ကိုးငရဲဂိုဏ်း ပုံမှန်အစီးအဝေး
Vol. 21 Ch. 308
ကိုးငရဲဂိုဏ်းဌာနချုပ်၏ စည်းဝေးခန်းမအလယ်တွင် လေးထောင့်စားပွဲကြီးတစ်လုံးရှိသည်။ ဂိုဏ်းချုပ်က စားပွဲတစ်ချက်တွင်ထိုင်သည်။ မျက်နှာချင်းဆိုင်တွင် ဒုဂိုဏ်းချုပ်သုံးယောက်ထိုသည်။ လူတိုင်း ရေနွေပူဖြည့်ထားသည့် ကြွေဖြူခွက်တစ်လုံးစီ ရှေ့တွင်ချထားသည်။
ဂိုဏ်းချုပ် ချောင်းတစ်ချက်ဟန့်၍ မှတ်စုစာအုပ်တစ်ခု ထုတ်သည်။
"ဒီနေ့အတွက် ပုံမှန်စည်းဝေးပွဲစလိုက်ရအောင်။ အစီအစဉ်အရ ဆွေးနွေးစရာသုံးပိုင်းရှိတယ်။ အရင်ဆုံး ဒုဂိုဏ်းချုပ်ရှန်က ပြီးခဲ့တဲ့လအတွင်း ကိုးငရဲဂိုဏ်းရဲ့လှုပ်ရှားမှုတွေအကြောင်း အစီရင်ခံလိမ့်မယ်"
ဂိုဏ်းချုပ်ရှန်သည် ထူးခြားသည့် ရုပ်သွင်ရှိသည်။ နဖူးတွင် မျက်လုံးသုံးခုပါသည်။ နေရာစုံကို အာရုံခံ၍ ကြည့်နိုင်သည်။ ဂိုဏ်း၏အုပ်ချုပ်ရေးမှူးဖြစ်သည်။
"ဇွန်လကတည်းက ကျုပ်တို့ဂိုဏ်းမှာ တည်ငြိမ်ပြီး အပြုသဘောဆောင်တဲ့ အလားအလာမျိုး ရှိခဲ့ပါတယ်။
ဒီလမှာ တပည့်သစ်သုံးဆယ့်သုံးယောက် စုစည်းနိုင်ခဲ့ပါတယ်။ ယောက်ျား နှစ်ဆယ့်သုံးယောက်၊ မိန်းကလေးဆယ်ယောက်နဲ့ လူသားမဟုတ်တဲ့ သရဲဝိညာဉ်သုံးယောက်ပါ။
ဂိုဏ်းဝင်အချိုးအစားကတော့ အမျိုးသားတွေ များနေတုန်းပါပဲ။ ဂိုဏ်းချုပ်ညွှန်ကြားထားတဲ့ အမျိုးသမီးဂိုဏ်းဝင်ပိုစုစည်းဖို့ကိစ္စကို အပြည့်အဝအကောင်အထည်မဖော်နိုင်သေးပါဘူး။ စည်းဝေးပွဲပြီးတဲ့အခါ ဒီကိစ္စကိုတင်ပြပြီး ကျားမအချိုးအစားကို တတ်နိုင်သမျှညီမျှအောင် ကြိုးစားဆောင်ရွက်ပါ့မယ်။
ဒီလထဲမှာ ဂိုဏ်းတပည့်ဆယ့်ရှစ်ယောက်ကို ရှားနိုင်ငံက ဖမ်းသွားပါတယ်။ နတ်ဆိုးနယ်မြေမှာ တပည့်သုံးယောက် ပျောက်နေပါတယ်။ တပည့်နှစ်ယောက်က စွန်စီးဘုံကျောင်းမှာ အညံ့ခံသွားပါတယ်။
ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေအရ ရှားနိုင်ငံဟာ သရဲဝိညာဉ်လှုပ်ရှားမှုတွေကို တုံ့ပြန်နိုင်ဖို့ "သရဲထိန်းချုပ်ရေးဥပဒေ"ကို ပြန်လည်ပြင်နေတယ်လို့ သိရပါတယ်။ ဒီဥပဒေ အတည်ပြုပြီးရင် ကျုပ်တို့ဂိုဏ်းရဲ့ သရဲဝိညာဉ်တွေလှုပ်ရှားမှုအပေါ် သက်ရောက်လာနိုင်ပါတယ်။ ဖုန်တည်တည်ဆောက်တဲ့လုပ်ငန်းကိုလည်း တစ်နည်းတစ်ဖုံး သက်ရောက်မှုရှိလာမှာပါ။
စီးပွားရေးလုပ်ငန်းသစ်ချဲ့ထွင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဂိူဏ်းချုပ်ညွှန်ကြားထားတဲ့အတိုင်း သေချာအကောင်အထည်ဖော်ပြီးပါပြီ။ စီးပွားရေးလမ်းကြောင်းတွေကို အားသွန်ခွန်စိုက် ချဲ့ထွင်နေပါတယ်။ လွယ်ကူရှင်းလင်းတဲ့ နာရေးသဂြိလု်တဲ့ဝန်ဆောင်မှုလုပ်ငန်းကို စတင်ခဲ့ပါတယ်။ သာမန်လူတွေ ကျင့်ကြံသူတွေကို ကျုပ်တို့ဂိုဏ်းက တည်ထောင်ထားတဲ့ သင်္ဂြိုလ်မြေမှာ မြှုပ်နှံလာအောင် တိုက်တွန်းလှုံ့ဆော်ပြီး ဂူသင်္ချိုင်းအငှားဝန်ဆောင်မှု ပေးပါတယ်။ နှစ်ငါးဆယ်ကြာတိုင်း အခွန်ငွေ ကောက်ပါမယ်။
မှောင်ခိုလုပ်ငန်းကိုလည်း သိသိသာသာ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ 'မဟာရှားမှောင်ခိုလုပ်ငန်းဥပဒေ'ကို တက်တက်ကြွကြွ အထောက်အပံ့ပေးဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။ ရှားနိုင်ငံက ကျုပ်တို့ကြိုးစားမှုကို အသိအမှတ်ပြုပြီး ထောက်ခံအားပေးပါတယ်။ ဂုဏ်းပြုစာတန်းတောင် ချီးမြှင့်ပါတယ်။ ဒါပေမယ့် တစ်ယောက်မှ်တော့ လက်မခံရဲကြပါဘူး။ လက်ရှိမှာ မှောင်ခိုလုပ်ငန်းဟာ ရုန်းကန်နေရဆဲ အနေအထားပါ။ အကျိုးအမြတ်နည်းပါသေးတယ်။ ဗျူဟာသစ်တွေ ချမှတ်ဆောင်ရွက်ဖို့ လိုပါတယ်။
ဂူဖောက်လုပ်ငန်းပိုင်း ဆောင်ရွက်တဲ့နေရာမျာ တာအိုလမ်းစဉ်ဂိုဏ်းက မဟာအကြီးအကဲနဲ့ မကြာခဏ ရင်ဆိုင်တွေ့ရပါတယ်။ တာအိုလမ်းစဉ်ဂိုဏ်းက ကျုပ်တို့ရဲ့ဂူဖောက်နည်းလမ်းတွေနဲ့ ပတ်သက်ပြီး သဲလွန်စတစ်ချို့ ရထားတဲ့ပုံပါပဲ။
နောက်ပြီး ဂူဖောက်နေရင်းနဲ့ အိပ်ပျော်နေတဲ့ ရှေးဟောင်းစုစည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို အမှတ်မထင် တူးဖောက်မိတယ်။ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဘက်လုံး ရှားနိုင်ငံရဲ့ ဖမ်းဆီးခြင်းခံရပါတယ်။
နောက်ဆုံးမှာ သေချာအပူတပြင်းစုံစမ်းစစ်ဆေးပြီးတော့ ထာဝရဂိုဏ်းတည်ထောင်ထားတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေအားလုံးကို ဖယ်ထုတ်နိုင်ခဲ့ပါတယ်။ ထာဝရဂိုဏ်းဝင် အကြွင်းအကျန်တွေကနေ ရှားနိုင်ငံ ဒါမှမဟုတ် တာအိုလမ်းစဉ်ဂိုဏ်းက ကျုပ်တို့ကိုခြေရာခံဖို့ မဖြစ်နိုင်တော့ပါဘူး။
ကျုပ်အစီရင်ခံချက် ဒီမှာအဆုံးသတ်ပါပြီ"
ဂိုဏ်းချုပ် ကျိတ်၍သက်ပြင်းချသည်။ ကိုးငရဲဂိုဏ်းကို အုပ်ချုပ်စီမံရသည်က တကယ်ခက်ခဲသည်။ ထူးဆန်းသည့်ပြဿနာတစ်ချို့ ရှိနေသည်။
ငွေရှာဖို့ ခက်ခဲသည်။
"လောင်ရှန်၊ ရုံးတော်ကဖမ်းမိသွားတဲ့ ကံဆိုးသူတပည့်ဆယ့်ရှစ်ယောက် ဘယ်လိုဖြစ်သွားလဲ"
ဒုဂိုဏ်းချုပ်နောက်တစ်ယောက်က စပ်စုစည်။ သူ့မျိုးရိုးနာမည်က ရှီ ဖြစ်သည်။ သရဲကျင့်ကြံသူတစ်ယောက် ဖြ်စသည်။
တစ်ချိန်က သူသည် ဗုဒ္ဓဂိုဏ်းဝင်တပည့် ဖြစ်ခဲ့သည်။ သို့သော် ပြန်ဝင်စားမန္တာန်ကို အလွန်အကျွံရွတ်ဆိုရင်း အဆင့်တက်ခဲ့သည်။ သူ့ဝိညာဉ်ကို ခန္ဓာကိုယ်မှ ခွဲထုတ်နိုင်ခဲ့သည်။ ကိုးငရဲဂိုဏ်းက သူ့ကိုတွေ့ပြီး ဂိုဏ်းဝင်အဖြစ်စည်းရုံးခဲ့သည်။
ဒုဂိုဏ်းချုပ်ရှန် သက်ပြင်းချသည်။
"ဂူဖောက်ရင်း ရှေးဟောင်းစုစည်းခြင်းစွမ်းအားရှင်နဲ့ တိုက်ခိုက်လို့ အသံဗလံထွက်ပြီး အဖမ်းခံရတဲ့ ဆယ်ယောက်ကလွဲရင် ကျန်တဲ့ရှစ်ယောက်က အရူးတွေပါ။
သူတို့ကို ဆောင်ကြာမြိုင်တစ်ခုဖွင့်ဖို့ ကျုပ်တာဝန်ပေးခဲ့တယ်။ ကွင်းဆင်းလေ့လာကြည့်တော့ ဆောင်ကြာမြို့တွေပေးဆောင်ရဲတဲ့ အခွန်တွေက မြင့်လွန်းနေတာကို သိသွားတယ်။ ဒါကြောင့် သူတို့က နတ်ဆိုးနယ်မြေက မိန်းကလေးအသွင်ပြောင်းနိုင်တဲ့ သားရဲတစ်ဒါဇင်လောက်ကို ခေါ်သွင်းလာပြီး တိရစ္ဆာန်ရုံအဖြစ် လုပ်ငန်းမှတ်ပုံတင်တယ်လေ။ အခွန်ဆောင်ရတာ နည်းအောင်ပေါ့။
တိရစ္ဆာန်ရုံလို့ ကြေညာထားပေမယ့် လုပ်ငန်းလည်ပတ်ပုံက ဆောင်ကြာမြိုင်နဲ့ အတူတူပဲ။ အရာရှိတွေ လာစစ်ဆေးတဲ့အခါ တရားဝင်တိရစ္ဆာန်ရုံတစ်ခုလို ဟန်ဆောင်ကြတယ်"
"အတော်ဉာဏ်ပြေးတာပဲ"
ဒုဂိုဏ်းချုပ်ရှီ အံ့အားသင့်သွားသည်။ ထိုတပည့်ရှစ်ယောက်၏ ဦးနှောက်ကို ချီးကျူးသည်။
ဒုဂိုဏ်းချုပ်ရှန် သက်ပြင်းချသည်။
"ဒါပေမယ့် ပြဿနာက သာမန်တိရစ္ဆာန်ရုံတွေမှာ 'အသက်မပြည့်သူများဝင်ခွင့်မပြု'ဆိုတဲ့ ဆိုင်းဘုတ်မျိုး မရှိဘူးလေ။
အဆိုးဆုံးကတော့ အလွတ်သင်ကျောင်းဆရာတစ်ယောက်က မြို့ထဲမှာ တိရစ္ဆာန်ရုံအသစ်ဖွင့်တယ်ကြားပြီး သူ့ကျောင်းသားတွေကို ပညာသင်အလည်အပတ်အဖြစ် ခေါ်လာတာပဲ။
ပြီးတော့ သူတို့လည်း တကယ်ပညာရသွားကြပါတယ်"
ဒုဂိုဏ်းချုပ်ရှီ - "..."
"အဟမ်း၊ ဒါကို စည်းဝေးပွဲပြီးမှ ဆက်ဆွေးနွေးကြတာပေါ့။ စည်းဝေးပွဲရဲ့ ဒုတိယကိစ္စကို ဆက်သွားရအောင်။
ဒုဂိုဏ်းချုပ်ရှီ၊..ဖုန်ဒူတည်ဆောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး နောက်ဆုံးသတင်းတွေကို ပြောပါဦး"
"အားလုံး ချောချောမွေ့မွေ့ပါပဲ။ လုပ်ငန်းရဲ့ ရှစ်ဆယ်ရာနှုန်းလောက် ပြီးသွားပါပြီ။ ရန်ပုံငွေကျလာတာနဲ့ ကျန်တဲ့နှစ်ဆယ်ရာနှုန်းလည်း မြန်မြန်ပြီးသွားမှာပါ"
ထိုစကားကြောင့် ဂိုဏ်းချုပ် စိတ်သက်သာရာရသွားသည်။ နောက်ဆုံးတော့ ထိုလုပ်ငန်း ပြီးမြောက်တော့မည်။ ဖုန်ဒူတည်ဆောက်ဖို့ သူပိုင်ဆိုင်သမျှအားလုံးနီးပါး ရောင်းခဲ့ရသည်။
သူသာ ဖီးနစ်မျိုးနွယ်ဖြစ်လျှင် သူ့သွေးကိုရောင်းဖို့ စဉ်းစားခဲ့မိလောက်သည်။
နတ်ဆိုးဂိုဏ်းတစ်ဂိုဏ်းဆိုသည်က မြေအောက်အင်ပါယာဖြစ်သင့်သည်။ စွမ်းအားကို ထုတ်ပြနိုင်သင့်သည်။ ဘာကြောင့် ကိုးငရဲဂိုဏ်း ထိုမျှအခြေအနေဆိုးဝါးခဲ့သည်မသိတော့။
ထာဝရဂိုဏ်း၊ နေမင်းဂိုဏ်း၊ နှလုံးမဲ့ဂိုဏ်းတို့ကိုကြည့်ပါ။ ဘယ်ဂိုဏ်းမှ ယခုလို အရှုပ်အထွေးမျိုးမရှိ။
တစ်ခြားဂိုဏ်းချုပ်နှစ်ယောက်သာ ဤသတင်းကြားလျှင် စိတ်လှုပ်ရှားသွားကြလိမ့်မည်။
ဖုန်ဒူသည် သူတို့အိပ်မက်ဖြစ်သည်။ ကိုးငရဲဂိုဏ်းအနေဖြင့် တမလွန်ကို ကိုယ်စားပြုသည့် မြို့တော်တစ်ခုတော့ ရှိကိုရှိသင့်သည်။
"ဝိညာဉ်ကျောက်တွေ ဘယ်လောက်ထပ်လိုသေးလဲ"
"၃.၈ ဘီလျံပါ"
ဂိုဏ်းချုပ်၏လက်များ တုန်ခါသွားသည်။ သေမိန့်ချသည်နှင့်တူသည်။
ယခုချိန် ဂိုဏ်းချုပ်ရာထူးမှ ဆင်းပေးလျှင် ရနိုင်ဦးမလားမသိ။
လွန်ခဲ့သည့် ဆယ့်ခုနစ်နှစ်က ချင်ဟော်ရန်၏ အသက်တံဆိပ် ကြေမွ၍ ရုတ်တရက် သေဆုံးသွားသည်။ ကိုးငရဲဂိုဏ်း ပရမ်းပတာဖြစ်သွားသည်။ ဒုဂိုဏ်းချုပ်လေးယောက် ဂိုဏ်းချုပ်ရာထူးအတွက် ယှဉ်ပြိုင်ကြသည်။
လေးယောက်လုံးက စွမ်းအားနှင့်ဩဇာ သူမသာကိုယ်မသာအနေအထားရှိသည်။ အနိုင်ရဖို့ခက်သည်။ ထိုအချိန်တွင် ရဲတင်းသည့် ကတိတစ်ခု သူကြေညာခဲ့သည်။
သူဂိုဏ်းချုပ်ဖြစ်လာလျှင် ဖုန်ဒူကို သေချာပေါက်တည်ဆောက်ပေးမည်။
ထိုကတိစကားကြောင့် ဂိုဏ်းတပည့်အတော်များများ၏ ထောက်ခံမှုကို သူရခဲ့သည်။ ချောချောမွေ့မွေ့ ဂိုဏ်းချုပ်ဖြစ်လာခဲ့သည်။
ယခု ထိုကတိပေးခဲ့မိသည်ကို သူနောင်တရနေသည်။ ကျိန်စာသင့်နေသည့် ဤဂိုဏ်းချုပ်ရာထူးကို တစ်ခြားသူများသာ ရခဲ့သင့်သည်။
သို့သော် နောင်တရနေလည်း ဘာမှမတတ်နိုင်တော့။
ချင်ဟော်ရန်က နှစ်ရှစ်ရာအတွင်း ဖုန်ဒူကို မတည်ဆောက်နိုင်ခဲ့။ ယခုသူက ဆယ့်ခုနစ်နှစ်အတွင်း ပြီးလုနီးပါးအနေအထား ရောက်လာသည်။ သို့သော် ထူးခြားသည့် ဗျူဟာကောင်းများမရှိ။
ဤဆယ့်ခုနစ်နှစ်အတွင်း ဂိုဏ်းဝင်တိုင်း၏ နာမည်အချက်အလက်များကိုသုံး၍ ချေးငွေများထုတ်ယူရင်း အသွင်ပြောင်းပညာရပ်မျိုးစုံ သူကျွမ်းကျင်လာခဲ့သည်။
ဤကိစ္စသာ ပေါ်သွားလျှင် သူ့ဂိုဏ်းချုပ်ရာထူးသာမက သူ့အသက်ပါ အဆုံးသတ်သွားလိမ့်မည်။
"ထာဝရဂိုဏ်း ကျဆုံးသွားတာ မကြာသေးတော့ မဟာရှားနဲ့ မသေမျိုးငါးဂိုဏ်းက ငါတို့ကို အနီးကပ်စောင့်ကြည့်နေတာပဲ။ ကြိုတင်သတိထားတဲ့အနေနဲ့ ဖုန်ဒူတည်ဆောက်တဲ့လုပ်ငန်းကို ခဏရပ်ထားကြတာပေါ့"
သူ့အကြံပြုချက်ကို ဒုဂိုဏ်းချုပ်သုံးယောက်က ထောက်ခံကြသည်။ နတ်ဆိုးဂိုဏ်းကြီးလေးဂိုဏ်းသည် ဝါဒခံယူချက်ကွဲပြားနေသဖြင့် ပေါင်းစည်းဖို့တော့ မဖြစ်နိုင်။ သို့သော် နှစ်တစ်သောင်းကျော်ကာလအတွင်း အတူတကွရပ်တည်ခဲ့ကြသည်။ ဂိုဏ်းတစ်ခု ပြိုကွဲသွားသဖြင့် တစ်ခြားဂိုဏ်းများလည်း ကိုယ့်ရှင်သန်ရပ်တည်မှုအတွက် စိုးရိမ်ပူပန်လာကြသည်။
နတ်ဆိုးဂိုဏ်းများ ယခုလိုအချိန်ကြာမြင့်စွာ ရပ်တည်နိုင်ခဲသည်မှာ လုံခြုံဘေးကင်းရေးကို အမြဲဦးစားပေးခဲ့သောကြောင့်ဖြစ်သည်။
"အခု တတိယနဲ့နောက်ဆုံးကိစ္စက ချင်ဟော်ရန်လူဝင်စားနဲ့ ကောင်းကင်ရုံးတော်ဂိုဏ်းဟာ တကယ်အစစ်အမှန်ဟုတ်မဟုတ် ဆွေးနွေးဖို့ပဲ"
"ကောင်းကင်ရုံးတော်ဂိုဏ်း.."
ဒုဂိုဏ်းချုပ်ရှန်နှင့်ရှီ တအံ့တဩ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ နတ်ဆိုးဂိုဏ်းလေးဂိုဏ်းအကြောင်း သူတို့သိသည်။ သို့သော် ကောင်းကင်ရုံးတော်ဂိုဏ်းဆိုသည်မှာ ဘယ်အချိန်က ပေါ်လာမှန်းမသိ။
ထိုဂိုဏ်းက ချင်ဟော်ရန်လူဝင်စားကိစ္စနှင့် ဘယ်လိုပတ်သက်နေသနည်း။
သူတို့နှစ်ယောက်လည်း ချီဟော်ရန်လူဝင်စားအမည်ခံ ကိုယ်ပိုင်တပည့်များ မွေးထားသည်။
"ဒုဂိုဏ်းချုပ်ရှီ၊ ဒီကိစ္စကို ခင်ဗျားအသိဆုံးပဲ။ ခင်ဗျားရှင်းပြလိုက်ပါလား"