← Chapters

အင်မောတယ်ကောင်းကင်ဘုံကုန်းမြေထံမှ ထင်မြင်ချက်အမျိုးမျိုး

Vol. 128 Ch. 1759

အင်မောတယ်ကောင်းကင်ဘုံကုန်းမြေထံမှ ထင်မြင်ချက်အမျိုးမျိုး

Vol. 128 Ch. 1759

“ရှေးဟောင်းနတ်ဆိုးခန္ဓာကိုယ်နဲ့၊ နတ်ဆိုးရဲ့ စိတ်ဝိညာဉ်ကို ထုတ်နှုတ်ပြီး သွေးတစ်စက်ဖြစ်ပေါ်မယ်။ ထုတ်နှုတ်ခြင်း…”  ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ သူ့ခန္ဓာကိုယ်ပေါ်သို့ ဖိချလိုက်ကာ မာန်သွင်းလိုက်၏။ သူ၏ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ယင်လာသည်။

သူ၏ဘယ်မျက်လုံးသည် ချက်ခြင်း အရည်ပျော်ကြသွား၏။ နာကျင်မှုက သူ့ထံ လှိုက်တက်လာသည်။ ဝမ်လင်းသည် နာကျင်လွန်းသဖြင့် အံတင်းတင်း ကြိတ်ထားရသည်။ ဝမ်လင်းသည် သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ဆွဲထုတ်ပစ်သည့်အလား ခံစားရ၏။ သူ၏ဘယ်မျက်လုံးထံမှ သွေးတစ်စက် ပျံသန်းထွက်လာသည်။

ထိုသွေးစက်က လက်သည်းအရွယ်ရှိကာ ဝမ်လင်း၏ရှေ့တွင် လွင့်မြောသည်။ အနှီသွေးစက်ထဲ၌ ဝမ်လင်းနှင့် ချွတ်ဆွတ်တူသော နတ်ဆိုးလေးတစ်ပါး ရှိနေသည်။

“ငါ့ရှေးဟောင်းမိစ္ဆာခန္ဓာကိုယ်နဲ့ မိစ္ဆာရဲ့ စိတ်ဝိညာဉ်ကို ထုတ်နှုတ်၊ သွေးတစ်စက်ကို ဖြစ်ပေါ်စေမယ်။ ထုတ်နှုတ်ခြင်း…”  ဝမ်လင်း၏အသံသည် တည်ငြိမ်လျက် သူက နာကျင်မှုကို တောင့်ခံထားသည်။

သူက ထိုသို့ပြောရင်း သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ သူ၏ခန္ဓာကိုယ်ပေါ်သို့ ဖိချလိုက်သည်။ သူ့ညာမျက်လုံးထံမှ တစီစီအသံများ ထွက်ပေါ်လာကာ ၎င်းသည် ပျက်စီးသည်။ ဝမ်လင်း၏ခန္ဓာကိုယ်မှာ အရိုးစုတစ်ခုအလား မြန်ဆန်စွာ သွေ့ခြောက်လာသည်။

သူ့ညာမျက်လုံး ပျက်စီးသွားပြီးနောက် ကြောက်မက်ဖွယ်မိစ္ဆာစွမ်းအင်နှင့် ပြည့်နှက်နေသော အနက်ရောင်သွေးတစ်စက်သည် ပျံသန်းထွက်လာကာ ရှေးဟောင်းနတ်ဆိုးသွေး ဘေးနား၌ လွင့်မြောသည်။ ၎င်းသွေးစက်ထဲ၌လည်း ဝမ်လင်းနှင့် ချွတ်ဆွတ်တူသော ရှေးဟောင်းမိစ္ဆာငယ်တပါး ထိုင်နေသည်။

“ငါ့ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်နဲ့ အရာအားလုံး အရည်ပျော်ပြီး ရှေးဟောင်းနတ်ဘုရားသွေးစက် ဖြစ်ပေါ်လာစေ…”  ဝမ်လင်း၏အမြင်သည် ဝေဝါးသွား၏။ သူက ကောင်းကောင်း မမြင်နိုင်တော့ပေ။ နာကျင်မှုက သူ၏အကန့်အသတ်ထက် ကျော်လွန်နေပေပြီ။ သို့သော် သူက တင်းခံထား၏။ သူသည် သည်ရှေးမျိုးနွယ်ကောင်းကင်ဘုံသွေးကပ်ဘေးကို ဖြတ်ကျော်နိုင်ရမည် မဟုတ်လား။

သူ့ခန္ဓာကိုယ် အရည်ပျော်ကြလာ၏။ ဦးဆုံးအရည်ပျော်သည့် အပိုင်းမှာ သူ၏ခြေလက်များ၊ ထို့နောက် သူ၏ခန္ဓာကိုယ်မှာ သွေးမြူဖြင့် ဝန်းရံခံရပြီး ပျောက်ကွယ်သွားကာ ထိုသွေးမြူ၏အစိတ်အပိုင်း ဖြစ်လာသည်။

ထိုမြူက ရွှေ့လျားကာ မြန်ဆန်စွာသိပ်သည်းသည်။ ခုနစ်မိနစ်ခန့် ကြာပြီးနောက် ၎င်းက ရှေးဟောင်းနတ်ဘုရားသွေးတစ်စက်အဖြစ် ဖြစ်ပေါ်သည်။

သည်အခိုက်အတန့်တွင် ပလ္လင်ပေါ်၌ ဝမ်လင်း၏ကိုယ်ပွားနေရာမှ ကြည့်ပါက သူ၏မူလခန္ဓာကိုယ်သည် သဲလွန်စမရှိ ပျောက်ကွယ်သွားပြီး သွေးသုံးစက်သာ ကျန်ရစ်လေတော့၏။

ထိုသွေးသုံးစက်က သည်နေရာတွင် လွင့်မြောနေ၏။ ၎င်းတို့ထဲ၌ အရွယ်အစားသေးငယ်လွန်းသော ဝမ်လင်း ရှိနေ၏။ သည်အခိုက်တွင် ဝမ်လင်းငယ်ပုံရိပ်သုံးခုက မျက်လုံးဖွင့်လာပြီး အနှီသွေးသုံးစက်သည် မြန်ဆန်စွာ ပေါင်းစည်းကြသည်။ ခဏတာ ငြိမ်သက်သွားပြီးနောက် သွေးသုံးစက်က တစ်စက်တည်းအဖြစ်သို့ ပေါင်းစပ်သွားကြသည်။

ထိုသွေးစက်က ရှေးဟောင်းနတ်ဘုရား၊နတ်ဆိုး၊မိစ္ဆာတို့ ခန္ဓာကိုယ်များ၏ အနှစ်သာရပင်။ ၎င်းမှာ ဝမ်လင်း၏အရာအားလုံးလည်း ဟုတ်သည်။

ထိုသွေးမှာ ကောင်းကင်ဘုံသားများ၏ သွေးနှင့် ခြားနားပေ၏။ ထိုသွေးသည် ရွှေရောင်မဟုတ်ပေ။ အနက်ရောင်အလင်းကို ပေးစွမ်း၏။ ၎င်းကြောင့် ပတ်ဝန်းကျင်မှု မှုန်မှိုင်းသွားသည်။

သွေးသုံးစက် တစ်စက်တည်းအဖြစ်သို့ ပေါင်းစပ်သွားသည့်အခိုက်တွင် ရှေးအော်ရာတစ်ခု ၎င်းထံမှ ပျံ့လွင့်လာ၏။ ထိုသွေးစက်တွင် အချိန်ကာလတန်ဖိုးနှင့် ရှေးကလန်၏ ကောင်းကင်ဖိဆန်သည့်စိတ်ဆန္ဒ ပါဝင်သည်။ ၎င်းက ကောင်းကင်ထက်သို့ ထိုးတက်သွားကာ အကွာအဝေးတစ်ခုထံ ပျံသန်းသွားသည်။

သည်လှိုဏ်ဂူလောကတစ်ခုလုံးရှိ မည်သည့်ကျင့်ကြံသူကမျှ သည်အော်ရာကို သတိမပြုမိကြပေ။ အကြောင်းမှာ ယင်းအော်ရာကို ရှေးကလန်က ပိုင်ဆိုင်၍ မည်သည့်ကျင့်ကြံသူကမျှ မပိုင်ဆိုင်သောကြောင့်တည်း။

ထိုအော်ရာ ပျံ့လွင့်လာသည့်အခါ သည်လှိုဏ်ဂူလောကရှိ ရှေးသွေးမျိုးဆက် ပိုင်ဆိုင်သူတိုင်းက ၎င်းကို ခံစားမိကြသည်။ သူတို့သည် သူတို့၏သွေးမျိုးဆက်ထံမှ စွမ်းအားတစ်ခုကို ခံစားမိသည်။

အတွင်းနယ်မြေ၌ တိုက်ပွဲများစွာ ဖြစ်ပွားခဲ့ပြီးနောက် မသေခဲ့သော တိမ်ပင်လယ်ရှိ ရှေးဟောင်းနတ်ဆိုးက တုန်လှုပ်စွာ မျက်လုံးဖွင့်လာသည်။ သူက အကွာအတေးတစ်ခုသို့ စိုက်ကြည့်ကာ သည်အော်ရာကို ခံစားမိသည်။ သူက ထိုအော်ရာကို ပူဇော်ချင်သကဲ့သို့လည်း ခံစားမိပေသည်။

ပျက်စီးသွားသော တန်လင်းဂြိုဟ် ပတ်လည်ရှိ မမြင်ရသော အက်ကြောင်းတွင်း၌လည်း အမျိုးသမီးရှေးဟောင်းနတ်ဘုရားတစ်ပါး ထိုင်နေသည်။ ဒီအခိုက်တွင် သူမက မျက်လုံးဖွင့်လာ၏။ သူမ၏မျက်လုံးထဲ၌ ထိတ်လန့်မှုတို့ ရှိလာသည်။ သူမက ခဏတာ မင်သက်သွားပြီးနောက် သူမ၏ခန္ဓာကိုယ်သည် မထိန်းချုပ်နိုင်စွာ တုန်ယင်မိသည်။

“ရှေးမျိုးနွယ်ကောင်းကင်ဘုံသွေး…”

ပြင်ပနယ်မြေထဲ၌ ရှေးသင်္ချိုင်းအတွင်းကနေ ထာဆန်သည် မထွက်သွားသေးပေ။ သူက သည်နေရာတွင် သူ၏အမွေအနှစ်ကို ပြီးပြည့်စုံအောင် လုပ်ရန် ဆက်ရှိနေသည်။ သူက မျက်လုံးမှိတ်၍ ထိုင်နေ၏။

ဝမ်လင်းက သူ အမြဲတမ်း လိုချင်ခဲ့သော ထူစီ၏ မှတ်ဉာဏ်ကို သူ့အား ပေးခဲ့ပေ၏။ ၎င်းမှတ်ဉာဏ်အမွေအနှစ်နှင့် ပေါင်းစပ်ပြီးနောက် သူသည် ထာဆန်အဖြစ်ပဲ ဆက်ရှိနေမလား၊ သို့တည်းမဟုတ် နိုးထလာသော ထူစီဖြစ်မလားကိုမူ မသိရလေပေ။

သို့ပေမည့် ဒီအခိုက်တွင် သူသည် ရုတ်တရက် မျက်လုံးဖွင့်လာပြီး သူ့မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွားလေ၏။

အင်မောတယ်ကောင်းကင်ဘုံကုန်းမြေပေါ်တွင် အရှေ့ပိုင်းနှင့်တောင်ပိုင်းသည် ကောင်းကင်ဘုံသားများ၏ အပိုင်ဖြစ်ပြီး အနောက်နှင့်မြောက်အရပ်တို့မှာ ရှေးလူများ၏ အပိုင် ဖြစ်၏။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေသည် ကြီးမားလွန်းသဖြင့် ကျင့်ကြံသူများဖြစ်စေ၊ ရှေးလူများဖြစ်စေ သူတို့သည် သူတို့၏ကိုယ်ပိုင်နိုင်ငံများထံမှ လုံးဝ မထွက်ခွာကြပေ။

ခုချိန်၌ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ မြောက်ပိုင်း၌ မြောလွင့်နေသော ဧရာမမြို့တစ်ခု ရှိလေ၏။ ၎င်းမြို့၏ အရွယ်အစားမှာ ဝမ်လင်းတို့ လှိုဏ်ဂူလောကလောက် ကြီးမားပေသည်။ ထိုမြို့၏ အစွန်းအနားသပ်ကို တွေ့မြင်ရဖို့မှာ  မဖြစ်နိုင်ပေ။

သည်မြို့၏ အောက်ဘက်ရှိ ဟင်းလင်းပြင်မှာ လုံးဝ နက်မှောင်နေပြီး နေရောင် မမြင်ရသော နေရာတစ်ခု ရှိနေ၏။ ဤသည်မှာ ကောင်းကင်ဘုံသားအကျဉ်းသားများအတွက် ရှေးနိုင်ငံ၏ အကျဉ်းထောင် ဖြစ်ပေသည်။

သည်မြို့ကို ဖိနှိပ်ခြင်းအဖြစ် အသုံးပြုကာ ကောင်းကင်ဘုံသွေးမျိုးဆက် ပိုင်ဆိုင်သော ကျင့်ကြံသူများစွာသည် ဒီနေရာတွင် ချုပ်နှောင်ခံထားရသည်။

သည်ရှေးဟောင်းမြို့၏ ဗဟိုချက်၌ ကြီးမားသောရုပ်တုတစ်ခု မားမားကြီး ရှိနေ၏။ သည်ရုပ်တုမှာ အလွန်ကြီးသဖြင့် ကောင်းကင်ကိုပါ ထောက်ပိုးထားသည့်နှယ်။ အဝေးမှ ကြည့်လျှင်ပင် ထိုရုပ်တုကို တွေ့မြင်နိုင်လိမ့်မည်။

ထိုရုပ်တုမှာ သက်လတ်ပိုင်းလူတစ်ယောက်၏ ရုပ်တု ဖြစ်၏။ သူ၏အမူအရာက ထည်ဝါခမ်းနားလှကာ  သူ၏အောက်ဘက်ရှိ မြေပြင်ထုကို ကြည့်နေ၏။

သူ၏အမြင်၌ ကောင်းကင်သည် ဘာအရေးနည်း၊ မြေပြင်သည် ဘာအရေးနည်း၊ ကောင်းကင်ဘုံသားများသည် ဘာဖြစ်သေးသနည်းဟူသော မောက်မာမှု ပြည့်လေ၏။

သူ့လက်နှစ်ဖက်ကို ဖြန့်ကားထားကာ သူက ဒီအင်မောတယ်ကောင်းကင်ဘုံကုန်းမြေတစ်ခုလုံးကို ထိန်းချုပ်ထားသည့်နှယ်။ သူ၏ ကြီးမားလှသော လက်ဝါးနှစ်ဖက်က ဒီကုန်းမြေတစ်ခုလုံးကို ဖျက်စီးနိုင်မည့် စွမ်းအား ရှိနေသည့်အလား။ သူ၏ဘယ်လက်ပေါ်၌ လူငယ်တစ်ယောက် ရပ်နေ၏။

ထိုလူငယ်က တခေါင်းလုံး ဆံပင်နက်များ ပိုင်ဆိုင်ထားပြီး ဝတ်ရုံနက်ကိုလည်း ဝတ်ဆင်ထားသည်။ သူ၏ အနက်ရောင်ဆံပင်များက လွင့်ဝဲနေလျက် သူက သူ၏ရှေ့ရှိ ရုပ်တုကို လေးစားသမှုဖြင့် ကြည့်နေသည်။

လွန်ခဲ့သော ရက်အနည်းငယ်က သည်ရုပ်တု၏ မျက်ခုံးနှစ်ခုကြား၌ ခပ်ဖျော့ဖျော့အလင်းတစ်ခု ပေါ်လာခဲ့၏။ ထိုအလင်းက အနီရောင် ဖြစ်ကာ သိပ်သည်းထားသောသွေးနှင့် အလားသဏ္ဌာန်တူသည်။ ယင်းသည် သည်နေရာတွင် ရပ်၍ ဒီရုပ်တုကို ကြည့်နေသော လူငယ်ကို တုန်လှုပ်သွားစေသော မြင်ကွင်းပင်။

သူ၏နောက်တွင် ပုံရိပ်ထောင်ချီ မြောလွင့်နေ၏။ ထိုသူတို့နောက်တွင် သောင်းချီ၊ သိန်းချီသော ပုံရိပ်များက မြောလွင့်နေကြသည်။

လူပေါင်းမြောက်များစွာ ရှိနေသော်လည်း အသံဗလံ တစ်သံမျှ မဆူညံပေ။ လူတိုင်း၏အကြည့်က ဝတ်ရုံနက်လူငယ်နှင့် ရုပ်တုထံသို့သာ မြဲမြံစွာ ကျရောက်နေသည်။

အချိန်အတန်ကြာပြီးနောက် ထိုဝတ်ရုံနက်လူငယ်က သူ့ကိုယ်သူ ပြောလိုက်သည့်အလား ခပ်တိုးတိုး ရေရွတ်လိုက်၏။ “အချိန်ကျလာခဲ့ပြီလား…”

ထိုအခိုက်အတန့်တွင် ပေတစ်သိန်းမြင့်မားသော ဧရာမလူကြီး ကိုးယောက်သည် အဝေးရှိ လေဟာနယ်အတွင်းမှ လှမ်းလျှောက်လာ၏။ သူတို့၏ နောက်တွင် သည်ရုပ်တုနှင့် ရုပ်ချင်းဆင်သော တော်ဝင်ဝတ်ရုံဖြင့် လူတစ်ယောက် ရှိနေသည်။ သူက လက်နောက်ပစ်၍ လှမ်းလျှောက်လာ၏။

သူ့နောက်တွင်လည်း ပေတစ်သိန်းမြင့်မားသော ဧရာမလူကြီးကိုးယောက် လိုက်ပါလာကြသည်။

သူ၏ပုံပန်းသွင်ပြင်က ရှေးနိုင်ငံကျင့်ကြံသူ တစ်သန်းနီးပါးကို ဦးညွှတ်သွားစေ၏။

“ရှေးအင်ပါယာကို နှုတ်ဆက်ပါတယ်…”

ဝတ်ရုံနက်လူငယ်သည်သာ ဦးမညွှန်ဘဲ ရုပ်တုကို တည်ငြိမ်စွာ ဆက်ကြည့်နေ၏။

တော်ဝတ်ဝတ်ရုံဖြင့်လူက စိတ်ထဲမထားသည့်ပုံပင်။ သူက သူ့ကို ဦးညွှတ်နေသော လူတစ်သန်းကို ဖြတ်ကျော်ကာ သည်လူငယ် ဘေးနားသို့ ရောက်လာ၏။ သူက ပြုံး၍ လေးစားသမှုဖြင့် လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။

“ယဲ့စုက မဟာအင်ပါယာရွှမ်လောကို နှုတ်ဆက်ပါတယ်…”

ဝတ်ရုံနက်လူငယ်မှာ နေကိုးစင်းထဲမှ တစ်စင်းဖြစ်သော မဟာအင်ပါယာရွှမ်လောပင်။

ဝတ်ရုံနက်လူငယ်က ဖြည်းဖြည်းချင်း ပြောလိုက်၏။ “အချိန် ကျရောက်တော့မှာ…မင်း နည်းနည်း နောက်ကျနေတယ်…”

“မဟာအင်ပါယာက ငါ့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတဘ်။ ဂျီနဲ့ရှီအင်ပါယာတို့ဟာ ဒီနေရာမှာ ဖြစ်ပျက်နေတဲ့ ကိစ္စအပေါ် ပူပန်နေကြတယ်။ ငါက နတ်ဘုရားအာရုံနဲ့ သူတို့ကို စကားပြောဆိုနေတာပါ…”   တော်ဝင်ဝတ်ရုံဖြင့် သက်လတ်ပိုင်းလူက မချိပြုံးပြုံးကာ ခေါင်းညိတ်လိုက်၏။

ဝတ်ရုံနက်လူငယ်က အေးစက်စက် ပြောလိုက်သည်။

“ဂျီ၊တောက်၊ရှီ အင်ပါယာသုံးယောက်။ မင်းဟာ တောက်နိုင်ငံရဲ့ အင်ပါယာပဲ။ မင်း သူတို့ကို အရေးစိုက်ပြီး ပြောနေဖို့ မလိုဘူး။ ဒီကိစ္စဟာ ငါ့တောက်နိုင်ငံရဲ့ မဟာအဖြစ်အပျက်ကြီးတစ်ခုပဲ…”

“ဦးလေး ပြောတာ ဟုတ်ပါတယ်…” ထိုသက်လတ်ပိုင်းလူက ဝတ်ရုံနက်လူငယ်ကို ဦးလေးဟု ပြောင်းခေါ်လိုက်၏။

သက်လတ်ပိုင်းလူက ဦးလေးဟု သူ့ကို ခေါ်သည့်အခါ ဝတ်ရုံနက်လူငယ်၏အမူအရာသည် အနည်းငယ် ပျော့ပြောင်းသွား၏။

“ဦးလေး…ဒီကိစ္စဟာ ထူးဆန်းလွန်းတယ်။ ဘာအခွင့်အရေးတွေများ ဖြစ်မလဲ ငါ သိချင်မိတယ်…”  တော်ဝင်ဝတ်ရုံဖြင့်လူက သူနှင့် ရုပ်ချင်းဆင်သည့် ဘိုးဘေးဖြစ်သော ရုပ်တုကို ကြည့်လိုက်သည်။

ဝတ်ရုံနက်လူငယ်က အချိန်အတန်ကြာ စဉ်းစားနေပြီးနောက် ပြောလာ၏။ “ယဲ့မိုရဲ့ အမွေဆက်ခံခဲ့တဲ့သူဟာ မတော်တဆမှုတစ်ခုပဲ။ ဘာဖြစ်နေလဲတော့ ငါလည်း မသိဘူး။ သွေးမျိုးဆက်ကနေ ငါ ဒါကို ခံစားမိရုံပဲ။ သူက ရှေးဘိုးဘေးရဲ့ အသိအမှတ်ပြုမှု ရမရတော့ ငါ မသေချာဘူး..”

“သူက ယဲ့မိုရဲ့ အမွေဆက်ခံသူလား။ ဒါ…ဒါ ဘယ်လိုဖြစ်နိုင်ပါ့မလဲ…”

“အတိတ်တုန်းက…ယဲ့မိုဟာ…” သူ့စကားမဆုံးခင်မှာပင် ဝတ်ရုံနက်လူငယ်က ကြားဖြတ်ပြောလိုက်သည်။

“လွန်ခဲ့တဲ့ခုနစ်ရက်က ငါ့ရှေးကလန်ရဲ့ ရုပ်တုဟာ ကောင်းကင်ဘုံသွေးအလင်းကို ပေးစွမ်းလာခဲ့တယ်။ ဒီကိစ္စဟာ သာမန်ပဲ။ ဒါပေမဲ့ ဒီသွေးအလင်းဟာ စုစည်းနေတာ ခုနစ်ရက်ကြာနေပြီ။ ခုထိ မဖွဲ့စည်းမဖြစ်ပေါ်သေးဘူး။ ဒီလိုအရာမျိုးဟာ ဖြစ်ခဲလှတယ်…”

“ငါ့တုန်းက သွေးအလင်းဟာ ကိုးရက်စုစည်းခဲ့တာ။ ငါ ရှေးသွေးမျိုးဆက် ပိုင်ဆိုင်တဲ့ သူတိုင်းကို သေချာ ရှာကြည့်ပြီးပြီး။ ဘယ်သူကမျှ ရှေးမျိုးနွယ်ကောင်းကင်ဘုံသွေးကပ်ဘေးကို စတင် ဖြတ်ကျော်နေတာ မရှိဘူး။ အဲ့ဒီနောက် ငါဟာ ဒီအကြောင်းရင်းကို ရှာဖို့အတွက် ရှေ့ဖြစ်ကြည့်ခဲ့တယ်…”

“ဒါဟာ ယဲ့မိုရဲ့ အမွေဆက်ခံသူပဲ…”

“သူသာ အောင်မြင်ခဲ့ရင် သူသာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကို ရောက်လာခဲ့ရင် သူ့ကို ငါ့တပည့်အဖြစ် လက်ခံမယ်လို့ စဉ်းစားထားတယ်။ ငါ့ရဲ့ တစ်ဦးတည်းသောတပည့်ပေါ့။ လှိုဏ်ဂူလောကထဲကနေ ဒီအဆင့်ထိ ရောက်နိုင်စွမ်းရှိခဲ့တဲ့အတွက် သူဟာ အနာဂတ်မှာ အလွန်အစွမ်းထက်တဲ့ တစ်စုံတစ်ယောက် ဖြစ်လာလိမ့်မယ်။ ငါ့ရှေးမျိုးနွယ်အတွက် အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာလိမ့်မယ်…”

“ငါ ပြန်လည်မွေးဖွားပြီးတဲ့နောက် သူက ရှေးမျိုးနွယ်ကို စောင့်ရှောက်ဖို့ ကူညီပေးနိုင်လိမ့်မယ်။ သူ အောင်မြင်ပါစေလို့ပဲ ငါ မျှော်လင့်မိတယ်…”

ဝတ်ရုံနက်လူငယ် (ဝါ) မဟာအင်ပါယာရွှမ်လောသည် ရုပ်တုကို ကြည့်နေရင်း ထိုသို့ ဖြည်းဖြည်းချင်း ပြောလိုက်လေ၏။

တဖြည်းဖြည်း အချိန် ကုန်လာသည်။ ရှစ်ရက်၊ ကိုးရက်ကနေသည် ဆယ့်သုံးရက်ထိ ကုန်လွန်လာသည်။

ငြိိမ်သက်တိတ်ဆိတ်နေလျက် ပတ်ဝန်းကျင်ရှိ ရှေးကလန်ဝင်များသည် ရုပ်တု၏ ပတ်လည်ရှိ သွေးအလင်းသည် သည်ရက်များအတွင်း ပို၍ အားကောင်းလာသည်ကို ကြည့်နေကြသည်။ သူတို့၏မျက်လုံးထဲရှိ မျှော်လင့်သည့်အရိပ်အယောင်များမှာ ပိုလာသည်။

ဆယ့်သုံးရက်နေ့၏ ညနေခင်း၌ ပြောင်းလဲမှုတစ်ခု ဖြစ်ပွားလာ၏။

ထိုရုပ်တု၏ မျက်ခုံးနှစ်ခုကြားရှိ သွေးမျိုးဆက်သည် အကန့်အသတ်သို့ ရောက်လာ၏။ ပတ်ဝန်းကျင်တစ်ခုလုံးသည် သွေးအလင်း၏ ခြုံလွှမ်းထားခြင်းကို ခံရသည်။ ခဏတာ ကြာမြင့်ပြီးနောက် သည်ရုပ်တု၏ မျက်ခုံးနှစ်ခုကြား၌ သွေးတစ်စက် ဖြည်းဖြည်းချင်း ဖွဲ့စည်းလာသည်။

အချိန်အတန်ကြာသည့်အထိ ဒုတိယအကြိမ်မြောက်‌ သွေးစက်မှာ ထွက်ပေါ်မလာခဲ့သေးပေ။

“သွေးတစ်စက်ထဲလား…”  တော်ဝင်ဝတ်ရုံဖြင့်လူ၏ မျက်လုံးထဲ၌ မသိမသာ အထင်သေးဟန် ဖြစ်ပေါ်သွားသည်။

သူသာမက ဘေးပတ်လည်ရှိ ရှေးကလန်ဝင်များအားလုံးသည် စိတ်ပျက်လက်ပျက် ဖြစ်သွားကြ၏။ သူတို့က ထူးခြားအံ့ဖွယ်တစ်ခုခု မြင်ရမလားဟု ဆယ့်သုံးရက် စောင့်နေခဲ့ရ၏။ သူတို့က သွေးတစ်စက်တည်း ဖွဲ့စည်းကိုသာ မြင်ရလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။

သို့ပေမည့် သည်အခိုက်တွင် ထိုလူများထံမှ အံ့အားတသင့်အသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ရုပ်တု၏မျက်ခုံးကြားမှ ဒုတိယမြောက်သွေးစက် ထွက်ပေါ်လာ၏။ သိပ်မကြာခင်တွင် တတိယ၊စတုတ္ထကြိမ်မြောက် သွေးစက်တို့ ပျံသန်းထွက်လာ၏။

သွေးလေးစက်။

“ဒါက တကယ့်ကို သွေးလေးစက်ပဲ…”

All Chapters