ကံဆိုးသူကျောက်ရိုး
Vol. 21 Ch. 307
တာအိုလမ်းစဉ်ဂိုဏ်းသို့အပြန်လမ်းတွင် မုန်ကျင်းကျိုး ကောက်ကာငင်ကာမေးသည်။
"ဒါနဲ့ သေတ္တာထဲကပစ္စည်းက ချင်ဟော်ရန်ချန်ခဲ့တာမဟုတ်လား။ ညီလေးလီသိမ်းမထားသင့်ဘူးလား"
လုယန် ခဏအသံတိတ်သွားပြီးနောက် အမှန်အတိုင်းရှင်းပြလိုက်သည်။
"ငါပြောတာယုံစမ်းပါ။ ညီလေးလီ ဒီပစ္စည်းမျိုး လိုချင်မှာမဟုတ်ပါဘူး"
သေတ္တာပေါ်မှတံဆိပ် ပျောက်ကွယ်သွားချိန်တွင် လုယန် ဖွင့်ကြည့်ရန်ပြင်ခဲ့သည်။ သို့သော် ထာဝရနတ်မယ်က အမြန်တားသည်။
"ဒီသေတ္တာထဲမှာ ကံကြမ္မာစွမ်းအားချည်နှောင်ထားတဲ့ ကတိစာချုပ်တစ်ခုရှိတယ်။ ချင်ဟော်ရန်က ကတိစာချုပ်နဲ့သူ့ကြားက ကံကြမ္မာဆက်စပ်မှုကို ဒီသေတ္တာသုံးပြီး ခွဲထုတ်ထားတာ။
သေတ္တာကို ဖွင့်တဲ့လူက ချင်ဟော်ရန်နဲ့ ပတ်သက်နေရင် အဲဒီ့ကတိစာချုပ်နဲ့ ကံကြမ္မာနှောင်ကြိုးတစ်ခု ချိတ်ဆက်သွားလိမ့်မယ်။ ချင်ဟော်ရန်ကိုယ်စား အကြွေးဆပ်ဖို့ တာဝန်ယူရလိမ့်မယ်။
ဒီကတိစာချုပ်ကို ဖျက်ဆီးလို့မရဘူး။ ကံနှောင်ကြိုးချိတ်ဆက်ထားတဲ့လူက ဖျက်ဆီးဖို့ကြိုးစားရင် ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူရဲ့ စွမ်းအားပြည့်တိုက်ခိုက်မှုတစ်ချက်နဲ့ ညီမျှတဲ့ တိုက်ခိုက်မှုမျိုးကို ခံစားရလိမ့်မယ်။
ကြည့်ရတာ ချင်ဟော်ရန်က အကြွေးမဆပ်နိုင်လို့ ဒီကတိစာချုပ်ကို ဝှက်ထားခဲ့တာထင်တယ်။ ဒီသေတ္တာကို ရတနာအမှတ်တူးယူတဲ့လူဟာ ကံဆိုးမှာပဲ"
နတ်မယ် အလေးအနက် သတိပေးသည်။
လုယန် ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။ ချင်ဟော်ရန်သည် နတ်ဆိုးဂိုဏ်းချုပ်ဟူသည့်ရာထူးနှင့် တကယ်လိုက်ဖက်သည်။ အမှန်တကယ် ရက်စက်ကောက်ကျစ်သည်။
ကတိစာချုပ်နှင့် ကံကြွေးချိတ်မိသူမှန်သမျှ ကံဆိုးပေလိမ့်မည်။
ထို့ပြင် သေတ္တာပေါ်တွင် ဘာကြောင့်သွေးတံဆိပ်ခတ်ထားသည်ကို လုယန်နားလည်လာသည်။
ချင်ဟော်ရန်သည် လူဝင်စားဘဝရောက်လျှင် ထိုတံဆိပ်ကိုဖွင့်ဖို့ လုံးဝရည်ရွယ်ချက်မရှိ။
သူအရူးမဟုတ်။ ဘာကြောင့် နောက်ဘဝတစ်ခုတွင် ထိုမျှများပြားသည့်အကြွေးကို တာဝန်ယူနေမည်နည်း။
.........
ကိုးငရဲဂိုဏ်းဌာနချုပ်တွင် တိမ်းမည်းများ နိမ့်ဆင်းလာသည်။ လျှပ်စီးများ ထူးထူးခြားခြား ကောင်းကင်တွင် စုစည်းလာသည်။
ရုတ်တရက် ကြီးမားသည့် ခရမ်းလျှပ်စီးတန်းတစ်ခု ပေါ်လာပြီး ကောင်းကင်တစ်ခုလုံး လင်းထိန်သွားသည်။ လျှပ်စီးလုံးကြီးတစ်ခု ပေါက်ကွဲသလို ဘေးသို့ပြန့်ထွက်သွားသည်။
ထိုအလင်းရောင်ကြောင် အရာအားလုံး ထူးထူးခြားခြား ရှင်းလင်းပီလာသည်။ အချိန်ကာလရပ်တန့်သွားသလို ရှိသည်။
ထို့နောက် လျှပ်စီးတန်းကြီးတစ်ခု နောက်ထပ် ကောင်းကင်မှထိုးဆင်းလာသည်။
နောက်ထပ် ဒုတိယ..တတိယ လျှပ်စီးတန်းများ ဆင်းလာသည်။
အချိန်များ ဖြတ်ကျောက်သွားသည်။ လျှပ်စီးတန်းများ တစ်ခုပြီးတစ်ခု ရိုက်ခတ်ခံရသည့်ကျောက်ရိုး မီးသွေးတုံးလို ဖြစ်သွားသည်။
လျှပ်စီးမိုးကြိုးများ အဆုံးသတ်သွားပြီးနောက် သူ့မျက်လုံးများ ပွင့်လာသည်။
"အဟွတ်...အဟွတ်..."
ချောင်းဆိုးလိုက်ချိန်တွင် အသားမီးလောင်နံ့ပါသည့် အနက်ရောင်မီးခိုးများ ထွက်လာသည်။
"သောက်လခွမ်း၊ သေတော့မလားတောင်ထင်ရတယ်"
သူကျိတ်ဆဲလိုက်သည်။ ယခုထိတ် ကြောက်စိတ်မပြေသေး။
သူ့လို ယင်ဓာတ်ကျင့်ကြံသူအတွက် ယန်ဓာတ်လျှပ်စီးကို အကြောက်ဆုံးဖြစ်သည်။ သူ့ကျင့်စဉ်အခြေခံသာမခိုင်မာလျှင် သေခဲ့ပြီးဖြစ်မည်။
ထူးတော့ထူးဆန်းသည်။ လျှပ်စီးက အရည်ဖြစ်လုမတတ် ပြင်းထန်လွန်းသည်။ ပတ်ဝန်းကျင်တစ်ခုလုံးပျက်စီးသွားသည်။ သူ့အဝတ်များ တစ်စစီစုတ်ပြတ်သွားသည်။ သို့သော် ကတိစာချုပ်က အကောင်းပကတိအတိုင်းရှိနေသည်။
ထိုစာချုပ်ကိုကြည့်၍ သူဒေါသထွက်လာပြီး အမှုန့်ချေပစ်ချင်စိတ်ပေါက်လာသည်။
သို့သ်ေ ကတိစာချုပ်စွမ်းအားကို သူသိသည်။ ထိုစာချုပ်ကိုဖျက်ဆီးလျှင် ယခုထက်ပိုပြင်းထန်သည့်လျှပ်စီးမျိုး ကျလာလိမ့်မည်။
ထိုအချိန်ရောက်လျှင် သေချာပေါက် သူသေမည်။
သူအကြွေးမဆပ်နိုင်လျှင် ကတိစာချုပ်က လစဉ်လတိုင်း မိုးကြိုးကိုဆင့်ခေါ်နေပေလိမ့်မည်။
ထိုအဖြစ်မျိုး ဘယ်သူခံနိုင်ရည်ရှိမည်နည်း။
ယခု ရွေးစရာနှစ်ခုရှိသည်။ ကူးဖြတ်ခြင်းအဆင့်သို့ တက်လျှင်တက်။ မဟုတ်လျှင် အကြွေးပြန်ဆပ်ရမည်။
ဝိညာဉ်ကျောက်သန်းတစ်ထောင်။
သူပိုင်ဆိုင်သမျှအားလုံးရောင်းလျှင်ပင် ထိုငွေပမာဏမျိုးရမည်မဟုတ်။
"ကံကြမ္မာလွှဲပြောင်းပညာ။ တစ်ခြားလူကို အကြွေးဆပ်ခိုင်းတယ်ပေါ့။ တကယ်ဂိုဏ်းချုပ်ချင်ပီသပါပေတယ်"
ျေကာက်ရိုးမျက်လုံးများက အေးစက်တင်းမာ၍ ကြောက်စရာကောင်းသည်။
ကတိစာချုပ်ကို ပြန့်လွှဲပြောင်းဖို့ သူတွေးမိပါသည်။ သို့သော် ကတိစာချုပ်နှင့်သူ့ကြားတွင် ကံနှောင်ကြိုးတစ်ခု တည်ဆောက်ပြီးဖြစ်သည်။ ထိုကံနှောင်ကျိုး မပျက်စီးမချင်း တစ်ခြားလူကို လွှဲပြောင်း၍မရ။
"ကောင်းကင်ရုံးတော်ဂိုဏ်းတဲ့လား။ ဟား...ကောင်းတယ်၊ သိပ်ကောင်းတာပေါ့။ မင်းတို့ကငါ့ကို ဒီလိုနည်းသုံးပြီး သတိပေးတယ်ပေါ့လေ"
ကျောက်ရိုး အတင်းတင်းကြိတ်သည်။ တစ်ဘက်လူက တကယ်လူပါးဝပြီး ကောက်ကျစ်ဉာဏ်များသည်။
သခင်မီနှင့် ဝိညာဉ်ပြောင်းကျင့်ကြံသူတို့ပြန်လာချိန်တွင် မီးသွေးတုံးလိုဖြစ်နေသည့် ကျောက်ရိုးကိုတွေ့ရသည်။
"အဆင်ပြေရဲ့လား ဒုဂိုဏ်းချုပ်"
ကျောက်ရိုး မျက်နှာတင်းသွားသည်။
"ငါ့ပုံစံက အဆင်ပြေတဲ့ပုံ ပေါက်နေလို့လားကွ"
ဝိညာဉ်ပြောင်းအဆင့် ကျင့်ကြံသူ ခဏပြန်စဉ်းစားသည်။ ထို့နောက် သေချာထပ်မေးသည်။
"အဆင်မပြေဘူးလား ဒုဂိုဏ်းချုပ်"
ကျောက်ရိုး လူသတ်ချင်စိတ်ကို အတင်းထိန်းထားရသည်။
"ဂိုဏ်းချုပ်ကြီးကို သွားတွေ့မယ်"
ကျောက်ရိုး ခန္ဓာကိုယ်သန့်စင်သည့် မှော်အစွမ်းတစ်ခုသုံး၍ အဝတ်စားသစ်ပြောင်းလိုက်သည်။ လျှပ်စီးကြောင့် ဆံပင်များမီးလောင်သွားသဖြင့် ဆံတုတစ်ခုတပ်ရသည်။
သခင်မီနှင့် ဝိညာဉ်ပြောင်းကျင့်ကြံသူတို့ ဂိုဏ်းသို့ပြန်မရောက်မီ ဖြစ်ခဲ့သည့်ကိစ္စကို ထုတ်မပြောရန် အော်တိုမစ်တစ် သဘောတူထားကြသည်။
ကြားလူဖြစ်သည့် သခင်မီက ထိုသေတ္တာကို ဂိုဏ်းချုပ်ထံ တိုက်ရိုက်ပေးရန် ရည်ရွယ်ခဲ့သည်။ သို့သော် ကျောက်ရိုး၏လူယုံဖြစ်သည့် ဝိညာဉ်ပြောင်းကျင့်ကြံသူက လက်မခံ။
ထိုကျင့်ကြံသူ အတင်းတောင်းဆိုနေသဖြင့် သစ်သားသေတ္တာကို ကျောက်ရိုးက အောင်မြင်စွာ ဖွင့်နိုင်ခဲ့ခြင်းဖြစ်သည်။
ထိုအဖြစ်ကို ကျောက်ရိုးသိလျှင် ဒေါသအိုးပေါက်ကွဲပြီး ဝိညာဉ်ပြောင်းကျင့်ကြံသူကို သတ်ပစ်လောက်သည်။
ယခု သခင်မီ ဝိညာဉ်ပြောင်းကျင့်ကြံသူအပေါ် အကြပ်ကိုင်စရာတစ်ခု ရသွားပြီဖြစ်သည်။
......
လက်ရှိ ကိုးငရဲဂိုဏ်းချုပ်ခေါင်းဆောင်သည် ခံ့ညားသည့်လူငယ်တစ်ယောက်ဖြစ်သည်။ ဂိုဏ်း၏မှောင်မိုက်သည့်လေထုပတ်ဝန်းကျင်နှင့် သူ့ရုပ်ရည်က လုံးဝမလိုက်ဖက်။
"ကောင်းကင်ရုံးတော်..."
ဂိုဏ်းချုပ် အတော်ကြာအောင်စဉ်းစားနေပြီးနောက် ပြန်မေးသည်။
"ဒီကောင်းကင်ရုံးတော်ဂိုဏ်းမှာ ငွေရှိမယ်ထင်လား။ ငါတို့ကို နည်းနည်းချေးနိုင်လောက်လား"
"ဘယ်လို"
မိုးကြိုးပစ်ခံထားရသဖြင့် သူ့ဦးခေါင်းသူ မူမမှန်ဖြစ်နေသလားဟု ကျောက်ရိုး ထင်လိုက်မိသည်။
"ဪ..ပါမှမဟုတ်ပါဘူး။ ကောင်းကင်ရုံးတော်ဆိုတာလားလို့ ပြောတာပါ"
ဂိုဏ်းချုပ် စကားအမြန်ပြန်ပြင်လိုက်သည်။
သူဂိုဏ်းချုပ်ဖြစ်လာချိန်တွင် လစဉ်လိုငွေစရင်းများ ကြည့်ခဲ့ရသည်။ ဂိုဏ်းချုပ်ဟောင်း၏ဘဝ ဘယ်လောက်ခက်ခဲခဲ့မည်ကို သူနားလည်လာသည်။
သူအလုပ်ကြိုးစားသည်။ ငွေကိုခြစ်ကုတ်ရှာသည်။ ဈေးကွက်သုတေသနလုပ်သည်။ စီးပွားရေးအခွင့်အလမ်းများ ရှာသည်။ လုပ်ငန်းသစ်များတည်ထောင်၍ ကိုးငရဲဂိုဏ်းဆက်ရပ်တည်နိုင်ဖို့ ငွေရှာသည်။
သို့သော် ဝိညာဉ်ကျောက် သူဘယ်လောက်ရရ ဖုန်ဒူတည်ဆောက်ရသည့် တွင်းနက်ကြီးက ဘယ်တော့မှဖြည့်၍မပြည့်နိုင်။
ထိုကိစ္စများကို တစ်ခြားလူများနှင့်လည်း ဆွေးနွေးတိုင်ပင်၍မရ။ ထိတ်လန့်သွားကြလိမ့်မည်။
တော်ဝင်လမ်းက ဖိနှိပ်ခံနေရသည်ကပင် အတော်ခက်ခဲနေပြီဖြစ်သည်။ နောက်လိုက်များသာ ငွေးကြေးပြဿနာများကို သိသွားလျှင် အညံ့ခံဖို့ပင် စဉ်းစားလာနိုင်သည်။
ထို့ကြောင့် ထိုမျှငွေအကြပ်အတည်းကြားတွင် ကိုးငရဲဂိုဏ်းအား ဆက်လည်ပတ်နိုင်ခဲ့သည့် ချင်ဟော်ရန်ကို သူလေးစားခြင်းဖြစ်သည်။
အကယ်၍ ထိုအခြေအနေမှာပင် ချင်ဟော်ရန် မိသားစုတစ်ခုပါ တည်ထောင်ခဲ့မှန်း သူသိလျှင် သူ့လေးစားမှုများ ပိုတိုးလာနိုင်သည်။
"ချင်ဟော်ရန်လူဝင်စား..."
ထိုကိစ္စသည် ချင်ဟော်ရန်အမွေကို လုယူရန် ဒုဂိုဏ်းချုပ်သုံးယောက် စီစဉ်ဖန်တီးခဲ့သည့်လုပ်ဇာတ်ဟု အစက သူတွေးခဲ့သည်။
ကိုးငရဲဂိုဏ်း၏ဓမ္မတွင် 'လူဝင်စားစည်းမျဉ်း'အကြောင်း ဖော်ပြထားသည်။ သဘောတရားအရ ဖြစ်နိုင်သည်။ သို့သော် ကိုးငရဲဂိုဏ်းသမိုင်းတစ်လျှောက် လူဝင်စားကျင့်စဉ်ကိုတတ်မြောက်သူ တစ်ယောက်မှမရှိခဲ့။
ယခု ကောင်းကင်ရုံးတော်ဂိုဏ်းပေါ်လာသည်။ ချင်ဟော်ရန်လူဝင်စား မိန်းမတစ်ယောက်ကို တွေ့ထားသည်ဟုဆိုသည်။
ထူးဆန်းသော်လည်း သေချာတွေးကြည့်လျှင် ဖြစ်နိုင်စရာတော့ရှိသည်။
"ဒါက ချင်ဟော်ရန်ရဲ့ပစ္စည်းဆိုတာ သေချာလား"
ကျောက်ရိုး ဘာမှမပြောဘဲ ကတိစာချုပ်ကို ထုတ်ပေးလိုက်သည်။
ဂိုဏ်း၏ ငွေကြေးပြဿနာများအကြောင်း ကျောက်ရိုးမသိ။ ထိုကတိစာချုပ်ကို တစ်ယောက်ယောက် လှည့်ကွက်မိအောင် ချင်ဟော်ရန် တမင်ချန်ထားခဲ့သည်ဟု သူယူဆသည်။
ကတိစာချုပ်ကို မြင်သည်နှင့် ချင်ဟော်ရန်ပစ္စည်းမှန်း ဂိုဏ်းချုပ်ချက်ချင်းသိသည်။ အတုလုပ်၍မရနိုင်။
ချင်ဟော်ရန်သည် ကံကြမ္မာစွမ်းအားနှင့်မှော်စက်ဝန်းပညာများကို ကျွမ်းကျင်သည်။ ကံစွမ်းအားပိတ်ဆို့ခြင်း လွှဲပြောင်းခြင်းများ လုပ်နိုင်သည်။
"ဒါဆိုရင်တော့ ကောင်းကင်ရုံးတော်နဲ့ ချင်ဟော်ရန်လူဝင်စားကိစ္စဟာ ယုံကြည်ရလောက်ပါတယ်။
တစ်ခြားဂိုဏ်းချုပ်နှစ်ယောက်ကို ဆွေးနွေးပွဲလုပ်ဖို့ခေါ်လိုက်ပါ"
"ဒါပေမယ့်လေ...ဂိုဏ်းရတနာတိုက်ကနေ ဝိညာဉ်ကျောက်သန်းတစ်ထောင် ထုတ်လို့မရဘူးလား"
လတိုင်း မိုးကြိုးပစ်ခံရသည့်အဖြစ်မျိူး ကျောက်ရိုး မနေချင်။
ဂိုဏ်းချုပ် အလေးအနက်ပြန်ပြောသည်။
"ချင်ဟော်ရန်အမွေကို လက်ခံတာက မင်းရဲ့ပုဂ္ဂိုလ်ရေးကိစ္စပဲ။ အများသုံးရန်ပုံငွေကို သုံးလို့မရဘူး။ အများကိစ္စနဲ့ ကိုယ်ရေးကိုယ်တာကိစ္စကို သီးခြားခွဲထားရမယ်။
..ဒါပေမယ့် ငါအကြံပြုချင်တာလေး တစ်ခုရှိတယ်"
"ပြောပါ ဂိုဏ်းချုပ်"
"နောက်တစ်ခါ မင်းမိုးကြိုးပစ်ခံရရင် ဌာနချုပ်နဲ့ ခပ်ဝေးဝေးနေပေးကွာ။ ဌာနချုပ်ကို ပြန်ပြုပြင်ရတာ ငွေကုန်လို့ပါ"