← Chapters

ရှေးမျိုးနွယ်ကောင်းကင်ဘုံသွေး

Vol. 127 Ch. 1758

ရှေးမျိုးနွယ်ကောင်းကင်ဘုံသွေး

Vol. 127 Ch. 1758

ရှေးဟောင်းနတ်ဘုရားများသည် စမ်းသပ်ချက်သုံးခု၊ကပ်ဘေးခုနစ်ခုကို ရင်ဆိုင်ရ၏။ ရှေးဟောင်းနတ်ဆိုးနှင့် ရှေးဟောင်းမိစ္ဆာများသည်လည်း အတူတူပင်။ ကပ်ဘေးတိုင်းသည် အသစ်တစ်ခု စတင်ခြင်းနှင့် အလားတူသည်။ ကပ်ဘေးကို ရှင်သန်ဖြတ်သန်းနိုင်သူတိုင်း၏ ခွန်အားမှာ ကြီးစွာ တိုးတက်လာမည် ဖြစ်သည်။

သို့ပေမည့် ဝမ်လင်း၏ စမ်းသပ်ချက်သုံးခု၊ကပ်ဘေးခုနစ်ခုသည် တခြားလူများထက် ပို၍ ပြင်းထန်ပေသည်။ သူက  ရှေးဟောင်းနတ်ဘုရား ကပ်ဘေးသာမက ရှေးဟောင်းနတ်ဆိုးနှင့် ရှေးဟောင်းမိစ္ဆာကပ်ဘေးများကိုပါ ရင်ဆိုင်ရမည် ဖြစ်သည်။

ရှေးကလန်ဝင်သုံးခု၏ ပထမဆုံးစမ်းသပ်မှုမှာ ကပ်ဘေးနှစ်ခု ဖြစ်၏။ ဒုတိယစမ်းသပ်မှုတွင်လည်း နတ်အာရုံကပ်ဘေးနှင့် စိတ်ဝိညာဉ်ကပ်ဘေးဟူ၍ ဖြစ်၏။ ဝမ်လင်းသည် ပထမဆုံးစမ်းသပ်မှုနှစ်ခုကို ဖြတ်ကျော်ပြီး ဖြစ်၍ စမ်းသပ်မှုသုံးခု၏ အားအကောင်းဆုံး ကျရောက်လာတော့မည် ဖြစ်၏။ ထိုတတိယမြောက်စမ်းသပ်မှုတွင်မူ ကပ်ဘေးသုံးခု ရှိပေသည်။

သို့ပေမည့် သူ၏ရှေးဟောင်းနတ်ဆိုးနှင့်မိစ္ဆာခန္ဓာကိုယ်များက အတူတကွ ပေါင်းစပ်သွားခဲ့သဖြင့် ပထမစမ်းသပ်မှု သို့မဟုတ် ဒုတိယစမ်းသပ်မှုများကို မကြုံခဲ့၊မဖြတ်သန်းခဲ့ရသေးပေ။ ထို့အတွက်ကြောင့် သူသည် ရှေးဟောင်းမိစ္ဆာနှင့် ရှေးဟောင်းနတ်ဆိုး ကြယ်ရှစ်လုံးအဆင့်ထိ ရောက်ရှိလာသည့်အခါ တစ်ချိန်တည်းမှာ စုစုပေါင်း ကပ်ဘေးရှစ်ခု ကျရောက်လာတော့မည် ဖြစ်သည်။

ရှေးကလန်၏ ကပ်ဘေးများကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်ရမည် ဖြစ်၏။ ဝမ်လင်း၏ ဘယ်မျက်လုံးထဲရှိ ရှေးဟောင်းနတ်ဆိုးကြယ်များသည် လည်ပတ်ကာ ဝဲကတော့တစ်ခု ဖြစ်ပေါ်သည်။ နတ်ဆိုးစွမ်းအင်က သူ၏ဘယ်မျက်လုံးထံမှ ပျံ့နှံ့ကာ သူ့မျက်နှာနှင့်ခန္ဓာကိုယ်တစ်ခုလုံးကို ခြုံလွှမ်းသည်။ သည်အခိုက်တွင် ဝမ်လင်းသည် ကျင့်ကြံသူတစ်ယောက်နှင့်ပင် မတူတော့ချေ။

သူ့မျက်နှာက အပြာရောင် ဖြစ်နေကာ ကြမ်းကြုနေ၏။ သူ၏သွေးကြောများသည် ဖောင်းကြွကာ သူ့ခန္ဓာကိုယ်ထံမှ နတ်ဆိုးစွမ်းအင် ပျံ့လွင့်သည်။ ဝမ်လင်းသည် အစစ်အမှန်နတ်ဆိုး ကျင့်ကြံသူတစ်ယောက်နှင့် တူနေ၏။

သူ၏ ဆံပင်ဖြူများက နောက်သို့ လွင့်ဝဲကာ  မကောင်းဆိုးဝါး ဆန်လှ၏။ သူ့ထံမှ တစီစီအသံများ ထွက်ပေါ်လာသည်။ သူ့လက်သည်းများက ရှည်လျားလာကာ တစ်ပေကျော်ထိ ဆန့်ထွက်လာ၏။

ထိုလက်သည်းများမှာ ခရမ်းနီရောင် ဖြစ်နေကာ နတ်ဆိုးဆန်လှချေသည်။ သူ၏ခန္ဓာကိုယ် ပတ်လည်ရှိ နတ်ဆိုးစွမ်းအင်က ခရမ်းနီရောင်ချပ်ဝတ်အဖြစ် သိပ်သည်း၏။ ယင်းသည် ကြယ်ရှစ်လုံးအဆင့်ထိ ရောက်သည့်အခါ ရှေးဟောင်းနတ်ဆိုးကလန်ဝင်များသာ ဖန်တီးနိုင်သော နတ်ဆိုးချပ်ဝတ် ဖြစ်ပေသည်။

နတ်ဆိုးချပ်ဝတ်ကို ခြုံလွှမ်းကာ ဝမ်လင်းသည် ပလ္လင်ပေါ်၌ ထိုင်ချသည်။ ရှေးလူ၏အရိပ်က ပျောက်ကွယ်သွားပြီး ကြီးမားသောရှေးဟောင်းနတ်ဆိုးအရိပ်က အစားထိုး ဝင်ရောက်သည်။ အနှီအရိပ်၏ ခန္ဓာကိုယ်မှာ အစိမ်းရောင်တောက်ပပြီး မျက်လုံးထံမှ ထူးဆန်းသောအလင်းကို ပေးစွမ်းသည်။ ၎င်းအရိပ်က ဝမ်လင်းနောက်တွင် ရှိနေကာ ထိုင်ချလိုက်သည်။

ဝမ်လင်းသည် သူ့ခန္ဓာကိုယ်တွင်းရှိ ရှေးဟောင်းနတ်ဆိုးစွမ်းအားကို ဖြည်းဖြည်းချင်း လှည့်ပတ်ကာ မျက်လုံးမှိတ်လိုက်သည်။

သည်အခိုက်တွင် ရှေးဟောင်းနတ်ဆိုး၊ ပထမစမ်းသပ်မှု၏ ကပ်ဘေးနှစ်ခု ကျရောက်လာချေသည်။

ရှေးဟောင်းနတ်ဘုရားကပ်ဘေးနှင့် အလားတူပင် သည်ကပ်ဘေးနှစ်ခုမှာ အရိုးကပ်ဘေးနှင့် အသွေးအသားကပ်ဘေးတို့ ဖြစ်ကြသည်။ ထိုကပ်ဘေးနှစ်ခုက ဝမ်လင်း၏ရှေးဟောင်းနတ်ဆိုးခန္ဓာကိုယ်တွင်း၌ ပေါက်ကွဲထွက်လာသည်။ ထိုကပ်ဘေးနှစ်ခု ပေါ်လာသည်နှင့် သူ့ပတ်လည်ရှိ နတ်ဆိုးစွမ်းအင်မှာ ဗရမ်းဗတာ ဖြစ်လာသည်။ သူက မလှုပ်မယှက် ရှိနေသည်။

သူက မျက်လုံးမှိတ်ထားလျက် ရင်ဆိုင်နေရသော နာကျင်မှုအားလုံးကို ဖုံးကွယ်ထားသလား ထင်မှတ်ရလေသည်။

သူ၏ရှေးဟောင်းနတ်ဆိုးခန္ဓာကိုယ်မှ အသွေးအသားတို့သည် ဖျက်စီးခံရပြီး ဖြစ်၏။ သို့သော် ထိုနာကျင်မှုက ဝမ်လင်းအတွက် သာမညသာ။

အတိတ်တုန်းက သူ ရင်ဆိုင်ခဲ့ရသော ရှေးဟောင်းနတ်ဘုရား၊ အရိုးနှင့်အသွေးအသားကပ်ဘေးတို့၌ ခံစားခဲ့ရသော နာကျင်မှုသည် အခုထက် အဆများစွာ ပိုခဲ့ပေသည်။

တဖြည်းဖြည်း အချိန်ကုန်လာသည်။ မျက်စိတစ်မှိတ်အတွင်း ငါးရက်တာ ကုန်လွန်သွားသည်။

သည်ငါးရက် ကုန်လွန်ပြီးနောက် ဝမ်လင်းက ရုတ်တရက် မျက်လုံးဖွင့်လာသည်။ သူ၏ညာမျက်လုံး သို့မဟုတ် မျက်ခုံးနှစ်ခုကြား၌ ကြယ်များ ရှိမနေတော့ပေ။ သို့သော် သူ၏ဘယ်မျက်လုံးထဲတွင်မူ ရှေးဟောင်းနတ်ဆိုးကြယ်ရှစ်လုံးက မြန်ဆန်စွာ လှည့်ပတ်လျက် ကြောက်မက်ဖွယ်နတ်ဆိုးစွမ်းအင်ကို ပေးစွမ်းသည်။

“ရှေးဟောင်းနတ်ဆိုးကလန်ရဲ့ ပထမစမ်းသပ်မှု၊ကပ်ဘေးနှစ်ခုက ဒီလောက်ပဲ သန်မာတာလား…”

ဝမ်လင်းက တည်ငြိမ်လျက်ပင်။ သူက အမှန်ပင် တည်ငြိမ်စွာ နေနေဖို့ အရည်အချင်း ရှိပေသည်။ ရှေးဟောင်းနတ်ဆိုး၏ ပထမစမ်းသပ်မှု၊ ကပ်ဘေးနှစ်ခုမှာ သူ့ကို ချိန်းခြောက်နိုင်ခြင်း မရှိလေပေ။

ပထမစမ်းသပ်မှုပြီးနောက် ဒုတိယစမ်းသပ်မှုက ဝမ်လင်း၏နတ်ဘုရားအာရုံနှင့် စိတ်ဝိညာဉ်တို့ကို ခြုံလွှမ်းလာသည်။ သူ့ပတ်လည်ရှိ နတ်ဆိုးစွမ်းအင်က ပြင်းထန်လျက် ရှိကာ သူ၏နောက်မှ နတ်ဆိုးအရိပ်သည် ပုံပျက်ယွင်းလာသည်။ ၎င်းက နာကျင်မှုကြောင့် အော်ဟစ်မိတော့မည့်နှယ်။

ဝမ်လင်းသည် သူ့ညာလက်ကို ပင့်မြှောက်ကာ ဘယ်မျက်လုံးထံ လက်ညွှန်သည်။ သူ့မျက်နှာက ရုန့်ရင်းကြမ်းကြုတ်နေ၏။ သူက ဒီဒုတိယစမ်းသပ်မှုကို ဖိနှိပ်နိုင်ရန် အာရုံအပြည့်စိုက်ထားသည်။ ဆယ်ရက်တာ ဖိနှိပ်ပြီးနောက် ဒုတိယစမ်းသပ်မှု၏ ကပ်ဘေးနှစ်ခုမှာ ပြိုလဲသွားတော့သည်။

စမ်းသပ်မှုနှစ်ခု၊ ကပ်ဘေးလေးခုကို ဖြတ်ကျော်ပြီးနောက် ဝမ်လင်း၏ ရှေးဟောင်းနတ်ဆိုးစွမ်းအားသည် မြင့်တက်လာကာ ဒီကြယ်နယ်မြေအနှံ့သို့ ပျံ့လွင့်သည်။ အစွမ်းထက်နတ်ဆိုးတစ်ပါး မွေးဖွားလာခဲ့လေပြီ။

ဝမ်လင်း၏ရှုံ့တွနေသော အမူအရာက ဖြည်းဖြည်းချင်း ပြန်တည်ငြိမ်လာ၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေလိုက်သည်။ ထို့နောက် သူက သူ့လက်နှစ်ဖက်ကို ဒူးပေါ်သို့ တင်၏။ သူ၏ဘယ်မျက်လုံးထဲရှိ ရှေးဟောင်းနတ်ဆိုးကြယ်များသည် တဖြည်းဖြည်း မှိန်ဖျော့သွားတော့သည်။ ယင်းတို့ လုံးဝ ပျောက်ကွယ်သွားချိန်၌ သူ့ညာမျက်လုံးထဲတွင် ရှေးဟောင်းမိစ္ဆာကြယ်များ ပေါ်လာတော့သည်။

ရှေးဟောင်းမိစ္ဆာကြယ်ရှစ်လုံး ပေါ်လာ၏။ ဝမ်လင်းပတ်လည်ရှိ နတ်ဆိုးစွမ်းအင်သည် ပြန့်ကြဲကာ အတိုင်းမသိမိစ္ဆာစွမ်းအင်တို့ အစားထိုး ဝင်ရောက်လာသည်။ ကြောက်မက်ဖွယ် မိစ္ဆာစွမ်းအင်က မရေမတွက်နိုင်သော စိတ်ဝိညာဉ်များ နာနာကျင်ကျင် အော်ဟစ်နေသည့် အနက်ရောင်မြူထုတစ်ခုကို ဖြစ်ပေါ်စေသည်။

ထိုကြောက်မက်ဖွယ်မိစ္ဆာစွမ်းအင်အောက်၌ ဝမ်လင်းပတ်လည်ရှိ ရှေးဟောင်းနတ်ဆိုးချပ်ဝတ်သည် ပြန့်ကြဲကာ ထူးခြားနက်မှောင်သော ချပ်ဝတ်တစ်ခု အစားထိုး ပေါ်လာတော့သည်။

ဝမ်လင်း၏မျက်နှာထက်၌ မိစ္ဆာပုံစံကွက်များ ပေါ်လာသည်။ မိစ္ဆာစွမ်းအင် မြင့်တက်လာစဉ် ဝမ်လင်းသည် နတ်ဆိုးကျင့်ကြံသူအဖြစ်ကနေ မိစ္ဆာကျင့်ကြံသူအဖြစ်သို့ ပြောင်းလဲလာခဲ့ပြီ။

ကောင်းကင်ဘုံသားများ၊ နတ်ဘုရားများ၊ နတ်ဆိုးများနှင့် အတူတကွ တည်ရှိခဲ့သော အရာ ဖြစ်သည့် မိစ္ဆာ။ ခေတ်များတလျှောက် မိစ္ဆာဟု ခေါ်ဝေါ်သော အသုံးမှာ အတုအယောင်မျှသာ။ ရှေးဟောင်းမိစ္ဆာများသည်ပင် အစစ်အမှန်မိစ္ဆာများ မဟုတ်လေပေ။ အစစ်အမှန်မိစ္ဆာဟူသည် ခန္ဓာကိုယ်မရှိ၊ စိတ်ဝိညာဉ်မရှိ၊ ကျင့်ကြံခြင်းလည်း မရှိပေ။ ၎င်းမှာ စိတ်ဆန္ဒတစ်ခုသာ ဖြစ်ချေ၏။

အုပ်ချုပ်သူတစ်ယောက် ဖြစ်လာဖို့ စိတ်ဆန္ဒတစ်ခု။

ဝမ်လင်း လျှောက်သောလမ်းက မိစ္ဆာတစ်ကောင်၏ စိတ်ဆန္ဒနှင့်အလားတူ၏။ သို့သော် သူသည် အစစ်အမှန် မိစ္ဆာတစ်ယောက် လုံးဝ မဖြစ်လာနိုင်ပေ။ တကယ်တော့ သူ၏အဓိကခန္ဓာကိုယ်မှာ ရှေးဟောင်းနတ်ဘုရားသာ ဖြစ်သည် မဟုတ်လား။

သည်အခိုက်အတန့်၌ ရှေးဟောင်းမိစ္ဆာကြယ်များသည် လှည့်ပတ်ကာ ကြောက်လန့်ဖွယ် မိစ္ဆာစွမ်းအင် မြင့်တက်လာ၏။ ဝမ်လင်းက မျက်လုံးဖွင့်လိုက်ရာ အေးစက်စက်အလင်း တောက်ပသွားပြီး သူက ရှေးဟောင်းမိစ္ဆာ၏ ပထမစမ်းသပ်မှု၊ကပ်ဘေးနှစ်ခုတို့ကို ကြိုဆိုနေတော့သည်။

ရှေးဟောင်းမိစ္ဆာကပ်ဘေးများသည်လည်း ရှေးဟောင်းနတ်ဆိုးများ၏ ကပ်ဘေးနှင့် ဆင်တူသည်သာ။ သို့သော် အနည်းငယ်မျှ ပိုပြင်းထန်အားကောင်း၏။ ရှေးကလန်သုံးခုကြား၌ ရှေးဟောင်းနတ်ဘုရားများက အသန်မာဆုံး ဖြစ်ကာ ၎င်းနောက်တွင် ရှေးဟောင်းမိစ္ဆာက သန်မာပြီး ရှေးဟောင်းနတ်ဆိုးကမူ အားအနည်းဆုံးပင်။

ထိုကလန်သုံးခု၏ စမ်းသပ်မှုသုံးခု၊ကပ်ဘေးခုနစ်ခုမှာ အတူတူပင် ဖြစ်ကြ၏။

ခုနစ်ရက်ကြာပြီးနောက် ဝမ်လင်း၏ ရှေးဟောင်းမိစ္ဆာခန္ဓာကိုယ်သည် ပထမစမ်းသပ်မှု၏ ကပ်ဘေးနှစ်ခုကို ဖြတ်သန်းပြီးသွားလေပြီ။ သူ၏ အသွေးအသားနှင့် အရိုးတို့ ဖျက်စီးခံရခြင်းကြောင့် နာကျင်မှုသည် သူ ရှေးဟောင်းနတ်ဘုရားကပ်ဘေးများကို ရင်ဆိုင်ခဲ့ရစဉ်လောက် မဆိုးဝါးပေ။

ထို့နောက် သူက ရှေးဟောင်းမိစ္ဆာအတွက် ဒုတိယစမ်းသပ်မှုကို ဖိနှိပ်ဖို့ နောက်ထပ် ဆယ့်သုံးရက် အသုံးပြုရ၏။

ရှေးဟောင်းမိစ္ဆာခန္ဓာကိုယ်ကို စမ်းသပ်မှုနှစ်ခု၊ကပ်ဘေးလေးခုတို့ကို အောင်အောင်မြင်မြင် ဖြတ်ကျော်ပြီးသည့်နောက် သူ၏ရှေးကလန်စွမ်းအားသုံးခုသည် ညီမျှလာ၏။ သူက ပလ္လင်ပေါ်တွင် ထိုင်နေစဉ် သူ၏ရှေးဟောင်းနတ်ဘုရားကြယ်များသည် ထွက်ပေါ်လာတော့သည်။

ရှေးဟောင်းနတ်ဘုရား၊ ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရား။

ဝမ်လင်းက နှစ်ပေါင်းနှစ်ထောင်ကျော် ကျင့်ကြံခဲ့ပြီး ဖြစ်၏။ သေရေးရှင်ရေးအခြေအနေများမှ ရခဲ့သော ကံကောင်းမှုအမျိုးမျိုးဖြင့် သူက ယနေ့လို အနေထားထိ ရောက်လာခဲ့ကာ ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရား ဖြစ်လာခဲ့ပေပြီ။

သူက ရှေးဟောင်းနတ်ဘုရားသာမက ကြယ်ရှစ်လုံး ရှေးဟောင်းနတ်ဆိုးနှင့် ရှေးဟောင်းမိစ္ဆာဆိုလည်း ဟုတ်ပေသည်။

သည်သုံးခုကို တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းသည့်အခါ သူ၏ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကို ပင်မထား၍ သူသည် ရှေးလူ ဖြစ်လာခဲ့ပေပြီ။ ဝမ်လင်း၏မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု လှစ်ဟပေါ်နေ၏။ တစ်ချိန်တည်းမှာ စုစုပေါင်းကြယ်နှစ်ဆယ့်လေးလုံးက လည်ပတ်နေသည်။ ရှေးလူ၏အော်ရာက ပျံ့လွင့်လာကာ ကြယ်များကြား၌ ပြည့်နှက်သည်။

ဝမ်လင်း၏စိတ်ထဲ၌ အစွမ်းထက်ခံစားချက်တစ်ခု ပေါ်လာ၏။ သူက လက်သီးခပ်တင်းတင်း ဆုပ်လိုက်သည်။ သူက ခုချိန်၌ သူ ရင်ဆိုင်ရမည့် အစစ်အမှန်ကပ်ဘေးက မည်သည့်အရာ ဖြစ်သည်ကို သိထားပေသည်။

ရှေးကလန်များ၏ တတိယမြောက်စမ်းသပ်မှု၊ စမ်းသပ်မှုသုံးခုလုံးသည် တစ်ပြိုင်နက်တည်း ရောက်ရှိလာတော့မည် ဖြစ်၏။

တတိယစမ်းသပ်မှု၌ ကပ်ဘေးသုံးခု ရှိသည်။ ပထမကပ်ဘေးမှာ ရှေးမျိုးနွယ်ကောင်းကင်ဘုံသွေး ဖြစ်၏။

ဒုတိယကပ်ဘေးမှာ ရှေးတာအိုအနှောက်အယှက်သုံးခု ဖြစ်၏။

တတိယကပ်ဘေးကမူ ရှေးလူများ ရင်ဆိုင်ရမည့် အသန်မာဆုံးကပ်ဘေး ဖြစ်၏။ ၎င်းကို ရှေးဘိုးဘေး၏ကောင်းချီးပေးခံရခြင်းဟု ခေါ်သည်။

ဝမ်လင်းသည် ထိုကပ်ဘေးများနှင့် ပတ်သတ်၍ အသေးစိတ် မသိပေ။ သူက ယဲ့မို၏အမွေအနှစ်ကို ရခဲ့သော်လည်း မှတ်ဉာဏ်အသိသညာများကမူ အကန့်အသတ် ရှိနေသည်။ သူက နောက်ဆုံးကပ်ဘေးနှစ်ခုကို ရင်ဆိုင်ရသည့်အခါ သူသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၊ ရှေးနိုင်ငံရှိ ရှေးဟောင်းကျောင်းတော်သို့ သွားရောက်ရလိမ့်မည်ဟုသာ သိထားသည်။

ရှေးနိုင်ငံ၏ ကလန်ဝင်တစ်ယောက်သည် နောက်ဆုံးကပ်ဘေးသို့ ရောက်ရှိသည့်အခါတိုင်း နိုင်ငံတဝှမ်း ပွဲတော်ကြီးတစ်ခု ကျင်းပသည်။ ယင်းသည် ကြီးကျယ်သောအခမ်းအနားတစ်ခု ဖြစ်ပေသည်။

ရှေးလူယဲ့မိုက နောက်ဆုံးကပ်ဘေးကို ရှေးကျောင်းတော်၌ ဖြတ်သန်းခဲ့၏။ ထို့နောက်တွင် သူသည် ရှေးတာအိုဟူသော ဂုဏ်ပုဒ်ကို ရရှိခဲ့ကာ ရှေးနိုင်ငံ၏ စွမ်းအားထောက်တိုင်များထဲမှ တစ်ယောက် ဖြစ်လာခဲ့ကာ လူပေါင်းသိန်းသန်းချီ၏ လေးစားမှုကို ခံရလေသည်။

အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ကောင်းကင်ဘုံသားများသည်ပင် ရှေးကလန်၏ ထိုနောက်ဆုံးကပ်ဘေးကို အလေးထားရပေသည်။

ဝမ်လင်းသည် ပလ္လင်ပေါ်တွင် ထိုင်နေလျက် ရှိကာ သူ၏ခန္ဓာကိုယ်သည် ပိုအစွမ်းထက်သော ရှေးလူအော်ရာဖြင့် ခြုံလွှမ်းထားခြင်း ခံရသည်။ သူက တတိယစမ်းသပ်မှု၏ ပထမဆုံးကပ်ဘေးကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။ သူ ထိုကပ်ဘေးကို ဖြတ်ကျော်နိုင်သည်နှင့် သူသည် အစစ်အမှန်ရှေးဟောင်းနတ်ဘုရားတစ်ယောက် ဖြစ်လာပေမည်။

ရှေးကလန်သုံးခု၏ ကြယ်ရှစ်လုံးစွမ်းအားဖြင့် သူ၏ကျင့်ကြံခြင်းကို ထည့်မတွက်လျှင်ပင် ဝမ်လင်းသည် ဆန်းကြယ်လေဟာနယ်အစောပိုင်းအဆင့်ထက် သာလွန်သည်ဟု ယုံကြည်မှု ရှိပေသည်။ သူ့ကျင့်ကြံမှုသာ ခုနစ်ခုမြောက်အနှစ်သာရ ဖြစ်ပေါ်ကာ တိုးတက်လာပါက သူ ရှေးလူစွမ်းအားနှင့် ပေါင်းစပ်လိုက်လျှင် ဆန်းကြယ်လေဟာနယ်အလယ်ပိုင်းအဆင့် ကျင့်ကြံသူများသည်ပင် သူ့ကို ယှဉ်နိုင်တော့မည် မဟုတ်ပေ။ သူက ဆန်းကြယ်လေဟာနယ်နောက်ဆုံးအဆင့်များနှင့် တိုက်ရိုက်တိုက်ခိုက်နိုင်မည် ဖြစ်သည်။

ရှေးမျိုးနွယ်ကောင်းကင်ဘုံသွေး၊ ထိုကပ်ဘေး ကျရောက်လာပေပြီ။

သည်ကောင်းကင်ဘုံသွေးဟူသာ ကပ်ဘေး၌ လူတစ်ယောက်သည် ကလန်သုံးခု၏စွမ်းအားအားလုံးကို သွေးတစ်စက်တည်းအဖြစ် သိပ်သည်းရခြင်း ဖြစ်သည်။ ထိုသွေးစက်သည် သည်ကပ်ဘေးကို ဖြတ်ကျော်မည့်လူအတွက် အရာအားလုံးပင်။

ကပ်ဘေးကို ဖြတ်ကျော်မည့်သူက ထိုသွေးစက်ကို အသုံးပြု၍ ကောင်းကင်နှင့်မြေကြီးကို ချိုးဖျက်ကာ ရှေးမျိုးနွယ်သို့ စတေးမှုတစ်ခုအဖြစ် ၎င်းကို ကမ်းလှမ်းရခြင်းပင်။ သင်သည် ရှေးဘိုးဘေး၏ အသိအမှတ်ပြုခြင်းကို ရလိုက်သည်နှင့် မည်သည့်နေရာတွင် ရှိနေပါစေ ထိုသွေးစက်ကို ပို့လွှတ်ပေးခြင်း ခံရနိုင်မည်ပင်။

သည်လူ၏ အနှစ်သာရသွေးကြောင့် ဖြစ်ပေါ်လာသော သွေးစက်နှင့် ကပ်ဘေးကို ဖြတ်ကျော်စဉ် ဖြစ်ပေါ်လာသော သွေးစက်တို့ ပေါင်းစည်းရပေမည်။ ထိုသွေးစက်နှစ်ခု ပေါင်းစည်းသွားသည်နှင့် ဖြစ်ပေါ်လာသော ခန္ဓာကိုယ်မှာ အစစ်အမှန် ရှေးဟောင်းသွေးမျိုးဆက်ကို ပိုင်ဆိုင်လာနိုင်မည်ပင်။

ထိုသွေးမျိုးဆက်က ကောင်းကင်ဘုံသွေးမျိုးဆက်နှင့် အဆင့်တူ တည်ရှိမှုတစ်ခု ဖြစ်ပေသည်။

သည်ကပ်ဘေး၏ ခက်ခဲမှုက သွေးစက်အဖြစ် သိပ်သည်းခြင်း မဟုတ်၊ ရှေးဘိုးဘေး၏ အသိအမှတ်ပြုခံရဖို့သာ ဖြစ်သည်။ ယင်းသည် လူတိုင်းရနိုင်သော အရာ မဟုတ်ပေ။

လူတစ်ယောက်က ရှေးဘိုးဘေး၏ အသိအမှတ်ပြုမှုကို ရရှိခဲ့လျှင်ပြန် လက်ခံရရှိသော သွေးပမာဏမှာ မတူညီပေ။ ပုံမှန်ဆိုပါက တစ်စက်သာ ဖြစ်ပေလိမ့်မည်။ သို့သော်ငြားလည်း အသိအမှတ်ပြုခံရခြင်းက မြင့်မားပါက နှစ်စက် လက်ခံရရှိလိမ့်မည်။

ရှေးတာအို(ရှေးလူ)ယဲ့မိုက သူ ဒီကပ်ဘေးကို ဖြတ်ကျော်ခဲ့စဉ်က သွေးသုံးစက် ရရှိခဲ့ပေ၏။ ခေတ်ကာလတလျှောက် ယဲ့မို၏အရင် သွေးစက်အများဆုံးရရှိခဲ့သောသူမှာ သွေးရှစ်စက်ကို ပိုင်ဆိုင်ထားခဲ့သည်။

ထိုလူသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ နေကိုးစင်းထဲမှ တစ်စင်း ဖြစ်သော ရှေးနိုင်ငံ၏ မဟာအင်ပါယာရွှမ်လောတည်း။ သူကား တာအိုခုနစ်ခုကလန်အပြင်ဘက်၌ အစိတ်အပိုင်းရတနာတစ်ခုကိုရဖို့ မဟာအင်ပါယာတောက်ရီနှင့်  တိုက်ခိုက်ခဲ့သောသူလည်း ဖြစ်သည်။

ဝမ်လင်းသည် ပလ္လင်ပေါ်၌ ထိုင်နေ၏။ အချိန်အတန်ကြာ စဉ်းစားပြီးနောက် သူက မျက်လုံးမှိတ်လိုက်၏။ သူ့ပတ်လည်ရှိ ရှေးအော်ရာက သူ၏ခန္ဓာကိုယ်အတွင်း၌ သိပ်သည်းသည်။ သူက သည်ကပ်ဘေး၏ ပထမခြေလှမ်းကို စတင်ကာ သွေးစက်ကို သန့်စင်တော့၏။

ဝိုးတဝါးပုံရိပ်တစ်ခုက သူ၏ခန္ဓာကိုပေါ်သို့ ထပ်လျက် ပေါ်လာကာ တခြားဝမ်လင်းတစ်ယောက် တဖြည်းဖြည်းလှမ်းထွက်လာ၏။ ၎င်းမှာ သူ၏ကိုယ်ပွား၊ သူ၏ကျင့်ကြံသူကိုယ်ပွားပင်။

သူ့ကိုယ်ပွား ထွက်ခွာလာသည့်နောက် ဝမ်လင်း၏မူလခန္ဓာကိုယ်မှာ ခုခါ၌ အစစ်အမှန်ရှေးလူတစ်ယောက် ဖြစ်လာလေပြီ။

All Chapters