← Chapters

ကြယ်ရှစ်လုံးရှေးလူ

Vol. 127 Ch. 1757

ကြယ်ရှစ်လုံးရှေးလူ

Vol. 127 Ch. 1757

ထိုအော်ရာ ပျံ့နှံ့လာသည့်အခိုက်၌ သည်လမ်း၏အဆုံးသပ်ရှိ တံခါးမှာ အပြင်းအထန် တုန်ခါလာသည်။ ဒီလှိုဏ်ဂူလောကတစ်ခုလုံးကို ထိတ်ပြာတုန်လှုပ်သွားစေသော အော်ရာက ထိုတံခါးချပ်မှတဆင့် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရှိ ကောက်ရီကလန်ထံ စိမ့်ဝင်လာချေသည်။

ထိုအော်ရာ ပျံ့လွင့်လာသည့်အခိုက်တွင် ကလန်ရှိ ကျင့်ကြံသူအားလုံး၏အမူအရာများမှာ ကြီးစွာ ပြောင်းလဲသွားကြသည်။ မြင့်မားသော ကျင့်ကြံမှုအဆင့်ရှိသူများသည်ပင် တုန်လှုပ်ကာ မယုံကြည်နိုင်မှုတို့ ပြည့်နှက်ကုန်သည်။

“နေကိုးစင်းထဲက တစ်စင်း။ မဟာအင်ပါယာတစ်ယောက်ရဲ့ အော်ရာ။ ဒါ…ဒါက ဘယ်အင်ပါယာကများ အဲ့လှိုဏ်ဂူလောကမှာ ပေါ်လာခဲ့ရတာလဲ…”

အင်မောတယ်ကောင်းကင်ဘုံနယ်မြေ၌ ရေခဲတောင်ထဲတွင် ထိုင်နေသော ဖန်ရှန်မင်သည် ချက်ခြင်း ဖြူရောသွား၏။ ရေခဲတောင်မှာ ရုတ်တရက် ပျက်စီးသွားပြီး သူမသည် အလန့်တကြား ထ၍ ခုန်မိသည်။

“ဒါ…ဒါဟာ မဟာအင်ပါယာတစ်ယောက်ရဲ့ အော်ရာပဲ…”

အင်မောတယ်ကောင်းကင်ဘုံနယ်မြေပေါ်၌ အရှေ့ပိုင်းတွင် ကလန်ကိုးခု၊ အုပ်စုဆယ့်သုံးခု ရှိ၏။ ထိုအထဲတွင် နံပါတ်တစ်ကလန်မှာ ခရမ်းနေကလန် ဖြစ်သည်။ ထိုကလန်တစ်ခု၏ စွမ်းအားဖြင့်ပင် ကျန်သည့်ကလန်ရှစ်ခုကို လွှမ်းမိုးချုပ်ကိုင်နိုင်ပေသည်။

အကြောင်းမူကား ဒဏ္ဌာရီလာ မဟာအင်ပါယာများထဲမှ တစ်ယောက်သည် ခရမ်းနေကလန်ဝင် တစ်ယောက် ဖြစ်သောကြောင့်တည်း။ အင်မောကောင်းကင်ဘုံနယ်မြေ၏ နေကိုးစင်း (ဝါ) မဟာအင်ပါယာကိုးယောက်ထဲမှ တစ်ယောက်။

သို့သော်ငြားလည်း ထိုမဟာအင်ပါယာက ဆန်းကြယ်လွန်း၏။ လူအနည်းငယ်ကသာ ထိုလူ၏ ပုံပန်းသွင်ပြင်ကို သိကြ၏။ လူအများသည် ထိုမဟာအင်ပါယာမှာ အမျိုးသမီးလော၊ အမျိုးသားလောကိုပင် မသိရှိကြပေ။ မည်သို့ပင်ဖြစ်စေ ထိုမဟာအင်ပါယာက ပို၍ ဆန်းကြယ်လေလေ ခရမ်းနေကလန်ကို စော်ကားရဲသူ နည်းပါးလေပင်။

သည်အခိုက်အတန့်၌ ခရမ်းနေကလန်အတွင်း၌ အဘိုးအိုခုနစ်ယောက်၊ ရှစ်ယောက်ခန့် စုဝေးနေကြ၏။ သူတို့၏မျက်နှာများထက်တွင် ခါးသက်မှုတို့ ပြည့်နေကြသည်။ သူတို့၏ရှေ့ရှိ မြင့်မြတ်ဟန်ရသော သက်လတ်ပိုင်းအမျိုးသားတစ်ယောက်က ကျယ်လောင်စွာ အော်ပြောလာသည်။

“မင်းတို့အားလုံး…ဘာဖြစ်နေလဲ ငါ့ကို ပြောကြစမ်း…”

“သူတို့ ပြောတာတော့ သူတို့နှစ်ယောက်က သားရဲမွေးမြူရေးနယ်မြေမှာ သွားကစားကြတယ်တဲ့။ ဒါပေမဲ့…ဒါပေမဲ့လို့…”

အကြီးအကဲများထဲမှ တစ်ယောက်က ခပ်တိုးတိုး ပြောလိုက်၏။ သူသည် လုံးဝ အကူအညီမဲ့နေပေသည်။

“ကစားတာ ဟုတ်လား။ မဟာအင်ပါယာရဲ့ အော်ရာ ပျံ့နှံ့လာတာက ကစားတာကြောင့် ဖြစ်နိုင်ပါ့မလား…”  သက်လတ်ပိုင်းလူက ဟောက်လိုက်၏။ သို့သော် သူ့မျက်လုံးထဲတွင်လည်း အကူအညီမဲ့မှုတို့ ပြည့်နေသည်။

“ငါတို့ သားရဲမွေးမြူရေးနယ်မြေကို ဖွင့်လှစ်လို့ မရဘူး။ သူတို့က ဒါကို ချိပ်ပိတ်ထားတာ။ ငါတို့ကို ဝင်ခွင့်မပြုဘူး…” နောက်ထပ်အဘိုးအိုတစ်ယောက်က ခေါင်းယမ်းကာ ခါးသီးဟန်ဖြင့် ပြောလာသည်။

“မဟာအင်ပါယာ ပြန်လည်မွေးဖွားနေစဉ်အတွင်း ဘာအမှားမှ ဖြစ်လို့ မရဘူး။ သူတို့က ခု ကြီးပြင်းနေကြတုန်း။ သူတို့ရြ့ မဟာအင်ပါယာစွမ်းအားကို အသုံးပြုတာဟာ မသင့်တော်သေးဘူး။ ဒီဘိုးဘေးလေးနှစ်ယောက်က…သူတို့ ဘာလုပ်နေကြတာလဲ…”

ထိုသက်လတ်ပိုင်းလူက ခြေဆောင့်လိုက်ရာ ခရမ်းနေကလန်တစ်ခုလုံး တုန်ခါသွား၏။ အပြင်ဘက် လောကသည်ပင် တုန်ခါသွားရသည်။

ဟင်းလင်းပြင်အက်ကြောင်းအတွင်း၌ ဝမ်လင်းက ပလ္လင်ပေါ်တွင် ထိုင်နေကာ ထိုကြောက်မက်ဖွယ်အော်ရာ လောဘကြီးထံမှ ပျံ့နှံ့လာသည်ကို ကြည့်နေမိ၏။ သူ၏မျက်လုံးထဲတွင် တုန်လှုပ်မှု ဖြစ်ပေါ်လာသည်။

လောဘကြီး၏ လက်ထဲရှိ နေမင်းက မြန်ဆန်စွာ ပျံ့နှံ့ကာ လူတစ်ယောက် အရွယ်အစားထိ ရှိလာသည်။  ခုနစ်ရောင်စုံတာအိုသခင်၏ မီးငှက်ကိုးကောင်က နာကျင်စွာ အော်ဟစ်ကာ နောက်ဆုတ်ဖို့ ဟန်ပြန်ကြ၏။ သို့သော် နေအလင်း လင်းထက်သွားစဉ် ယင်းတို့မှာ ပျက်စီးသွားရသည်။

မင်သက်သွားသော ခုနစ်ရောင်စုံတာအိုသခင်လည်း ရှိသေး၏။ သူက ခုထိ သူ့မှတ်ဉာဏ်ကို ပြန်မရေသေးသော်လည်း တချို့အရာများက သူ၏စိတ်ဝိညာဉ်တွင်း၌ စွဲထင်းနေ၏။ သူက စိတ်ဝိညာဉ်သုံးခုအဖြစ် ကွဲထွက်သွားခဲ့သည်တောင်မှ တချို့အရာများမှာ ဖျောက်ဖျက်၍ မရနိုင်ပေ။

သည်မှတ်ဉာဏ်မှာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ နေကိုးစင်း (ဝါ) မဟာအင်ပါယာကိုးပါးအပေါ် ကြောက်လန့်မှုနှင့်လေးစားမှု ဖြစ်ပေသည်။

“ဒါဟာ မဟာအင်ပါယာတစ်ယောက်ရဲ့ အော်ရာပဲ…”  ခုနစ်ရောင်စုံတာအိုသခင်၏ အမူအရာမှာ ပြောင်းလဲသွား၏။ နေအလင်း နီးကပ်လာစဉ် သူ၏ခန္ဓာကိုယ်သည် တုန်ယင်၏။ သူက သွေးအန်လိုက်ရသည်။ သူက နောက်သို့ အရူးအမူး အသည်းအသန် ဆုတ်သည်။ သူက ဝမ်လင်းကို သန့်စင်ဖို့ ဆက်၍ မစဉ်းစားနိုင်တော့ပေ။ ထိုနေမင်းထံမှ ထွက်ပေါ်လာနေသော အော်ရာက စဉ်းစားဉာဏ်လွတ်မတတ် သူ့ကို ကြောက်လန့်သွားစေသည်။

သူသာမက တတိယစိတ်ဝိညာဉ်ကို ရှာဖွေနေသော ဗိုလ်ချုပ်လေးယောက်( အဇူရာနဂါး၊ ကျားဖြူ။ လိပ်နက်၊ ဟင်္သာငှက်) နောက်သို့ လိုက်ပါနေသည့် တစ္ဆေအိုကြီးကျန့်မှာလည်း ရုတ်တရက် တုန်ယင်သွား၏။ သူ၏မျက်နှာမှာ သေလောက်အောင် ဖြူရောသွားသည်။

“မဟာအင်ပါယာ…” သူက စကားမဆိုပေ။ သို့သော် စူးရှရှအသံတစ်သံက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာခြင်းပင်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မဟာအင်ပါယာတစ်ယောက်ရဲ့ အော်ရာက ဒီလှိုဏ်ဂူလောကထဲ ဝင်လာခဲ့တာလား။ ဒါ…ဒါဟာ…”

ထိုကြောက်မက်ဖွယ်အော်ရာက အတွင်းနယ်မြေ၊ အပြင်နယ်မြေနှင့် လှိုဏ်ဂူလောကတစ်ခုလုံးအနှံ့ ပျံ့လွင့်ပေသည်။ ၎င်းက ဂြိုဟ်တိုင်း၊ သက်ရှိတိုင်းပေါ်သို့ ဖြတ်သန်းသွားသည်။ သည်အခိုက်တွင် လှိုဏ်ဂူလောကတစ်ခုလုံးသည် စိတ်ရှုပ်ထွေးသည့် အနေအထားသို့ တခဏ ကျရောက်သွားသည်။

ခုချိန်၌ မဟာအင်ပါယာ၏ အော်ရာ လှုံ့ဆော်မှုကြောင့် သူ့ သားရဲဖြစ်ခဲ့စေ၊ သေမျိုး၊ သို့မဟုတ် ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့စေ မည်သို့ပင် ပြန်လည်မွေးဖွားမှု ကြုံခဲ့ပါစေ နှစ်ပေါင်းများစွာ မေ့နေခဲ့သော မှတ်ဉာဏ်များ နိုးထလာသော တစ်စုံတစ်ယောက် ရှိလာလေသည်။

နောက်ထပ် နှစ်ပေါင်းသောင်းနှင့်ချီ ကုန်လွန်ခဲ့သည်တောင်မှ ထိုမှတ်ဉာဏ်များသည် မဟာအင်ပါယာ၏အော်ရာ လှုံ့ဆော်မှု မရှိပါက မည်သည့်အခါမျှ နိုးထလာလိမ့်မည် မဟုတ်ပေ။ သို့သော် ခုလိုမျိုး ဖြစ်တောင့်ဖြစ်ခဲ တိုက်ဆိုင်မှုက သည်မှတ်ဉာဏ်များကို နိုးထလာစေခဲ့လေပြီ။

ထိုမှတ်ဉာဏ်များ နိုးထလာသူမှာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ၏ ကွဲထွက်သွားသော တတိယမြောက်စိတ်ဝိညာဉ်ပင် ဖြစ်လေ၏။

တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းရှိ ဟင်းလင်းပြင်အက်ကြောင်းအတွင်း၌ ခုနစ်ရောင်စုံတာအိုသခင်က အလန့်တကြား ပြေးနေ၏။ သူက သွေးအန်ထွက်ကာ သဲလွန်စမရှိ ထွက်ပြေးသွားတော့သည်။

ခုချိန်၌ သူသည် တိမ်ပင်လယ်ရှိ ဒီဟင်းလင်းပြင်အက်ကြောင်းကို အလွန်အမင်း ကြောက်လန့်နေမိပေပြီ။ သူက ဝမ်လင်းနောက်သို့ လိုက်လံနေစဉ် သည်လိုမျိုး မဟာအင်ပါယာတစ်ယောက်၏ အော်ရာ ပေါ်လာလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။

ထိုအက်ကြောင်းအတွင်းရှိ ပလ္လင်ပေါ်တွင် ဝမ်လင်းသည် မင်သက်စွာဖြင့် နေမင်း ဝန်းရံထားသော လောဘကြီးမှာ အက်ကြောင်းတွင်းသို့ ဆွဲငင်ခြင်း ခံလိုက်ရသည်ကို စိုက်ကြည့်နေမိ၏။

အက်ကြောင်းကို ဖြတ်သန်းကြည့်လိုက်သည့်အခါ ဝမ်လင်းသည် ချစ်ခင်ဖွယ်မိန်းကလေးငယ်နှစ်ယောက်ကို တွေ့လိုက်ရ၏။

“အယ်…နင်ကို…” သည်သားရဲမွေးမြူရေးမြေအတွင်းရှိ မိန်းကလေးငယ်နှစ်ယောက်ထဲမှ တစ်ယောက်သည် ဝမ်လင်းကို တွေ့မြင်သည့်အခါ ပျော်ရွှင်သည့်ဟန်ပန် ဖြစ်ပေါ်သွားသည့်ပုံပင်။

“ဟန်ဟန်..ကြည့်..သူက ငါ ပြောတဲ့သူပဲ။ သူ့ကို ဝမ်လင်းလို့ ခေါ်တယ်…”

“ဝါဝါ…ဒီအက်ကြောင်းကို မြန်မြန် ချိပ်ပိတ်လိုက်တော့။ ဟိုစိတ်ပျက်ဖို့ ကောင်းတဲ့ လူအိုကြီးတွေ လာနေပြီ။ သူတို့သာ ဒီနေရာအကြောင်း ရှာတွေ့သွားရင် ငါတို့ ဒီကို ထပ်လာနိုင်တော့မှာ မဟုတ်ဘူး…”

“ကောင်းပြီ။ ငါ ဒီအက်ကြောင်းကို ချိပ်ပိတ်လိုက်မယ်။ နင် လောဘကြီးကို သွားဖွက်ထားအုံး။ သူတို့ ရှာတွေ့သွားလို့ မဖြစ်ဘူး…”

အက်ကြောင်းမှာ ရွှေရောင်အလင်းဖြင့် ခြုံလွှမ်းနေပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

ခုချိန်ထိ ဝမ်လင်းသည် ဖြစ်ပျက်ခဲ့ပုံအပေါ် စိတ်ရှုပ်ထွေးစွာ ခံစားမိနေဆဲပင်။ သူက ပလ္လင်ပေါ်တွင် ထိုင်ကာ အချိန်အကြာကြီး စဉ်းစားနေ၏။ ထို့နောက် သူ့အကြည့်ကို အက်ကြောင်းထံမှ ပြန်ရုတ်သိမ်းလိုက်သည်။

“နေကိုးစင်းထဲကတစ်စင်း…မဟာအင်ပါယာ…”

ဟင်းလင်းပြင်သည် လုံးဝ ငြိမ်သက်သွားကာ မည်သည့်အလင်းမျှ မကျန်ရစ်တော့ပေ။ ဝမ်လင်းသည် ပလ္လင်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေပြီး ဖြစ်ပျက်ခဲ့သမျှကို ပြန်စဉ်းစားကြည့်နေသည်။

“ဒီကလေးနှစ်ယောက်က တကယ်ပဲ မဟာအင်ပါယာတွေလား။ အင်မောတယ်ကောင်းကင်ဘုံနယ်မြေရဲ့ ဒဏ္ဌာရီလာ မဟာအင်ပါယာတွေ။ သူတို့ရဲ့အော်ရာနဲ့တင် ခုနစ်ရောင်စုံတာအိုသခင်ကို အလန့်တကြား ထွက်ပြေးစေခဲ့တယ်…” ဝမ်လင်း၏မျက်လုံးသည် တောက်ပသထက် တောက်ပလာ၏။

“တနေ့မှာ ငါလည်း မဟာအင်ပါယာတစ်ပါး ဖြစ်လာရမယ်…”  ဝမ်လင်းက မျက်လုံးမှိတ်လိုက်၏။ ခဏအကြာတွင် သူက မျက်လုံးပြန်ဖွင့်သည်။ သူက သူ့စိတ်နှလုံးကို ငြိမ်သက်တည်ငြိမ်အောင် လုပ်သည်။

“ခုနစ်ရောင်စုံတာအိုသခင် ဒီကို ထပ်လာရဲတော့မှာ မဟုတ်ဘူး။ ဒီနေရာဟာ ငါ့အတွက် ဘေးအကင်းဆုံးပဲ။ ငါ အတားအဆီးအနှစ်သာရကို ပေါင်းစပ်ဖို့ လိုမယ်။ ရှေးလူယဲ့မိုရဲ့ သွေးရှစ်စက်ကိုလည်း ပေါင်းစပ်ရမယ်။ ပြီးတော့ ဒီလက်တစ်ဖက်…”

ဝမ်လင်းက ပေရာချီရှိသော လက်တစ်ဖက်ကို ကြည့်လိုက်သည်။

“ငါသာ ဒီလက်ကို စုပ်ယူပြီး ကောင်းကင်ဘုံဆုတ်ဖြဲခင်းမန္တာန်ကို အသုံးပြုလိုက်ရင် ယဲ့မိုရဲ့ ခွန်အားကို ငါ ဘယ်လောက် ထုတ်ဖော်နိုင်မလဲ သိချင်မိတယ်…”  ဝမ်လင်း၏မျက်လုံးသည် တောက်ပလာ၏။ သူ့ကိုယ်သူ တည်ငြိမ်စေပြီးနောက် သူက သူ့မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်လိုက်ရာ သွေးရှစ်စက် ပျံသန်းထွက်လာသည်။

ထိုသွေးရှစ်စက်သည် သူ၏ရှေ့တွင် လွင့်မြောနေ၏။ ယင်းတို့ထံမှ မည်သည့်အလင်းဓာတ်မှ မပေးစွမ်းပေ။ သို့သော် ယင်းတို့ထံမှ အစွမ်းထက်ရှေးအော်ရာ ထွက်ပေါ်နေ၏။ ဝမ်လင်း၏ ရှေးဟောင်းနတ်ဘုရားကြယ်ခုနစ်လုံးသည် မြန်ဆန်စွာ လည်ပတ်၍ ဝဲကတော့တစ်ခုအသွင် ဖြစ်ပေါ်လာသည်။

သူ့ညာနှင့်ဘယ်မျက်လုံးထဲ၌လည်း သူ၏ရှေးဟောင်းမိစ္ဆာ၊ ရှေးဟောင်းနတ်ဆိုးကြယ်များသည်လည်း ပေါ်လာကြသည်။ ခုလက်ရှိ ဝမ်လင်းသည် အတော်လေး ထူးခြားသည့်ပုံ ပေါက်နေသည်။

“ယဲ့မိုရဲ့ သွေးထဲမှာ ရှေးကလန်သုံးခုရဲ့ စွမ်းအားအပြည့်အဝ ပါဝင်တယ်…”  ဝမ်လင်းက ထိုသွေးများထဲမှ တစ်စက်ကို လှမ်းယူသည်။ ခဏတာ စဉ်းစားပြီးနောက် သူက ၎င်းကို ခြေမွပစ်လိုက်၏။ ၎င်းက အစိတ်အပိုင်းခုနစ်ခုအဖြစ်သို့ ကွဲထွက်ကာ သူ၏ဒွာရပေါက်ခုနစ်ခု၏ စုပ်ယူခြင်း ခံလိုက်ရချေသည်။

သည်တစ်ကြိမ်၌ သူသည် ၎င်းကို သူ့မျက်ခုံးနှစ်ခုကြားသို့ ရိုးရှင်းစွာ မပေါင်းစပ်ပေ။ သူ့ခန္ဓာကိုယ်နှင့် ၎င်းသွေးစက်ကို ပေါင်းစပ်လိုက်ခြင်း ဖြစ်၏။ သွေးတစ်စက်ကို ပေါင်းစပ်ပြီးနောက် သူ၏ခန္ဓာကိုယ်ထံမှ ကျယ်လောင်စွာတုန်ဟည်းသံ ထွက်ပေါ်လာချေသည်။ သူ၏ခန္ဓာကိုယ်သည် ဖောင်းကြွလာကာ သွေးအတွင်းရှိ ရှေးဟောင်းစွမ်းအားကို မြန်မြန်ဆန်ဆန် စုပ်ယူနေတော့သည်။

သူ၏မျက်ခုံးနှစ်ခုကြားရှိ ရှေးဟောင်းနတ်ဘုရားကြယ်များက မြန်ဆန်စွာ လှည့်ပတ်နေ၏။ ရှစ်ခုမြောက်ကြယ်က တဖြည်းဖြည်း ပုံစံအသွင် ဖွဲ့တည်လာသည်။ သို့သော် ၎င်းမှာ အလွန်မတည်မငြိမ် ဖြစ်နေဆဲသာ။ အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်အလား။

ဝမ်လင်း၏အမူအရာသည် နာကျင်မှုကြောင့် ရှုံ့တွနေ၏။ သို့သော် သူက တောင့်ခံထားသည်။ ကြယ်ခုနစ်လုံးမှ ကြယ်ရှစ်လုံးထံသို့ တိုးမြှင်ဖို့မှာ ခက်ခဲလွန်း၏။ ဝမ်လင်းသည် သည်သွေးသက်ရောက်မှု၏ တစိတ်အပိုင်းကို သူ့ဘယ်မျက်လုံးရှိ ရှေးဟောင်းနတ်ဆိုးကြယ်များ၏စွမ်းအား တိုးတက်လာဖို့ အသုံးပြုသည်။ သူ လိုချင်သည်မှာ ရှေးကလန်သုံးခုလုံး၏ စွမ်းအား ညီတူညီမျှ တိုးတက်လာခြင်းကို ဖြစ်၏။ ရှေးဟောင်းနတ်ဘုရားသပ်သပ်၏ စွမ်းအားကို တိုးတက်လာချင်ရုံ မဟုတ်ပေ။

တဖြည်းဖြည်း အချိန်ကုန်ဆုံးနေ၏။ မျက်စိတစ်မှိတ်အတွင်း ခုနစ်ရက်တာ ကုန်လွန်သွားလေပြီ။ သူက ခုချိန်၌ ချွေးများဖြင့် ရွှဲနစ်နေကာ သူ့ကိုယ်သူ အသိမလွတ်သွားအောင် အားတင်းထားရ၏။ ပထမသွေးစက်ကို စုပ်ယူပြီးနောက် ဒုတိယသွေးစက်ကို ခြေမွ၏။ ထို့နောက် တတိယသွေးစက်။

သွေးစက်နှစ်ဆက်က တစ်ချိန်တည်းလိုလို သူ၏ခန္ဓာကိုယ်တွင်း၌ ရှိလာ၏။ သူ၏ ရှစ်လုံးမြောက်ရှေးဟောင်းနတ်ဘုရားကြယ်သည် ပေါ်လာရုံသာမက သူ့ဘယ်မျက်လုံးထဲရှိ ရှေးဟောင်းနတ်ဆိုးကြယ်မှာလည်း မြန်ဆန်စွာ လည်ပတ်လာသည်။ ရှစ်လုံးမြောက် ရှေးဟောင်းနတ်ဆိုးကြယ် ပေါ်ထွက်လာတော့မည့် အရိပ်အယောင် ပြသလာသည်။

ဝမ်လင်းက သည်အခြေအနေကို ထိန်းချုပ်ထားပြီး သူ့နောက်၌ ရှေးလူအရိပ်ပေါ်လာ၏။ ထိုအရိပ်သည် ဆန်းပြားသောပြောင်းလဲမှုတစ်ခု ဖြစ်ပွားနေသည့်အလား တွန့်ခေါက်ပုံပျက်နေသည်။

ရက်အတော်အတန် ကြာပြီးနောက် ဝမ်လင်းက မျက်လုံးဖွင့်လာပြီး သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းသည်။ ကျန်သည့် သွေးငါးစက်မှာ သွေးမြူအဖြစ် ပေါက်ကွဲထွက်ကာ သူ၏ခန္ဓာကိုယ်ထဲသို့ ဒွာရပေါက်များမှ တဆင့် ဖြတ်သန်း ဝင်ရောက်လာသည်။

သည်သွေးမြူ လွင့်ပြယ်သွားနေစဉ် ဝမ်လင်း၏ အွတ်ခနဲ ငြီးငြူသံ ထွက်ပေါ်လာ၏။ ရှစ်ခုမြောက်ရှေးဟောင်းနတ်ဆိုးကြယ်သည် သူ၏ဘယ်မျက်လုံးတွင် ဖြည်းဖြည်းချင်း ပေါ်လာသည်။

ထိုရှေးဟောင်းနတ်ဆိုးကြယ် ပေါ်လာသည့်အခိုက်၌ ကြောက်မက်ဖွယ်နတ်ဆိုးစွမ်းအင် မုန်တိုင်းက အက်ကြောင်းအတွင်းရှိ လောကထဲထိ ပျံ့နှံ့သွား၏။ ထိုအခါ အတွင်းရှိ သားရဲမွေးမြူရေးမြေရှိ သားရဲများအားလုံးသည် ဒူးထောက်ချကာ မလှုပ်ဝံ့ကြတော့ပေ။

တစ်ချိန်တည်းမှာ သူ့ညာမျက်လုံးထဲ၌ ရှစ်ခုမြောက်ရှေးဟောင်းမိစ္ဆာကြယ် ပေါ်လာသည်။

ကြောက်မက်ဖွယ် မိစ္ဆာစွမ်းအင် ထိုးထွက်လာ၏။ ရုန့်ရင်းကြမ်းကြုတ်သော မိစ္ဆာစွမ်းအင်က သည်နေရာအနှံ့သို့ ပျံ့လွင့်လေ၏။

နောက်ဆုံး ပေါ်လာသည်မှာ ရှေးဟောင်းနတ်ဘုရားကြယ် ဖြစ်သည်။

“စမ်းသပ်ချက်သုံးခု၊ ကပ်ဘေးခုနစ်ခု…ရောက်လာတော့မယ်…”  ဝမ်လင်း၏ပတ်လည်ရှိ မြူသည် ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်၏။ သူ၏မျက်ခုံးနှစ်ခုကြား၌ ရှစ်လုံးမြောက်ရှေးဟောင်းနတ်ဘုရားကြယ်သည် တောက်ပစွာ လင်းထင်းကာ ပုံစံအသွင် ဖွဲ့တည်တော့မည် ဖြစ်သည။

All Chapters