လောဘကြီး ထပ်မံပေါ်လာခြင်း
Vol. 127 Ch. 1755
ယင်းဟိန်းသံက အလွန်ကျယ်လောင်ပြီး ဖြစ်၏။ အခု ဦးချိုကြောင့် ထိုကျယ်လောင်ပြီးအသံမှာ အဆများစွာ ပိုဟိန်းမြည်သွားသည်။ ပထမဆုံးပုံရိပ်ယောင်သည် မြန်ဆန်လှသောနှုန်းဖြင့် စတင် လွင့်ပြယ်လာချေသည်။
ထိုဟိန်းသံက ခုနစ်ရောင်စုံတာအိုသခင် ပတ်လည်ရှိ နေကိုးလုံးပေါ်သို့ မုန်တိုင်းတစ်ခုနှယ် ကျဆင်းသွားသည်။ နေကိုးလုံးသည် ငြှိမ်းသေမည့် အရိပ်အယောင်ပါ ပြသလာ၏။ ထိုအသံက ခုနစ်ရောင်စုံတာအိုသခင်၏ နားထဲသို့ တိုက်ရိုက် ဝင်ရောက်သွားလေသည်။
ဒုတိယပုံရိပ်ယောင်အတွင်း၌ ခုနစ်ရောင်စုံတာအိုသခင်သည် စိတ်လှုပ်ရှားမှု ပြည့်နှက်နေ၏။ ပုံမှန်ဆို သူ့လို ကျင့်ကြံသူတစ်ယောက်ထံမှ စိတ်လှုပ်ရှားမှု သိပ်မဖြစ်ပေါ်တတ်ပေ။ သို့သော် ခုချိန်တွင်မူ သူသည် စိတ်မလှုပ်ရှားမိဘဲ မနေနိုင် ဖြစ်ရ၏။ သူက အချိန်ကြာမြင့်စွာ စောင့်နေခဲ့ရသည် မဟုတ်လား။ သူ့တဘဝလုံး စောင့်နေခဲ့သည်ဟုပင် ပြောနိုင်၏။
ယနေ့၌ သူသည် အင်မောတယ်ကောင်းကင်ဘုံနယ်မြေ၏ စွမ်းအားမှ တဆင့် တတိယစိတ်ဝိညာဉ်ကို ရှာဖို့ သဲလွန်စတစ်ခု ရတော့မည် ဖြစ်၏။ သူသည် ဤသည်မှာ အစစ်အမှန် ဟုတ်လား၊ သူ စိတ်ကူးထားရုံ သပ်သပ်လားကို မသိသော်လည်း ပထမဆုံးအကြိမ်အဖြစ် တတိယစိတ်ဝိညာဉ်နှင့် သူ နီးကပ်လာခြင်းပေ။
သူက တတိယစိတ်ဝိညာဉ် ဆင့်ခေါ်ခြင်းမြစ်ကို ထွင်းဖောက်၍ နောက်ပိုင်းတွင် တောက်ပသောလေဟာနယ်သို့ ဦးတည်သည်ကို တွေ့မြင်သည်။ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေကာ သူက အနီးကပ် သေချာ ကြည့်မြင်ချင်သေးသည်။ သို့သော် ထိုအခိုက်၌ တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု ဖြစ်ပွားလာသည်။
သူက နားထဲ၌ ကျယ်လောင်စွာမြည်ဟည်းသံကို ကြားလိုက်ရ၏။ ၎င်းအသံမှာ အစပိုင်း၌ သိပ်မကြာသော်လည်း မကြာမီတွင် များစွာ ပိုကျယ်လောင်လာသည်။ ယင်းအသံသည်သာ သူ၏နားထဲ၌ ပဲ့တင်ထပ်နေတော့သည်။
ထိုဟိန်းမြည်သံအောက်၌ ခုနစ်ရောင်စုံတာအိုသခင် ရှေ့ရှိ အရာအားလုံးသည် ပြင်းထန်သောအားတစ်ခုကြောင့် ဆုတ်ပြဲသွားသလား ထင်ရသည်။ ယင်းအသံက သူ့ကိ ဒီဒုတိယပုံရိပ်ယောင်အတွင်းမှ ဆွဲထုတ်ချင်သည့်နှယ်။
သူ့ရှေ့တွင် ရှင်းလင်းစွာ မြင်နေရသော တတိယစိတ်ဝိညာဉ်မှာလည်း ပျောက်ကွယ်သွားတော့၏။ သူ၏ရှေ့ရှိ ကြယ်မြေပုံသည်ပင် ဝေဝါးကာ ပျက်စီးသွားသည်။ ကြယ်မြေပုံသာမက သူ့ပတ်လည်ရှိ အရာအားလုံးသည် လွင့်ပါးပျောက်ကွယ်သွားသည်။
အဖြစ်အပျက်မှာ မြန်ဆန်လွန်း၏။ ခုချိန်၌ သူသည် စိတ်အလှုပ်ရှားဆုံး ဖြစ်နေချိန်၊ သူက တတိယစိတ်ဝိညာဉ် ပျောက်ကွယ်သွားသည့်နေရာကို သေချာ တွေ့မြင်ခါနီးချိန်၌ အရာအားလုံးသည် ပျောက်ကွယ်သွားလေသည်။
ခုနစ်ရောင်စုံတာအိုသခင်သည် မင်သက်သွားမိ၏။ သူက သည်အဖြစ်ကို မရပ်တန့်နိုင်ပေ။ အကြောင်းမှာ ပထမပုံရိပ်ယောင်အတွင်း၌ တစ်စုံတစ်ယောက်က သူ့ကို ပုံရိပ်ယောင်အတွင်းမှ နိုးထစေလိုက်သောကြောင့်ပင်။
“မဟုတ်ဘူး…” ခဏတာမင်သက်သွားပြီးနောက် သူက ဒေါသတကြီးအော်ဟစ်လိုက်တော့သည်။
သူ့ပါးစပ်မှ ဒေါသတကြီးအော်ဟစ်သံ ထွက်ပေါ်လာသလို ပထမပုံရိပ်ယောင်အတွင်းရှိ ခုနစ်ရောင်စုံတာအိုသခင်ထံမှလည်း အလားတူအသံ ထွက်ပေါ်လာ၏။ ယင်းအသံက ဝမ်လင်း၏ဟိန်းအော်သံနှင့် ထိပ်တိုက်တွေ့ရာ အဖျက်အစီးအားတစ်ခုကို ဖြစ်ပေါ်လာစေသည်။
အနှစ်သာရခြောက်ခုနှင့် ဖွဲ့စည်းထားသော ဦးချိုက ချက်ခြင်းပင် တစစီ ဖြစ်သွား၏။ ဝမ်လင်းက သွေးအန်လိုက်ရပြီး သူ့တကိုယ်လုံး တစစီ ဖြစ်သွားသည့်နှယ် ခံစားမိသည်။ တစ်ချိန်တည်းမှာ နေကိုးလုံးက ပြန့်ကြဲ၍ ပြင်းထန်သောအားတစ်ခု သူ့ထံ တိုးဝင်လာချေသည်။
ထိုသို့ အန္တရာယ်အခိုက်အတန့်၌ ဝမ်လင်းက သူ့ရှေးအင်မောတယ်မန္တာန်ကို အသုံးပြု၏။ သူက လက်ဝေ့ယမ်းလိုက်ရာ တစ္ဆေမျက်နှာရွက်ဖျင်က သူ့ကို ဝန်းရံသွားသည်။ ဖိအား နီးကပ်လာစဉ် ဝမ်လင်းက ရုတ်တရက် ပျောက်ကွယ်သွားလေသည်။
ခုနစ်ရောင်စုံတာအိုသခင်၏ အပြင်ဘက် ပေတစ်ထောင်အကွာတွင် ဝမ်လင်းသည် ရုတ်တရက် မျက်လုံးဖွင့်လာသည်။ သူက သွေးအန်ရပြီး သူ့မျက်လုံးတို့မှာ မှိန်ဖျော့သွား၏။ သို့သော် သူသည် တုံ့နှေးခြင်းမရှိ ချက်ခြင်း နောက်ဆုတ်တော့သည်။
ခြေတစ်လမ်းဖြင့်ပင် သူသည် ပျောက်ကွယ်သွား၏။ သူ ပြန်ပေါ်လာသည့်အခါ သူသည် အလွန်ဝေးသော နေရာသို့ ရောက်လာပေပြီ။ ဝမ်လင်းက နောက်ထပ် သွေးအန်လိုက်ရပြန်၏။ ဝမ်လင်းသည် ဒဏ်ရာကုသဖို့ အချိန်မရဘဲ အရူးအမူး ထွက်ပြေးရတော့သည်။
သားရဲအလောင်းများကြား ထိုင်နေသော ခုနစ်ရောင်စုံတာအိုသခင်က ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူ၏မျက်လုံးမှာ နီရဲ၊ သူ့အမူအရာမှာ ရှုံ့တွနေ၏။ သူက ရှေ့တည့်တည့်သို့ စိုက်ကြည့်ကာ အော်ဟစ်လိုက်ချေသည်။
“ဝမ်လင်း…ငါ မင်းကို မသတ်နိုင်ရင် ငါ လူ မဟုတ်တော့ဘူး…” သူ၏ဒေါသတကြီးအော်သံက ကြယ်များကြား ပဲ့တင်ထပ်၏။ သားရဲအလောင်းများစွာ တုန်ယင်ကာ အမှုန့်အမွှားဖြစ်ကုန်ပြီး ပြန့်ကြဲကုန်၏။
ခုနစ်ရောင်စုံတာအိုသခင်သည် ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ဝမ်လင်းနောက်သို့ လိုက်လံတော့၏။
ဝမ်လင်းက အလွန်ဝေးသော နေရာသို့ ရောက်နေပြီ ဖြစ်သော်လည်း ဒေါသတကြီးအော်သံကို ကြားမိဆဲပင်။ သူ့မျက်နှာက ဖြူရောကာ သူသည် ချက်ခြင်း သွေးအန်၍ သွေးလွတ်မြောက်ခြင်းကို အသုံးပြုကာ ထွက်ပြေးလေသည်။
ဝမ်လင်း၏မျက်လုံးသည် အရောင်ဖျော့နေသော်လည်း သူကား သူ့လုပ်ရပ်အတွက် နောင်တမရပေ။
ဤသည်မှာ သူ လုပ်ရမည့်အရာသာ ဖြစ်၏။ သူသာ ခုနစ်ရောင်စုံတာအိုသခင်၏ အကြံအစည်ကို မဖျက်စီးဘဲ ပလ္လင်ထံသို့သာ သွားရောက်ခဲ့ပါက သူ့သေခြင်းတရားကို အချိန်ဆွဲနိုင်ရုံမျှသာ ရှိပေလိမ့်မည်။
ပုံရိပ်ယောင်အတွင်းရှိ အရာအားလုံးသည် အစစ်အမှန် ဖြစ်နေပါက ခုနစ်ရောင်စုံတာအိုသခင်က တတိယစိတ်ဝိညာဉ်ကို ရှာနိုင်ပါက သည်လှိုဏ်ဂူလောကတစ်ခုလုံးအတွက် မျှော်လင့်ချက် ရှိတော့မည် မဟုတ်ပေ။
ထိုသို့သာ ဖြစ်လာပါက ဤသည်မှာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူအသစ်၏ ထိန်းချုပ်မှုအပြည့်အဝအောက်သို့ ရောက်သွားခြင်း မဟုတ်လား။ ထိုအခါကျလျှင် ဝမ်လင်းသည် သူ့ဘဝကို သူ ထိန်းချုပ်နိုင်စွမ်း မဲ့ရလိမ့်ပေမည်။
သူက ထိုသို့ဖြစ်လာမည်ကို လုံးဝ လက်မခံနိုင်ပေ။ ထို့ကြောင့် သူက ခုနစ်ရောင်စုံတာအိုသခင်၏ အစီအစဉ်ကို ဖျက်စီးရမည်ပင်။ သို့အတွက် အကျိုးဆက်က သူ့အား သေခြင်းတရားနှင့် အလွန်နီးကပ်သွားစေလျှင်တောင်မှ သူ လုပ်ကိုလုပ်ပေမည်။
သည်အခိုက်၌ သူ အသည်းအသန် ထွက်ပြေးနေစဉ် သူ့နောက်မှ ဟင်းလင်းပြင်သည် တုန်ခါလာ၏။ သူက ခုနစ်ရောင်စုံတာအိုသခင် သူ့နောက်လိုက်လာသည်ကို ခံစားမိ၏။ ခုနစ်ရောင်စုံတာအိုသခင်က အလွန်အစွမ်းထက်သူ ဖြစ်ရာ သူ၏နတ်ဘုရားအာရုံကို အဝေးကြီးသို့ ပို့လွှတ်ရောက်ရှိနိုင်၏။ ထို့ကြောင့် သူ့အတွက် ဝမ်လင်းကို ရှာဖို့မှာ အလွယ်လေးသာ။
“ခုချိန်မှာ ငါ ပလ္လင်ရှိပဲ ဦးတည်သွားရမယ်။ ပလ္လင်က ဒီအန္တာရယ်ကို ဖြေရှင်းပေးနိုင်လောက်တယ်။ အဲ့လို ဖြစ်ဖို့ပဲ မျှော်လင့်ရတာပေါ့…” ဝမ်လင်းသည် ခုနစ်ရောင်စုံတာအိုသခင်၏ ပုံရိပ်ယောင်အတွင်းသို့ မဝင်ရောက်ခင်ကတည်းက တင်ကြိုစဉ်းစားထားခဲ့ပြီး ဖြစ်၏။
သူက ဖြစ်နိုင်ချေ အကျိုးအမြတ်၊ အဆုံးအရှုံးတို့ကို ချိန်ဆကြည့်ရုံသာမက ရှေ့ဖြစ်ဟောသူ၏ စိတ်ဝိညာဉ်ကို သုံး၍ အနာဂတ်ကိုပါ ကြည့်မြင်ခဲ့သေးသည်။ သူက ပလ္လင်သည် သူ့လွတ်လမ်းတစ်ခု ဖြစ်သည်ကို တွေ့ရှိခဲ့ရသည်။
ဖန်ရှန်လုက တိမ်ပင်လယ်အတွင်းမှာ ရှိသည့် ဒီဟင်းလင်းပြင်အက်ကြောင်းသည် ကောင်းကင်ဘုံတာအို လျန်တောက်ဖေကို ဝါးမြိုခဲ့သော၊ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ တစစီ ဖြစ်သွားခဲ့သော တိုက်ပွဲအတွင်း ပွင့်ဟလာခြင်းဟု ပြောခဲ့ဖူး၏။
သူမက သည်နေရာမှာ ထူးခြားဆန်းပြားသောဟင်းလင်းပြင်တစ်ခုနှင့် ချိတ်ဆက်နေသည်ဟုလည်း ပြောခဲ့သေးသည်။ ထို့ကြောင့်လည်း ဤနေရာ၌ ကြမ်းကြုတ်သောသားရဲများစွာ ပေါ်လာနိုင်ကြခြင်း ဖြစ်ပေမည်။
သည်ဟင်းလင်းပြင်အက်ကြောင်းအတွင်းနက်ပိုင်း၌ ဧရာမပလ္လင်တစ်ခု ရှိနေပေ၏။ ထိုပလ္လင်မှာ ပျက်စီးနေပြီ ဖြစ်သော်လည်း ရွှေ့လျားခြင်း မရှိဘဲ ဒီနေရာတွင်သာ ရှိနေခဲ့ခြင်းပင်။
ထိုပလ္လင်က အနက်ရောင်ရှိကာ ၎င်းပတ်လည်ရှိ ဝန်းရံနေသော ဟင်းလင်းပြင်မှာလည်း နက်မှောင်နေ၏။ သို့ပေမည့် ထောင့်တစ်ခုမှ ညင်သာသောအလင်းတစ်ခုကို ပေးစွမ်းလို့နေသည်။
ထိုပလ္လင် သည်နေရာတွင်သာ ရှိနေရသည့် အကြောင်းရင်းမှာ ၎င်း၏ထောင့်တစ်ခုက တခြားဟင်းလင်းပြင်တစ်ခုနှင့် ချိတ်ဆက်နေခြင်းကြောင့်ပင်။ ထိုထောင့်မှ လှိုင်းဂယက်များ ထနေကာ သည်ပလ္လင်ကို ဒီနေရာတွင် နှစ်ပေါင်းထောင်သောင်းချီ မြဲမြဲမြံမြံ ရှိနေစေခြင်းပင်။
၎င်းနှင့် ချိတ်ဆက်ထားသော ဟင်းလင်းပြင်သည် ထိခိုက်ပျက်စီးထား၏။ ဟင်းလင်းပြင်အက်ကြောင်းများ ရှိလို့နေသည်။ အလင်းက ထိုအက်ကြောင်းများထံမှ ထွက်ပေါ်လာနေခြင်းပင်။
ထိုပလ္လင်ထံမှ ရှေးလူ၏အော်ရာ ထွက်ပေါ်လို့နေသည်။ သို့သော် ၎င်းအော်ရာမှာ ဝေးဝေးသို့ ပျံ့သွားခြင်း မရှိပေ။
ထိုပလ္လင်မှာ အနားစွန်းရှစ်ခုရှိသော တောင်ငယ်တစ်လုံးနှင့် ဆင်တူ၏။ ၎င်းပတ်လည်တွင် လှေကားထစ်အလွှာများ ရှိနေပြီး ပလ္လင်၏ဗဟိုချက်၌ ပေတစ်ထောင်ခန့် ကျယ်ပြောသော အပြန့်တစ်ခု ရှိသည်။ အနီးကပ်ကြည့်ပါက သင်သည် ထိုပလ္လင်ပေါ်၌ ရှေးအစီအရင်တစ်ခုကို မြင်နိုင်ပေလိမ့်မည်။
ပလ္လင်၏ဗဟိုချက်၌ လက်မောင်းတစ်ဖက် ရှိ၏။ ထိုလက်ထံမှ ရှေးလူ၏အော်ရာ ထွက်ပေါ်နေသည်။
သို့သော် ထိုလက်မှာ ကြီးမားလှခြင်း မရှိပါ။ ပေရာချီမျှသာ ရှည်လျား၏။ ၎င်းသည် နေရာတွင် မလှုပ်မယှက် ငြိမ်ငြိမ်သက်သက် ရှိလို့နေသည်။
ဟင်းလင်းပြင်အက်ကြောင်းကြောင့် ပလ္လင်ထောင့်က တခြားလောကတစ်ခု၌ နစ်မြုပ်နေ၏။ သည်တခြားလောကတွင် ပန်းများ၊ငှက်များဖြင့် သာသာယာယာ ရှိကာ ကောင်းကင်ဘုံမြက်ပင်များက မြေပြင်တလွှား ဖုံးအုပ်ထားသည်။ သားရဲငယ်လေးများက ဆော့ကစားလျက် ရှိကာ ၎င်းသည် ကောင်းကင်ဘုံဥယျာဉ်တစ်ခုနှယ်။
ထိုအခိုက်၌ သည်နေရာထံမှ ကြောက်လန့်တကြားအော်သံတစ်သံ ထွက်ပေါ်လာ၏။ ထိုအော်သံ၌ အကူအညီမဲ့မှု၊အသနားခံမှုတို့ ပြည့်နေသည်။
“ ဘိုးဘေးလေးတွေ…ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ။ ငါ သင်တို့ကို ပြောပြနိုင်မယ့် ပုံပြင်ဇာတ်လမ်းတွေ တကယ်ပဲ မရှိတော့ပါဘူး။ သင်တို့ ငါ့ကို ရတနာတွေ ထပ်ပေးမယ်ဆိုရင်တောင် ငါ့မှာ ပြောပြနိုင်မယ့် ပုံပြင်မကျန်တော့ဘူး။ အား။ နှစ်ပေါင်းတစ်ရာကျော် ကြာပြီးတဲ့နောက် ပုံပြောရလွန်းလို့ ငါ အာခြောက်နေပါပြီ။ ငါ ထပ်ပြီး တောင့်မခံနိုင်တော့ဘူး…”
သူ့အသံ ပဲ့တင်ထပ်စဉ် လူသားပုံရိပ်တစ်ခုသည် ဟင်းလင်းပြင်အက်ကြောင်းထံမှ ရုန်းကန်နာကျင်စွာ ထွက်ပေါ်လာသည်။
သည်ဟင်းလင်းပြင်အက်ကြောင်း ပတ်လည်၌ အရံအတား တစ်ခု ရှိနေသည်မှာ သိသာပေသည်။ သို့သော် ထိုအရံအတားက သည့်လူအပေါ်သို့ သက်ရောက်မှု မရှိလေပေ။ သူ့ခန္ဓာကိုယ်တစ်ဝက်ကျော် ထွက်ပေါ်လာသည့်အခါ သူ၏ပုံပန်းသွင်ပြင်ကို မြင်လာရတော့သည်။
အက်ကြောင်းကို ဖြတ်ကြည့်ပါက လူတစ်ယောက်သည် မိန်းကလေးငယ်နှစ်ယောက်ကို မြင်နိုင်ပေ၏။ ထိုမိန်းကလေးငယ်တို့မှာ အသက်ခုနစ်နှစ်၊ရှစ်နှစ်ခန့်သာ ရှိအုံးမည် ဖြစ်ပြီး သည်ပုံရိပ်၏ နောက်၌ စကားတစ်ထိုးနေကြသည်။ သူတို့နှစ်ယောက်လုံး ချစ်စဖွယ်ကောင်း၏။ တစ်ယောက်က ခရမ်းရောင်ဝတ်စုံ၊ တခြားတစ်ယောက်က အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားကြသည်။
ဟန်ဟန်…ငါတို့ သူ့ကို လွှတ်ပေးလိုက်ရင် ကောင်းမလား။ သူ့ကြည့်ရတာ တော်တော်သနားဖို့ ကောင်းနေပြီ…” အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေးက သူမ၏အဖော်ဖြစ်သူထံ လှမ်းကြည့်လိုက်၏။
ထိုပုံရိပ်က သည်စကားကို ကြားသည့်အခါ မျက်ရည်များပင် စီးကျလာကာ သူ့မျက်လုံးထဲ၌လည်း ကြောက်လန့်ခြင်းတို့ ကြီးစိုးလာတော့သည်။
“ဝါဝါ…။ သူဟာ ခုထိ ပုံပြောလို့ မပြီးသေးဘူး။ သူ့အပေါ် မသနားနဲ့။ သူ ဒီကို ရောက်လာခဲ့တဲ့အချိန်တုန်းက ငါတို့ နှစ်ယောက်ကို ချိန်းခြောက်ခဲ့တာကို မမှတ်မိဘူးလား…”
ဟန်ဟန်ဟုခေါ်သော မိန်းကလေးက ထိုလူ၏ ခြေထောက်ကို လှမ်းကိုင်ကာ သူ့ကို ပြန်ဆွဲယူလိုက်သည်။
“လောဘကြီး…မြန်မြန်…ဒီပုံပြင်ကို အပြီးသပ်တော့။ နင် လမြွေနဂါးအကြောင်း ပြောနေတာမလား။ အဆုံးသပ်ကို မြန်မြန် ပြောပြ…”
ဝါဝါဟုခေါ်သော မိန်းကလေးငယ်က လောဘကြီးကို ကြည့်ကာ ပြုံးသည်။ အနည်းငယ် စဉ်းစားပြီးနောက် သူမက ပြောလာသည်။
“ဒီလိုဆိုရင်ရော…သူ ငါတို့ကို နောက်ထပ် နှစ်ပေါင်းတစ်ထောင်ထိ ပုံပြောခိုင်းရမယ်။ ပြီးမှ ငါတို့ သူ့ကို လွှတ်ပေးသင့်၊ မလွှတ်ပေးသင့် ဆုံးဖြတ်ကြမယ်…”
လောကသည်ကြီးသည် အက်ကြောင်းအတွင်းမှ မထွက်နိုင်ဘဲ ဒီနေရာသို့ ပြန်ဆွဲခေါ်ခြင်း ခံရလေ၏။ သူက ဝါဝါ၏စကားကို ကြားသည့်အခါ မျက်ရည်များ ပိုစီးကျလာတော့သည်။
“ငါ ဒီလိုဖြစ်လာမယ်ဆိုတာ သိတယ်။ နင်တို့နှစ်ယောက်…ငါ့မှာ ပုံပြင်တွေ တကယ်မရှိတော့တာပါ။ ငါ ရေနည်းနည်းလောက် သောက်ချင်တယ်…”