ကောင်းကင်ရုံးတော်၏ဗားရှင်းမျိုးစုံ
Vol. 21 Ch. 309
ယနေ့သည် သူ့အတွက်ကံအဆိုးဆုံးနေ့ဟု ကျောက်ရိုး ခံစားရသည်။
အချိန်အတော်ကြာက သေသွားခဲ့သည့် ချင်ဟော်ရန်၏ အရူးလုပ်ခြင်းကို ခံရသည်။ ဝိညာဉ်ကျောက် တစ်ဘီလျံ အကြွေးတင်သည်။ အကြွေးမဆပ်နိုင်သဖြင့် မိုးကြိုးပစ်ခံရသည်။
ကောင်းကင်ရုံးတော်ဂိုဏ်းနှင့်ပတ်သက်သည့် အခြေအနေကို ဂိုဏ်းချုပ်ထံ ရှင်းပြခဲ့ရသည်။
ယခု အားလုံးကို နောက်တစ်ကြိမ် ပြန်ရှင်းပြရဦးမည်။
ရင်နာရသည့် ဤအဖြစ်အပျက်အများကို ထပ်တလဲလဲပြန်တွေးမနေရအောင် မှတ်တမ်းတစ်ခုသာ ရေးတင်လိုက်ချင်သည်။
တစ်ခြားဒုဂိုဏ်းချုပ်နှစ်ယောက်က ကျောက်ရိုးကို သံသယမျက်လုံးဖြင့် လှမ်းကြည့်နေသည်။
မိုးကြိုးပစ်သည့်အသံက ကျယ်လောင်လွန်းသည်။ သူတို့သတိမထားမိစရာ အကြောင်းမရှိ။
စုစည်းခြင်းအဆင့်များ ကောင်းကင်ဆင်းရဲဖြတ်ကျော်ခြင်းလော။ ကျောက်ရိုး အဆင့်တက်ရန် ကြိုးစားခဲ့ခြင်းလော။
စိတ်ပျက်လက်ပျက်မျက်နှာဖြင့် ထင်းရှူးမြို့အဖြစ်အပျက်အားလုံးကို ကျောက်ရိုး ပြန်ပြောပြသည်။ ချင်ဟော်ရန်လူဝင်စားအကြောင်း သိပ်မပြော။ ကောင်းကင်ရုံးတော်အကြောင်းသာ အလေးပေး၍ပြောသည်။
"ရှေးဟောင်းခေတ်က စွမ်းအားအကြီးဆုံးအဖွဲ့အစည်းလား...ကောင်းကင်ရုံးတော်လား"
"ပထမဆုံးမသေမျိုးဖြစ်ခဲ့တာ ပဲဝါအရှင်ပေါ့"
"ကြယ်ကမ္ဘာတွေကို ပဲဝါစေ့လို ထိန်းချုပ်နိုင်တယ်ဆိုတော့ တကယ့်ကို မယုံနိုင်စရာဖန်တီးမှုစွမ်းအားမျိုးပဲ"
ဒုဂိုဏ်းချုပ်နှစ်ယောက် တအံ့တဩဖြစ်နေသည်။ ဤလုယိယန်က စကားလုံးနည်းနည်းဖြင့် ရှေးဟောင်းလျှို့ဝှက်ချက်များစွာ ထုတ်ပြောသွားသည်။
ပထမဆုံးမသေမျိုးဖြစ်လာသူသည် တကယ်ထူးခြားသည်။ မသေမျိုးလမ်းစဉ်၏ ရှေ့ဆောင်လမ်းပြ။ မသေမျိုးတို့၏ ဘိုးဘေးသခင်။
ကိုးငရဲဂိုဏ်း ထိပ်ဆုံးအကြီးအကဲများဖြစ်၍ သာမန်စုစည်းခြင်းကျင့်ကြံသူများအထက် ရှေးဟောင်းလျှို့ဝှက်ချက်များစွာ သူတို့ပိုသိထားပါသည်။ သို့သော် ပထမဆုံးမသေမျိုးသည် ကိုးဆမသေမျိုးမှန်းပင် သူတို့မသိကြ။
"ကိုးဆမသေမျိုးက ပဲဝါအရှင်နေရာကိုယူပြီး ပထမမသေမျိုးလို့ ကြေညာခဲ့တယ်ပေါ့"
"ရှေးဟောင်းခေတ်ဟာ လွှမ်းမိုးနိုင်လောက်အောင် စွမ်းအားကြီးတဲ့ သူရဲကောင်းတွေပြည့်နေတယ်လို့ ပြောကြတယ်။ ဒါတောင် နောက်ကွယ်မှာ ဒီလိုမသမာမှုမျိုး ရှိခဲ့တယ်ပေါ့"
ဒုဂိုဏ်းချုပ်နှစ်ယောက် တဖြေးဖြေးစိတ်ဝင်စားလာသည်ကိုကြည့်၍ ဂိုဏ်းချုပ်က တွေးတွေးဆဆလေသံဖြင့် ပြောသည်။
"တကယ်တော့ ကောင်းကင်ရုံးတော်အကြောင်း ငါနည်းနည်းသိထားပါတယ်"
"ပြောပြပါဦး ဂိုဏ်းချုပ်"
ဒုဂိုဏ်းချုပ်နှစ်ယောက် ပိုစိတ်ဝင်စားလာသည်။ ရှေးဟောင်းလျှို့ဝှက်ချက်များကို သိခွင့်ရသည်မှာ ရှားပါးအခွင့်အရေးဖြစ်သည်။
သူတို့အမူအရာကိုကြည့်၍ ဂိုဏ်းချုပ်ကျေနပ်သွားပြီး ဆက်ရှင်းပြသည်။
"တစ်ခါတုန်းက ကိုးဆမသေမျိုးရေးတဲ့ ရှေးဟောင်းစာအုပ်တစ်အုပ် ဖတ်ဖူးတယ်။ တစ်စိတ်တစ်ပိုင်းလောက်ပဲ ဘာသာပြန်နိုင်ခဲ့တယ်။ တစ်ချို့စာမျက်နှာတွေက ပျောက်နေတယ်။ ဒါပေမယ့် အကြောင်းအရာကိုတော့ နားလည်ခဲ့ပါတယ်။
ဒီစာအုပ်မှာ ကောင်းကင်ရုံးတော်အကြောင်း ဖော်ပြထားတယ်။ ရှေးဟောင်းခေတ်မှာ မသေမျိုးဖြစ်လာတယ်ဆိုတာ မသေမျိုးလမ်းစဉ်ရဲ့ ပထမအဆင့်ပဲတဲ့။ မသေမျိုးတွေအထက်မှာ သူတော်စင်တွေရှိတယ်။ သူတော်စင်တွေအထက်မှာ နတ်ဘုရားတွေရှိတယ်။ နတ်ဘုရားအထက်မှာ အဓိပဓိနတ်ဘုရားတွေရှိတယ်။ အဆင့်တွေအများကြီးပဲ။
ကောင်းကင်ရုံးတော်က အဓိပဓိနတ်ဘုရားအဆင့် အဖွဲ့အစည်းပါ။ အားလုံးကို အုပ်ချုပ်တယ်"
ထိုအကြောင်း ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်၍ ဒုဂိုဏ်းချုပ်သုံးယောက် စိတ်ဝင်စားသွားပြီး ခန္ဓာကိုယ်များ ရှေ့သို့ကိုင်းညွှတ်လာကြသည်။
"ဒါပေမယ့်ဒါက လုယိယန်ပြောတာနဲ့ ဆန့်ကျင်နေတယ်။ သူလိမ်နေတာများလား"
ကျောက်ရိုး မျက်မှောင်ကျုံ့သွားသည်။
ဂိုဏ်းချုပ် လက်ကာပြသည်။
"ငါဆက်ပြောပါဦးမယ်။ နောက်တော့ ယင်ထန်မသေမျိုးရေးတဲ့ နောက်ထပ်ရှေးဟောင်းစာအုပ်တစ်အုပ်တွေ့တယ်။
စာအုပ်နာမည်က "ကောင်းကင်ကိုအကျဉ်းချခြင်း"တဲ့။ ရှေးခေတ်ကောင်းကင်ရုံးတော်အကြောင်း ဦးစားပေးရေးထားတယ်။ မသေမျိုးတွေကို လူသားမသေမျိုး၊ မြေမသေမျိုး၊ ကောင်းကင်မသေမျိုး၊ ရွှေမသေမျိုး၊ မဟာလော်မသေမျိုး၊ ကမ္ဘာဦးမသေမျိုးဆိုပြီး အဆင့်ခွဲနိုင်တယ်တဲ့။ ပြီးတော့ ကောင်းကင်ရုံးတော်ရဲ့ အမြင့်ဆုံးအုပ်ချုပ်သူက ကောင်းကင်အင်ပါယာလို့ ပြောထားတယ်။ သူက အုပ်ချုပ်သူအစစ်တွေဖြစ်တဲ့ သူတော်စင်နှစ်ယောက်၊ အရှင်မြတ်သုံးပါးနဲ့အတူ လင်းရှောင်နန်းတော်မှာနေတယ်။
အကြောင်းအရာဖော်ပြချက်တွေက အသေးစိတ်ကျလွန်းတော့ ယင်ထန်မသေမျိုးရေးထားတဲ့ ဝတ္ထုတစ်ပုဒ်လားလို့တောင် အစက ငါထင်ခဲ့တယ်။
နောက်တော့ ငါပြန်စဉ်းစားကြည့်တယ်။ ယင်ထန်လို မသေမျိုးတစ်ယောက်ဟာ ဝတ္ထုတွေရေးနိုင်လောက်အောင် အားလပ်ချိန်မရှိလောက်ဘူး။ ယုတ္တိမကျဘူးလေ"
ဒုဂိုဏ်းချုပ်သုံးယောက် ခေါင်းငြိမ့်ထောက်ခံသည်။ ဂိုဏ်းချုပ်သုံးသပ်ချက် ဆီလျော်သည်ဟု ယူဆသည်။
"နောက်ပိုင်းမှာ ယင်ထန်ရေးတဲ့ နောက်ထပ်မသေမျိုးစာအုပ်တစ်အုပ် ငါတွေ့ခဲ့သေးတယ်။ ကောင်းကင်ရုံးတော်အကြောင်း ပြောထားတယ်။ မသေမျိုးတွေကို ပထမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့်၊ စတုတ္ထဆင့်၊ ပဥ္စမဆင့်ဆိုပြီး ငါးဆင့်ခွဲတယ်"
"ဒီခွဲခြားစနစ်က 'ကောင်းကင်အကျဉ်းချခြင်း'စာအုပ်နဲ့ လုံးဝကွဲပြားနေပါလား"
"ဘာလို့ ဒီလိုကွဲပြားချက်တွေ ရှိနေတာလဲ"
ဒုဂိုဏ်းချုပ်သုံးယောက် အံ့အားသင့်သွားသည်။ ယင်ထန်မသေမျိုးသည် စရိုက်ကွဲရောဂါမျိုး ရှိနေသလားမသိ။
ဂိုဏ်းချုပ် ခေါင်းခါသည်။
"အစက ငါလည်း ဘာလို့ဒီလိုတွေကွဲပြားနေလဲ နားမလည်ခဲ့ဘူး။ ရှေးဟောင်းခေတ်အကြောင်းလေ့လာတဲ့ ပညာရှင်တွေကို ငါမေးမြန်းကြည့်တယ်။ သူတို့လည်း မဖြေနိုင်ကြဘူး။ ရှေးသမိုင်းနဲ့ပတ်သက်ပြီး ဒီနေ့ခေတ်အထိ မရှင်းပြနိုင်သေးတဲ့ ကွဲလွဲချက်တွေ အများကြီးရှိတယ်ဆိုတာပဲ ပြောနိုင်ကြတယ်။
ဒါပေမယ့်အခု ကောင်းကင်ရုံးတော်ဂိုဏ်းရှိတယ်ဆိုတာ သိလာရတော့ အားလုံးက အဓိပ္ပါယ်ရှိလာပါပြီ"
"ဘာကိုဆိုလိုတာလဲ"
ဂိုဏ်းချုပ် အလေးအနက်လေသံဖြင့် ရှင်းပြသည်။
"ရှေးဟောင်းခေတ်မှာ ကောင်းကင်ရုံးတော်ဆိုတာ တကယ်ရှိခဲ့တယ်။ ဒါပေမယ့် ကိုးဆမသေမျိုးနဲ့ ယင်ထန်မသေမျိုးပြောထားသလို အဆင့်တွေအများကြီး ကွဲနေတာမဟုတ်ဘူး။ လုယိယန်ပြောတာ အမှန်ပဲ။ ပဲဝါအရှင်ဟာ ကောင်းကင်ရုံးတော်ကို အုပ်ချုပ်ခဲ့တယ်။ ကိုးဆမသေမျိုးက ပလ္လင်လုခဲ့တာ။
ကိုးဆမသေမျိုးနဲ့ ယင်ထန်မသေမျိုးက အမှန်တရားကိုဖုံးကွယ်ပြီး နောက်မျိုးဆက်တွေ နားရှုပ်အောင် သမိုင်းကြောင်းကို တမင်တကာပြင်ဆင်ဖြည့်စွက်ခဲ့တာပဲ"
ရှေးဟောင်းခေတ်အဖြစ်အပျက်ကိုကို သူတို့ချက်ချင်း စိတ်ကူးယဉ်ကြည့်မိသည်။
ပဲဝါအရှင်က ပထမဦးစွာ မသေမျိုးဖြစ်လာပြီး ကောင်းကင်ရုံးတော်ကို တည်ထောင်သည်။ ရှေးဟောင်းခေတ်၏ အုပ်ချုပ်သူဖြစ်လာသည်။ စိတ်ထားကောင်းပြင်း ကြင်နာသနားတတ်သူဖြစ်၍ တစ်ခြားလူများမသေမျိုးဖြစ်လာသည်ကို ပဲဝါအရှင်က မတားဆီးခဲ့။ ထို့ကြောင့် ကိုးဆမသေမျိုးနှင့်တစ်ခြားလူများ မသေမျိုးအဖြစ်သို့ အောင်မြင်စွာ ရောက်လာသည်။
နာမည်နှင့်ဩဇာအတွက် သို့မဟုတ် တစ်ခြားအကြောင်းရင်းတစ်ခုအတွက် ကိုးဆမသေမျိုးတို့က ကောင်းကင်ရုံးတော်ကို ပုန်ကန်ဆန့်ကျင်သည်။ ပဲဝါအရှင်ကို အနိုင်ယူသည်။ ရှေးဟောင်းခေတ်၏အုပ်ချုပ်သူများနေရာကို လွှဲယူသည်။
သူတို့ဩဇာ တည်တံ့စေရန် ကိုးဆမသေမျိုးတို့က ကောင်းကင်ရုံးတော်နာမည်ကို အသုံးပြသည်။ သို့သော် နောက်လူများ အတွေးလွဲမှားအောင် အဆင့်ခွဲခြားမှုစနစ်မျိုးစုံ ဖန်တီးသည်။
"ဪ...ဒီလိုလား"
လေးယောက်လုံး ရင်ဖိုစိတ်လှုပ်ရှားလာသည်။ ရှေးဟောင်းခေတ်၏ လျှို့ဝှက်ထားသည့် အစွန်းအနားတစ်ခုကို မြင်ရပြီဟု ခံစားမိကြသည်။
"ဒါဆို ငါတို့ကိုးငရဲဂိုဏ်းဟာလည်း ရှေးဟောင်းခေတ်ကနေ စပေါ်ခဲ့တာပေါ့"
သူတို့ဂိုဏ်းသည် ရှေးဟောင်းခေတ်ကတည်းက ရှိခဲ့သည်ဟု အမြဲကြွေးကြော်ခဲ့သည်။ သို့သော် သက်သေအထောက်အထားပြစရာ ဘာမှမရှိခဲ့။ ယခု ကောင်းကင်ရုံးတော်ဂိုဏ်း၏ သက်သေခံချက်ဖြင့် သူတို့ကိုးငရဲဂိုဏ်း ခေါင်းမော့နိုင်ပြီဖြစ်သည်။
"လုယိယန်မှာ ငါတို့မသိအောင်လျှို့ဝှက်ထားတဲ့ ကိစ္စတွေ ရှိလိမ့်မယ်။ အမှန်ကိုးခုပြောပြီး မုသားတစ်ခုပြောမယ်။ ဒါပေမယ့် သူပြောတာအများစုက အမှန်ပဲဖြစ်လိမ့်မယ်။ သူတို့နဲ့ဆက်သွယ်ဖို့ ငါတို့ကြိုးစားကြည့်လို့ရတယ်။
ပြီးတော့အခု တော်ဝင်လမ်းက ငါတို့ကို တဖြေးဖြေးပိုတိုးပြီး ဖိနှိပ်လာပြီ။ ကောင်းကင်ရုံးတော်ဂိုဏ်းက ရှေးခေတ်ထိပ်တန်းအဖွဲ့အစည်းဆိုတော့ အခြေခံခိုင်မာတောင့်တင်းတယ်။ တော်ဝင်လမ်းရဲ့ တိုက်ခိုက်မှုတွေကို ငါတို့ခုခံနိုင်အောင် ကူညီပေးနိုင်တယ်"
ကောင်းကင်ရုံးတော်ဂိုဏ်းနှင့် ရင်းနှီးမှုတည်ဆောက်ခြင်းသည် အကျိုးဖြစ်ထွန်းစရာသာရှိသည်။ အန္တရာယ်မရှိနိုင်ဟု သူတို့ယူဆသည်။
ချင်ဟော်ရန်နှင့်ချင်ယန်ယန်ကိစ္စကို ဆက်မဆွေးနွေးတော့ဖို့ အားလုံးအလိုလိုသဘောတူညီမှု ရသွားသည်။ ချင်ဟော်ရန်၏ အမွေအနှစ်များရှိနေသဖြင့် ချင်ယန်ယန်ကို လူဝင်စားအဖြစ် သူတို့အသိအမှတ်မပြုနိင်။
အသိအမှတ်ပြုလိုက်လျှင် ချင်ဟော်ရန်၏အမွေအနှစ်များကို ကောင်းကင်ရုံးတော်ဂိုဏ်းသို့ လွှဲပေးရတော့မည်။
ချင်ဟော်ရန်ချန်ခဲ့သည့် ပစ္စည်းများကို ရှာမတွေ့သေးသော်လည်း ကူးဖြတ်ခြင်းအကြိုအဆင့် စွမ်းအားရှင်တစ်ယောက်၊ နတ်ဆိုးဂိုဏ်းချုပ်တစ်ယောက်၏ အမွေအနှစ်သည် မယုံနိုင်လောက်အောင် တန်ဖိုးကြီးမည်မှာ သေချာနေသည်။
ကောင်းကင်ရုံးတော်လက်ထဲသို့ အရောက်မခံနိုင်။
ချင်ယန်ယန်ကို လူဝင်စားအစစ်ဟု သူတို့ယုံကြည်လျှင်ပင် ထိုသို့အဖြစ်မခံနိုင်။
"ယန်ကျန်းကောင်တီကိုသွားပြီး သူတို့နဲ့ဆက်သွယ်သင့်တယ်။ သူတို့စွမ်းအားကိုလည်း စမ်းသပ်ကြည့်လို့ရတာပေါ့"
ဂိုဏ်းချုပ်က ပြောသည်။
"ဒါပေမယ့် ဘာလို့ အသားကင်ဆိုင်လဲ။ အဲဒီ့ဆိုင်မျိုးဖွင့်က ထူးခြားချက်တစ်ခုခုရှိလို့လား"
"အချက်အပြုတ်သမိုင်းကြောင်းအရကြည့်ရင် လူသားတွေ ပထမဆုံးကျွမ်းကျင်တဲ့ အချက်အပြုတ်ပညာဟာ အသားကင်ပါ။ ကောင်းကင်ရုံးတော်ဂိုဏ်းက သူတို့ရဲ့ရှေးခေတ်သမိုင်းကို အရိပ်အမြွက်ပြဖို့ ဒီနည်းလမ်းကိုသုံးနေတာဖြစ်မယ်"
ကျောက်ရိုးက အလေးအနက် သုံးသပ်ပြသည်။
"ဖြစ်နိုင်တယ်"
"ငါတို့ကျောက်ရိုးကြီးက တကယ်အတွေးကောင်းတာပဲ"
သုံးယောက်လုံး ချီးကျူးကြသဖြင့် ကျောက်ရိုးစိတ်ထဲတွင် မိုးကြိုးပစ်ခံရသည့်ဝေဒနာ ပိုသက်သာလာသလို ခံစားရသည်။