အကြောင်းရင်း
Vol. 127 Ch. 1753
ခုနစ်ရောင်စုံတာအိုသခင်၏ ပတ်လည်၌ သားရဲအလောင်းများစွာ ရှိနေရခြင်းမှာ သူက ဒီပုံရိပ်ယောင်အတွင်းသို့ မဝင်ရောက်ခင် သတ်ဖြတ်ခဲ့သောကြောင့် ဖြစ်၏။
ဝမ်လင်းသည် ရဲရင့်သော လူတစ်ယောက် ဖြစ်၏။ သည်အခိုက်၌ သူက စဉ်းစားနေကာ သူ့လျှာထိပ်ကို ကိုက်ကာ သွေးများ ထွေးထုတ်လိုက်သည်။ ထိုသွေးက သွေးစက်ကိုးဆယ့်ကိုးစက်အဖြစ်သို့ ပြောင်းသွား၏။ သွေးစက်တိုင်း၌ သူ၏ကျင့်ကြံခြင်းအော်ရာ ပါဝင်သည်။
သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရင်း သူ့မျက်လုံးတို့က အလေးအနက် ဖြစ်လာ၏။ သွေးစက်တစ်စက်က ပျံသန်းထွက်ကာ ဝမ်လင်း၏ နှဖူးရှေ့၌ လွင့်မြောသည်။
“အင်မောတယ်ရှေးဟောင်း…” ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်စဉ် သူ၏ရှေးစွမ်းအားမှာ မြင့်တက်လာပြီး သူ၏မူလစိတ်ဝိညာဉ်အမျှင်တန်းနှင့်အတူ ထိုသွေးစက်ပေါ်၌ စုဝေးလာ၏။
ထိုသွေးစက်က ချက်ခြင်းပင် သလင်းကဲ့သို့ ကြည်လင်လာသည်။ ခုချိန်၌ ၎င်းမှာ သလင်းတစ်ခုကဲ့သို့ပင်။
ဝမ်လင်း၏ရှေးစွမ်းအားနှင့် ပေါင်းစပ်ပြီးနောက် ယင်းသွေးစက်က နီရဲသောအလင်းကို ပေးစွမ်းလာသည်။ ဝမ်လင်းက အသက်ရှုထုတ်လိုက်၏။ သွေးစက်က ရှေ့သို့ ပျံသန်းသွားသည်။ ကျန်သည့် သွေးစက်ကိုးဆယ့်ရှစ်စက်က ၎င်းကို ဝန်းရံကာ သွေးစက်ဝန်းတစ်ခုအသွင် ဖြစ်ပေါ်သည်။
ထိုသွေးစက်ဝန်း၏ အကာအကွယ်အောက်၌ ၎င်းက ခုနစ်ရောင်စုံတာအိုသခင်နှင့် ပေတစ်ထောင်အတွင်း ပျံသန်းဝင်လာသည်။
၎င်းက သူနှင့် ပေတစ်ထောင်အတွင်း ရောက်လာသည့်အခါ သွေးစက်ကိုးဆယ့်ရှစ်စက်နှင့် ဝန်းရံထားသော သွေးစက်ဝန်းသည် လွင့်ပြယ်သွားကာ ရှေးစွမ်းအားနှင့် ပေါင်းစပ်ထားသော သွေးတစ်စက်သာ ကျန်ခဲ့လေ၏။ သို့ပေမည့် ယင်းသွေးစက်ကိုးဆယ့်ရှစ်စက်တို့မှာ ထိုသွေးစက်အတွက် ဖျက်စီးခြင်း ပထမလှိုင်းကို ခုခံပေးလိုက်နိုင်သည်။
ထိုသွေးစက်က ချက်ခြင်းပင် ပေရာချီထိ ပျံသန်းသွား၏။ သည်အချိန်အတွင်း ၎င်းက အကြိမ်ထောင်သောင်းချီ ပျက်စီးရသည်။ သို့သော် ၎င်းက ရှေးစွမ်းအားကြောင့် ချက်ခြင်း ပြန်ကောင်းမွန်သည်။
ချက်ခြင်းလိုလို အနှီသွေးစက်က ခုနစ်ရောင်စုံတာအိုသခင်နှင့် ပေတစ်ရာအတွင်း ဝင်ရောက်လာ၏။ ၎င်းက ထိုနေရာသို့ ရောက်သည့်အခါ ရှေးစွမ်းအား၏ ပြန်ကောင်းမွန်နှုန်းသည်ပင် ဆက်လက်ထိန်းသိမ်းထားနိုင်စွမ်း မရှိတော့ပေ။ ထိုသွေးစက်မှာ မြန်ဆန်စွာ လွင့်ပျောက်လာပြီးနောက် အမျှင်တန်းတစ်ခုမျှသာ ကျန်ခဲ့တော့သည်။
ထိုသွေးစက်အမျှင်တန်းကို မျက်စိဖြင့်ပင် မြင်နိုင်၏။ သို့သော် ထိုအမျှင်တန်းထဲ၌ ဝမ်လင်းမူလစိတ်ဝိညာဉ်၏ အစိတ်အပိုင်းတစ်ခု ပါဝင်ပေသည်။ ထို့ကြောင့် ဆက်တိုက် ဖျက်စီးခံရခြင်းက နာကျင်မှု ဖြစ်စေသဖြင့် ဝမ်လင်း၏အမူအရာကို ရှုံ့တွသွားစေသည်။
ထိုသွေးစက် အမျှင်တန်း ဖျက်စီးခံရသည့်အခိုက်မှာပင် ၎င်းက နောက်ဆုံးသော ပေတစ်ရာအကွာကို ထွင်းဖောက်ကာ ခုနစ်ရောင်စုံတာအိုသခင်၏ မျက်ခုံးနှစ်ခုကြားသို့ ကျရောက်သွား၏။ သွေးစက် ပျောက်ကွယ်သွားသည့်အခိုက်၌ ၎င်းအတွင်းရှိ ဝမ်လင်း၏မူလစိတ်ဝိညာဉ် အမျှင်တန်းက ခုနစ်ရောင်စုံတာအိုသခင်၏ ခန္ဓာကိုယ်နှင့် ထိမိသွားသည်။
ပေတစ်ထောင်အကွာ၌ ဝမ်လင်းသည် မျက်လုံးမှိတ်ထားကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“အိပ်မက်တာအို…”
ထိုစကားနှစ်ခွန်းဖြင့်ပင် ဝမ်လင်း၏စိတ်မှာ တုန်ယင်သွား၏။ သူ၏စိတ်ထဲရှိ အရာအားလုံးသည် ပြိုပျက်စီးသွားသည်။ ၎င်းသည် ပြိုပျက်စီးသွားစဉ် ခုနစ်ရောင်စုံအလင်းတန်းတစ်ခု ပေါ်လာကာ သူ့စိတ်ကို ယူဆောင်သွားပြီးနောက် အဆုံးမဲ့ချောက်နက်တစ်ခုထဲ နစ်မြုပ်သွားစေသည့်အလား။
ဤသည်မှာ ခုနစ်ရောင်စုံအလင်းများနှင့် လောကတစ်ခု ဖြစ်၏။ ကောင်းကင်သည် ရောင်စုံခုနစ်ခုရှိကာ မြေပြင်မှာလည်း ခုနစ်ရောင်စုံ ဖုံးနေ၏။ တိမ်များသည်လည်း ထိုနည်းတူသာပင်။ မြေပြင်ပေါ်တွင် တောင်များစွာ ရှိနေပြီး ဝမ်လင်းက တောင်ထိပ်တစ်ခုပေါ်၌ ပေါ်လာခဲ့သည်။ သူက မားမားရပ်နေ၏။
ခဏတာစိတ်ရှုပ်ထွေးသွားပြီးနောက် သူက ချက်ခြင်းပင် လှည့်ပတ်ကြည့်လိုက်သည်။
“ဒါဟာ ခုနစ်ရောင်စုံတာအိုသခင် ရှိနေတဲ့ ပုံရိပ်ယောင်ပဲ…”
ဝမ်လင်းက ငြိမ်သက်စွာ စဉ်းစားနေရင်း သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်၏။ သူက ရှေ့သို့ ပျံသန်းလာသည်။ အချိန်မည်မှှျကြာမှန်းမသိပြီးနောက် သူက ရုတ်တရက် ရပ်ကာ ရှေ့တည့်တည့်သို့ ကြည့်လိုက်သည်။
သူက ရှေ့ရှိ တောင်တစ်လုံးပေါ်၌ လူတစ်ယောက် ထိုင်နေသည်ကို တွေ့မြင်သည်။ ထိုလူမှာ ခုနစ်ရောင်စုံတာအိုသခင်ပင်။
သူက ထိုနေရာတွင် မျက်လုံးဖွင့်ကာ ထိုင်နေ၏။ သူက ကောင်းကင်ထက်သို့ ငေးကြည့်နေသည်။
သူ၏ခန္ဓာကိုယ်ပတ်လည်၌ လက်သီးဆုပ်ခန့် အလင်းလုံးကိုးလုံးရှိကာ ယင်းတို့မှာ မီးတောက်များနှင့်တူ၏။ ယင်းမီးတောက်အလင်းလုံးတို့မှာ မီးငှက်များ သို့မဟုတ် နေမင်းများ ဖြစ်သည်။ ၎င်းတို့သည် ခုနစ်ရောင်စုံတာအိုသခင်၏ ကျင့်ကြံခြင်းနှင့် ရတနာ ဖြစ်ပေ၏။
“ရှန်မင်…ငါ မှတ်မိပြီ။ နင့်နာမည်က ဖန်ရှန်မင်ပဲ…” ခုနစ်ရောင်စုံတာအိုသခင်က ခပ်တိုးတိုး ရေရွတ်၏။
ဝမ်လင်းက အကွာအဝေးတစ်ခုရှိ ခုနစ်ရောင်စုံတာအိုသခင်ကို ကြည့်ကာ ထူးဆန်းသောအမူအရာ လှစ်ဟဖော်သည်။ သူက ခုနစ်ရောင်စုံ ပြောသည့်စကားကို ကြားလိုက်ပေ၏။ သို့သော် ခုနစ်ရောင်စုံတာအိုသခင်ကမူ သူ့ကို သတိမပြုမိသည့်ပုံ ရသည်။
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်လာ၏။
“ဒါဟာ ပုံရိပ်ယောင်တစ်ခုအတွင်းက ပုံရိပ်ယောင်များ ဖြစ်နေနိုင်မလား…” ခဏအကြာတွင် ဝမ်လင်းက ခုနစ်ရောင်စုံတာအိုသခင်ထံ ဂရုတစိုက် ခြေလှမ်းလိုက်၏။ သိပ်မကြာခင်တွင် သူက တောင်အောက်ပေတစ်ထောင်သို့ ရောက်လာကာ ခုနစ်ရောင်စုံတာအိုသခင်နှင့် ပေတစ်ထောင်သာ လိုတော့သည်။
ခုနစ်ရောင်စုံတာအိုသခင်ကို စိုက်ကြည့်နေရင်း ဝမ်လင်း၏မျက်လုံးထံမှ ပြတ်သားသောအကြည့် လှစ်ဟပေါ်၏။ သူ့ညာလက်ကို ဆန့်ထုတ်ကာ သူ၏သိုလှောင်နေရာလွတ်အတွင်းမှ တစ္ဆေမျက်နှာရွက်တိုင်ကို ထုတ်ယူသည်။ သူသည် ၎င်းကို လုံးဝ သန့်စင်ရခြင်း မရှိသေးသော်လည်း ၎င်းရွက်တိုင်နှင့် သူ့နတ်ဘုရားအာရုံကိုမူ ပေါင်းစပ်ထားခဲ့ပြီး ဖြစ်သည်။
ထိုရွက်တိုင်ကို ထုတ်ယူပြီးနောက် ဝမ်လင်းက ထိုင်ချကာ ဝေ့ယမ်းလိုက်သည်။ ဝမ်လင်းက ၎င်းကို ထိန်းချုပ်လိုက်သည့်အခိုက်၌ ယင်းရွက်တိုင်ဖျင်က သူ့ခန္ဓာကိုယ်ကို ဝန်းရံလျက် သူ၏မူလစိတ်ဝိညာဉ်နှင့်အတူ ရှေ့သို့ ပျံသန်းသွားသည်။
ဝမ်လင်း၏မူလစိတ်ဝိညာဉ် သူ၏ခန္ဓာကိုယ်ထဲမှ ထွက်ခွာကာ ရွက်တိုင်အတွင်းသို့ ဝင်ရောက်၏။ ရွက်တိုင်က လေဟာနယ်ကို ချိုးဖျက်ကာ ခုနစ်ရောင်စုံတာအိုသခင်ထံသို့ တရှိန်ထိုး ဝင်ရောက်သွားသည်။ ရွက်တိုင်က ကောင်းကင်ထက်၌ ပွင့်ဟ၍ တစ္ဆေမျက်နှာသည် တဖြည်းဖြည်း ဝမ်လင်း၏မျက်နှာအဖြစ်သို့ ပြောင်းလဲသွားသည်။ ခုနစ်ရောင်စုံတာအိုသခင်က မှုန်ရီစွာဖြင့် ၎င်းရွက်တိုင်ကို ကြည့်၏။
ချက်ခြင်းပင် ဝမ်လင်း၏အမြင်မှာ ရုတ်တရက် အမှောင်ကျသွားသည်။ ခုနစ်ရောင်စုံတာအိုသခင်၏ မျက်လုံးတို့မှာ တွင်းနက်များအလား ချက်ခြင်းလိုလို ဝမ်လင်းကို ဆွဲငင်သွားသည်။
“ဝင်ရောက်စေ…” ဝမ်လင်းက ရင်းနှီးသော ရူးသွပ်ဖွယ်ရယ်သံတစ်သံ သူ့နားထဲ ဝင်ရောက်လာချိန်၌ အမိန့်တစ်ခု ပို့လွှတ်၏။
သူ့ရှေ့ရှိ အမှောင်ထုမှာ ထူးဆန်းသောအားတစ်ခု၏ ဆုတ်ဖြဲခြင်း ခံလိုက်ရသည့်အလားပင်။ ဝမ်လင်း၏ရှေ့၌ စေတီပျက်များဖြင့် ပြည့်နေသော နေရာတစ်ခု ပေါ်လာ၏။ ထိုမြင့်မားသော စေတီပျက်အပုံလိုက်ကို ကြည့်ခြင်းဖြင့် ၎င်းမှာ ကလန်တစ်ခုနှင့် တူနေပေသည်။
ထိုရင်းနှီးသော ရယ်သံက မီးခိုးရောင်ဝတ်စုံဖြင့် သက်လတ်ပိုင်းလူထံမှ ထွက်ပေါ်လာခြင်းပင်။ ထိုလူက ရုပ်ရည်ချောမောပြီး သူ၏မျက်လုံးတို့မှာ အေးစက်နေ၏။ သူ့ထံမှ လူတိုင်းကို အထင်အမြင်သေးသော မော်ကြွားမှုအငွေ့အသက်ကိုလည်း ပေးစွမ်းနေသည်။
သည်အခိုက်၌ သူက ညာလက်ကို ပင့်မြှောက်လိုက်၏။ သူ၏ရှေ့တွင် ဧရာမစေတီတစ်ဆူ ရှိနေသည်။ သူက ထိုစေတီကို ဖျက်စီးရန် ဟန်ပြင်စဉ် အတွင်းမှ ခုနစ်ရောင်စုံအလင်း တောက်ပလာ၏။ ဒေါသတကြီးဖြစ်နေသော လူတစ်ယောက် လှမ်းထွက်လာချေသည်။
ဝမ်လင်းက ထိုလူ့ကို ကြည့်မိသည့်အခါ သူက အသက်ဝဝရှိုက်သွင်းလိုက်မိ၏။ ထိုလူမှာ သူ၏သိုလှောင်နေရာလွတ်အတွင်းရှိ ရုပ်တုနှင့် ချွတ်ဆွတ်တူ၏။ သူက ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူပင်။
ထိုသက်လတ်ပိုင်းလူ၏ ပုံပန်းသွင်ပြင်ကို မရင်းနှီးသော်လည်း သူ့ရယ်သံက ဝမ်လင်းကို တုန်လှုပ်မိစေ၏။ ဝမ်လင်းက ထိုသူမှာ အရူးဖြစ်သည်ကို သိရှိလိုက်သည်။
အရူး၏နောက်တွင် အနီရောင်နဂါးတစ်ကောင်လည်း ရှိနေ၏။ ထိုနဂါးက မောက်မာစွာ မာန်သွင်းဟိန်းသံ ပြုသည်။ အရူး၏ဘေး၌ အပေါ်ထပ်ဝတ်ရုံဖြင့် ဦးခေါင်းပြောင်ဆယ်ကျောက်သက်တစ်ယောက်လည်း ရှိနေသေးသည်။
ထိုဦးခေါင်းပြောင်လူငယ်က ကြမ်းကြုတ်သည့်ဟန်ပန်ဖြင့် သည်အခိုက်တွင် တိုက်ခိုက်လာ၏။ ထိုအခါ ဝမ်လင်းက ထိုဆယ်ကျော်သက်လူငယ်မှာ အဇူရာနဂါးဗိုလ်ချုပ်ဖြစ်သည်ကို သိရှိလိုက်သည်။
ဘေးပတ်ပတ်လည်ကို ကြည့်ပါက သည်နေရာသည် တိုက်ပွဲနေရာတစ်ခု ဖြစ်နေကာ ဗရမ်းဗတာ ရှိနေ၏။ ဗိုလ်ချုပ်လေးယောက်ထဲမှ သုံးယောက်လည်း ဒီနေရာတွင် ရှိနေသလို ကိုယ်လုပ်တော်ရှစ်ယောက်လည်း ရှိနေကြသည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ မြေပြင်ထု ပြိုပျက်စီး၏။ အစိတ်အပိုင်းများစွာ ပျက်စီးလျက် ကောင်းကင်ထက်တွင် မရေမတွက်နိုင်သော ဟင်းလင်းပြင်အက်ကြောင်းများ ရှိနေသည်။ လေအေးများ တိုက်ခတ်နေလျက် ဒီကုန်းမြေကို အေးစိမ့်နေစေသည်။
ထိုအခြင်းအရာများကို ကြည့်၍ ဝမ်လင်းမှာ တုန်လှုပ်မိနေ၏။ ခဏတာ တုန်လှုပ်သွားပြီးနောက် အရူးနှင့် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူတို့က ထိပ်တိုက်တွေ့ကြလေရာ ကျယ်လောင်စွာ တုန်ဟည်းမှုကို ဖြစ်စေသည်။ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူက နောက်သို့ လွင့်ထွက်သွားပြီး သွေးအန်ရသည်။ သူ့မျက်နှာထက်၌ နာကျင်မှု ပြည့်နှက်လျက် သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ချေ၏။
“ဖန်ရှန်မင်၊ ဖန်ရှန်လု…နင်တို့နှစ်ယောက် ငါ့ကို ဘာကြောင့် သစ္စာဖောက်ရတာလဲ။ ငါ နင်တို့အပေါ် မကောင်းခဲ့လို့လား။ ဘာကြောင့်လဲ။ ငါ ရရှိခဲ့တဲ့ ဒီရတနာအစိတ်အပိုင်းက ငါတို့အတူတူ ရှိခဲ့တဲ့ နှစ်ပေါင်းထောင်သောင်းချီကို မေ့ဖျောက်ပစ်စေနိုင်လို့လား…”
“ဖန်ရှန်မင်…ထွက်လာခဲ့စမ်း…”
“ငါ ရတနာကို ရခဲ့တဲ့အချိန် ကလန်ကို ပြန်လာတဲ့ ခရီးစဉ်အတွင်း နင် ငါ့ကို အလစ်တိုက်ခိုက်ခဲ့တယ်။ ဒါပေမဲ့ ငါ နင့်ကို ထွက်သွားခွင့်ပြုခဲ့ပြီး မသတ်ခဲ့ဘူး။ နင် ငါ့နှလုံးသားကို ဘယ်လောက်တောင် ထပ်ပြီး နာကျင်စေနေအုံးမှာလဲ။ နင် မသိဘူးလား။ အခုတော့ နင်က ငါ့ကို သတ်ဖို့အတွက် အပြင်လူတစ်ယောက်ကိုပါ ခေါ်လာခဲ့တယ်။ မကောင်းတဲ့ကောင်မ..။ ပြီးတော့ မင်း လျန်တောက်ဖေ။ မင်းမှာ မြင့်မြတ်တဲ့အဆင့်အတန်း ရှိတယ်။ မင်းဘေးမှာ မရေမတွက်နိုင်တဲ့ တာအိုလက်တွဲဖော်တွေလည်း ရှိတယ်။ ဒါတောင် မင်းက လွန်ခဲ့တဲ့နှစ်တွေတုန်းက ဖန်ရှန်မင်ကို သဘောကျခဲ့တယ်။ ငါ မသိဘူးလို့များ မင်း ထင်နေတာလား…”
ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူက မာန်သွင်းအော်ဟစ်လိုက်၏။ သူ၏မျက်လုံးထဲတွင် ရူးသွပ်မှုတို့ ပြည့်နှက်နေသည်။
အရူး သို့တည်းမဟုတ် ပို၍ တိတိကျကျဆိုရသော် လျန်တောက်ဖေသည် အလွန်မာနကြီးကာ ဘဝင်မြင့်ပုံ ပေါ်၏။ ကောင်းကင်ဘုံအုပ်စိုးသူ၏ စကားကို ကြားရသည့်နောက် သူက ခေါင်းယမ်းကာ ပြုံး၍ ဆိုလာသည်။
“ဒီဘုရင်ကို သွေးဆောင်ဖြားယောင်းခဲ့တာ သူမ(ဖန်ရှန်မင်)ပဲ။ ဒီဘုရင်က တစ်ခြားတစ်ယောက်ယောက်ရဲ့ တာအိုလက်တွဲဖော်ကို စိတ်မဝင်စားဘူး။ ငါဟာ ရတနာအစိတ်အပိုင်းအတွက် လာခဲ့တာ။ မင်း ငါ့ကို အဲ့အစိတ်အပိုင်းပေး။ ငါ ထွက်သွားမယ်။ မင်းတို့နှစ်ယောက်ကြားက ကိစ္စကို ငါ ဝင်မပတ်သတ်တော့ဘူး…”
“အစိတ်အပိုင်းရတနာဟုတ်လား။ ဒီနေ့ မင်းတို့အကုန်လုံး ဒီနေရာကနေ တစ်ယောက်မျှ မထွက်သွားနိုင်စေရဘူး…”
ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ၏ မျက်လုံးတို့မှာ နီမြန်းလာ၏။ သူက သူ၏အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်သည်။ လောကသည် အရောင်များ ပြောင်းလဲသွား၏။ ကောင်းကင်ထက်၌ ဧရာမဝဲကတော့တစ်ခု ပေါ်လာသည်။ ထိုဝဲကတော့အတွင်း၌ မျက်လုံးကြီးတစ်လုံး ပေါ်ထွက်လာချေသည်။
ထိုမျက်လုံးသည် ခံစားချက်မဲ့ကာ လုံးဝ မထူးခြားနားဟန် ရှိ၏။ ၎င်းက အောက်ဘက်ရှိ အရာအားလုံးကို စိုက်ကြည့်၍ ဖြည်းဖြည်းချင်း မျက်လုံးမှိတ်သွားသည်။
ထိုမျက်လုံးမှိတ်သွားသည့်အခိုက်၌ လျန်တောက်ဖေ၏ အမူအရာမှာ ကြီးစွာ ပြောင်းလဲသွားသည်။
“ကောင်းကင်ဘုံတာအို…”
“မင်းတို့အားလုံး…ဒီအရှင်အတွက် သေလိုက်တော့…” ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူက လက်ဝေ့ယမ်းလိုက်ရာ လောကသည် တုန်ခါသွား၏။ အနက်ရောင်အခိုးငွေ့များ ပျံ့နှံ့ကာ ဝမ်လင်း၏အမြင်ကို ဖုံးအုပ်သွားတော့သည်။
နာနာကျင်ကျင်အော်သံဟစ်သံများ ပဲ့တင်ထပ်ကာ ဝမ်လင်း၏စိတ်ကို တုန်လှုပ်စေသည့် အော်ရာတစ်ခုမှာ ခြုံလွှမ်းလာ၏။
ထိုအနက်ရောင်အခိုးအငွေ့ကြားထဲ၌ လျန်တောက်ဖေသည် အပြင်းအထန် ဒဏ်ရာရကာ ကောင်းကင်ဘုံတာအို၏ ဝါးမြိုခြင်း ခံရသည်။ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ၏ ခန္ဓာကိုယ်မှာလည်း ပျက်စီး ပြန့်ကြဲသွား၏။ သူ၏ ပြန့်ကြဲသွားသော ခန္ဓာကိုယ်သည် အစိတ်အပိုင်းသုံးခုအဖြစ်သို့ ကွဲထွက်ကာ အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ထိုအစိတ်အပိုင်းသုံးခုထဲမှ တစ်ခုသည် ခုနစ်ရောင်စုံတာအိုသခင် ဖြစ်ကာ ကျန်တစ်ခုက သူ၏အနှစ်သာရ ဖြစ်၏။ နောက်ဆုံးတစ်ခုကမူ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ၏ မှတ်ဉာဏ်ကို သယ်ဆောင်၍ အဝေးသို့ ပျံသန်းသွားတော့သည်။
သည်အခိုက်၌ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ၏ ပထမစိတ်ဝိညာဉ်ဖြစ်သော ခုနစ်ရောင်စုံတာအိုသခင်က တတိယစိတ်ဝိညာဉ်နောက်သို့ ပျံသန်းလိုက်ပါလာသည်။ ဝမ်လင်း၏စိတ်မှာ ရုတ်တရက် ရှင်းလင်းသွား၏။ သည်အခိုက်၌ ဝမ်လင်းသည် ခုနစ်ရောင်စုံတာအိုသခင်သည် ပုံရိပ်ယောင်အတွင်း၌ ပိတ်မိနေဖို့ ဆန္ဒရှိပြီး ဘာကြောင့် မထွက်ခွာသည်ကို နားလည်သွားတော့သည်။