ယောက်ဖနှင့်ခွေးစာလု!
Vol. 59 Ch. 881
စားကောင်းခြင်း +၂၊ အရသာ +၂ ရှိတဲ့ခွေးစာကို ခွေးတွေသေချာပေါက်ကြိုက်မှာ သံသယဖြစ်စရာမရှိ။
အာဟာရ +၂ လည်းရှိသည်။ ခွေးစာအာဟာရက အကြီးဆုံးပြဿနာပင်။
နောက်ပြီး ခွေးအကြိုက် +၂ အရည်အသွေးပါသည်။ စျေးကွက်ထဲမှာ ဒါကိုယှဉ်နိုင်တဲ့ခွေးစာမရှိလောက်။
ခွေးစာအမျိုးမျိုးကိုယှဉ်ထားလိုက်ရင် ခွေးကဒီခွေးစာကိုသေချာပေါက်ရွေးလိမ့်မည်။ ခွေးတင်ရွေးမှာမဟုတ်။ ဘာပဲဖြစ်ဖြစ် 'ပိုင်ရှင်အကြိုက် +၂' အရည်အသွေးလည်းရှိသည်။
တစ်နည်းပြောရရင် ဒီခွေးစာကိုကြော်ငြာတာနဲ့ ခွေးစာစျေးကွက်ကိုသိမ်းနိုင်ပြီ။
"ဝု ဝု ဝု!''
ဝမ်ချိုင်ကဟောင်သည်။
သူကချင်လင်ကိုလှည့်ပတ်ကြည့်ကာ တစ်ခုခုတိုက်တွန်းနေသည်။
ချင်လင်ကခွေးကိုကြည့်ပြီး ချက်ချင်းသဘောပေါက်သည်။ ခွေးက သူဘာရထားလဲ သိပုံပေါ်သည်။ သူစားဖို့ခွေးစာလုပ်ခိုင်းနေတာလား?
ချင်လင်က အချိန်ဖြုန်းမနေဘဲ လျှို့ဝှက်ခွေးစာလုပ်နည်းကိုရွေးလိုက်သည်။
တခဏချင်း အညွှန်းက အလင်းများဖြာထွက်ပြီး သူ့စိတ်ထဲဝင်လာသည်။
အချက်အလက်တွေတသီကြီး သူ့စိတ်ထဲတိုးဝင်နေ၏။ ခွေးစာလုပ်နည်းအကြောင်း အသေးစိတ်အချက်အလက်များဖြစ်သည်။ အကြိမ်ကြိမ်အဖန်ဖန်လုပ်ဖူးသလို ကြွက်သားမှတ်ဉာဏ်လည်းပါသည်။
ဒီလိုဖြစ်တိုင်း အရည်အချင်းတစ်ခုထပ်တိုးလာသလိုပင်။
အချက်အလက်အားလုံးရပြီးနောက် ခွေးစာဆရာတစ်ဆူဖြစ်လာနိုင်သောသဘောပင်။
အဲဒီနောက် ...
ချင်လင်က ဝမ်ချိုင်ကိုဂိမ်းအပြင်ထုတ်ပြီး ရုံးခန်းထဲပြန်ရောက်လာသည်။
"ဝု ဝု!''
ဝမ်ချိုင်ကတိုက်တွန်းနေသလို ထပ်ဟောင်ပြန်သည်။
ဘယ်သူကသခင်လဲ မေးရမလို။
ဒီခွေးက သခင်ကိုဒီလောက်တိုက်တွန်းနေတာ အနှပ်ခံရမှာမကြောက်ဘူးလား?
နှပ်တော့မနှပ်ဘူးပေါ့လေ။
သူကမတတ်သာဘဲ ရုံးခန်းအပြင်ထွက်ပြီး လက်တိုလက်တောင်းခိုင်းရန် ချန်တပေကိုဖုန်းခေါ်လိုက်သည်။
"သူဌေး... ဘာမှာစရာရှိလဲ?''
ချန်တပေက ချက်ချင်းဖုန်းကိုင်သည်။
ချင်လင်က တန်းညွှန်ကြားလိုက်၏_
"ပစ္စည်းနည်းနည်းဝယ်ပေးပါဦး... ပြောင်းဖူး ဂျုံ အသားတုံး ဆေးပင်... နောက်ဆုံး ဒါပေမဲ့ အရေးကြီးတယ်... မွှေစက် ကြိတ်စက် ဖြတ်စက် အခြောက်ခံစက်... ဒါတွေအားလုံးအတွက် စက်တစ်လုံးစီဝယ်ချင်တယ်... ပိုက်ဆံက ကျောက်မိုချင်းဆီစာရင်းတင်လိုက်ရုံပဲ''
ချန်တပေမှာ လုံခြုံရေးမန်နေဂျာဖြစ်၍ ဒီလိုအသေးအဖွဲလေးတွေမခိုင်းသင့်သော်လည်း ချန်တပေကိုသာခိုင်းသည်။ ချန်တပေက အလုပ်လုပ်တိုင်းသတိထားပြီး အမှားမရှိခဲ့။
ချန်တပေက ဒါမျိုးလုပ်ရတာပိုပျော်သည်။
ချင်လင်ဖုန်းဆက်ချိန်တွင် သူက ဌာနမန်နေဂျာများဖြစ်သောယွီရွှေ့၊အစ်မဟုန်တို့နှင့် အစည်းအဝေးလုပ်နေသည်။ စံအိမ်တွင် တချို့အလုပ်များကို ဌာနအသီးသီးပူးပေါင်းဆောင်ရွက်ရန်လိုသောကြောင့် အစီအစဉ်ကိုအစည်းအဝေးထိုင်ရသည်။
မနေ့က အားကစားဝက်များအတွက်အစီအစဉ်အသစ်အကြောင်းကို ကောင်းယောင်ယောင်၊ မွေးမြူရေးဌာနမန်နေဂျာရန်သုံ့တို့နှင့်အစည်းအဝေးလုပ်ခဲ့သေးသည်။
သူဌေးကဖုန်းဆက်ပြီးခိုင်းသောအခါ ယွီရွှေ့နှင့်အစ်မဟုန်တို့အားကျနေမှန်း သူသိသည်။
သူဌေးကသူ့ကိုတောက်တိုမယ်ရခိုင်းရတာ သဘောကျသည်။ ဒါ သူနဲ့သူဌေးဆက်ဆံရေးကောင်းတယ်ဆိုတဲ့သဘောမလား? သူများတွေလိုချင်တိုင်းမရနိုင်တဲ့အရာ။
ဒါကိုဘယ်သူလုပ်လုပ်၊ သူ့ကိုအနေခက်အောင်လုပ်တာပဲ။
ချန်တပေက အရင်ဆုံးကျောက်မိုချင်းကိုရှာပြီး ချင်လင်ဝယ်ခိုင်းသည့်အကြောင်းပြောသည်။ ပိုက်ဆံရပြီးနောက် သူဌေးမှာထားသည်များကိုလိုက်ဝယ်သည်။ ထို့နောက် သူဝယ်လာသောပစ္စည်းများ၊ကိရိယာများ၊စက်များကို စံအိမ်ပို့ခိုင်းပြီး ချင်လင်ဆီလွှဲပေးလိုက်သည်။
သူဌေးမှာတဲ့အတိုင်း ချက်ချင်းမရရင် နောက်တစ်ခါဆို သူဌေးက တခြားတစ်ယောက်ကိုရှာခိုင်းလိမ့်မည်။ သူဌေးယုံကြည်ထားတဲ့အကူနေရာကို သေချာပေါက်လုယူခံရလိမ့်မည်။
ချင်လင်က ချန်တပေအား ပစ္စည်းများကိုအတွင်းဘက်ပို့ခိုင်းသည်။
ဝမ်ချိုင်ကလျှာထုတ်ပြီး ရှောင်ရွှယ်နှင့်အတူ သူ့နောက်လိုက်လာ၏။ သူ့မျက်လုံးများမှာ မျှော်လင့်ချက်အပြည့်နှင့်။
ကျောင်းမှာကြက်ဥရလာတဲ့ကလေးလို အိမ်ရောက်ရင်အမေ့ကိုချက်ခိုင်းတော့မည်။ သူ့ဆီက ပြီးမြောက်အောင်မြင်မှုနဲ့မျှော်လင့်ချက်ကိုခံစားရသည်။
ချန်တပေထွက်သွားပြီးနောက် ချင်လင်က ခွေးစာလုပ်ရန်ပါဝင်ပစ္စည်းများကိုစတင်သန့်စင်သည်။
ဝမ်ချိုင်မြင်သောအခါ တမျှော်မျှော်နှင့် ဝမ်းသာအားရပတ်ပြေးနေသည်။ ဂိမ်းထဲဝင်လေလေ သူဉာဏ်ပိုကောင်းလာလေလေပင်။ ပြိုင်ပွဲမှာဝင်ပြိုင်သည့်အကျိုးရလဒ်ဖြစ်မည်။
ခွေးစာအတွက်အားလုံးပြင်ဆင်ပြီးသောအခါ ချင်လင်က ခွေးစာကြိတ်စက်ကိုသန့်ရှင်းပြင်ဆင်သည်။
ခွေးစာလုပ်ရန်ပထမအဆင့်က ပြောင်းဖူးနှင့်အသားတုံးကိုကြိတ်စက်နှင့်ကြိတ်ချေရမည်။ ကြိတ်ပြီးလျှင် ဂျုံနှင့်ရောကာ အမှုန့်ကြိတ်စက်ထဲထည့်ပြီး နောက်ဆုံးမှဆေးပင်များထည့်ရမည်။ အစီအစဉ်၊အချိုးအစားမှန်ရသည်။
လျှို့ဝှက်နည်းသုံးပြီးနောက် သက်ဆိုင်ရာကြွက်သားမှတ်ဉာဏ်ကိုလည်း သူရထားသည်။ ချင်လင်က လုပ်နည်းအဆင့်ဆင့်ကိုကျွမ်းကျင်နေပြီဖြစ်၍ တစ်ဆင့်ချင်းအပြီးသတ်လိုက်သည်။
နောက်ဆုံး ခွေးစာကိုလေမှုတ်စက်ဖြတ်ပြီး အထူးမီးဖိုထဲထည့်လိုက်သည်။
ချန်တပေအစုံလိုက်ဝယ်လာသောစက်က မမျှမတဖြစ်နေသည်။ ပုံစံခွက်ကနည်းနည်းကြီးပြီး ခွေးစာအရွယ်အစားက လူစားသည့်ဘီစကစ်လောက်ထွက်လာသည်။ သို့ရာတွင် အရွယ်အစားက ခွေးစာအပေါ်သက်ရောက်မှုမရှိ။
သူကမီးဖိုပိတ်လိုက်ရာ အပေါ်တွင်ချိန်မှတ်ပေါ်လာသည်။
နောက်တစ်ဆင့်က အချိန်ပြည့်အောင်စောင့်ရုံသာ။
မကြာမီ ခွေးစာအဆင်သင့်ရသောအခါ ချင်လင်ဖုန်းမြည်လာသည်။
သူ့ယောက်ဖ ကျောက်မိုယွင်ပင်။
သူကအမြန်ဖုန်းကိုင်လိုက်သည်။
"ချင်လင်... အပန်းဖြေစံအိမ်ရုံးခန်းထဲမှာမလား?''
ကျောက်မိုယွင်အသံကြားရသည်။
"တံခါးဘဲလ်နှိပ်ပြီး အတွင်းဘက်ထဲလာရုံပဲ''
ချင်လင်ကပြောလိုက်သည်။