← Chapters

ပထမဆုံးသူ

Vol. 128 Ch. 1760

ပထမဆုံးသူ

Vol. 128 Ch. 1760

တော်ဝင်ဝတ်ရုံဖြင့်လူက ရုပ်တု၏ မျက်ခုံးနှစ်ခုကြားသို့ စိုက်ကြည့်ကာ အံ့အားသင့်ဟန် အရိပ်အယောင် ဖြစ်ပေါ်သည်။ သွေးလေးစက်က သူ့ကို တုန်လှုပ်မိစေဖို့တော့ မလုံလောက်သေးပေ။ ယဲ့မိုသည်ပင် သွေးသုံးစက်သာ လက်ခံရရှိခဲ့သည် မဟုတ်လား။

သည်ကပ်ဘေးအတွင်း သွေးတစ်စက် ရရှိသူ များသော်လည်း သွေးနှစ်စက်ရသူများမှာလည်း အတော်အတန် ရှိနေသည်သာ။ ယဲ့မိုအပြင် တော်ဝင်သွေးမျိုးဆက်နှင့် အများစုက ရှေးမျိုးနွယ်ကောင်းကင်ဘုံသွေး ကပ်ဘေး၌ အနည်းဆုံးသွေးနှစ်စက်တော့ ရကြသည်သာ။

ထို့ထက်ပိုသည်မှာ တော်ဝင်ဝတ်ရုံဖြင့်လူကိုယ်တိုင် သွေးခြောက်စက် ရရှိထားပေ၏။ သူသည် ရွှမ်လောအပြင် သည်တောက်ကလန်၌ အသန်မာဆုံးသူ ဖြစ်၏။

ထို့အတွက်ကြောင့် သူက တောက်ကလန်၏ ဘုရင် ဖြစ်လာခဲ့ကာ သူ၏အဆင့်အတန်းမှာ မြင့်မားလှသည်။ မည်သို့ပင်ဖြစ်စေ သူသည် ရွှမ်လော၏ တပည့်အဖြစ် ရွေးချယ်ခြင်း မခံခဲ့ရပေ။ သူက ဒီကိစ္စအပေါ် မကျေနပ်သော်လည်း မပြောဝံ့ပေ။

သူက မဟာအင်ပါယာရွှမ်လောထံမှ ယဲ့မို၏ဆက်ခံသူကို တပည့်အဖြစ် လက်ခံတော့မည်ဟူသော စကားကို ကြားသည့်အခါ မကျေမနပ် ခံစားမိခဲ့၏။ သို့သော် သူသည် ထိုမကျေမနပ်မှုကို မထုတ်ဖော်ပြပေ။

“သွေးလေးစက်၊ ဒီလိုအရာမျိုး မဖြစ်ပွားလာတာ အတော်ကြာခဲ့ပြီ…”

“ဒါပေမဲ့ သွေးလေးစက်ဟာ သူ့အကန့်အသတ် ဖြစ်လိမ့်မယ်။ ရုပ်တုရဲ့ အလင်းက စတင် မှိန်လာနေတာကို တွေ့တယ်မလား…”

“ဆယ့်သုံးရက်အချိန်အရ ဒီသွေးလေးစက်ဟာ သိပ်များများစားစားတော့ မဟုတ်လေဘူး…”

ရုပ်တုပတ်လည်ရှိ လူများထံမှ ပြောဆိုဆွေးနွေးသံများ ထွက်ပေါ်လာ၏။ သူတို့၏အကြည့်က ရုပ်တုထံ၌ စုဝေးနေကြ၏။ သူတို့က အနီရောင်အလင်း တဖြည်းဖြည်း ပျောက်ကွယ်ကာ မျက်ခုံးနှစ်ခုကြား၌ သေးငယ်သောအလင်းတစ်ခုသာ ကျန်ရစ်တော့သည်ကို စောင့်ကြည့်နေကြသည်။

သည်အခိုက်၌ ရှေးကလန်ဝင်တစ်သန်းနီးပါးသည် ဒီကပ်ဘေးကိစ္စက အဆုံးသပ်တော့မည်ကို သိရှိ၏။

တော်ဝင်ဝတ်ရုံဖြင့်လူက တည်ငြိမ်နေ၏။ သို့သော် သူက စိတ်ထဲကနေ နှာခေါင်းရှုံ့လိုက်သည်။

“သွေးလေးစက်လောက်နဲ့။ သူဟာ ငါ့တောက်ကလန်ကို ကာကွယ်နိုင်မယ့် စွမ်းအား ဘယ်လိုလုပ် ရှိနိုင်မလဲ…။ ဒီနေ့ကိစ္စဟာ အဖြစ်မှန်ထက် ပိုပြီး ချဲ့ကားနေတာပဲ…”

“ဦးလေးက တပည့်တစ်ယောက် လက်ခံချင်ရင်လည်း ငါ့တောက်ကလန်မှာ သွေးလေးစက် ရရှိခဲ့တဲ့သူတွေ ရှိတယ်။ ငါ သွေးခြောက်စက် လက်ခံရရှိခဲ့တဲ့အချိန်တုန်းကတောင် သူဟာ ငါ့ကို တပည့်တစ်ယောက်အဖြစ် မစဉ်းစားခဲ့ဘူး…”

“သူ ယဲ့မိုရဲ့ ဆက်ခံသူကို တပည့်အဖြစ် လက်ခံဖို့ ဆုံးဖြတ်ထားအုံးမယ်ဆိုရင် အရင်ဆုံး သဘောမတူမယ့်သူက ငါပဲ ဖြစ်လာလိမ့်မယ်…”

တော်ဝင်ဝတ်ရုံနှင့်လူက သူ၏အတွေးများကို မဖော်ပြဘဲ ထိုအစား အပြင်ပိုင်းတွင် စိတ်မကောင်းဖြစ်သည့်ဟန် လှစ်ဟဖော်ပြ၏။ သူက ခေါင်းယမ်းကာ ခါးသီးစွာ ပြုံး၍ သူ့ဘေးရှိ မဟာအင်ပါယာရွှမ်လောထံ ခပ်တိုးတိုး ပြောလိုက်သည်။

“ဦးလေး…သွေးလေးစက်ဟာ တော်တော်များနေပါပြီ။ ယဲ့မိုရဲ့ ဆက်ခံသူဟာ ငါတို့ တောက်ကလန်ရဲ့ ပါရမီရှင်လို့ ယူဆနိုင်တယ်…”

မဟာအင်ပါယာရွှမ်လော၏ အမူအရာက ပုံမှန်အတိုင်းသာ ရှိနေ၏။ သူက ထိုတော်ဝင်ဝတ်ရုံဖြင့်လူ၏ စကားကို မကြားလေသည့်အလား။ သူက ရုပ်တု၏မျက်ခုံးနှစ်ခုကြားကိုသာ စိုက်ကြည့်၍ အနီရောင်အလင်းက အမျှင်တန်းတစ်ခုသာ ကျန်တော့သည့်အဖြစ်ကို စောင့်ကြည့်နေသည်။

သူက ပေါ်ထွက်လာသော သွေးလေးစက်က သလင်းကဲ့သို့ ကြည်လင်သော အလင်းကို ထုတ်လွှတ်သည်ကိုလည်း ကြည့်နေ၏။ ထိုသွေးစက်တို့သည် လေဟာနယ်ကို ချိုးဖျက်ကာ အကွာအဝေးတစ်ခုသို့ ပျောက်ကွယ်သွားတော့သည်။

အချိန်အတန်ကြာပြီးနောက် ဝတ်ရုံနက်လူငယ်က ဖြည်းဖြည်းချင်း ပြောလိုက်၏။ “နောက်ထပ် နည်းနည်း ထပ်စောင့်ကြည့်ရအောင်…”

တော်ဝင်ဝတ်ရုံဖြင့်လူက သဘောတူစွာ ခေါင်းညိတ်၏။ သို့သော် သူ့စိတ်ထဲ၌မူ အထင်သေးမှုတို့ ပြည့်နေသည်။

“ဦးလေးကလွဲလို့ တောက်ကလန်ရဲ့ ဘယ်သူကမျှ ငါ့ထက် ပါရမီပိုမကောင်းကြဘူး။ ယဲ့မိုလည်း လုံလောက်အောင် ပါရမီမရှိသလို၊ သူ့ဆက်ခံသူလည်း အဲ့လိုပဲ…”

အချိန်တဖြည်းဖြည်း ကုန်ဆုံးနေ၏။ သည်အခိုက်တွင် တိမ်ပင်လယ်ရှိ အက်ကြောင်းအတွင်း၌ ဝမ်လင်း၏ကိုယ်ပွားက ပလ္လင်အစွန်းအနားတွင် ထိုင်နေသည်။ သူက သူ၏မူလခန္ဓာကိုယ်ကြောင့် ဖြစ်ပေါ်လာသော သွေးစက်ကို ကြည့်နေ၏။

ထိုသွေးစက်သည် ငြိမ်သက်စွာ မလှုပ်မယှက် ရှိနေ၏။ သို့သော် သည်အခိုက်တွင် သည်ထူးခြားသော ဟင်းလင်းပြင်အတွင်း၌ တဝီဝီမြည်သံ စတင် ပဲ့တင်ထပ်သည်။ လှိုင်းဂယက်များ ပေါ်လာကာ အစွမ်းထက်ရှေးအော်ရာတစ်ခု တဖြည်းဖြည်း ပျံ့လွင့်လာသည်။

ထိုအော်ရာက သည်လှိုဏ်ဂူလောက၏ အရာအားလုံးထက် သာလွန်၏။ မဟာအင်ပါယာတစ်ယောက်၏ အော်ရာသည်ပင် ၎င်းကို မယှဉ်သာပေ။ သို့ပေမည့် ထိုအော်ရာက ထိတ်လန့်စေခြင်း မရှိသလို မည်သူကမျှလည်း ၎င်းကို အာရုံမစိုက်မိကြပေ။ ဝမ်လင်းတစ်ယောက်သာ ၎င်းကို ခံစားနိုင်၏။

ပလ္လင်အထက်တွင် လှိုင်းဂယက်များ ပေါ်လာကာ ဧရာမဝဲကတော့တစ်ခု ဖြစ်ပေါ်သည်။ ယင်းဝဲကတော့က ဖြည်းညင်းစွာ လှည့်ပတ်ပြီး ၎င်းထံမှ ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ ဝဲကတော့က ပလ္လင်တစ်ခုလုံးကို ခြုံလွှမ်းလာပြီး ပြင်းထန်သောအားတစ်ခု ပျံ့လွင့်ကာ ဝမ်လင်း၏ကိုယ်ပွားကို ပလ္လင်ပေါ်ကနေ တွန်းထုတ်လိုက်သည်။

ထိုအားက ဝမ်လင်း၏ကိုယ်ပွားကို တွန်းထုတ်သည့်အခိုက်၌ သူ့စိတ်မှာ တုန်ယင်ရ၏။ ထိုအားသည် ကောင်းကင်ဘုံ၏ခွန်အားထက်ပင် သာလွန်သည်။ ဝမ်လင်း ရင်ဆိုင်ခဲ့ဖူးသော မည်သည့်ဖိအားထက်မဆို သာလွန်ပေ၏။

သူ မပြောနှင့် ခုနစ်ရောင်စုံတာအိုသခင်သည်ပင် သည်ပလ္လင်ကနေ နှင်ထုတ်ခံရလိမ့်မည်သာ။

ဝမ်လင်းသည် သူ့မူလခန္ဓာကိုယ်ကြောင့် ဖြစ်ပေါ်လာသော သွေးစက်သည် လောင်ကျွမ်းခံရသလို ခံစားမိနေ၏။ ၎င်းထံမှ ထုတ်လွှတ်နေသော သွေးအလင်းက ဝဲကတော့နှင့် ချိတ်ဆက်နေသည်ဟု ထင်ရသည်။

ဝဲကတော့ထံမှ သွေးအလင်း ထွက်ပေါ်လာနေရင်း သွေးတစ်စက်သည် ပျံသန်းထွက်ကာ ဝမ်လင်း၏မူလခန္ဓာကိုယ်မှ ဖြစ်ပေါ်သော သွေးစက်ထံ ပျံသန်းလာသည်။ သိပ်မကြာခင်တွင် ထိုသွေးနှစ်စက်သည် တစ်စက်တည်းအဖြစ်သို့ ပေါင်းစည်းသွားသည်။

ထိုစဉ် ဝမ်လင်း၏ကိုယ်ပွားက ချက်ခြင်း ထိုင်ချလိုက်၏။ သူ့စိတ်ထဲ၌ ပြင်းထန်စွာ နာကျင်ရသည်။ ထိုနာကျင်မှုက သူ့ကိုယ်ပွားကိုပါ မထိန်းချုပ်နိုင်လု ဖြစ်ရ၏။ သူက သူ၏ကိုယ်ပွားပေါ်တွင် အာရုံအပြည့်အဝ စိုက်ထားသည်။

သူ ထိုင်ချလိုက်စဉ် သူ၏အသိစိတ်သည် သူ့ကိုယ်ပွားထံမှ ထွက်လာကာ သွေးစက်အတွင်း၌ လုံးဝ နစ်မြုပ်သွားချေသည်။

ပြောပြမတတ်အောင် နာကျင်မှုက သူ၏အသိစိတ်တလျှောက် ပဲ့တင်ထပ်၏။ သူက ခန္ဓာကိုယ် မရှိသော်လည်း သူ၏ခန္ဓာကိုယ်လောင်ကျွမ်းခံရခြင်းကို ခံစားမိရသည်။  သူနှင့် ပေါင်းစပ်လိုက်သော သွေးစက်က ဆူပွက်လာသည်ဟု ထင်ရချေသည်။

ထိုအခိုက်တွင် ဒုတိယမြောက်သွေးစက် ဝဲကတော့ထံမှ ပျံသန်းထွက်ကာ ဝမ်လင်း၏သွေးစက်နှင့် ပေါင်းစပ်ပြန်၏။ ဝမ်လင်း၏အသိစိတ်ထဲရှိ နာကျင်မှုက ဆထက် တိုးပွားလာ၏။ သို့သော် သူက မအော်မိစေဘဲ တောင့်ခံထားသည်။

သိပ်မကြာခင်တွင် တတိယမြောက်သွေးစက် ဝဲကတော့ထံမှ ထွက်လာကာ ဝမ်လင်းနှင့် ပေါင်းစပ်ပြန်၏။ ထိုအခါ ဝမ်လင်း၏သွေးစက်က သုံးပေခန့်ချဲ့ကားသွားပြီး အဝတ်ဗလာမဲ့အရိပ်တစ်ခု သိပ်သည်းလာသည်။ ထိုခန္ဓာကိုယ်မှာ တခေါင်းလုံး ဆံပင်ဖြူများ ရှိနေပြီး ၎င်းသည် ဝမ်လင်းပင် ဖြစ်၏။

သူ၏ခန္ဓာကိုယ်မှာ အံ့ဖွယ်ပြဒါးဆန်သော စာလုံးများဖြင့် ပြည့်ဖုံးနေ၏။ သူ၏မျက်လုံးက မှိတ်ထားကာ နာကျင်စွာ ငြီးသံ သူ့ပါးစပ်ထံမှ ထွက်ပေါ်လာနေ၏။ သူ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပုံစံအသွင် ဖွဲ့စည်းလာသည်။

ဝဲကတော့ထံမှ လေးစက်မြောက်သွေး ပျံသန်းထွက်လာ၏။ ၎င်း ပျံသန်းထွက်လာသည့်အခါ အနီရောင်အလင်းက ဒီဟင်းလင်းပြင်၌ ပြည့်နှက်၏။ ထိုအနီရောင်အလင်း ထိုးထွက်လာသည့်အခါ ၎င်းက ဝမ်လင်း၏မျက်ခုံးနှစ်ခုကြား၌ ကျရောက်သွားသည်။

သို့နှင့် ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ယင်ကာ သူ၏မျက်လုံးက ရုတ်တရက် ပွင့်ဟလာ၏။ သူ့မျက်လုံးတို့မှာ နီရဲနေပြီး သူ့ခန္ဓာကိုယ်သည် တုန်ယင်သည်။ ပြင်းထန်သောအားတစ်ခု သူ့ထံမှ မြင့်တက်လာပြီး သူ၏ကိုယ်တွင်းမှ တစီစီအသံ ထွက်ပေါ်လာသည်။

ထိုသွေးလေးစက်ကို ပေါင်းစပ်ပြီးနောက် သွေးမျိုးဆက်တစ်ခု မွေးဖွားလာခဲ့လေပြီ။ သည်သွေးမျိုးဆက်မှာ ရှေးလူများ၏ သွေးမျိုးဆက် ဖြစ်၏။ ခုချိန်မှစ၍ ဝမ်လင်းသည် ရှေးကလန်ဝင် အစစ်အမှန်ဖြစ်လာပြီ။ ရှေးနိုင်ငံ၏ နိုင်ငံသား ဖြစ်လာပြီပင်။

လေးခုမြောက်သွေးစက် ပျံသန်းထွက်လာပြီးနောက် အပေါ်ဘက်ရှိ ဝဲကတော့သည် လွင့်ပြယ်မည့် အရိပ်အယောင် ပြသလာသည်။ ၎င်း ပျောက်ကွယ်သွားသည်နှင့် ဒီကပ်ဘေးမှာ အဆုံးသပ်လိမ့်မည်။ ဝမ်လင်းက ၎င်းကို ဖြတ်ကျော်နိုင်ခဲ့သော်လည်း သူက ယဲ့မိုထက် တစ်စက်သာ ပိုများသော သွေးလေးစက်ကိုသာ လက်ခံရရှိခဲ့ပေသည်။

ဤသည်မှာ သူ့အတွက် များပြားနေပြီ ဖြစ်၏။ တကယ်တော့ သူက ယဲ့မို၏အမွေအနှစ်ကို ရရှိခဲ့သူ မဟုတ်လား။ ဤသွေးလေးစက်မှာ ဝမ်လင်း၏ အကန့်အသတ် ဖြစ်နေခဲ့ပြီးပင်။

သူသည် ပါရမီရှင်တစ်ယောက် မဟုတ်ပေ။ အင်မောတယ်ကုန်းမြေတွင် မွေးဖွားခဲ့သူ မဟုတ်ပေ။ သူသည် နိမ့်ကျသောလှိုဏ်ဂူလောက၏ သက်ရှိဖြစ်တည်မှုတစ်ခုသာ။ သူသည် သွေးခြောက်စက် လက်ခံရရှိခဲ့သော တော်ဝင်ဝတ်ရုံဖြင့်လူကိုလည်း မယှဉ်နိုင်ပေ။ ဝမ်လင်းသည် ထိုသို့သော ကောင်းချီးပေးခံရသောသူကို ယှဉ်နိုင်ခြင်း မရှိလေပေ။

သူသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ အသန်မာဆုံးကိုးယောက်ထဲမှ တစ်ယောက် ဖြစ်သည့် နေကိုးစင်းထဲမှ တစ်စင်းဖြစ်သော မဟာအင်ပါယာရွှမ်လောကိုလည်း မယှဉ်နိုင်ပေ။ ရွှမ်လော၏ တည်ရှိမှုမှာ တခြားသူအားလုံး၏အထက်၊ ဒဏ္ဌာရီလာတည်ရှိမှုမျိုး ဖြစ်ပေ၏။ သူက သွေးရှစ်စက် လက်ခံရရှိခဲ့သူ ဖြစ်၏။ ဝမ်လင်းက ထိုသို့သောပုဂ္ဂိုလ်ကို မယှဉ်နိုင်ချေ။

သူ့ထံ၌ ရှိသည်မှာ သူ၏ကံတရား၊ အညံ့မခံတတ်ခြင်း၊ တခြားသူများ၏ ထိန်းချုပ်မှုကို အလိုမရှိခြင်းသာ ဖြစ်၏။သူသည် သေခြင်းရှင်ခြင်းအခြေအနေမြောက်မြားစွာကို ရုန်းကန်လာခဲ့ပြီးနောက် အားနည်းသော သေမျိုးတစ်ယောက်ကနေ ခုလက်ရှိအဆင့်ထိ သူကိုယ်တိုင် ကြိုးစားရုန်းကန်ခဲ့ရသည်သာ။ အတိတ်ကို ပြန်ကြည့်ပါက ထိုအခက်အခဲများက အမှန်ပင် တုန်လှုပ်ဖွယ် ကောင်းလွန်းပေမည်။

သူ မရေမတွက်နိုင်သော သေခြင်းရှင်ခြင်းများကို ရင်ဆိုင်နေခဲ့ရစဉ် အင်မောတယ်ကောင်းကင်ဘုံနယ်မြေ၏ ရှေးလူများနှင့် အင်ပါယာတို့မှာ ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံခဲ့ရ၏။ မဟာအင်ပါယာ၏ အစောင့်အရှောက်နှင့် သူတို့သည် သေခြင်းရှင်ခြင်း အခြေအနေများကို တွေ့ကြုံခဲ့ရသည်မှာ ရှားပါးခဲ့ပေသည်။

ဝမ်လင်းက သူ၏အရင်းအမြစ်များကို ရဖို့ သေရေးရှင်ရေးများကို ဖြတ်သန်း ရုန်းကန်ခဲ့ရစဉ် တော်ဝင်ဝတ်ရုံနှင့်လူက သူ ကျင့်ကြံနေစဉ် မရေမတွက်နိုင်သောလူများ၏ စောင့်ကြပ်ပေးခြင်းကို ခံခဲ့ရသည်။ သူ လိုချင်သည့် မည်သည့်အရာကိုမဆို သူ့ကလန်က ချက်ခြင်း ဖြည့်ဆည်းပေးခဲ့သည်သာ။

ဝမ်လင်းသည် လီမူဝမ်ကို ပွေ့ဖက်ကာ ငိုကြွေးခဲ့ရစဉ် ဝမ်လင်းသည် လီမူဝမ်ကို ပြန်အသက်သွင်းနိုင်ဖို့ အပတ်တကုတ် ခရီးဆက်ခဲ့ရစဉ် ထိုတော်ဝင်ဝတ်ရုံနှင့်လူသည် သူ့လူများ ယူလာပေးသော ရတနာအမျိုးမျိုးနှင့် ကစားနေပေလိမ့်မည်။ သူက မည်သည့်အမျိုးသမီးကို မဆို ရွေးချယ်ကာ ကိုယ်လုပ်တော်အဖြစ် ကောက်ယူနိုင်ပေလိမ့်မည်။

“ဒီသွေးလေးစက်ဟာ ငါ့အကန့်အသတ်ပဲ…”  ဝမ်လင်း၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း သိပ်သည်းလာ၏။ သူက သူ့အထက်ရှိ ပျောက်ကွယ်တော့မည့် ဝဲကတော့ကို ကြည့်သည်။ သူ မကျေနပ်သေးပါ။

သူသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ သူ့ကြောင့် ဖြစ်ပျက်နေပုံတို့ကို မသိသော်လည်း ထိုသို့ မကျေမနပ်ဖြစ်ရခြင်းကား သူ၏စိတ်နေစိတ်ဓာတ်ပင်။ သူက မကျေနပ်ပေ။ သူက ပိုသန်မာမည့် သွေးမျိုးဆက်ကို လိုချင်သည်။

မည်သည့်အတွက်ကြောင့်မှ မဟုတ်၊ သူ၏ အညံ့မခံ၊ ကောင်းကင်ကိုဖိဆန်မည့် စိတ်ဆန္ဒကြောင့်သာ ဖြစ်၏။

“သင်က ငါ့ရှေးသွေးမျိုးဆက်ကို အသိအမှတ်ပြုမှတော့ ဒီသွေးလေးစက်ဟာ ငါ့အတွက် မလုံလောက်တော့ဘူး…”  ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးကာ သူသည် လေထဲသို့ ခုန်တက်၍ ပျောက်ကွယ်နေသော ဝဲကတော့ထံ တိုးဝင်လာတော့၏။

သူသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေပေါ်ရှိ ရှေးလူများနှင့် မတူပေ။ သူက သည်လှိုဏ်ဂူလောကတွင် ရှင်သန်ခဲ့သူ ဖြစ်၏။ သူ၏စိတ်နှလုံးထဲ၌ ရှေးဘိုးဘေးအပေါ် လေးစားသမှု မရှိထားခဲ့ပေ။ သူက ထိုသို့သော် အထည်အဒြပ်မပြနိုင်သည့် တည်ရှိမှုကို မလေးစားပေ။ သူက သူ၏ကိုယ်ပိုင်ခွန်အားကိုသာ ယုံကြည်ပေ၏။

ဤသည်မှာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရှိ မည်သူထံမှာမျှ မရှိနိုင်သောစိတ် ဖြစ်၏။ မဟာအင်ပါယာရွှမ်လောသည်ပင် ထိုစိတ်ကို နားလည်နိုင်လိမ့်မည် မဟုတ်ပေ။ မဟာအင်ပါယာရွှမ်လောသည်ပင် သည်ဘိုးဘေး၏ တည်ရှိမှုကို အတော်လေး လေးစားမှု ထားရပေ၏။

သို့သော် ဝမ်လင်းကမူ မတူချေ။

သူက ရှေးမျိုးနွယ်ကောင်းကင်ဘုံသွေးစက်များ လက်ခံရရှိစဉ် မကျေမနပ်ဖြစ်သည့် ပထမဆုံးသူ ဖြစ်လေ၏။ ထို့ကြောင့် သူသည် ပျောက်ကွယ်နေသော ဝဲကတော့ထံ တရကြမ်း တိုးဝင်လာတော့သည်။

All Chapters