ငါ့ကိုသတ်ဖို့ကြံစည်နေတာ
Vol. 10 Ch. 131
“ယူရိုတစ်ဘီလီယံ..သူရူးနေလား”
မက်သရူးပြန်ယူလာသော သတင်းကိုကြားရပြီး ဂျီးနက်စ်သည် ဒေါသပုန်ထလာကာ စာရွက်နှင့်ချက်လက်မှတ်ကိုအစိတ်စိတ်အမွှာမွှာဖြစ်အောင် ဆွဲဖြဲပစ်သည်။
သူ၏ ပိုင်ဆိုင်မှုအားလုံးပေါင်းလျှင်တောင် တစ်ဘီလီယံမပြည့်ပေ။ ဒါ့အပြင် တွစ်တာမှာပါ တရားဝင်တောင်းပန်ပေးရဦးမည်။
“ကျက်သရေတုံးလိုက်တာ..ပြီးမှ ငါ့ကိုရက်စက်တယ်လို့ လာမပြောနဲ့” ဂျီးနက်စ်က အတော်လေးဒေါသထွက်နေသည်။
တော်ဝင်မိသားစုဝင်တစ်ဦးအနေနှင့် ကိုယ့်ကိုကိုယ်နှိမ့်ချပြီး သာမန်အရပ်သားကို တောင်းပန်ပေးတာနှင့်ပင် အတော်လေး တရားလွန်နေပြီဖြစ်သည်။
သို့သော်တစ်ဖက်လူက သူ့ကို လုံးဝမလေးစားပေ။
“မက်သရူး..ငါ့ကိုမြှားနက်အဖွဲ့က လူတွေနဲ့ချိတ်ပေးပါ။ ငါ့အတွက် လူတစ်ယောက်သတ်ပေးနိုင်ရင်ါ ယူရို၁၀သန်းပေးမယ်လို့ပြောလိုက်”
မြှားနက်သည် နာမည်ကြီး ဥရောပလူသတ်ဂိုဏ်းတစ်ခုဖြစ်သည်။ ထိုအဖွဲ့၏ အဖွဲ့ဝင်များကို အလွှာအသီးသီးခွဲခြားထားသည်။ အနိမ့်ဆုံး Eအဆင့်မှ အားအကောင်းဆုံး S အဆင့်ဟု ခွဲထားသည်။ အဆင့်ချင်းအလိုက် လူသတ်သည့်ကြေးက ကွာခြားသည်။ ယူရို၁၀သန်းဟူသော ပမာဏက ထိပ်တန်းA အဆင့် လူသတ်သမားကို ငှါးရမ်းနိုင်သည်။
ထိုအဖွဲ့၏ အောင်မြင်မှုနှုန်းက ကြောက်ခမန်းလိလိဖြစ်သည်။ အကယ်၍ မစ်ရှင်မအောင်မြင်ပါက ပိုက်ဆံအကုန်ပြန်လွှဲပေးသည်။ လူသတ်သမားများကလည်း အလွန်ပရော်ဖက်ရှင်နယ်ကျသည်။
သူတို့ကို ဖမ်းမိပါက အလုပ်အပ်သူ၏ အချက်အလက်ကို ပြောမည့်အစား ကိုယ့်ကိုကိုယ်သတ်သေသည့် လမ်းကို ရွေးချယ်ကြသည်။ ထို့ကြောင့် သူတို့အဖွဲ့သည် ဥရောပတွင် နာမည်ကြီးဖြစ်သည်။
“မင်းသား ဂျီးနက်စ် ဒီအကြံက မကောင်းဘူးထင်တယ်” ဟု မက်သရူးက အကြံပေးသည်။
“တစ်ဖက် တရုတ်သူဌေးကို လျှော့မတွက်နဲ့။ သူ့မှာ နောက်ကွယ်ကပံ့ပိုးနေတဲ့ အဖွဲ့ကောင်းကောင်းရှိပုံရတယ်။ လုပ်ကြံမှု မအောင်မြင်ရင် ပြသနာတွေက ပိုရှုပ်ထွေးလာမယ်”
“ခုတောင် ပြသနာက ရှင်းမရအောင်ဆိုးနေတာမဟုတ်လား” ဟု ဂျီးနက်စ်က အော်သည်။ သူ့မှာတခြားလမ်းမကျန်တော့ပေ။ သူ့ကို သူ့အဖေက အချိန်သုံးရက်သာ ပေးသွားသည်။ သူပိုင်သမျှကို ယူရိုတစ်ဘီလီယံဖြင့် ရောင်းချလျှင်တောင်မှ သုံးရက်တာအတွင်း ငွေသားတစ်ဘီလီယံရဖို့ မလွယ်ကူပေ။
သုံးရက်အတွင်း အဆင်မပြေပါက သူက မင်းသားဟူသော ဂုဏ်ပုဒ်ကို ဆုံးရှုံးပြီး တော်ဝင်မိသားစုထဲမှ ထုတ်ပယ်ခံရမည့်အစား စွန့်စားရပေတော့မည်။သူသာဖန့်ကြွယ်ယွီကိုရှင်းနိုင်ပါက ဆော်ဒီကလူများလည်း လူသေကောင်ဖြစ်သွားသော ဖန့်ကြွယ်ယွီအတွက်နှင့် ဆိုင်းလုခ်နိုင်ငံကို အာမခံရဲပေ။
“ဒါပေမဲ့”
“မက်သရူး..ကျွန်တော်က ခင်ဗျား အရှင်သခင်ဆိုတာ မမေ့နဲ့ဦး” ဟု ဂျီးနက်စ်က ခပ်ပြတ်ပြတ်လေသံဖြင့်ပြောသည်။
မက်သရူးက ဘာမှ ဆက်မပြောရဲတော့ပေ။
“ပြီးတော့ ငါတို့နှစ်ယောက်ပဲ ဒီကိစ္စကိုသိပါစေ။ ဘယ်သူ့ကိုမှ မသိစေချင်ဘူး။ အထူးသဖြင့် ငါ့အဖေမသိရင်ရပြီ”
“နားလည်ပါပြီ မင်းသား ခုချက်ချင်းလုပ်လိုက်ပါ့မယ်”
အိမ်တော်ထိန်းတစ်ဦးဖြစ်သော မက်သရူးက ဂျီးနက်စ်၏ အမိန့်ကို မလွန်ဆန်ဝံ့ပေ။
“မဖြစ်ဘူး။ သေချာအစီအစဉ်ဆွဲရမယ်” မက်သရူးပြောစကားများက တကယ်မှန်ကန်သည်။ အကယ်၍ လုပ်ကြံမှု မအောင်မြင်ခဲ့ပါက ဖန့်ကြွယ်ယွီက သူ့ကိုပထမဆုံး သံသယဝင်ပေလိမ့်မည်။ ထိုသို့ဆိုပါက အခြေအနေက ပိုပြီးဆိုးဝါးလာလိမ့်မည်။
ဂျီနက်စ်က ဖုန်းကိုထုတ်ပြီး အထူးနံပါတ်တစ်ခုကို လှမ်းဆက်သည်။ သူ၏ ဖခင်မှာ သားနှစ်ယောက်ရှိသည်။ ဂျီးနက်စ်က သားအကြီးဖြစ်ပြီး သားငယ်လေးတစ်ဦးရှိသေးသည်။ သို့သော် အငယ်ဆုံးသားလေးက သာမန်လူနှင့် မတူပေ။ ထိုကလေးက ငယ်ငယ်လေးကတည်းက ထူးခြားသည့်စွမ်းရည်များစွာပိုင်ဆိုင်ထားသည်။
ဆိုင်းလုခ်နိုင်ငံလို နိုင်ငံကြီးမှာ စွမ်းအားရှင်အဖွဲ့ရှိပြီး ဂျီးနက်စ်၏ ညီလေးက ထိုအဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့သည်။
ညီအကိုနှစ်ဦးက ပုံစံလည်းကွဲပြားပြီး အခေါ်အပြောသိပ်မရှိပေ။ သူတို့နှစ်ဦးက ဦးတည်ရာမတူသော်လည်း ဂျီးနက်စ်က သူ့ညီလေးကို အမြဲစောင့်ရှောက်ပေးပြီး သူ့ဖခင်၏ မင်းသားဟူသော ဂုဏ်ကို ဆက်ခံခြင်းအတွက် အငြင်းပွါးခြင်းလည်းမရှိပေ။
“အကို တစ်ခုခုလိုလို့လား” တစ်ဖက်က လူငယ်လေးအသံထွက်လာသည်။
“ဂျက် အကိုဒုက္ခရောက်နေတယ်။ မင်းအကူအညီလိုအပ်နေတယ်”
“တရုတ်e-sports လောကကလည်းကွာ..နှစ်တိုင်း ဆီမီးဖိုင်နယ်၊ မနှစ်က ကွာတားဖိုင်နယ်။ ဒီနှစ်ကျ ၁၆သင်းရှုံးထွက်အဆင့်ပဲရောက်တယ်။ စိတ်ပျက်စရာပါလား”
ဖန့်ကြွယ်ယွီက ဒေါသတကြီးဖြင့် တီဗီကို ပိတ်သည်။
“ဒီလောက် တရုတ်မှာ ဘီလီယံနဲ့ချီပြီး လူတွေရှိတာ.. ချန်ပီယံအသင်းတစ်သင်းကိုတောင် မမွေးထုတ်နိုင်ဘူးလားကွာ”
မိုးကြိုးကုမ္ပဏီ၏ e-sports ဌာနကို ဖွဲ့စည်းပြီးဖြစ်သော်လည်း အသင်းကိုဖွဲ့ခါစပဲရှိသေးပြီး မှတ်ပုံမတင်ရသေးပေ။
“သူငယ်ချင်းဖန့်..မင်းပြိုင်ပွဲကိုကြည့်လိုက်သေးလား။” ဝမ်ချုံးက အချိန်ကွာခြားမှုကို မမှုဘဲ ဖုန်းခေါ်လာသည်။ ဆိုးဝါးသည့်ရလဒ်ကြောင့် ဝမ်ချုံးလည်း ဒေါသထွက်နေရှာသည်။
“ကြည့်ပြီးပြီ။ စိတ်တိုလာလို့ သူတို့ကွန်ပျူတာတွေကို ရိုက်ခွဲပစ်ချင်လာတာ။ သူတို့လောက်ကို ငါတောင်ဆော့တတ်တယ်ကွာ” ဟု ဖန့်ကြွယ်ယွီက စိတ်ပျက်လက်ပျက်ပြောသည်။
“အခုတော့ ငါတို့ မင်းတို့ ကုမ္ပဏီဘက်က မွေးထုတ်တဲ့ ZZအသင်းကိုမျှော်နေမယ်။ သူတို့က ငါတို့ရဲ့ တရုတ်လူမျိုးဂုဏ်ကို ဖော်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်ကွာ”
“အေးကွာ အဲ့လိုပဲမျှော်လင့်ရတာပေါ့။ ငါ့အသင်းသားတွေကို ပြောထားတာရှိတယ်။ ဒီနှစ် ကမ္ဘာ့ချန်ပီယံဆုကို ရခဲ့မယ်ဆို တစ်ယောက်ကို ယွမ် နှစ်သန်းစီ ဆုချပြီး တစ်သက်တာမမေ့နိုင်မဲ့ ဂုဏ်ပြုပွဲလည်း
လုပ်ပေးဦးမယ်” ဟု ဝမ်ချုံးကပြောသည်။
“ဟား ဆုကြေးက မိုက်နေမှတော့ ကြိုးစားပြီပေါ့ကွာ။ ငါလည်း မင်းအသင်းကို ထောက်ပံ့ပေးဦးမှပါပဲ”ဟု ဖန့်ကြွယ်ယွီကပြောသည်။
“ဒါနဲ့ ငါတို့ခရိုင်ဘက်က DSD အဖွဲ့ကိုရောင်းဖို့ ကြေညာထားတယ်။ မင်းဝယ်ဖို့စိတ်ဝင်စားလား”
ဟု ဝမ်ချုံးကမေးသည်။
“အင်း ဝယ်မယ်လေ” ဖန့်ကြွယ်ယွီက အသင်းဖွဲ့ဖို့စဉ်းစားကြည့်သောအခါ လုပ်ငန်းစဉ်များကလည်းရှုပ်သလို ဒုတိယအဆင့်ပြိုင်ပွဲများမှ စတင်ရမည်။ ပထမအဆင့်ပြိုင်ပွဲတက်ရန် မည်မျှကြာဦးမလဲဆိုတာ ဘယ်သူမှ တပ်အပ်မပြောနိုင်ပေ။
အသင်းတစ်သင်းကို ဝယ်လိုက်ခြင်းက သေချာပေါက်အကောင်းဆုံးနည်းလမ်းဖြစ်သည်။ အများဆုံးတော့ ကစားသမားတချို့ကိုသာ ထိန်းထားဖို့လိုသည်။
“ဘယ်လောက်နဲ့ရောင်းတာလဲ”
“ကစားသမားတွေရော အသင်းနေရာရောအပါ သန်း ၂၀၀နဲ့ရောင်းတာ”
“ကောင်းပြီ ငါဝယ်မယ်လေ” ဖန့်ကြွယ်ယွီက စဉ်းတောင်မစဉ်းစားဘဲနှင့် သဘောတူလိုက်သည်။
“ဘာတွေပဲဖြစ်ဖြစ် ကမ္ဘာ့ချန်ပီယံအသင်းတစ်သင်းကို ဖွဲ့ဖို့လိုတယ်။ ငါ့အစားသူတို့ကိုဆက်သွယ်ပြီး ငါက အသင်းကိုဝယ်ချင်လို့ပါဆိုပြီးပြောပေးပါ”
“ကောင်းပြီ ငါစျေးညှိပေးမယ်။ တရုတ်ကို ပြန်လာရင် ငါ့အတွက်လက်ဆောင်ဝယ်လာဖို့ မမေ့နဲ့” ဟု ဝမ်ချုံးက စနောက်သည်။
“ဟုတ်ပြီ အင်္ဂလန်မင်းသမီးရဲ့ ဝတ်စုံယူလာခဲ့မယ်။ နောက်တစ်ခါ အလောင်းအစားလုပ်မယ်ဆို မင်းဝတ်ဖို့ အကျီလိုတယ်လေ”
“နောက်တယ်ပေါ့လေ xxxxxx ” ဝမ်ချုံးက ဆဲရေးတိုင်းထွာပြီး ဖုန်းချသွားသည်။
ဖန့်ကြွယ်ယွီက ဝီဘိုကိုဖွင့်လိုက်သည်။ တရုတ်မှာ မနက်အစောကြီးရှိသော်လည်း ပရိတ်သက်များက ဝမ်ချုံး၏ ZZ အသင်းနှင့်ပတ်သက်ပြီး ပြောနေကြသည်။ ထိုအသင်းသည် တရုတ်ရှိဂိမ်းသမားများ၏ မျှော်လင့်ချက်ဖြစ်လာသည်။
ဖန့်ကြွယ်ယွီသည် e-sports ကို အလွန်ဝါသနာပါသည်။ သူက ပြိုင်ပွဲများကို တောက်လျှောက်အားပေးခဲ့သော်လည်း တရုတ်အသင်းက တစ်ခါမှဖလားမရဖူးပေ။ ထို့ကြောင့် သူက တရုတ်နိုင်ငံအတွက် e-sports နှင့် ပတ်သက်သည့် ချန်ပီယံဆုကို ရယူလိုသည်။
ZZ အသင်း…မင်းတို့အသင်းသာနိုင်မယ်ဆို ဥက္ကဌဝမ်က တစ်ယောက်နှစ်သန်းစီဆုချမယ်လို့ပြောတယ်မလား။ သူပေးတာအပြင် ငါကလည်း ကစားသမားတစ်ဦးကို ငါးသန်းစီဆုချီးမြှင့်ပြီးတော့ ပထမတန်းလေယာဉ်လက်မှတ်လည်း ဝယ်ပေးမယ်”
ထိုကောမန့်ကိုမြင်သော လူများက အပြိုင်အဆိုင်ကောမန့်ပေးကြပြန်သည်။
“ဥက္ကဌဖန့်ကလုပ်လိုက်ပြန်ပြီ။ ZZအသင်းကြိုးစားထား”
“မားမား ကျွန်တော်လည်း e-sports ဆော့တတ်ချင်တယ်”
“အပေါ်ကလူ ခင်ဗျားအမေက ခင်ဗျားကို လက်ဝါးပဲရမယ်တဲ့”
“ငါ တရုတ်ပြန်ရောက်ရင်လည်း ငါ့အသင်းကိုသေချာလေးပြင်ဆင်ရမယ်” ဖန့်ကြွယ်ယွီက တက်ဘလတ်ကိုချပြီး တခုခုစားဖို့ကြံချိန်တွင် သူ၏ မိထွေးဖြစ်သူ ကျွမ်းရှင်းယန်ထံမှ ဖုန်းဝင်လာသည်။
“ရှောင်းယွီ မင်းတစ်ယောက်ယောက်နဲ့ စကားများသေးလား” ကျွမ်းရှင်းယန်သည် ကမ္ဘာပေါ်မှာအကြီးမားဆုံး စွမ်းအားရှင်အဖွဲ့ကို ချုပ်ကိုင်ထားရုံသာမက ကြေးစားလူသတ်ဂိုဏ်းများအပေါ်လည်း ဩဇာသက်ရောက်မှုရှိသည်။
သူမက သတင်းတချို့ရလာခဲ့သည်။
“တစ်ယောက်ယောက်က မင်းကိုသတ်ပေးဖို့ဆိုပြီး ယူရိုဆယ်သန်းပေးတယ်”
“ဟမ် ငါက ဆယ်သန်းပဲတန်တာလား” ဖန့်ကြွယ်ယွီက အံ့အားသင့်သွားသည်။
နောက်ကွယ်ကကြိုးကိုင်သူက ဘယ်သူလဲဆိုတာ သိဖို့ မကြာလိုက်ပေ။ ဂျီးနက်စ်ငှါးရမ်းသော မြှားနက် အဖွဲ့က သူတို့မိသားစု၏ ထိန်းချုပ်မှုအောက်တွင်ဆိုတာ ဂျီးနက်စ်မသိခဲ့ပေ။
“ဟားဟား..ဒီကောင်က ငါ့မိသားစုပိုင်တဲ့ ကြေးစားဂိုဏ်းကိုငှါးပြီး ငါ့ကိုသတ်ခိုင်းတယ်။ ရယ်စရာကောင်းလိုက်တာ”
“ရယ်ရလွန်းလို့ ငါ့ခေါင်းတောင်ပြုတ်ထွက်တော့မယ်။ ဘယ်မှာလဲ ငါ့ခေါင်း”