲမည်။ စုစည်းခြင်းအဆင့်ထိရောက်ဖို့ သိပ်မဖြစ်နိုင်တော့။ လေဟာနယ်သန့်စင်အဆင့် သို့မဟုတ် ထိုအဆင့်အောက်တွင် တစ်သက်လုံးပိတ်မိသွားနိုင်သည်။

"ငါ့လူဝင်စားဆိုတာ ဘယ်သူ့ကိုပြောတာလဲကွ"

ချင်သခင်လေး လုယန်ကိုစိုက်ကြည့်သည်။ အစိမ်းလိုက်ဝါးစားချင်သည့် အကြည့်မျိုးဖြစ်သည်။

"မင်းကဘယ်သူလဲ"

လုယန် နားမလည်။ သခင်မီတစ်ယောက်တည်းသာ လာလေ့ရှိကြောင်း ရှောင်ချီ ပြောထားသည်။ ဘာကြောင့် အခြေတည်အဆင့်တစ်ယောက်နှင့် ဝိညာဉ်ပြောင်းအဆင့် သက်တော်စောင့်တစ်ယောက် ပါလာသည်မသိ။

"ငါက ချင်ဟော်ရန်ရဲ့လူဝင်စား ချင်ထန်ပဲ"

"ဪ"

လုယန် ချင်ထန်ကိုကြည့်၍ နည်းနည်းအံ့အားသင့်သွားသည်။ ထို့နောက် အခြေအနေကို ချက်ချင်းတွက်ဆမိသဖြင့် ပြုံးလိုက်သည်။

ချင်ဟော်ရန်၏အမွေအနှစ်ကို ဆက်ခံလို၍ဖြစ်မည်။ သို့မဟုတ် ကိုးငရဲဂိုဏ်း ထိပ်တန်းအကြီးအကဲတစ်ချို့ ဂိုဏ်းချုပ်ရာထူးတည်မြဲဖို့ အမွေအနှစ်ပိုင်ရှင်ဖြစ်ကြောင်း သက်သေပြရန် ဇာတ်လမ်းထွင်ထားခြင်းဖြစ်မည်။

ဘယ်လိုအကြောင်းကြောင့်ဖြစ်စေ အရေးမကြီးပါ။ တကယ့်အဖြစ်ကို မဖုံးကွယ်နိုင်။

"နင်ပေါက်တတ်ကရတွေ ပြောမနေနဲ့"

ချင်ထန်စကားကြောင့် ချင်ယန်ယန် ခုန်ထွက်လာပြီး မိုးကြိုးရှစ်ခုမှော်အဆောင်များ လက်ချောင်းကြားတွင်ညှပ်၍ ချင်ထန်ဆီ ပစ်လွှတ်လိုက်သည်။ နေကိုထိုးဖောက်မည့် မြားတံများနှင့်တူနေသည်။

ချင်ဟော်ရန်သည် အားမကိုးရသည့်ဖခင်တစ်ယောက် ဖြစ်သော်လည်း တစ်ခြားတစ်ယောက်က သူ့ဖခင်လူဝင်စားအဖြစ် ဟန်ဆောင်နေသည်ကိုတော့ သူသည်းမခံနိုင်။

မှော်အဆောင်များ တဖျတ်ဖျတ်လင်းလက်သွားသည်။ မိုးခြုန်းသံများ မြည်ဟိန်းသွားသည်။ လျှပ်စီးတန်းများ နဂါးကခုန်သကဲ့သို့ ချင်ထန်ဆီပြေးဝင်သွားသည်။

ချင်ယန်ယန် ထိုမျှဒေါသတကြီးတိုက်ခိုက်လာမည်ဟု ချင်ထန်ထင်မထား။ သူအမြန်လှုပ်ရှားသည်။ သူ့ခြေထောက်အောက်တွင် မှော်စက်ဝန်းတစ်ခု ဆင့်ခေါ်ပြီး အလင်းတန်းများထုတ်လွှတ်၍ လျှပ်စီးကို ကြားဖြတ်တားဆီးသည်။ လျှပ်စီးနှင့်အလင်းတန်းများ အဆက်မပြတ် ရင်ဆိုင်တွေ့သည်။

ချင်ဟော်ရန် အကျွမ်းကျင်ဆုံးက မှော်စက်ဝန်းပညာဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ချင်ထန်လည်း မှော်စက်ဝန်းပညာ ကျွမ်းကျင်နေသည်။

အဖြူရောင်လျှပ်စီးများက အရည်အဖြစ်ပြောင်းပြီးနောက် ကျယ်လောင်စွာပေါက်ကွဲသွားသဖြင့် ချင်ထန် ဟန်ချက်ပျက်လုနီးပါးဖြစ်သွားသည်။

ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ချင်ယန်ယန်က မှော်အဆောင်များကို အဆင့်မြှင့်ပြီး သူ့ကိုယ်ပေါ်သူ ကပ်လိုက်သည်။ သူ့စွမ်းအားနှင့် အမြန်နှုန်း ထိုးတက်လာသည်။ သရဲတစ်ကောင်လို သူလှုပ်ရှားသည်။ သူ့ညာခြေကီု ရေပြင်ညီအတိုင်း သိမ်းကန်လိုက်သည်။

ချင်ထန် လက်နှစ်ဘက်ဖြင့် မှော်တံဆိပ်တစ်ခု အမြန်ဖန်တီးလိုက်သည်။ သူ့ခြေထောက်အောက်မှ မှော်စက်ဝန်းက ဒိုင်းကာအဖြစ် သူ့ရှေ့သို့ရောက်လာသည်။

"ယား"

"ဖျောင်း"

ချင်ယန်ယန် မာန်သွင်းအော်ဟစ်ပြီး သူ့ကန်ချက်ကို အားသုံးဆမြှင့်လိုက်သည်။ မှော်စက်ဝန်းကို တစ်ချက်တည်းဖျက်ဆီးလိုက်သည်။

မှော်စက်ဝန်းပျက်စီးသွားသည့် စက္ကန့်ပိုင်းအတွင်း ချင်ယန်ယန် လက်ချောင်းကိုကိုင်၍ လေထဲတွင် သင်္ကေတတစ်ခု ရေးဆွဲသည်။ သွေးနီရောင်မှော်အလင်းတစ်ခု သူတို့ကြားတွင်ပေါ်လာပြီး ကြက်သွေးရောင်အလင်းတန်းအဖြစ်ပြောင်း၍ ချင်ထန်၏လည်တိုင်ဆီ လွင့်ပျံသွားသည်။ ချင်ထန် နောက်ထပ်မှော်စက်ဝန်းတစ်ခု အချိန်မီ မတည်ဆောက်နိုင်တော့။ လက်ဖြင့်ကာလိုက်ရသည်။ နာကျင်စွာအော်ဟစ်ရင်း သူ့လက်ဝါးမှ သွေးများစီးကျလာသည်။

ချင်ယန်ယန် ရှေ့ဆက်တိုးသွားသည်။ ချင်ထန်ကို အနီးကပ်တိုက်ခိုက်ရန်ပြင်သည်။

မနေ့ညက လီဟော်ရန် ဘာမှလုပ်စရာမရှိသဖြင့် ချင်ယန်ယန်၏ ဝတ်စုံကို ခေါင်းအစခြေအဆုံး သန့်စင်ပေးခဲ့သည်။ သူ့အဝတ်အစားများက ပေါ့ပါးသယောင်ထင်ရသော်လည်း သံချပ်ကာတစ်စုံလို ဖြစ်လာသည်။ အခြေတည်အဆင့်များ ထိုးဖောက်နိုင်ဖို့ ခက်ခဲသည်။

တိုက်ပွဲတွင် အကျိုးရှိစေရန် ချင်ယန်ယန်ကို ခေါင်းတုံးရိတ်ခိုင်းပြီး ဆံတုတစ်ခု သန့်စင်ပေးဖို့ပင် လီဟော်ရန်က အကြံပြုခဲ့သေးသည်။ သို့သော် ချင်ယန်ယန် အခိုင်အမာငြင်းသည်။

အခြေအနေမကောင်းတော့သဖြင့် သခင်မီ ဝင်တားရန်ပြင်သည်။ သို့သော် လုယန်က သူ့လက်ကောက်ဝတ်ကို အမြန်ဖမ်းဆွဲထားလိုက်သည်။

"သခင်မီက ဂိုဏ်းချုပ်ချင်လူဝင်စားအပေါ် ဒီလောက်တောင် ယုံကြည်မှုမရှိဘူးလား"

ချင်ထန်နှင့် ချင်ယန်ယန် လျင်မြန်စွာတိုက်ခိုက်နေသည်။ ချင်ထန်၏ မှော်စက်ဝန်းများက နည်းနည်းအဆင့်မြင့်သော်လည်း အနီးကပ်တိုက်ခိုက်နေရသဖြင့် သူအသာစီးမရ။ ချင်ယန်ယန်၏ တရကြမ်းတိုက်ခိုက်မှုကြောင့် အရေးနိမ့်စပြုလာသည်။

မှော်အဆောင်ပညာကျွမ်းကျင်သည့် ချင်ယန်ယန်သည် သူ့အမေလိုပင် အနီးကပ်တိုက်ခိုက်ရသည်ကို ပိုနှစ်ခြိုက်သည်။

ချင်ထန် သွေးအဆက်မပြတ်အန်ရင်း နောက်သို့ဆက်တိုက်ဆုတ်နေရသည်။ တစ်ကိုယ်လုံး တုန်ရင်နေသည်။ သူ့အတွင်းကလီစာများ တွန့်လိမ်နေသည်။ တိုက်ခိုက်နေရင်း ချင်ယန်ယန် သူ့ကိုထဲသို့ ရိုက်သွင်းခဲ့သည့် လျှို့ဝှက်အားလှိုင်းများကြောင့်ဖြစ်သည်။

ချင်ထန် သစ်ပင်တစ်ပင်ကို လက်ဖြင့်ဖိလိုက်သည်။ ထိုသစ်ပင်ပေါက်ကွဲသွားသည်။ သူ့ကိုယ်ထဲမှ လျှို့ဝှက်အားလှိုင်းများ ပျောက်ကွယ်သွားသည်။

"မင်းဘယ်သူလဲ"

ချင်ထန် မေးလိုက်သည်။ ခဏတာတိုက်ပွဲမှာပင် သူသိသိသာသာ အထိနာသွားသည်။ အခြေတည်ထိပ်တန်းချင်းအတူတူ တိုက်ခိုက်စွမ်းအား ထိုမျှကွာခြားနေမည်ဟု သူထင်မထား။

"ချင်ယန်ယန်"

ချင်ယန်ယန် ခပ်တင်းတင်းပြေန်ပြောသည်။ နာမည်မှလွဲ၍ နောက်ထပ်ဘာမှဆက်မပြော။

သူဆက်တိုက်ခိုက်ချင်သေးမှန်း လုယန် ရိပ်စားမိသည်။ သူဆက်တိုက်ခိုက်လျှင် နောက်ကွယ်တွင် ပုန်းအောင်းနေသည့် ဝိညာဉ်အပြောင်းအဆင့်စွမ်းအားရှင် လှုပ်ရှားလာနိုင်ကြောင်း သိစိတ်အာရုံမှတစ်ဆင့် လှမ်းသတိပေးလိုက်သည်။

စိတ်မပါ့တပါဖြင့် ချင်ယန်ယန် လက်လျှော့လိုက်သည်။ ဒေါသမပြေသေး နောက်ပြန်ဆုတ်သွားသည်။ လီဟော်ရန် သူ့သမီးဟောင်းကို ဒေါသသိပ်မကြီးရန် နှစ်သိမ့်သည်။

မုန်ကျင်းကျိုးကလည်း သိစိတ်အာရုံမှ လှမ်းပြောသည်။

"တူမလေး၊ မင်းဘာလို့ နာမည်အစစ်ကို ထုတ်ပြောလိုက်တာလဲ။ နာမည်တုတွေပဲသုံးကြမယ်လို့ ငါတို့သဘောတူထားတယ်မဟုတ်လား"

မနေ့ညက ဗျူဟာဆွေးနွေးချိန်တွင် နောင်တစ်ချိန်ပြဿနာမတက်စေရန် နတ်ဆိုဂိုဏ်းဝင်များနှင့် ဆက်ဆံရာ၌ နာမည်တု သို့မဟုတ် မျက်နှာတုများသုံးသင့်ကြောင်း လုယန်က အကြံပေးခဲ့သည်။

"ကျွန်မ ဒေါသထွက်လွန်းလို့ မေ့သွားတယ်"

ချင်ယန်ယန် နည်းနည်းရှက်သွားဟန်ရှိသည်။ အပြင်လောကအတွေ့အကြုံ နည်းသေးသဖြင့် အလွယ်တကူ စိတ်ခံစားချက်လွှမ်းမိုးခံရသည်။

လုယန် ချင်ထန်ကို ပြုံးပြသည်။

"မင်းက ဂိုဏ်းချုပ်ချင်ဝင်စားတဲ့လူလို့ပြောတယ်။ မင်းမှာ ဘာသက်သေရှိလဲ"

တိုက်ပွဲကြောင့် တုန်လှုပ်စိတ်မပြေသေးသော်လည်း ချင်ထန် လက်မလျှော့။

"ငါက လူဝင်စားတာအိုကို နားလည်တယ်။ ထင်းရှူးမြို့မှာဝှက်ထားတဲ့ ရတနာနဲ့ပတ်သက်ပြီး သဲလွန်စတွေကို ငါမှတ်မိတယ်"

"ငါမှန်းကြည့်မယ်။ ဂိုဏ်းချုပ်ချင်ဝှက်ထားတဲ့ ရတနာဟာ ထင်းရှူးပင်တွေနဲ့ ဆက်စပ်နေတယ်ဆိုတာကို မှတ်မိတာမဟုတ်လား"

သခင်မီ၊ ချင်ထန်နှင့် ပုန်းနေသည့်ဝိညာဉ်ပြောင်းစွမ်းအားရှင်တို့အားလုံး အံ့အားသင့်သွားသည်။

သူဘယ်လိုသိနေသနည်း။

တကယ် ကောင်းကင်ရုံးတော်ဂိုဏ်းမှလူ ဖြစ်နေသလား။ ဂိုဏ်းချုပ်ချင်လူဝင်စားကို တကယ်တွေ့ထားလေသလား။

လုယန်၏ ထူးဆန်းသည့်အပြုံးကြောင့် သုံးယောက်လုံး သို့လောသို့လောအတွေးဖြင့် စိတ်စနိုးစနောင့်ဖြစ်နေသည်။

တကယ်တော့ ခန့်မှန်းဖို့ လွယ်ကူပါသည်။ ကိုးငရဲဂိုဏ်းသာ ရတနာရှိသည့်နေရာကို တကယ်သိလျှင် အစောကြီးကတည်းက ပြန်ယူပြီးဖြစ်မည်။ မရေမရာသဲလွန်စတစ်ခုသာ ရထားခြင်းကြောင့် ဖြစ်ရမည်။

ထိုသဲလွန်စက ထင်းရှူးပင်များနှင့် ဆက်စပ်မနေလျှင် တစ်ခြားဘာသဲလွန်စဖြစ်နိုင်ဦးမည်နည်း။

ကိုးငရဲဂိုဏ်း ဘာသဲလွန်စရထားမှန်း လုယန်မသိသော်လည်း သူပြောလိုက်သည့် သဲလွန်စက တကယ့်အမှန်ဖြစ်သည်။

ချင်ထန်အမူအရာကြောင့် သူ့ခန့်မှန်းချက် မှန်သွားကြောင်း နားလည်လိုက်သည်။

ဝါရင့်သူဖြစ်သည့် သခင်မီက အမူအရာမပျက်အောင် ထိန်းထားနိုင်သည်။ ချင်ထန်က အတွေ့အကြံးနည်းသေးသဖြင့် သူ့မျက်နှာအမူအရာကို မထိန်းနိုင်။

သခင်မီ စိတ်ကိုတည်ငြိမ်အောင် ထိန်းလိုက်သည်။

"ဒါက ဘာကိုမှသက်သေမပြနိုင်ဘူး။ ထင်းရှူးမြို့နာမည်ကျော်တာ ထင်းရှူးပင်တွေကြောင့်ပဲလေ။ ရတနာသဲလွန်စက ထင်းရှူးပင်တွေနဲ့ပဲ ဆက်စပ်နေမှာပေါ့။ သရဲမတွေနဲ့ ဆက်စပ််နိုင်ပါ့မလား။ ဘယ်သူမဆို နည်းနည်းစဉ်းစားတတ်ရင် ဒီလိုသဲလွန်စကို တွေးမိမှာပဲ"

"ကြည့်ရတာ ခင်ဗျားတို့မှာရှိတဲ့သဲလွန်စဆိုတာ ဒါအကုန်ပဲဖြစ်မယ်"

လုယန် စိတ်ပျက်ဟန်ဖြင့် ခေါင်းခါသည်။

"တစ်ချိန်က ကောင်းကင်ရုံးတော်နဲ့ တန်းတူအဆင့်ရှိခဲ့တဲ့ ကိုးငရဲဂိုဏ်းက ဒီလောက်ထိ နိမ့်ကျသွားမယ်လို့ ထင်မထားဘူး။

ကျုပ်ပြောပြီးပြီပဲ။ ကျုပ်တို့ကောင်းကင်ရုံးတော်ဂိုဏ်းက ဂိုဏ်းချုပ်ချင်လူဝင်စားကိုတွေ့ခဲ့တာ အတော်ကြာပါပြီ။ ပြီးတော့ သူ့ဆီကနေ ရတနာရဲ့ တည်နေရာကိုလည်း သိထားတယ်"

"ဘယ်လို"

All Chapters