အထူးလျှို့ဝှက်နည်း! ခွေးစာကြိုက်တဲ့သူ? ၃
Vol. 59 Ch. 880
ရုံးခန်းဘက်ရောက်ရောက်ချင်း ဝမ်ချိုင်နှင့်ရှောင်ရွှယ်ထွက်လာသည်ကိုတွေ့ရသည်။
ရှောင်ရွှယ်က ဝမ်ချိုင်၏ခြေလှမ်းကိုလိုက်သင်နေသည်။ ဖြစ်ချင်တော့ သူ့မြေခွေးခြေထောက်က ဝမ်ချိုင်လောက်မခိုင်၍ ဝမ်ချိုင်ကိုအမီလိုက်ရန်သုံးလေးလှမ်းပြေးပြီးမှ ဝမ်ချိုင်ခြေလှမ်းကိုလိုက်သင်နိုင်သည်။ အတော်ထူးခြားသည်။
ဒီကောင်လေးနှစ်ကောင်က ဆိုးဖော်ဆိုးဖက်တွေလုပ်နေကြသည်။ ထို့နောက် ချင်လင်ကိုမြင်သွားပြီး သွားဖြဲပြကြသည်။ သူတို့ကမြူးတူးပြီးသူ့ဆီရောက်လာကာ သူ့ကိုပတ်ပြေးနေကြ၏။
"သွားစို့... မင်းကိုပန်းကန်ပြားဖမ်းပြိုင်ပွဲခေါ်သွားမယ်!''
ချင်လင်ကပြုံးပြီး ကောင်လေးကိုနှုတ်ဆက်သည်။
ဝမ်ချိုင်ကနားလည်ပုံနှင့် ချက်ချင်းလိုက်လာသည်။ ရှောင်ရွှယ်လည်း ဝမ်ချိုင်နောက်လိုက်လာ၏။
မကြာမီ ချင်လင်က ဝမ်ချိုင်နှင့်ရှောင်ရွှယ်ကိုခေါ်ပြီး အပန်းဖြေစံအိမ်ရုံးခန်းထဲရောက်လာသည်။ ရုံးခန်းတံခါးကိုလော့ချကာ ဝမ်ချိုင်နှင့်ဂိမ်းထဲဝင်လိုက်သည်။ ရှောင်ရွှယ်ပါလိုက်ဝင်လာ၏။
ခွေးကောင်ဝမ်ချိုင်က ဒီပွဲကိုသေချာမှတ်မိသည်။ ဂိမ်းထဲဝင်လိုက်သည်နှင့် အသည်းအသန်ပြေးတော့၏။
ဒီတစ်ကြိမ်တွင် သူ့ခြေလှမ်းကို ရှောင်ရွှယ်အမီမလိုက်နိုင်တော့။ ချင်လင်နားပတ်ပြေးပြီး သူ့ပေါင်ပေါ်မှ လက်ကြားထဲခုန်ဝင်လာသည်။
ချင်လင်လည်း လက်နှင့်ပိုက်ထားလိုက်သည်။ သူကအမွှေးဖွားသောကြောင့် ကိုင်လို့ကောင်းသည်။
"ကွိ!''
ရှောင်ရွှယ်က ချင်လင်ကိုချစ်စရာအသံပေးပြီး သူ့ခေါင်းကိုထိုးပေးသည်။ သူ့သဘောက သိသာသည်။

ချင်လင်ကပြုံးပြီး ရှောင်ရွှယ်ခေါင်းကိုလက်နှင့်သပ်ပေးသည်။ ရှောင်ရွှယ်ကသာယာပြီး မျက်လုံးများတန်းမှေးသွားသည်။
ချင်လင်ကအတွေးနှင့် ရှောင်ရွှယ်ကိုဂိမ်းအပြင်ထုတ်လိုက်သည်။ သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုပြန်ကြည့်လိုက်ရာ ကာတွန်းပုံဝမ်ချိုင်က စားကျက်မြေပေါ်ပြေးလွှားနေသည်။
သူ့ဂိမ်းဇာတ်ကောင်ကို ဝမ်ချိုင်နားသွားခိုင်းသည်။ ဝမ်ချိုင်ခေါင်းပေါ်တွင် အနီရောင်အသဲပုံလေးပေါ်လာပြီးနောက် စိုက်ပျိုးရေးခြံအပြင်ခေါ်ပြီး သတ္တုမြို့တော်ဘက်သွားလိုက်သည်။
ရုတ်တရက် ဝမ်ချိုင်ကိုအားကျလာသည်။
ဘာပဲဖြစ်ဖြစ် ဒီဂိမ်းထဲမှာ စိုက်ပျိုးရေးခြံအပြင်ကိုသူမထွက်နိုင်။ သတ္တုမြို့တော်နဲ့နတ်ဘုရားမတောင်က ဘယ်လိုနေမလဲ သူမမြင်ဖူးချေ။
သို့ရာတွင် ခွေးက ဂိမ်းဇာတ်ကောင်နှင့်စိုက်ပျိုးရေးခြံအပြင်လိုက်နိုင်ပြီး ကာတွန်းပုံနှင့်ဂိမ်းထဲလျှောက်သွားနိုင်သည်။ ဒါတွေကို ခွေးကမှတ်မိသလား သူသိချင်မိသည်။
မကြာမီ ချင်လင်က ဝမ်ချိုင်ကိုသောမတ်ဆီခေါ်သွားသည်။ 'စကားပြော'ကိုနှိပ်လိုက်ရာ ဂိမ်းဖန်သားပြင်ပြောင်းသွားပြန်သည်။ အရင်တစ်ခါ ပန်းကန်ပြားဖမ်းပြိုင်ပွဲပုံစံအတိုင်းပင်။
အရင်မှတ်တမ်းကြောင့် ဒီတစ်ခါ ဝမ်ချိုင်ကိုသူထိန်းနိုင်သည်။ ပြိုင်ပွဲများဆက်တိုက်ပြိုင်ပြီးနောက် မြန်မြန်ဆန်ဆန်ချန်ပီယံဖြစ်သွားသည်။
ဖန်သားပြင်ပုံမှန်ပြန်ဖြစ်သောအခါ သောမတ်က ဂိမ်းဇာတ်ကောင်ရှေ့ပေါ်လာသည်။

(မင်းရဲ့ခွေးက တကယ်အံ့ဩစရာပဲ... ပန်းကန်ပြားဖမ်းပြိုင်ပွဲမှာထပ်နိုင်လို့ ဂုဏ်ယူပါတယ်... ဒါမင်းအတွက်ဆုပါ... နောက်တစ်ခေါက်ပြိုင်ပွဲမှာ စောင့်နေပါမယ်!)
ဂိမ်းဇာတ်ကောင်ကျောပိုးအိတ်ထဲတွင် လက်ဆောင်အိတ်တစ်အိတ်တိုးလာသည်။ ထိုအပေါ်တွင် 'ပန်းကန်ပြားဖမ်းပြိုင်ပွဲပထမဆု'၊ 'ထူးခြားသောလက်ဆောင်ပါသည်'၊ 'ဖွင့်ကြည့်ပါ' ဟုရေးထားသည်။
ချင်လင်က လက်ဆောင်အိတ်ကိုတန်းဖွင့်လိုက်သည်။
(ပန်းကန်ပြားဖမ်းပြိုင်ပွဲပထမဆုကို ဖွင့်တဲ့အတွက်ဂုဏ်ယူပါတယ်... လျှို့ဝှက်ခွေးစာလုပ်နည်းရပါတယ်!)
"???"
ချင်လင်ကကြည့်နေရင်း ဒီခွေးကအမြဲတမ်းဆုရနေသလို ရုတ်တရက်ခံစားရသည်။
သူကဂိမ်းဇာတ်ကောင်အား ဝမ်ချိုင်ကိုစိုက်ပျိုးရေးခြံပြန်ခေါ်စေပြီး သူကဂိမ်းထဲတန်းဝင်လိုက်သည်။
"ဝု ဝု ဝု!''
သူဝင်ဝင်ချင်း ဝမ်ချိုင်ကသူ့ကိုလှည့်ပတ်အူနေသည်။ သူ့မျက်လုံးများကစိတ်လှုပ်ရှားပုံနှင့် သူတော်သလားမေးနေသလိုပင်။ သူ့အကြည့်ထဲတွင် ပြိုင်ပွဲကြောင့်စိတ်လှုပ်ရှားပုံရှိနေသေးသည်။
တစ်ဖက်တွင် ချင်လင်က လျှို့ဝှက်ခွေးစာလုပ်နည်းကိုကြည့်လိုက်သည်။
အထူးခွေးစာလုပ်နည်း: အရည်အသွေး ၂
(အထူးခွေးစာလုပ်နည်းဖြစ်သည်။ အသုံးပြုပြီးနောက် လျှို့ဝှက်နည်းအသေးစိတ်ရပြီး ခွေးစာကထူးထူးခြားခြားအာနိသင်များရှိမည်:
စားကောင်းခြင်း +၂၊ အရသာ +၂၊ အာဟာရ +၂၊ ခွေးအကြိုက် +၂၊ ပိုင်ရှင်အကြိုက် +၂!)
"????"
မှတ်ချက်မှနောက်ဆုံးအရည်အသွေးကိုကြည့်ပြီး တစ်ခုခုမှားနေသလို ချင်လင်ခံစားရသည်။
ခွေးစာစားရတာကြိုက်တဲ့သူရှိလို့လား?