ငါလည်း လူသိမများချင်ပါဘူး
Vol. 10 Ch. 132
“ကြွယ်ယွီ မင်းဘာလုပ်မယ်လို့ စီစဉ်ထားလဲ”
ကျွမ်းရှင်းယန်က သူ့အားမေးသည်။ သူတို့နှစ်ဦးသည် ကြေးစားလူသတ်ဂိုဏ်းအကြောင်းဆွေးနွေးနေသည်နှင့် မတူဘဲ ပေါ့ပေါ့ပါးပါး ပြောဆိုနေကြသည်။
သို့သော် ဖန့်ကြွယ်ယွီအား လုပ်ကြံသတ်ဖြတ်မည့်အစီအစဉ်အား ကျွမ်းရှင်းယန်က ကြိုတင်ပြီး မသိခဲ့သော်လည်း ပြသနာမရှိပေ။ မြှားနက်အဖွဲ့တွင် S အဆင့်ကြေးစားများသာ စွမ်းအားရှင်များဖြစ်ကြသည်။ A အဆင့်ကြေးစားများသည် သေနတ်ကိုသာသုံးပြီး လုပ်ကြံသတ်ဖြတ်ကြသည်။
သို့သော် ကူးရီဘေးနားရှိနေလျှင် အဆင့်အမြင့်ဆုံး Sအဆင့်ကြေးစားများတောင်မှ ဖန့်ကြွယ်ယွီ၏ ဆံချည်မျှင်တစ်ချောင်းကိုမှ ထိခိုက်အောင် မလုပ်နိုင်ပေ။ ဖန့်မိသားစု၏ သက်တော်စောင့် ကူးရီက ဖန့်ကြွယ်ယွီ၏ အနားကိုကပ်လာသော စွမ်းအားရှင်များကိုတောင် ကြိုပြီးရှင်းပေးနိုင်သည်။ ထို့ကြောင့် ကြေးစားလူသတ်သမားမျာသည် ဖန့်ကြွယ်ယွီ၏ ရုပ်ကိုတောင်မြင်လိုက်ရမည် မဟုတ်ပေ။
“သတ်ပစ်ဖို့တော့ မလိုသေးပါဘူး။ အခုထိ အပျင်းမပြေသေးဘူး” ဂျီးနက်စ်က သူ့ကိုသတ်ရန် ကြေးစားလူသတ်သမားများကို ငှါးရမ်းထားသော်လည်း ဖန့်ကြွယ်ယွီက မမှုပေ။ သူ့ကိုလုပ်ကြံသတ်ဖြတ်မှုက မအောင်မြင်သော်လည်း ဂျီးနက်စ်က ထိုက်သင့်သည့် အဖိုးအခပေးရမည်။
“အန်တီ ရှင်းယန် ဒီလိုဆိုရင်ရော”
“ဘာပြောတယ်။ လုပ်ကြံတာ မအောင်မြင်ဘူးဟုတ်လား” နောက်တစ်နေ့မနက်တွင် ဂျီးနက်စ်သည် စိတ်ထိခိုက်ဖွယ်သတင်းကိုရရှိခဲ့သည်။
“ဟုတ်ပါတယ် လုပ်ကြံဖို့ လွှတ်လိုက်တဲ့အဖွဲ့ကလည်း မနေ့ညထဲကအဆက်အသွယ်ပြတ်သွားတယ်လို့ ပြောပါတယ်။ ကြည့်ရတာ သူတို့ကိုတစ်ဖက်က ဖမ်းမိသွားတဲ့ပုံပါ” ဟု မက်သရူးကတင်ပြသည်။
“ကျွန်တော်တို့ဆီက ရတဲ့ သတင်းကမမှန်လို့ သူတို့အဖွဲ့ထဲက A အဆင့် ကြေးစားတွေကို ဆုံးရှုံးရတဲ့အတွက် လျော်ကြေးပေးရမယ်လို့ဆိုပါတယ်”
ဂျီးနက်စ်၏ မျက်နှာကကွက်ခနဲပျက်သွားသည်။ တကယ်တော့ ထိုအရာသည် ကြေးစားလောကတွင် ရှိနှင့်ပြီးသား စည်းကမ်းတစ်ခုဖြစ်သည်။ ပစ်မှတ်ကိုသတ်မှတ်ပြီးပါက ထိုလူနှင့်ပတ်သက်သည့်အချက်များ ဥပမာအားဖြင့် သူ့ဘေးနားမှာရှိနေသော လုံခြုံရေးအဆင့်အတန်းနှင့် ပစ်မှတ်၏ ပြန်လည်ခုခံနိုင်စွမ်းစသည် များကို အလုပ်အပ်သည့်လူဘက်က မှန်မှန်ကန်ကန်ပို့ပေးရသည်။
ဖန့်ကြွယ်ယွီက သာမန်လူတစ်ဦးဖြစ်ပြီး သူ၏ ဘေးတွင် သက်တော်စောင့်တစ်ဦးသာရှိသည်ဟု ပြောခဲ့သည်။ ဖန့်ကြွယ်ယွီနေထိုင်သည့်လိပ်စာကိုလည်း သေချာသိနေတာမို့ သူ့ကိုသတ်ရန် A အဆင့်ကြေးစားတစ်ဦးကို စေလွှတ်ခဲ့သော်ငြား လုပ်ကြံမှုက မအောင်မြင်ပေ။
ပုံမှန်ဆို လုပ်ကြံမှုမအောင်မြင်လျှင်တောင်မှ ကြေးစားလူသတ်သမားက အခက်အခဲမရှိ လွတ်မြောက်နိုင်သည်။ သို့သော် သူတို့က ဖန့်ကြွယ်ယွီကို လျှော့တွက်မိတာမို့ ခုလိုရှုံးနိမ့်ရခြင်းဖြစ်သည်။ ထိုရှုံးနိမ့်မှုအတွက် မင်းသားဂျီးနက်စ်ဘက်မှ လျော်ပေးရမည်။
သူတို့ပေးချေထားသော ယူရို၁၀သန်းကို ပြန်ရဖို့လမ်း မမြင်တော့ပေ။
“သူတို့က ဘယ်လောက်လိုချင်တာလဲ” ဟု ဂျီးနက်စ်က အံကြိတ်ရင်းမေးသည်။
“ယူရိုသန်း၅၀”
“ဘာ အဲ့လောက်အများကြီး” ဂျီးနက်စ်က လက်ထဲမှကော်ဖီခွက်တောင်လွတ်ကျမတတ်ဖြစ်သွားသည်။ သူ့မှာ အသားတင်ငွေသားပိုင်ဆိုင်မှုတောင်မှ ယူရိုသန်း၅၀ ရှိမရှိဆိုတာတောင် မသေချာပေ။ ထိုမျှလောက် ပမာဏအများကြီးကို သူဘယ်လိုရှာရမည်နည်း။
“မင်းသား…A-အဆင့်ကြေးစားတစ်ဦးကိုလေ့ကျင့်ပေးဖို့ဆိုရင် လူအား ငွေအား ပစ္စည်းအကုန် စိုက်ထားရတာ။ သူတို့ရင်းနှီးထားရတာတွေ ဆုံးရှုံးမှုနဲ့ယှဉ်လျှင် ယူရို သန်း၅၀ဆိုတာ နည်းနည်းလေးပဲရှိတယ်”
ဟု မက်သရူးက ဖြေသည်။
“ပေးလိုက်ကွာ” ဂျီးနက်စ်က ထိုအဖွဲ့ကို မဆန့်ကျင်ရဲပေ။ ကြေးစားအဖွဲ့များသည် ဥရောပအနှံ့မှာရှိသည်။ တစ်ခါတုန်းက လူချမ်းသာတစ်ဦးက ထိုအဖွဲ့ကိုငှါးရမ်းပြီး ပိုက်ဆံမပေးချေသဖြင့် ရက်ပိုင်းအတွင်း လုပ်ကြံမှု အကြိမ်ပေါင်း (၂၀)ကိုကြုံတွေ့ခဲ့ရပြီး တတိယမြောက်နေ့တွင် သူ၏အိမ်တွင် သေဆုံးခဲ့ရသည်။
“ဒါပေမဲ့ မင်းသားရဲ့ အကောင့်ထဲမှာ ယူရိုသန်း ၄၀ပဲကျန်တော့တယ်”
“ဟာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ နောက်ဆုံးတစ်ခေါက် ငါအကောင့်ထဲကို ဝင်စစ်တုန်းကတောင် ယူရိုသန်း၈၀လောက်ကျန်သေးတယ်”
“လွန်ခဲ့တဲ့ ခြောက်လတုန်းက အိမ်ခြံမြေပရောဂျက်တစ်ခုမှာ ရင်းနှီးမြှုပ်နှံခဲ့တာပါ။ ဒါကြောင့်မို့ ပိုက်ဆံတွေက အဲ့မှာမြုပ်နေတာပါ”
“ဒါဆို ငါပိုင်တဲ့ပစ္စည်းတွေကို အရင်ဆုံး ဘဏ်မှာပေါင်လိုက်” ဂျီးနက်စ်စိတ်ထဲရူးမတတ် ခံစားနေရသည်။
“ဟိုတရုတ်ကောင်..ငါ မင်းအလောင်းကိုမြစ်ထဲပစ်ချပြီး ငါးမန်းကိုအစာကျွေးပစ်မယ်”
နောက်ဆုံးတော့ ဘုရင်မကြီးရီရှား၏ မွေးနေ့ပွဲနေ့ရောက်လာသည်။ သူမ၏ မွေးနေ့ပွဲကို တစ်နိုင်ငံလုံးအနှံ့ဆင်နွှဲကြသည်။ ထိုနေ့တွင် စစ်ရေးပြပွဲများကိုပါကျင်းပကြသည်။ စစ်သည်ပေါင်း တစ်ထောင့်လေးရာ၊မြင်းအကောင်ရေသုံးရာနှင့် ဂီတအနုပညာရှင်ပေါင်း လေးရာပါဝင် ဆင်နွှဲကြသည်။
ဖိတ်ကြားထားသောဧည့်သည်တော်များသည် ပလက်တီနမ်နန်းတော်ကြီး၏ လသာဆောင်ရှိ ဧည့်သည်တော်ထိုင်ခုံများတွင် နေရာချပေးကြသည်။ ဘုရင်မကြီး၏ အထူးဧည့်သည်တော်ဖြစ်သော ဖန့်ကြွယ်ယွီကို သူမနှင့်အတူ ရထားလုံးစီးရန် ဖိတ်ခေါ်ထားသည်။
ဖန့်ကြွယ်ယွီ၏ ဖခင်ဖြစ်သူသည် ဘုရင်မကြီး၏ မွေးနေ့ပွဲကို တစ်ကြိမ်တစ်ခါသာ တက်ရောက်ဖူးသော်ငြား ဘုရင်မကြီးသည် ဖန့်ကြွယ်ယွီအပေါ် အထူးဧည့်ဝတ်ကျေပွန်သည်။
ပလက်တီနမ်နန်းတော်ဘေးနားရှိရင်ပြင်ထဲတွင် လူပေါင်းများစွာက စုဝေးနေကြသည်။ ဒါတင်မကေသေး လမ်းတစ်လျှောက်လုံးလည်း လူများနှင့် ပြည့်နှက်နေသည်။
တော်ဝင်မိသားစုများလည်း ရထားလုံးကိုစီးပြီး ကြိုဆိုနေသောလူအပေါင်းကို နှုတ်ဆက်ကြသည်။ ယနေ့တွင် ဘုရင်မကြီးက တောက်ပစွာဝတ်ဆင်ထားသည်။ အစိမ်းရောင်ကုတ်အကျီကြီးနှင့် ဦးထုပ်ကို ဝတ်ဆင်ထားသည်။
ဖန့်ကြွယ်ယွီသည် ထူးခြားတောက်ပသော ပွဲတက်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဘုရင်မကြီး၏ ဘေးနားမှာရပ်နေသည်။ ထိုကဲ့သို့ ဝတ်စားရသည့်အပေါ် သူ မနေတတ်ပေ။ ရှုထောင့်ပေါင်းစုံက တဖျက်ဖျက်ရိုက်နေသော ကင်မရာများရှိသည့်အတွက် ဖန့်ကြွယ်ယွီက တောင့်တောင့်ကြီးဖြစ်နေသည်။
“ဘုရင်မကြီးဘေးနားမှာရပ်နေတဲ့သူကို ဘာကြောင့် ရင်းရင်းနှီးနှီးမြင်ဖူးနေရတာလဲ” ဘုရင်မကြီး၏ မွေးနေ့ပွဲကို တိုက်ရိုက်ထုတ်လွှင့်နေသည့်အတွက် တရုတ်ပြည်ရှိ ပြည်သူများကလည်း တီဗီမှတစ်ဆင့် ကြည့်ရှုအားပေးနေကြသည်။
“ဘုရားရေ..ဒါက ဥက္ကဌဖန့်လား။ ဟဲ့ လာကြပါဦး။ တစ်ယောက်ယောက်လာကြည့်ပြီး ဟုတ်မဟုတ် အတည်ပြုပေးကြပါဦး”
“ဒါက ဥက္ကဌဖန့်ဆိုတာ လုံဝသေချာတယ်”
“ဒါက ဘယ်လိုအနေအထားပါလိမ့်။ ဘာကြောင့်များ ဥက္ကဌဖန့်က ဘုရင်မကြီးမွေးနေ့ပွဲကို တက်ရောက်နိုင်ရတာလဲ။ ဒါ့အပြင် သူက ဘုရင်မကြီးနဲ့ အတူတူ ရထားလုံးတောင် စီးနေသေးတာ။ ဘာကြောင့်ပါလိမ့်”
“ဘာပြောရမှန်းကို မသိတော့ဘူး။ ဥက္ကဌဖန့်ကို ကိုးကွယ်ချင်စိတ်တွေပေါ်လာပြီ”
“ဘုရားရေ..မင်းသမီးဆီယက်တယ်က သူ့ဘေးနားမှာရပ်နေပြီး စကားတွေတောင်ပြောနေသေးတာ။ အမလေး ချွေးတွေတောင်သုတ်ပေးနေတာ။ ငါ့နေရာတော့ လုခံလိုက်ရပြီ”
“ဘုရင်မကြီးရဲ့ ဦးထုပ်ကိုတောင် ငှါးချင်ငှါးလို့ရနေမှာ”
“မစ္စတာဖန့်…ဒီပွဲမျိုးကို ပထမဆုံးအကြိမ်တက်ရတာ စိတ်လှုပ်ရှားနေပြီလား” မင်းသမီး ဆီယက်တယ်က သူ့ကိုမေးသည်။
“အဲ့လောက်တောင်သိသာနေတာလား။ အဲ့လိုဆို မလာပါဘူး” ဖန့်ကြွယ်ယွီက အခုမှ နောင်တရနေမိသည်။
တကမ္ဘာလုံးက မွေးနေ့ပွဲကိုတိုက်ရိုက်ကြည့်ရှုနေကြတာမို့ သူ့ကို သိကြပေတော့မည်။ တော်ဝင်မိသားစုနှင့် အတူရှိနေသော တရုတ်လူမျိုးသူ၏ အကြောင်းကို ဂျာနယ်လစ်များက မွှေနှောက်ရှာဖွေကြတော့မည်။
“ငါ ဒီလိုမျိုး လူသိမများချင်ပါဘူး” ဒီကနေ့ပွဲပြီးသည့်နောက် သူ၏ ဝီဘိုအကောင့်ကို လာရောက်စပ်စုသူများစွာရှိလာပေတော့မည်။
“ဒီလူရဲ့ နောက်ကွယ်မှာရှိနေတဲ့ မိသားစုက ဘယ်လိုပါလိမ့်”
ဧည့်သည်တော်နေရာတွင် ထိုင်နေသော ဂျီးနက်စ်က ထိုမြင်ကွင်းကိုမြင်သောအခါ ဒေါသပုံထတော့သည်။ ဖန့်ကြွယ်ယွီ၏ လျှို့ဝှက်ဆန်းကြယ်မိသားစုအခြေအနေကို သူအနည်းငယ်စိုးရိမ်နေမိသည်။ ဖန့်ကြွယ်ယွီက ချမ်းသာသော ကျောင်းသားတစ်ဦးဟူသော သတင်းမှလွဲပြီးသူ့မိသားစုအကြောင်း သဲလွန်စအနည်းငယ်တောင်မရပေ။
ဂျီးနက်စ်သည် ဆိုင်းလုခ်နိုင်ငံမင်းသား၏ သားတော်တစ်ပါးဖြစ်သည်။ သူ့နည်းတူ ယနေ့ပွဲတွင် တက်ရောက်နေသော ဥရောပတိုက်ရှိတော်ဝင်မင်းသားပေါင်းများစွာရှိသည်။ သို့သော် မည်သူကမှ သူ့လိုမျိုး ဘုရင်မကြီးနှင့် အတူတူရှိခွင့်မရကြပေ။ သူတို့ စုံစမ်းရရှိထားသလို ဖန့်ကြွယ်ယွီ၏ သရုပ်မှန်က မရိုးသားပေ။
“ဘာတွေပဲဖြစ်ဖြစ် မင်း ငါ့လက်ကမလွတ်ပါဘူးကွာ ဖန့်ကြွယ်ယွီ” ဂျီးနက်စ်၏ မျက်ဝန်းအစုံသည် အမုန်းတရားများဖြင့် တဟုန်းဟုန်းတောက်လောင်နေသည်။