← Chapters

ခုနစ်ရောင်စုံတာအိုသခင်ကို တုန်လှုပ်သွားစေသော ဟိန်းအော်သံ

Vol. 127 Ch. 1754

ခုနစ်ရောင်စုံတာအိုသခင်ကို တုန်လှုပ်သွားစေသော ဟိန်းအော်သံ

Vol. 127 Ch. 1754

ဖန်ရှန်မင်က ခုနစ်ရောင်စုံတာအိုသခင်ကို ဒီပုံရိပ်ယောင်အတွင်းသို့ ဖြားယောင်းခဲ့ခြင်း ဖြစ်၏။ ခုနစ်ရောင်စုံတာအိုသခင်က ဒီအချက်ကို သိသိရက်ဖြင့် ပုံရိပ်ယောင်အတွင်း ဝင်ရောက်ခဲ့ခြင်းတည်း။ သို့ပေမည့် သူက သူ့အစွမ်းထက်ကျင့်ကြံမှုကို အသုံးပြုကာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ၏ ခန္ဓာကိုယ် ပြန့်ကြဲခဲ့သော နေရာဖြစ်သည့် အတိတ်က တိုက်ပွဲနေရာသို့ ပြန်ရောက်ရှိရန် ဒီပုံရိပ်ယောင်ကို အတင်းအကြပ် ပြောင်းလဲပစ်ခဲ့သည်။

“သူ အလိုချင်ဆုံးက တတိယစိတ်ဝိညာဉ်ကို ရှာဖို့ပဲ။ ဒါပေမဲ့ ဒီလောက်နှစ်တွေကြာလာတာတောင် သူဟာ ဒီတတိယစိတ်ဝိညာဉ်နဲ့ ပတ်သတ်လို့ ဘာသဲလွန်စမှ မရှာနိုင်ခဲ့သေးဘူး…”

“ခုချိန်မှာ တတိယမြောက်စိတ်ဝိညာဉ်ဟာ ဘယ်နေရာမှာ ပုန်းနေလဲ သူ မသိဘူး။ ဒါ့ကြောင့် သူဟာ ဒီပုံရိပ်ယောင်ကို အသုံးပြုပြီး အတိတ်တုန်းက ခုနစ်ရောင်စုံကောင်းကင်ဘုံတာအိုသခင် စိတ်ဝိညာဉ်သုံးခုနဲ့ အစိတ်အပိုင်းခုနစ်ခုအဖြစ် ကွဲထွက်ခဲ့တဲ့ အချိန်ကို ပြန်ရောက်ရှိစေခဲ့တာ…”

“အဲ့ဒီနောက် သူ အခုလုပ်သလိုမျိုး တတိယစိတ်ဝိညာဉ်နောက်ကို လိုက်လံတော့တာပဲ။ သူဟာ ဒီစိတ်ဝိညာဉ် ပြန်လည်မွေးဖွားတဲ့နေရာကို တွေ့မြင်ရဖို့ လုပ်နေတာပဲ…”

“သူသာ တတိယစိတ်ဝိညာဉ် ရောက်သွားတဲ့နေရာကို အမှန်တကယ် မြင်ခဲ့ရင် ဒီပုံရိပ်ယောင်ဟာ အတုအယောင် ဖြစ်နေခဲ့ရင်တောင်မှ သူ့အနေနဲ့ တတိယစိတ်ဝိညာဉ်ကို ရှာတွေ့နိုင်မယ့် အခွင့်အရေးတစ်ခု ရလာနိုင်တယ်…”

“ငါ သူ့ကို အောင်မြင်ခွင့် ပြုလို့ မဖြစ်ဘူး…”

တစ္ဆေမျက်နှာ ရွက်ဖျက် ဝန်းရံထားဆဲ ဖြစ်သော ဝမ်လင်းသည် ရှေ့သို့ ဆက်လာ၏။ သူက သည်နေရာသို့ သူ့မူလစိတ်ဝိညာဉ်နှင့်အတူ ရောက်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် ပုံမှန်ထက် များစွာ ပိုမြန်ပေသည်။ သို့သော်လည်း သူသည် ခုနစ်ရောင်စုံတာအိုသခင်နှင့် တတိယမြောက်စိတ်ဝိညာဉ်တို့ကို အမှီမလိုက်နိုင်သေးပေ။ ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သော်လည်း သူက သူတို့ကို ရှာမတွေ့နိုင် ဖြစ်နေသည်။

“ငါ ဒီလို ဆက်လုပ်နေလို့ မရတော့ဘူး။ ငါ့အရှိန်က နှေးလွန်းတယ်…”

ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွား၏။ သူ့ညာလက်ဖြင့် သူ့ခန္ဓာကိုယ်ကို ထိရိုက်လိုက်ပြီး အနှစ်သာရစွမ်းအင်ကို ပါးစပ်အပြည့် ထွေးထုတ်လိုက်သည်။ ထိုအနှစ်သာရစွမ်းအင်သည် သွေးအနှစ်သာရထက် ပို၍ အဖိုးတန်၏။ သူ၏မူလစိတ်ဝိညာဉ်မှာ ချက်ခြင်း အားနည်းသွားရသည်။

သူ့မူလစိတ်ဝိညာဉ်က ရှေ့သို့ ခြေလှမ်းကာ ထိုအနှစ်သာရစွမ်းအင်နှင့် ပေါင်းစပ်သည်။ သူ၏အမြန်နှုန်းမှာ ရုတ်တရက် များစွာ တိုးတက်လာကာ သူက အရင်ထက် အဆတစ်ရာမြန်သောနှုန်းဖြင့် ရှေ့သို့ တရကြမ်း ဦးတည်သည်။

ချက်ခြင်းပင် ဝမ်လင်းသည် အဝေးတွင် ပေါ်လာ၏။ သူ့နတ်ဘုရားအာရုံ၏ အစွန်းအဖျားတွင် ခုနစ်ရောင်စုံလင်းလက်မှုကို တွေ့မြင်ရလေပြီ။

“ခုထက်နည်းနည်း ပိုမြန်ဖို့ လိုသေးတယ်…”  ဝမ်လင်းက အံတင်းတင်းကြိတ်လိုက်၏။ သူက နောက်ထပ် အနှစ်သာရစွမ်းအင်ကို ထွေးထုတ်ပြန်သည်။ သူ၏အမြန်နှုန်းမှာ တဖန် မြင့်တက်လာပြန်၏။ သူ့ခန္ဓာကိုယ် အပိုင်းပိုင်းဖြစ်တော့မည့်နှယ် သူ၏မူလစိတ်ဝိညာဉ်ထံမှ စူးရှရှနာကျင်မှု ထွက်ပေါ်လာသည်။ သူက သူ့ တောင့်ခံနိုင်သမျှ အမြန်ဆုံးနှုန်းသို့ ရောက်ရှိလာသည်။

ထိုအမြန်နှုန်းဖြင့် သူသည် ခုနစ်ရောင်စုံတာအိုသခင်ကို သူ၏နတ်ဘုရားအာရုံဖြင့် အမှီလိုက်လာနိုင်တော့သည်။ သူက ခုနစ်ရောင်စုံတာအိုသခင်၏ ရှေ့၌ တတိယစိတ်ဝိညာဉ်ထံမှ အလင်းကိုပါ တွေ့မြင်သည်။

ခုနစ်ရောင်စုံတာအိုသခင်က မျက်မှောင်ကြုတ်သွား၏။ တကယ်တော့ သူက ဝမ်လင်းကို သတိပြုမိပြီး ဖြစ်၏။ သူက သည်ပုံရိပ်ယောင်ကို အတင်းအကြပ် ပြောင်းလဲထားခဲ့သည့်ဖြစ်သည့်အတွက်ကြောင့် တစ်စုံတစ်ယောက် ဝင်ရောက်လာသည်ကို သိနိုင်သည်မှာ သဘာဝကျသည်။ သို့သော် ခုချိန်၌ တတိယစိတ်ဝိညာဉ် ရောက်သွားသည့်နေရာကို သိဖို့က သူ့အတွက် အရေးကြီးဆုံးအခိုက် ဖြစ်နေ၏။

သည်လိုအခွင့်အရေးမျိုးက တစ်သက်တွင်တစ်ခါသာ ရနိုင်သည်။ တကယ်တော့ ဒီလှိုဏ်ဂူလောကရှိ မည်သူကမျှ ထိုမျှအစွမ်းထက်သော ပုံရိပ်ယောင်မန္တာန်ကို အသုံးမပြုနိုင်ကြပေ။

ထို့အတွက် သူသည် ဝမ်လင်းကို လုံးဝ လစ်လျူရှုကာ တတိယစိတ်ဝိညာဉ်ထံသာ အာရုံအပြည့် စိုက်ထားသည်။ သူက ထိုစိတ်ဝိညာဉ် မည်သည့်နေရာသို့ သွားသည်ကို မြင်ချင်နေ၏။

သူသာ ၎င်းသွားသည့်နေရာကို ရှာနိုင်ပါက ဒီပုံရိပ်ယောင်အတွင်းမှ ထွက်လာပြီးနောက် တတိယစိတ်ဝိညာဉ်ကို ရှာဖွေနိုင်ဖို့ ယုံကြည်လေသည်။

အချိန်သည် မြန်မြန်ဆန်ဆန် ကုန်ဆုံးနေ၏။ ဝမ်လင်းက တတိယကြိမ်မြောက် အနှစ်သာရကို အန်ထုတ်၏။ သူ၏အမြန်နှုန်းမှာ ခုနစ်ရောင်စုံတာအိုသခင်နောက်သို့ မှီရုံမျှသာ ဖြစ်သည်။ သူ ရှေ့သို့ တရကြမ်း ဆက်လာနေစဉ် သူ၏မူလစိတ်ဝိညာဉ်မှာ လောင်ကျွမ်းခံရတော့မည့်အလား။

သူ၏ရှေ့ရှိ ကြယ်အဖွဲ့အစည်းသည် ဝေဝါးကာ ကြယ်မြေပုံတစ်ခု ပေါ်လာချေ၏။ ထိုကြယ်မြေပုံသည် သည်လှိုဏ်ဂူလောကတစ်ခုလုံးကို သိပ်သည်းထားခြင်းနှင့်ပင် တူနေသေးသည်။ ဝမ်လင်းက ၎င်းမြေပုံကို လှိုဏ်ဂူလောကတစ်ခုလုံး၏ မြေပုံဖြစ်သည်ဟု ချက်ခြင်း သိရှိလိုက်သည်။

ထိုမြေပုံမှာ ချိပ်ပိတ်နယ်မြေအစီအရင်က အတွင်းနှင့်အပြင်နယ်မြေများဟူ၍ မပိုင်းခြားပေးခင်အချိန်ကမြေပုံ ဖြစ်၏။

ဝမ်လင်းက ထိုကြယ်မြေပုံအတွင်းသို့ ဝင်ရောက်သွားသော တတိယစိတ်ဝိညာဉ်ကို ကိုယ်တိုင်တွေ့မြင်သည်။ ၎င်းက ယင်းမြေပုံ၏ ဗဟိုချက်သို့ မသွားရောက်ခဲ့သော်လည်း ဗဟိုချက်နှင့် နီးနေပေပြီ။ ယင်းမြေပုံကို သေသေချာချာ ပိုင်းခြားကြည့်ပါက ၎င်းမှာ အတွင်းနယ်မြေဖြစ်သည်ကို ရှင်းလင်းစွာ မြင်နိုင်ပေလိမ့်မည်။

“အတွင်းနယ်မြေ၊ တတိယစိတ်ဝိညာဉ်က အတွင်းနယ်မြေဆီ သွားရောက်ခဲ့တာပဲ…”

ဝမ်လင်း၏မျက်လုံးထံမှ ထူးဆန်းသောအလင်း လှစ်ဟပေါ်ကာ သူက သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ ကြယ်မြေပုံက မြန်ဆန်စွာ စတင်ချဲ့ကားလာပြီး ပျောက်ကွယ်သွားသော တတိယစိတ်ဝိညာဉ်ကို ထပ်မံ တွေ့ရှိရသည်။

ထိုစိတ်ဝိညာဉ်က ခုလက်ရှိ အတွင်းနယ်မြေ၏ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းကို ဖြတ်သန်းကာ ဆင့်ခေါ်ခြင်းမြစ်ကြယ်အဖွဲ့အစည်းထံသို့ ပျံသန်းဦးတည်သည်။

၎င်းမှာ ဆင့်ခေါ်ခြင်းမြစ်၌ ရပ်တန့်သွားသည်ဟုလည်း ထင်ရ၏။ သို့မဟုတ် ၎င်းက နောက်ထပ်ကြယ်အဖွဲ့အစည်းတစ်ခုထံ ဆက်၍ ထွင်းဖောက်သွားခဲ့သည်လား။ ဝမ်လင်းအဖို့ ထိုတတိယစိတ်ဝိညာဉ် ပြန်လည်မွေးဖွားမည့် နေရာကို သိရဖို့ အချိန် များများစားစား လိုတော့မည် မဟုတ်ပေ။

သို့သော် အလားတူပင် ဝမ်လင်းက ထိုသို့ တွေ့မြင်နိုင်ပါက ခုနစ်ရောင်စုံတာအိုသခင်မှာလည်း တွေ့မြင်မည် ဖြစ်၏။ ခုနစ်ရောင်စုံတာအိုသခင်က စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်လာ၏။ သူက အခုပုံရိပ်ယောင်ထဲရှိ အဖြစ်အပျက်သည် အတိတ်တုန်းက ဖြစ်ခဲ့သည့်ပုံနှင့် အတူတူ ဟုတ်လား၊ မဟုတ်လားကို သူ မသိသော်လည်း အခွင့်အရေးတစ်ခုတော့ ရှိလာခဲ့ပေပြီ။

ဤသည်မှာ နှစ်ပေါင်းများစွာ ကုန်လွန်ပြီးနောက် သူ ရလာခဲ့သော ပထမဆုံး အခွင့်အရေးတည်း။

“သူသာ ဒီတတိယစိတ်ဝိညာဉ်ကို ရှာတွေ့နိုင်ခဲ့ရင် ငါ သံသယမရှိ သေရလိမ့်မယ်။ ငါ သူ့အရင် ဒါကို ရှာတွေ့နိုင်မှ ဖြစ်မယ်။ ငါ ဒီလို အရင် မရှာနိုင်ရင်တော့ ဘယ်သူကမှ ဒီတတိယစိတ်ဝိညာဉ်ကို ရှာမတွေ့နိုင်အောင် ငါ လုပ်ရမယ်…” ဝမ်လင်း၏မျက်လုံးတို့မှာ အေးစက်ပြတ်သားနေ၏။ သို့ပေမည့် သူ၏ကျင့်ကြံမှုမှာ ခုနစ်ရောင်စုံတာအိုသခင်ထက် နိမ့်ကျလှ၏။ ထို့ကြောင့် သူက ဒီအဖြစ်သနစ်ကို မရပ်တန့်နိုင်ချေ။

တတိယစိတ်ဝိညာဉ် အရှိန်လျော့ကျသွားကာ ရပ်တန့်တော့မည်ကို တွေ့မြင်သည့်အခါ ခုနစ်ရောင်စုံတာအိုသခင်၏ စိတ်လှုပ်ရှားမှုသည် အထွတ်အထိပ်သို့ ရောက်လာခဲ့၏။ သည်အခိုက်၌ ဝမ်လင်းက ရုတ်တရက် ရပ်တန့်ကာ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သူ၏မူလစိတ်ဝိညာဉ် ပတ်လည်ရှိ တစ္ဆေမျက်နှာရွက်တိုင်သည် လင်းလက်သွားပြီး သူ့မူလစိတ်ဝိညာဉ်သည် ရုတ်တရက် ပျောက်ကွယ်သွားသည်။

သူ ပြန်ပေါ်လာသည့်အခါ၌ လောကသည် ခုနစ်ရောင်စုံအလင်းနှင့် ပြည့်ဖုံးနေလေပြီ။ ဝမ်လင်း၏ခန္ဓာကိုယ်မှာ တုန်ယင်လျက် သူသည် ခုနစ်ရောင်စုံတာအိုသခင် ရှိနေသော ပထမပုံရိပ်ယောင်ထံ ပြန်ရောက်လာသည်။

ဝမ်လင်း၏မူလစိတ်ဝိညာဉ်ကို ရွက်ဖျင်က ဝန်းရံထားဆဲပင်။ ဘေးပတ်လည်သို့ ကြည့်လိုက်ပြီးနောက် သူ၏မူလစိတ်ဝိညာဉ်သည် ပထမဆုံးပုံရိပ်ယောင်အတွင်းရှိ သူ့ခန္ဓာကိုယ်အတွင်း ပြန်ရောက်ရှိလာသည်။

သူ ဝင်ရောက်လိုက်သည့်အခိုက်မှာပင် သူက ထရပ်ကာ ခုနစ်ရောင်စုံတာအိုသခင်ထံ လှမ်းလျှောက်လာတော့သည်။

သူသည် ဒုတိယပုံရိပ်ယောင်အတွင်း၌ ခုနစ်ရောင်စုံတာအိုသခင်ကို ရပ်တန့်နိုင်စွမ်း မရှိပေ။ သို့သော် သူ ဒီရွက်ဖျင်ကို အသုံးပြု၍ ပထမဆုံးပုံရိပ်ယောင်အတွင်းသို့ ပြန်ရောက်လာနိုင်စွမ်း ရှိပေသည်။ သူက သည်နေရာရှိ ခုနစ်ရောင်စုံတာအိုသခင်ကို နိုးထလာ‌အောင် လုပ်ကာ နှောက်ယှက်မည် ဖြစ်၏။

ဝမ်လင်းက ခုနစ်ရောင်စုံတာအိုသခင်နား နီးကပ်လာစဉ် မီးငှက်ကိုးကောင်သည် ရုတ်တရက် မျက်လုံးဖွင့်လာ၏။ ယင်းတို့ထံမှ ပြင်းထန်သောအပူလှိုင်းကို ထုတ်လွှတ်၏။ ထိုအပူသည် မီးစွမ်းအား မဟုတ်ပေ။ အလင်းစွမ်းအား ဖြစ်ပေ၏။

အလင်းအပူဓာတ်သည် မီးထက် အဆများစွာ သာလွန်ပေ၏။ ၎င်းအပူစွမ်းအားက ဝမ်လင်းကို ခြုံလွှမ်းလာစဉ် သူသည်  အရည်ပျော်ကျမတတ် ခံစားမိ၏။ သူ့ဆံပင်များပါ  မီးစွဲကုန်ကာ ချက်ခြင်း ကွယ်ပျောက်သွားသည်။

ဝမ်လင်းသည် ပြင်းထန်စွာ နာကျင်နေ၏။ သူက အနည်းငယ် ရှေ့ဆက်တိုးပါက လောင်ကျွမ်းခံလိုက်ရတော့မည့်အလား။

“ငါ ထပ်မတိုးနိုင်တော့ဘူး…”  ဝမ်လင်း၏မျက်နှာမှာ ဖြူရောလာ၏။ သူက စိုးရိမ်လာသည်။ ဒုတိယပုံရိပ်ယောင်အတွင်းရှိ ခုနစ်ရောင်စုံသည် မည်သို့ဖြစ်ပျက်နေပြီကို သူ မသိပေ။ သို့သော် သူသိသည်မှာ သူ့ထံ၌ ခုနစ်ရောင်စုံတာအိုသခင်ကို ရပ်တန့်နိုင်မည့် နည်းလမ်းမရှိပါက သူ ခုချက်ခြင်း ထွက်ပြေးရမည်ကိုပင်။

သို့ပေမည့် ဝမ်လင်းသည် ခုလိုမျိုး ထွက်မသွားချင်ပေ။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်၍ မီးငှက်ကိုးကောင်(ဝါ) နေမင်းကိုးလုံး ဝန်းရံထားသော ခုနစ်ရောင်စုံတာအိုသခင်ကို စိုက်ကြည့်သည်။

“ငါ သူ နိုးလာအောင် ဘယ်လိုလုပ်ရမလဲ။ ဘယ်လိုလုပ်သင့်လဲ။ ဘယ်လို လုပ်နိုင်မလဲ…”

ဝမ်လင်းသည် အမျိုးမျိုးတွေးကြည့်နေ၏။ သူ၏မျက်လုံးသည် တောက်ပနေသည်။

အချိန်အနည်းငယ် ကြာပြီးနောက် ဝမ်လင်း၏မျက်လုံးသည် ရုတ်တရက် ကျဉ်းမြောင်းသွားသည်။

“ပုံရိပ်ယောင်။ ပုံရိပ်ယောင်တစ်ခုဟာ အိပ်မက်တစ်ခုလိုပဲ။ အိပ်ပျော်နေတယ်လို့သာ တွေးလိုက်မယ်ဆိုရင် ငါက သူ့ကို နှိုးလိုက်နိုင်ရုံပဲလေ။ ဒါဆိုရင် ပြဿနာဟာ အများကြီး ပိုရိုးရှင်းသွားမယ်…”

“သူသာ အိပ်ပျော်နေတယ်ဆိုရင် ငါ သူ့ကို နှိုးလိုက်ရုံပဲ၊ နှိုးလိုက်ရုံလေးပဲ…” ဝမ်လင်း၏မျက်လုံးသည် တောက်ပလာ၏။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်သည်။ သူ၏မိုးကြိုးနှင့်မီးအနှစ်သာရ ပျံသန်းထွက်ကာ မိုးကြိုးတန်းဖြင့် ရောယှက်နေသော မီးဝဲကတော့တစ်ခု ပေါ်လာသည်။

တစ်ချိန်တည်းမှာ ဝမ်လင်းက ချိပ်ဟန်တစ်ခု ဖြစ်ပေါ်စေလိုက်သည်။ သူ့သေခြင်းရှင်ခြင်းအနှစ်သာရ၊ အမှန်အမှားအနှစ်သာရ၊ ကံမ္မအနှစ်သာရတို့အားလုံး ပျံသန်းထွက်လာသည်။ ယင်းတို့က ဝဲကတော့ထဲ ပေါင်းစည်းကာ ဝဲကတော့ကို ပိုမို ကြီးမားလာစေသည်။

အဆုံးသပ်၌ သတ်ဖြတ်ခြင်းအနှစ်သာရ ပေါ်လာ၏။ ၎င်း ဝဲကတော့အတွင်းသို့ ဝင်ရောက်လာသည့်အခါ ဝဲကတော့သည် ဝမ်လင်း၏ စိတ်ဆန္ဒကြောင့် ပုံစံအသွင် ပြောင်းလဲသည်။ အဆုံးသပ်၌ ၎င်းက ဦးချိုးသဏ္ဌာန်သို့ ပြောင်းလဲသွားသည်။

ဝမ်လင်းသည် သူ၏အနှစ်သာရခြောက်ခုကို အသုံးပြု၍ ဒီဦးချိုကို အသုံးပြုကာ သူ့အသံကို ပိုကျယ်အောင် လုပ်နိုင်မည် ဖြစ်၏။ ဦးချိုအတွင်းရှိ အနှစ်သာရခြောက်ခုသည် လည်ပတ်နေခြင်းက အသံကို အဆများစွာ ပိုကျယ်လောင်စေမည်ပင်။

ထိုသို့ ပြုလုပ်ပြီးနောက် ဝမ်လင်းက သူ့ရှေးစွမ်းအားကို အသက်သွင်းသည်။ ရှေးလူအရိပ် သူ၏နောက်တွင် ပေါ်လာသည်။

ဝမ်လင်းက အသက်ရှိုက်သွင်းလိုက်စဉ် သူ၏မျက်နှာပေါ်ရှိ သွေးကြောများ ဖောင်းကြွလာ၏။ ထို့နောက် သူက ဦးချိုထဲသို့ ဟိန်းအော်သံ ထုတ်ဖော်သည်။

ယင်းမှာ ရှေးဟောင်းနတ်ဘုရား၏ ဟိန်းအော်သံ၊ ရှေးလူ၏ ဟိန်းအော်သံတည်း။ ထိုဟိန်းသံကို ဝမ်လင်းသည် ရှေးသင်္ချိုင်းထံမှ သိလာခဲ့ခြင်း ဖြစ်ကာ အနှီဟိန်းသံက သူ အုပ်စိုးသူကို ဆန့်ကျင်ဖို့ အသုံးပြုခဲ့သော အသံနှင့် အတူတူပင်။

ကောင်းကင်သည် ပြိုလဲ၏။ မြေပြင်သည် တုန်ဟည်း၏။ လှိုင်းဂယက်အက်ကြောင်များ ပေါ်ကာ လောကသည် အရောင်များ ပြောင်းလဲသည်။ မရေမတွက်နိုင်သော ဟင်းလင်းပြင်အက်ကြောင်းများသည် ဝမ်လင်းနှင့် ခုနစ်ရောင်စုံတာအိုသခင်တို့ကြား၌ ပေါ်လာသည်။

မုန်တိုင်း စတင်ထန်လေပြီ။ ယင်းမှာ ဝမ်လင်း၏ဟိန်းသံဖြင့် ဖန်တီးထားခြင်းတည်း။ ထို့အပြင် သူ့ဟိန်းအော်သံကို သူ၏အနှစ်သာရခြောက်ခုဖြင့် ဖွဲ့စည်းထားသော ဦးချိုက အသံပိုကျယ်လောင်အောင် လုပ်ပေးသည်။

All Chapters