← Chapters

သစ္စာဖောက်

Vol. 016 Ch. 1578

သစ္စာဖောက်

Vol. 016 Ch. 1578

သွမ့်ဟွမ်က ရီဖူရှင်းကို ကြည့်ကာ မျက်မှောင်ကြုတ်သည်။ ဤဦးလေးငယ်လေးက လှုပ်ရှားရန်အတွက် မတ်တပ်ပင် ထ မရပ်ခဲ့သည်လား။

သူက ရှေ့သို့ ခြေလှမ်းလိုက်ပြီး မဟာလမ်းစဥ် ဖိအားများက ပေါက်ကွဲထွက်လာသည်။ ထိုအခိုက်တွင် ကောင်းကင်နှင့် မြေကြီးအကြား၌ ပြင်းထန်သည့် စွမ်းအားများ ထွက်ပေါ်လာခဲ့သည်။  တစ်ချိန်တည်းမှာပင် ရီဖူရှင်းထံမှ ခမ်းနားထည်ဝါသည့် လမ်းစဥ် စွမ်းအားက ကြောက်မက်ဖွယ်စွမ်းအားအဖြစ် စုစည်းသွားကာ သူ့ထံသို့ တစ်ဟုန်ထိုး ဝင်ရောက်လာသည်။

ဘန်း...

တုန်လှုပ်ဖွယ် အသံတစ်ခု ထွက်ပေါ်လာပြီး မမြင်ရသည့် မဟာလမ်းစဥ် မုန်တိုင်းက သွမ့်ဟွမ်ကို ရိုက်ခတ်သွားသည်။ သူက ရုတ်တရက် ရပ်တန့်သွားရပြီး နောက်သို့ပင် ခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်ရသည်။

ရှပ်…

မြေပြင်ပေါ်တွင် ခြေလှမ်းအနည်းငယ် တရွတ်ဆွဲသွားသံက စူးရှပြင်းထန်စွာ ထွက်ပေါ်လာသည်။ သွမ့်ဟွမ်က ခေါင်းကို ယမ်းခါလိုက်ကာ ထုံထိုင်းသွားသည့် အနေအထားတစ်ခုတွင် ကျရောက်သွားသည်ဟု ထင်မှတ်ရပြီး အချိန်တိုအတွင်းမှာပင် သူ၏ စိတ်ဝိညာဥ်က ဖိနှိပ်တိုက်ခိုက်ခံလိုက်ရသည်။

သူ့ မျက်နှာထက်မှ အမူအရာက အရုပ်ဆိုးစွာ ပြောင်းလဲသွားပြီး ထိတ်လန့်ဖွယ် စွမ်းအင်ဖိအားက ပေါ်ပေါက်လာ၏။ မဟာလမ်းစဥ် နတ်အလင်းတို့က သူ့ခန္ဓာကိုယ်ကို ရစ်ပတ်လွှမ်းခြုံလာကာ သူ၏ စိတ်ဝိညာဥ်နှင့် သူ့ကို နတ်အလင်းတို့ဖြင့် ကာကွယ်ပေးထားသည်။

လူတိုင်း၏ အမူအရာက ပြောင်းလဲသွားသည်။ မည်မျှ လွှမ်းမိုးနိုင်စွမ်းရှိသည့် အရှိန်အဝါနည်း။

သို့သော် ယခင်က ရီဖူရှင်း၏ တိုက်ပွဲကို တွေ့မြင်ဖူးသူများက အံ့သြထိတ်လန့်သွားခြင်း မရှိပေ။ ကောင်းကင်ဓားအကြီးအကဲ၏ ခွန်အားက ပြန်လည်မွေးဖွားခြင်း အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီး  ရန်ဟောင်အဆင့်အောက်၌ သူ့ကို ယှဥ်နိုင်သူ အများကြီး မရှိပေ။ တော်ဝင်မျိုးဆက် ဖြစ်သည့် သွမ့်ဟွမ်သည်ပင် ကောင်းကင်ဓားအကြီးအကဲကို ခက်ခက်ခဲခဲ ယှဥ်ပြိုင်ရပေလိမ့်မည်။

သည့်မတိုင်ခင်က ကောင်းကင်ဓားအကြီးအကဲသည် လက်တစ်ချောင်း၏ စွမ်းအားအောက်၌ ရှုံးနိမ့်သွားရသည်။ သွမ့်ဟွမ်က အားကောင်းလျှင်ပင် သူက ရီဖူရှင်း၏ ပြိုင်ဘက် မဖြစ်နိုင်သေးပေ။ ထိုအကြောင်းနှင့် ပတ်သတ်ပြီး သွမ့်ချင့်သည် သူ၏ နှလုံးသားထဲ၌ အလွန် ရှင်းလင်းစွာ နားလည်ခဲ့သည်။

ခမ်းနားထည်ဝါသည့် စွမ်းအားများက ဆက်လက်အော်မြည်နေပြီး အံ့အားသင့်ဖွယ် တိုက်ခိုက်မှုနှင့် သွမ့်ဟွမ်ကို ဖိနှိပ်လာသည်။ ရီဖူရှင်းက ထရပ်လိုက်ကာ တည်ခင်းထားသည့် စားပွဲမှ ထလာခဲ့သည်။ သူ၏ အကြွင်းမဲ့ ထိန်းချုပ်မှုအောက်တွင် စွမ်းအားများသည် စားသောက်ပွဲပြင်ပသို့ အနည်းငယ်မျှပင် သက်ရောက်ခြင်း မရှိခဲ့ပေ။

ခန္ဓာကိုယ်အထက်၌ ပညာရှိကျမ်း စွမ်းအားများ ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်က မဟာလမ်းစဥ် မီးပြင်းဖိုကဲ့သို့ ဖြစ်လာပြီး သူ့ အသက်ဓာတ်က အားကောင်းကာ ခမ်းနားထည်ဝါသည်။ အစစ်အမှန် နတ်ခန္ဓာကဲ့သို့ပင် နှိုင်းယှဥ်မရအောင် တောက်ပသည့် ရောင်ဝါတို့ လွှမ်းခြုံထား၏။

သူက ရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်လာသည်။ သူ့ ခြေလှမ်းက အလွန် ပေါ့ပါးသော်လည်း ခြေလှမ်းတစ်လှမ်းချင်းစီတွင် လွှမ်းခြုံထွက်ပေါ်နေသည့် ဖိအားတို့က ပိုမို အားကောင်းလာသည်။ သွမ့်ဟွမ်၏ အကာအကွယ်နတ်အလင်းကို ကြည့်ကာ သူသည် ခြေတစ်လှမ်းလှမ်းလိုက်ပြီး သူ့လက်သီးကို ထို အကာအကွယ်အလင်းလွှာပေါ်သို့ ဆင်းသက်စေသည်။

သလင်းကဲ့သို့ ကြည်လင်သည့် အသံထွက်ပေါ်လာပြီး အကာအကွယ်အလင်းလွှာသည် ချက်ချင်းပင် ကွဲကြေပျက်စီးသွားခဲ့၏။ လက်သီးစွမ်းအား အကြွင်းအကျန်တို့က အကာအကွယ်နတ်အလင်းကို ဖယ်ရှားပြီးနောက် သွမ့်ဟွမ်၏ ခန္ဓာကိုယ်ဆီ တစ်ဟုန်ထိုး တိုးဝင်သွားသည်။ သူ၏ အတွင်းကလီစာတို့က ပြင်းထန်စွာ တုန်ခါနေပြီး ဖျက်ဆီးခံလိုက်ရသည်ဟု ထင်မှတ်ရပေသည်။ ခန္ဓာကိုယ်အတွင်းမှ ပေါကြွယ်သည့် အသက်ဓာတ်တို့ ရှိနေသော်လည်း ထိတွေ့၍ မရသော နာကျင်မှုတို့ကို ခံစားရပေသည်။

ဘုန်း...

အဆုံးတွင် သွမ့်ဟွမ်၏ လွှမ်းမိုးနိုင်သော စွမ်းအားများက ဤအစွမ်းထက်သည့် လမ်းစဥ်စွမ်းအားများကို ခံနိုင်ရည်မရှိတော့ပေ။ သူ၏ ခန္ဓာကိုယ်က နောက်သို့ ဆုတ်ခွာသွားရပြီး သွေးတို့ အန်ထုတ်လိုက်ရကာ သူ့အသက်ဓာတ်က အလျင်အမြန် အားနည်းလာခဲ့သည်။

ဘန်း...

သူက နောက်သို့ မီတာ ရာပေါင်းများစွာ ဆုတ်ခွာသွားပြီးမှသာ သူ့ကိုယ်သူ အရှိန်သတ်လိုက်နိုင်ပေသည်။ သူ၏ မျက်နှာက ဖြူဖျော့နေပြီး ရီဖူရှင်းကို ထိတ်လန့်စွာ မော့ကြည့်သည်။ ဤစွမ်းအားသည် ရပ်တန့်ရန် မလွယ်ကူလှပေ။

“ဆရာဦးလေးငယ်လေးက အရမ်းအစွမ်းထက်တာပဲ” သွမ့်ဟွမ်က ပါးစပ်ထောင့်မှ သွေးတို့ကို သုတ်ရင်း ပြောသည်။ စားသောက်ဆိုင်မှ လူအများက မျက်လုံးတို့ကို ကျဥ်းမြောင်းကာ ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ မဟာအကြီးအကဲ၏ ဤဆက်ခံသူက အလွန် အားကောင်းလှပေသည်။

သူတို့သည် သွမ့်ဟွမ်၏ ခွန်အားကို ရှင်းလင်းစွာ သိရှိကြပြီး သူသည် ထိပ်သီးအဆင့်၌ ရှိနေသည်မှာ မှန်သော်လည်း သူက လက်သီးတစ်ချက်၏ စွမ်းအားကိုပင် တားဆီးနိုင်ခဲ့ခြင်း မရှိပေ။

“ရန်ဟောင်အဆင့်အောက်မှာ ကျုပ် လက်သီးချက်ကို ခံနိုင်ရည်ရှိတဲ့သူ များများစားစား မရှိဘူး။ အဲဒါကြောင့် စိတ်ထဲ ထားမနေပါနဲ့။” ရီဖူရှင်းက တည်ငြိမ်စွာ ပြောသည်။ သူပြောနေသည်မှာ အမှန်သော်လည်း သူက ငယ်ရွယ်နေကာ သူ၏ လေသံက အငယ်ကို သင်ကြားဆုံးမနေသည့် အကြီးအကဲတစ်ဦးကဲ့သို့ ဖြစ်နေသည့်အတွက် သူတို့အတွက် အသားမကျဘဲ ထူးဆန်းနေခဲ့သည်။

သူက နည်းနည်းလေးမှပင် နှိမ့်ချမနေတတ်ပေ။

တစ်ဖက်တွင် သွမ့်ယွီက ဆွံ့အနေခဲ့သည်။ သူမ၏ အစ်ကိုက လက်သီးတစ်ချက်ကိုပင် တားဆီးနိုင်ခြင်း မရှိခဲ့ပေ။ ဆရာဘိုးဘိုး၏ ဆက်ခံသူက အမှန်ပင် ဤမျှ အားကောင်းသည်လား။

သွမ့်ယွီသည် သူမ ငယ်စဥ်ကပင် ဆရာဘိုးဘိုး၏ အကြောင်းအရာများစွာကို ကြားဖူးခဲ့သည်။ သူသည် သူ၏ ခေတ်အခါတွင် အလွန် ပြိုင်ဘက်ကင်းသည့် ကျော်ကြားသော လူငယ်ပါရမီရှင် ဖြစ်သည်။ သူက ထျန်းဟယ်ဘုံတွင် ကျော်ကြားလာပြီးနောက် လောကအနှံ့ ခရီးထွက်ကာ အထက်ဘုံရှိ နတ်ဘုရား ကလန်တစ်ခုမှ ခေါင်းဆောင်၏ သမီးနှင့် လက်ထပ်ခဲ့သည်။ ထျန်းဟယ်မဟာအကြီးအကဲ ငယ်ရွယ်စဥ်က ပြသခဲ့သော စွမ်းရည်တို့က ပြိုင်ဘက်ကင်းကာ ကျော်ကြားပေသည်။

သို့သော် သူက နတ်ဘုရား ကလန်၌ မနေထိုင်ခဲ့ပေ။ လောကအနှံ့ လှည့်လည်သွားလာခဲ့ပြီးနောက် သူ၏ မိခင်နယ်မြေဖြစ်သည့် ထျန်းဟယ်ဘုံသို့ ပြန်လာခဲ့သည်။ သူက တစ်လောကလုံးကို သင်ကြားပေးခဲ့ပြီး သူ၏ တပည့်များကလည်း ထျန်းဟယ်ဘုံတစ်ခွင်၌ ပျံ့နှံ့နေခဲ့သည်။ သူက ထျန်းဟယ်ဘုံ၏ အလေးစားခံထိုက်သူ ဖြစ်ကာ သူ့အမည်က ထျန်းဟယ်ဘုံ၏ အမှတ်သင်္ကေတ ဖြစ်လာခဲ့တာ တော်ဝင်မိသားစုများအားလုံး၏ အထက်၌ တည်ရှိပေသည်။

ဘုံနန်းတော်ရှိ တော်ဝင်မိသားစုမှ လူများသည်ပင် သူ၏ လမ်းညွှန်မှုဖြင့် ကျင့်ကြံခဲ့ကြသည်။ ဘုံနန်းတော်၏ မင်းသား သူမ၏ အဖေသည်ပင် မဟာအကြီးအကဲ၏ လက်အောက်၌ ကျင့်ကြံရန် စေလွှတ်ခံခဲ့ရသည်။

သူမသည် အတိတ်ကာလနှင့် ပတ်သတ်သည့် ကောလာဟလအချို့ကို ကြားဖူးထားပြီး သူမ၏ အဘိုးဖြစ်သူ ထျန်းဟယ်ဘုံ၏ ထိပ်သီးအဆင့် ပုဂ္ဂိုလ် ဘုံနန်းတော်၏ အရှင်သခင်သည်ပင် ထျန်းဟယ်မဟာအကြီးအကဲကို ခြွင်းချက်မရှိ ဦးညွှတ်နှုတ်ဆက်ရသည်ဟူ၍ ဖြစ်သည်။  သူမသည် ထိုအချိန်ကာလများကို တွေ့ကြုံဖူးခြင်း မရှိသည့်အတွက် ထျန်းဟယ်မဟာအကြီးအကဲက မည်မျှ ကြီးကျယ်မြင့်မြတ်သည်ကို သေချာမသိရှိပေ။ ယခု သူမ သိသည်မှာ ထိုလူငယ်သည် အလွန်အားကောင်းလှပြီး သူသည် ထျန်းဟယ်ဘုံ၏ နံပါတ်တစ်ပုဂ္ဂိုလ်ပင် ဖြစ်သည်။

သို့သော် ဘုံနန်းတော်၏ တော်ဝင်မိသားစုဝင်အဖြစ် ရှင်သန်ခဲ့သည့် သွမ့်ယွီသည်လည်း မာနကြီးသော သူတစ်ဦး ဖြစ်သည်။ ထျန်းဟယ်မဟာအကြီးအကဲကို ဂါရဝပြုနှုတ်ဆက်ရမည်ဟု တော်ဝင်ဆရာက အကြံပြုခြင်းသည် သူမကို အလွန် မသက်မသာ ခံစားရစေသည်။

သို့သော် ယခုတွင် ထျန်းဟယ်မဟာအကြီးအကဲ၏ ဆက်ခံသူသည်ပင် ထိုမျှ အထင်ကြီးလောက်ဖွယ် ဖြစ်နေသည်။ သူမ၏ အစ်ကို ရှုံးနိမ့်ခဲ့ရသည်။ သူမသည် ထျန်းဟယ်မဟာအကြီးအကဲ၏ စွမ်းအားကို မမြင်တွေ့ဖူးခဲ့သော်လည်း ယခု ရီဖူရှင်း၏ စွမ်းအားကို မြင်တွေ့ခဲ့ရကာ ထိုအချင်းအရာက သူမအား အလွန် စိတ်မချမ်းမြေ့ ဖြစ်စေသည်။

ထို့အပြင် သူမ၏ အဖေက သူ့ကို အလွန် ယဥ်ကျေးစွာ ဆက်ဆံနေသည်။

“ကျုပ်ရဲ့ သားက အမြဲအထက်စီးဆန်နေတတ်တယ်။ ဒီနေ့ ညီလေးက သူ့ကို နည်းနည်းပါးပါး သင်ပေးခဲ့တာဆိုတော့ သူလည်း မှတ်လောက်သားလောက် ဖြစ်သွားလောက်ပါပြီ။” သူ့ဘေးမှ သွမ့်ချင့်က ပြုံးကာ ဆက်ပြောသည်။ “ထိုင်ပါ”

ရီဖူရှင်းက အကြံပြုချက်အတိုင်း သူ့နေရာကို ပြန်ထိုင်သည်။ ဤနန်းတော်သို့ ခရီးတွင် သွမ့်ချင့်က သူ့အပေါ် ကြင်နာပြနေသော်လည်း သွမ့်ဟွမ်၏ သဘောထားနှင့် သွမ့်ယွီ၏ မျက်လုံးတို့မှတဆင့် သူသည် လေထုထဲမှ နက်နဲမှုအချို့ကို ခံစားမိပေသည်။

ဤတော်ဝင်မိသားစုများက ထျန်းဟယ်မဟာအကြီးအကဲအပေါ်တွင် အမှန်တကယ် ရိုသေလေးစားမှု မရှိကြပေ။ အကယ်၍ သွမ့်ချင့်ကသာ မဟာအကြီးအကဲကို ဆရာအဖြစ် မှတ်ယူပါက သူ၏ သားသမီးများသည်လည်း သူ့ကို ပမာပြုကာ မဟာအကြီးအကဲကို အလွန်လေးစားစွာ ဆက်ဆံမည် ဖြစ်သော်လည်း ထိုသို့သော ခံစားမှုမျိုးကို သူ မရခဲ့ပေ။

ကြည့်ရသည်မှာ ကိစ္စများက မြင်နေရသလို ရိုးရှင်းပုံမရပေ။

ဤတစ်ကြိမ်၌ သွမ့်ချင့်၏ ဖိတ်ကြားချက်က စမ်းသပ်မှုတစ်ခု ဖြစ်နိုင်သည်။

သွမ့်ဟွမ်နှင့် သွမ့်ယွီကလည်း ထိုင်လိုက်ကြပေမယ့် ရီဖူရှင်းကို ဆက်လက် ရန်စခြင်း မရှိတော့ဘဲ တိတ်ဆိတ်စွာ ရှိနေကြသည်။

ရီဖူရှင်းသည်လည်း လေးလေးနက်နက်မရှိဘဲ သာမန်အတိုင်း နေခြင်းကို သွမ့်ချင့်က ခံစားမိနိုင်ပေသည်။ သို့သော် သူက အမှန်တကယ် ဂရုမစိုက်ပေ။ သူက သွမ့်ချင့်၊ မဟာအကြီးအကဲနှင့် ဆရာ့အကြားမှ ဆက်ဆံရေးကို နားလည်သည့်တိုင်အောင် သူက အလွန် ရင်းနှီးစွာ နေထိုင်လိမ့်မည် မဟုတ်ပေ။

သူက မှားနေခဲ့လျှင် နောက်မှ တောင်းပန်လိုက်နိုင်ပေသည်။

“ကျွန်တော် ဒီနေ့ ထွက်လာတာ အတော်ကြာနေပြီ။ ပြန်သွားပြီး ကျင့်ကြံလိုက်ဦးမယ်။” ရီဖူရှင်းက သူ့လက်ထဲမှ ခွက်ကို မြှောက်ကာ သွမ့်ချင့်ကို နှုတ်ဆက်စကားဆိုသည်။ သွမ့်ချင့်က ခေါင်းညိတ်လိုက်ပြီး ခွက်ပြန်မြှောက်ကာ ပြောသည်။ “ ကျုပ် နောက်မှ ဆရာ့ဆီ လာလည်ပါဦးမယ်။ အဲဒီကျ နောက်တစ်ခါ ထပ်တွေ့ကြတာပေါ့။”

“ကောင်းပါပြီ” ရီဖူရှင်းက  ခေါင်းညိတ်သည်။ သူက ခွက်ထဲမှ အရက်တို့ကို တစ်ရှိန်ထိုးသောက်လိုက်ပြီးနောက် ထရပ်၍ လက်နှစ်ဖက်ဆုပ် အရိုအသေပြုကာ နှုတ်ဆက်သည်။ စားသောက်ပွဲမှ လူတိုင်းသည်လည်း ထရပ်ကာ သူ့ကို လိုက်ပို့ကြသည်။

“အားလုံးကို နှုတ်ဆက်ပါတယ်။” ရီဖူရှင်းက လူအုပ်ကြီးကို ဦးညွှတ်သည်။

“မင်းတို့နှစ်ယောက် ဆရာဦးလေးကို လိုက်ပို့လိုက်ကြ” သွမ့်ချင့်က သွမ့်ဟွမ်နှင့် သွမ့်ယွီကို ပြောသည်။

“အလုပ်ရှုပ်မခံပါနဲ့” ရီဖူရှင်းက ပြန်ပြောလိုက်ပြီး လှည့်ထွက်သွားသည်။ ထျန်းဟယ်မြို့မှ လူအများကလည်း စတင် ထွက်ခွာသွားကြသည်။ မုချင်းယွီက လိုက်သွားလိုသော်လည်း သူမသည် လွင့်ဝဲနေသည့် အဖြူရောင်ဆံပင်တို့ကို မြင်သည့်အခါ တွေဝေသွားခဲ့သည်။ သူမက ထိုသို့ မလုပ်ချင်ခဲ့ပေ။ သူမက ထူးချွန်သာလွန်သည့် အရည်အချင်းနှင့် မြင့်မားသော အဆင့်အတန်းတစ်ခု ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်သော်လည်း ချဥ်းကပ်ရန် ခက်ခဲသည့် လူအချို့ ရှိနေဆဲပင် ဖြစ်သည်။

အသေအချာပင် ရီဖူရှင်းသည် ထိုသို့သော အမျိုးအစား၌ ပါဝင်နေသည်။

ရီဖူရှင်း ထွက်သွားပြီးနောက် သွမ့်ချင့်သည် သွမ့်ဟွမ်ကို ကြည့်ကာ မေးသည်။ “မင်း ဘယ်လိုထင်လဲ။”

“ရှန့်ထို အထွတ်အထိပ်အဆင့်မှာ မဟာလမ်းစဥ် ခန္ဓာကိုယ်ကို ဖွဲ့စည်းထားနိုင်တယ်။ သူက ဒီဘုံမှာ ကျွန်တော်ရင်ဆိုင်ဖူးသမျှ အားလုံးထက် သန်မာတယ်။ ပြီးတော့ သူက စိတ်ဝိညာဥ် တိုက်ခိုက်မှုမှာလည်း ကျွမ်းကျင်တယ်။” သွမ့်ဟွမ်က ပြောသည်။

“ထျန်းဟယ်ဘုံမှာ မင်းက ထိပ်သီးပုဂ္ဂိုလ်တွေထဲက တစ်ယောက်ပဲ။ ဒါပေမယ့် သူနဲ့ မင်းရဲ့ ကြားက ကွာခြားချက်က ဒီလောက်ကြီးနေတယ်။ အနာဂတ်မှာ အထက်ဘုံကို သွားခဲ့ရင် မင်း အဲဒီက ထိပ်သီးပုဂ္ဂိုလ်တွေနဲ့ ဘယ်လို ယှဥ်နိုင်ပါ့မလဲ။ အဲဒါကြောင့် မင်း မြန်မြန် ပြန်ပြီး ကျင့်ကြံတော့။” သွမ့်ချင့်က ကောက်ချက်ချသည်။

ထိုအချိန်တွင် စားသောက်ပွဲမှ လူအများစုက ထွက်သွားကြပြီ ဖြစ်သည်။ သူတို့သုံးယောက်မှ လွဲလျှင် အခြားနှစ်ယောက်သာလျှင် ကျန်ရစ်ပေသည်။

“အဖေ.. ဒီလောက် နှစ်တွေကြာနေခဲ့ပြီ။ အတိတ်က ဖြစ်ခဲ့တာတွေ ကျွန်တော်တို့ မသိသင့်ဘူးလား။” သွမ့်ဟွမ်က ပြောသည်။

“သွမ့်ဟွမ်ကို နေခိုင်းလည်း အဆင်ပြေပါတယ်။” သူ့ဘေးမှ လူတစ်ယောက်က ပြောသည်။ သွမ့်ချင့်သည် ခေတ္တမျှ တွေးပြီးနောက် ခေါင်းညိတ်ကာ ပြောသည်။ “အတိတ်က အရာတွေက အရမ်း ရိုးရှင်းတယ်။ မိသားစုရဲ့ အနာဂတ်အတွက် ငါတို့က စတေးမှုတချို့ လုပ်ဖို့ လိုအပ်ခဲ့တယ်။”

“ဘာစတေးမှုလဲ” သွမ့်ဟွမ်က မေးလိုက်၏။

“ကိုယ်ကျင့်သိက္ခာ၊ အသိတရား” သွမ့်ချင့်က သွမ်ဟွမ်၏ မျက်လုံးများထဲ ကြည့်ကာ ပြောလိုက်ပြီး သွမ့်ဟွမ်က တိတ်ဆိတ်သွားခဲ့သည်။ သူသည် ထိုနှစ်များက ဖြစ်ပျက်ခဲ့သည်များကို အကြမ်းဖျင်း ခန့်မှန်းထားခဲ့ပြီး ဖြစ်သည်။ မည်သူကမှ သူတို့အား မပြောပြခဲ့လျှင်ပင် သူသည် အားလုံးသော တုန့်ပြန်မှုများမှနေ၍ တစ်စွန်းတစ်စ ခန့်မှန်းနိုင်ခဲ့ပေသည်။

အတိတ်က ဘုံတစ်ခုလုံး ပျက်စီးစေသည့် တိုက်ပွဲကြီး ဖြစ်ပွားခဲ့စဥ်က သွမ့်ကလန်သည် တော်ဝင်မိသားစု၏ ပြင်ပမျိုးနွယ် ဖြစ်ပြီး ထျန်းဟယ်မဟာအကြီးအကဲနှင့် နက်နဲသည့် ဆက်ဆံရေးရှိခဲ့သည်။ သို့သော် ဤအခက်အခဲအတွင်း သွမ့်ကလန်က မပျက်စီးရုံမျှမက ပို၍ အားကောင်းလာခဲ့ခြင်းမှာ ပုံမှန်ဖြစ်လေ့ဖြစ်ထ ရှိသည့် အချင်းအရာမဟုတ်ပေ။

“ကျင့်ကြံခြင်းလမ်းစဥ်ကိုက ရက်စက်တဲ့ လမ်းစဥ်ပဲ။ အဲဒါက တော်ဝင်မိသားစုအတွက်လည်း အတူတူပဲ။ ငါတို့က ကိုယ်ကျင့်သိက္ခာကို ရွေးချယ်ခဲ့မယ်ဆိုရင် ဘုံနန်းတော်တစ်ခုလုံးမှာ တော်ဝင်မိသားစု မျိုးဆက်တွေက တခြားလူတွေနဲ့ အတူတူ သေကြေပျက်စီးကုန်ရလိမ့်မယ်။ တစ်ခါတစ်လေမှာ ခက်ခဲတဲ့ ရွေးချယ်မှုတွေကို လုပ်ရတတ်တယ်။”  သွမ့်ချင့်က ဆက်ပြောသည်။

“ကျွန်တော် နားလည်ပါတယ်” သွမ့်ဟွမ်က ခေါင်းညိတ်လိုက်၏။

သွမ့်ချင့်က အများကြီး မပြောခဲ့ပေ။ သူက အခြားနှစ်ယောက်ကို ကြည့်ကာ ပြောသည်။ “ခင်ဗျားတို့ ဘယ်လိုထင်လဲ”

“​အဲဒီ လူရဲ့ ပါရမီက အရမ်းအစွမ်းထက်ပေမယ့် သူက ထျန်းဟယ်ဘုံက မဟုတ်ဘူး။ သူ့ရဲ့ ဇာစ်မြစ်က လျှို့ဝှက်ဆန်းကြယ်နေတယ်။ ဒါပေမယ မဟာအကြီးအကဲက သူ့ကို ဆက်ခံသူအဖြစ် ရွေးလိုက်တယ်ဆိုတော့  ကျုပ်တို့ မသိတဲ့ ကိစ္စတချို့ ရှိနေလိမ့်မယ်။” တစ်ယောက်က ပြောသည်။

“လွန်ခဲ့တဲ့ လအနည်းငယ်က ထူးခြားဆန်းကြယ်တဲ့ လူတစ်ယောက်က ဆရာ့ဆီ လာလည်ခဲ့တယ်။ အဲဒီနောက်မှာ ဆရာက ဆက်ခံသူ ရွေးလိုက်ပြီ ဆိုတဲ့ သတင်း ထွက်လာတာပဲ။” သွမ့်ချင့်က ပြောသည်။

“ဘယ်သူလဲ” တစ်ယောက်က မေးလိုက်၏။

“မသိဘူး။ ဆရာက အဲဒီမှာ ရှိနေတော့ ကျုပ်လည်း အရမ်း ချောင်းမကြည့်ရဲခဲ့ဘူး။ မဟုတ်ရင် ကျုပ် ဖော်ထုတ်နိုင်မှာ” သွမ့်ချင့်က ဆက်ပြောသည်။ “ဒါကို အစီရင်ခံရမယ်”

“အစီရင်ခံမယ် ဟုတ်လား” သွမ့်ဟွမ်က သူ့အဖေကို ကြည့်ကာ ရေရွတ်သည်။

သွမ့်ချင့်က အပေါ်သို့ ညွှန်ပြလိုက်ပြီး သွမ့်ဟွမ်က ချက်ချင်း နားလည်သွားသည်။ သို့သော် ဘုံနန်းတော်က ကိုယ်ကျင့်သိက္ခာနှင့် အသိစိတ်ကို စွန့်လွှတ်ခဲ့ကတည်းက ထိုသည်မှာ ဖြစ်သင့်သည်သာ ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့၏ အဆင့်အတန်းက အခြားသူများကဲ့သို့ပင် ဖြစ်နေကာ ဆရာဘိုးဘိုးနှင့် ဘုံနန်းတော်တို့ ယခုလို ငြိမ်းချမ်းစွာ ယှဥ်တွဲနေနိုင်သည်မှာ အံ့သြဖွယ် မရှိတော့ပေ။

သူတို့၏ အထက်၌ တစ်စုံတစ်ယောက် ရှိနေသောကြောင့် ဖြစ်ပေသည်။

***

All Chapters