နောက်ထပ် စျေးနှစ်ဆမြှင့်လိုက်
Vol. 10 Ch. 129
“ကူးရီ” ဖန့်ကြွယ်ယွီက ကူးရီကို လှမ်းခေါ်သည်။
“ဝှစ်” ချက်ချင်းဆိုသလို ကူးရီက တစ္ဆေတစ်ကောင်အလား သူ၏ရှေ့မှောက်ပေါ်လာသည်။
“မင်း မင်းဘယ်လိုဝင်လာတာလဲ”
ဖန့်ကြွယ်ယွီက ရေချိုးဇလုံထဲတွင် ရေစိမ်နေချိန်တွင် ကူးရီက ရုတ်တရက်ပေါ်လာသဖြင့် ရှက်ရွံ့ပြီး ပုဝါဖြင့် သူ့ကိုယ်သူဖုံးကာလိုက်သည်။
“ဒီတံခါးကိုမှ ဖြတ်ပြီးဝင်မလာနိုင်ရင် သခင်လေးကို ကျုပ်ဘယ်လိုကာကွယ်နိုင်မှာလဲ”
“မင်းက ရေချိုးခန်းတံခါးအပြင်ဘက်မှာပဲနေလေ။အကယ်၍ ဂျီးနက်စ်က အတင်းတိုးပြီးဝင်လာလျှင် အမရီက တားဆီးနိုင်မှာမဟုတ်ဘူး။”
“စိတ်ချပါ သခင်လေး သူ့ကို ရေချိုးခန်းနားတောင်အကပ်မခံပါဘူး”
“ဝှစ်” ထိုသို့ပြောပြီး ကူးရီသည် တစ္ဆေတစ်ကောင်အလား ပျောက်ကွယ်သွားပြန်သည်။
“ခစ် ခစ် ငါလည်း အဲ့လို အစွမ်းထက်ချင်လိုက်တာ”
“ပိုင်ရှင်က ဘာလို့ ပထမအသိအမှတ်ပြုခြင်းအဆင့်ကို မရသေးတာလဲ။ အဲ့အဆင့်ကိုသာရမယ်ဆို အများဆုံးနှစ်နှစ်အတွင်း ကူးရီလိုဖြစ်လာမှာ” ဟုရှောင်းရီက ပြောသည်။
“အဲ့လောက်မှ မလွယ်ကူနေတာ” သူ၏ သုံးမကုန်နိုင်သောငွေကြေးကိုကြည့်ပြီး ငိုချင်လာမိသည်။
“အားနာပါတယ် မင်းသားဂျီးနက်စ် သခင်လေးက ရေချိုးခန်းဝင်နေပါတယ်။ ပြီးတော့ မင်းသားနဲ့ တွေ့ဖို့ အချိန်မရှိဘူးလို့လည်း မှာလိုက်ပါတယ်”
သူတို့နှစ်ဦးကြား ဘာဖြစ်ခဲ့လဲဆိုတာ ကျွမ်းရီမသိသော်လည်း သေချာတာတော့ မင်းသားဂျီးနက်စ်က ဖန့်ကြွယ်ယွီနှင့် ပြသနာတစ်ခုခုဖြစ်ခဲ့ပုံရသည်။
ဖန့်ကြွယ်ယွီနှင့် ကတောက်ကဆဖြစ်သူတိုင်း ဒေဝါလီခံရခြင်း သို့ စိတ်ကျန်းမာရေး ဆေးရုံပို့ခံရခြင်းကဲ့သို့သော အရာများနှင့်သာအဆုံးသတ်ခဲ့ရသည်။ ထိုလူများ၏ အဆုံးသတ်မလှသော နိဂုံးကိုတွေးမိတိုင်း ဂျီးနက်စ်ကိုယ်စား ကျွမ်းရီဇောချွေးပျံလာတော့သည်။
“မိန်းမလှလေး ငါ့မှာ အရေးကြီးကိစ္စပေါ်လာလို့ မစ္စတာဖန့်နဲ့ တွေ့ရမှဖြစ်မယ်။ မင်းသူ့ကိုခေါ်ပေးလို့ရမလား”
ဂျီးနက်စ်က ကျွမ်းရီဘေးနားမှာရပ်နေသော ကူးရီကို တစ်ချက်လှမ်းကြည့်သည်။
သူ၏ ဒေါသကြီးပုံအရဆိုတံခါးကိုချိုးဖျက်ပြီး အထဲကိုဝင်နေပြီဖြစ်သည်။ သို့သော် ရေနံစျေးတက်သည့်ကိစ္စက ဖန့်ကြွယ်ယွီနှင့် သက်ဆိုင်လားဆိုတာလည်း သေချာမသိသေးပေ။ အကယ်၍ တိုက်ဆိုင်မှုတစ်ခုသာ ဆိုပါက သူ၏ မဆင်မခြင်လုပ်ရပ်ပေါ် တရုတ်ကောင်က ဟားတိုက်နေလိမ့်မည်။
ဒါ့အပြင် တံခါးနားမှာရပ်နေသော ထိုလူထွားကြီးကိုလည်း သူမယှဉ်နိုင်ဘူးဆိုတာ စိတ်ထဲမှ အလိုလိုသိနေမိသည်။တစ်ဖက်လူ၏ အကြောင်းကို ဂဃနဏ မသိဘဲ ဖန့်ကြွယ်ယွီမလှုပ်ရှားရဲပေ။ အကယ်၍ ဒီပြသနာက ဖန့်ကြွယ်ယွီကြောင့်ဆိုပါက ပြန်လည်သင့်မြတ်နိုင်မည့် အနေအထားမရှိတော့ပေ။
“အားနားပါတယ် မင်းသားဂျီးနက်စ်။ ကျွန်မက သူ့ဝန်ထမ်းပါ။ သူမှာလိုက်တာကိုသာ ပြန်ပြောပိုင်ခွင့်ရှိတာပါ။ သူ့ဆုံးဖြတ်ချက်တွေကို ဝင်ရောက်စွက်ဖက်ခွင့်မရှိပါဘူး”
“မေးလို့ သင့်တော်ပါ့မလားတော့မသိ။ မင်းသားဂျီးနက်စ်နဲ့ ကျွန်မတို့သခင်လေးနဲ့ကြားမှာ ပြသနာတွေဘာတွေများတက်ခဲ့သေးလား”
“နားလည်မှုလွဲခဲ့ကြတာပါ။ ခုလိုလာခဲ့တာလည်း အရင်ကနားလည်မှုလွဲခဲ့တာတွေကို သင်ပုန်းချေပြီး မစ္စတာဖန့် နဲ့ မိတ်ဆွေအဖြစ်နေချင်လို့ပါ”
“ဒါဆို မင်းသားဂျီးနက်စ်က တောင်းပန်ဖို့လာခဲ့တာပေါ့”
မင်းသားဂျီးနက်စ်က လက်ဗလာနဲ့ လာတာလားဟု ဖန့်ကြွယ်ယွီမေးသည့်အကြောင်းအရင်းကို အခုမှပဲ နားလည်တော့သည်။
“မင်းသားဂျီးနက်စ် စိတ်တော့မဆိုးပါနဲ့နော်။ ကျွန်မတို့တရုတ်မှာ လက်ဗလာနဲ့တောင်းပန်ဖို့လာတာက မယဉ်ကျေးဘူးလို့ယူဆတယ်။ မင်းသား အဲ့ယဉ်ကျေးမှုကို မသိတာဖြစ်ရမယ်”
“ဒါဆိုသူက ဘာလိုချင်တာလဲ” သူ၏ အဆင့်အတန်းကို နှိမ့်ချပြီး တောင်းပန်ဖို့လာခဲ့သော်ငြား ဖန့်ကြွယ်ယွီဘက်က အခုလိုပြုမူနေသဖြင့် ဂျီးနက်စ် စိတ်မရှည်တော့ပေ။
“ဒီတရုတ်ကောင်က ဒီလိုအာဏာရှိတယ်ဆိုတာ ငါဖြင့် ယုံတောင် မယုံချင်ဘူး” ဂျီးနက်စ်က ကျွမ်းရီနှင့် ကူးရီကို တစ်ချက်ကြည့်ပြီး လှည့်ထွက်သွားသည်။
“သခင်လေး..မင်းသားဂျီးနက်စ်ပြန်သွားပါပြီ” ကျွမ်းရီက ရေချိုးခန်းတံခါးကို ခေါက်ပြီးပြောသည်။
“အာ ဒီတိုင်းပြန်သွားတာလား။ ရေနံစျေးတက်တာ ငါ့ကြောင့်ဆိုတာ သူမသိတာများလား”
ဒေါသတကြီးနှင့် တောင်းပန်ဖို့လာသောလူကို အခုမှသာပထမဆုံးမြင်ဖူးသည်။ ဖန့်ကြွယ်ယွီက ဟိုက်ဝေ့ထံဖုန်းထပ်ခေါ်သည်။
“မားမား ဆော်ဒီဘုရင်ကိုပြောပေးပါဦး။ ဆိုင်းလုခ်နိုင်ငံအတွက် ရေနံစျေးမြှင့်တာ နည်းနေသေးသလိုပဲ။ မူလစျေးထက် ၄၀၀% လောက်မြှင့်ရမယ်”
“သောက်တရုတ်ကောင်”
ဂျီးနက်စ်က စဉ်းစားလေလေ ဒေါကသထွက်လေလေဖြစ်သည်။
“ဒီကောင်က ငါလာပြီး တောင်းပန်မှာကို ကြိုသိနေတဲ့ပုံပဲ”
“ဒီကိစ္စက သူလုပ်တာများလား”ဂျီးနက်က စ်တ်ပြေလက်ပျောက် ဆေးလိပ်သောက်သည်။ တရုတ်ကောင်က သူထင်ထားတာထက် ပိုပြီးရှုပ်ထွေးသည်။
ဂျီးနက်စ်က မင်းသမီးဆီယက်တယ်ကို ဖုန်းခေါ်ပြန်သည်။
“မင်းသမီး ဆီယက်တယ် ငါ ဂျီးနက်စ်ပါ”
“မင်းသား ဂျီးနက်စ်..လူကြီးလူကောင်းဆို ဒီအချိန်က မိန်းကလေးတွေ အနားယူတဲ့အချိန်ဆိုတာ သိသင့်တယ်” ဆီယက်တယ်က ဂျီးနက်စ်နှင့် စကားမပြောချင်ပေ။
“မင်းသမီး ဖုန်းမချလိုက်ပါနဲ့ မင်းကိုအနှောင့်အယှက်ပေးဖို့ ဖုန်းဆက်ခဲ့တာမဟုတ်ပါဘူး”
“ဒါဆို ဘာဖြစ်လို့ ဆက်တာလဲ”
“မေးစရာရှိလို့ပါ တရုတ်ပြည်သား ဖန့်ကြွယ်ယွီက ဘယ်လိုလူမျိုးလဲ”
တစ်ချိန်လုံး ထောင်လွှားမောက်မာနေသော ဂျီးနက်စ်က ဖန့်ကြွယ်ယွီအကြောင်း ရုတ်တရက်သိလိုသည်မှာ ဒုက္ခတစ်ခုခုရောက်လာတာ သေချာသည်။ “သူက တကယ်ပဲ ဆော်ဒီကရေနံစျေးကို နှစ်ဆတက်ပစ်ဖို့ အမိန့်ပေးခဲ့တာလား။”
သူမကို ဖန့်ကြွယ်ယွီပြောခဲ့သော စကားများကိုကြားယောင်လာသည်။
“တကယ်တော့ ကျွန်မလည်းသေချာမသိပါဘူး။ ဒါပေမဲ့ ကျွန်မတို့မိသားစုနဲ့ ဖန့်မိသားစု သိကျွမ်းခဲ့တာကြာပါပြီ။ သေချာတာတော့ သူက နယ်နယ်ရရ ပုဂ္ဂိုလ်မဟုတ်ဘူး”
“ဒါနဲ့ စကားမစပ်ရှင့်ရဲ့ ကာတာ CCXR ပြိုင်ကားကို ပေးမယ်ဆို ကျွန်မပြောပြမယ်လေ”
ဂျီးနက်စ်မှာ ပြိုင်ကားကောင်းများရှိတာမို့ အခုအခွင့်အရေးကို အသုံးချပြီး ပြိုင်ကားတစ်စီးရအောင်တောင်းယူရမည်။
“မင်းပြောမဲ့ သတင်းက အရေးကြီးလို့လား”
“ဒါပေါ့ အရေးကြီးလို့ တန်ရာတန်ကြေးပြန်တောင်းတာပေါ့”
“ကောင်းပြီ ပြောပြလေ”
“ဖန့်ကြွယ်ယွီက ဆော်ဒီဘက်ကိုဖုန်းခေါ်ပြီး ဆိုင်းလုခ်နိုင်ငံဘက်ကိုရောင်းချနေတဲ့ ရေနံစျေးကို နှစ်ဆတက်ပစ်ဖို့ ပြောလိုက်တယ်လို့ ကျွန်မကိုပြောပြဖူးတယ်”
“ဪ ဒီကိစ္စကိုဖန်တီးတာသူကိုး”
တစ်ဆက်တည်းမှာ သူ့ဖခင်က ဖုန်းထပ်ခေါ်လာပြန်သည်။ ကောင်းသည့်ကိစ္စပြောမှာမဟုတ်ဘူးဆိုတာ တွေးမိပြီး ခေ့ါင်းနပန်းကြီးလာတော့သည်။
“မင်းသမီး နောက်မှ ဆက်ပြောကြတာပေါ့။ အခု ငါ့အဖေဖုန်းခေါ်လာလို့လေ။ မင်းကိုကတိပေးထားတဲ့ကား ကျိန်းသေပို့ပေးမယ်သိလား”
ဂျီးနက်စ်က ဖုန်းကိုင်လိုက်ချိန်တွင် ကြားလိုက်ရသော အသံကြောင့် လိပ်ပြာလွင့်မတတ်ဖြစ်သွားတော့သည်။
“အရူးကောင်..မင်းဘာတွေလုပ်နေတာလဲ။ ရေနံစျေးက လေးဆဖြစ်သွားပြီကွ”