သူက ကယောင်ကတမ်း ရေရွတ်နေလောက်ပြီ!!!
Vol. 10 Ch. 135
“ဒါက ဘာအဓိပ္ပါယ်ပါလိမ့်” ဂျီးနက်စ်က ထိုစကားစု၏ အဓိပ္ပါယ်ကို နားမလည်ပေ။ တရုတ်ယဉ်ကျေးမှုနှင့် သူက အလှမ်းကွာဝေးသည်။”ခင်ဗျားကို ဘာသာစကားသင်ပေးတဲ့ဆရာကို သွားမေးကြည့်ပေါ့ဗျာ”
“ဪ ဒါနဲ့ မင်းသားဂျီးနက်စ် ကျုပ်ကိုလုပ်ကြံသတ်ဖြတ်ဖို့ စိတ်ကူးမယဉ်ပါနဲ့တော့။ ခင်ဗျားဘယ်သူ့ကိုပဲငှါးငှါး ကျုပ်လူတွေပဲဖြစ်နေမှာပေါ့။
“ဒါပေမဲ့ ကျုပ်လူတွေကသတ်ပစ်မိရင်တော့ နောက်မှ ကျုပ်ကို အပြစ်မဆိုနဲ့နော်”
“မင်းဘာကိုဆိုလိုချင်တာလဲ” ဖန့်ကြွယ်ယွီ၏ ဆိုလိုရင်းကို နားလည်စပြုလာသည်။ ဖန့်ကြွယ်ယွီနှင့် ပတ်သက်ခဲ့မိသည့်အပေါ် နောင်တရချင်သလိုလိုတောင်ဖြစ်လာသည်။
“စိတ်ဒဏ်ရာအတွက် ယူရိုဘီလီယံ ၂၀လျော်ကြေးပေးရမယ်။ လူသိရှင်ကြားတောင်းပန်တာကတော့ မပြောင်းဘူး။ အရင်လိုပဲ”
“ဒါက ငွေညှစ်တာပဲ” တစ်ရက်တည်းမှာ လျော်ကြေးကအဆပေါင်းများစွာတိုးလာသည်။ သူ့ဖခင်နှင့် တော်ဝင်မိသားစုက ထိုပမာဏကို ပေးဆောင်ရန် မတတ်နိုင်ကြပေ။
“ဟမ်..ဟိုစွမ်းအားရှင်ကလည်း ငါ့ကိုသတ်ဖို့ မင်းလွှတ်လိုက်တာမလား။”ဖန့်ကြွယ်ယွီက ဂျီးနက်စ်၏ မျက်နှာကို စိုက်ကြည့်လိုက်သည်။
“သူက မင်းရဲ့ညီလား။ မင်းတို့ချင်းရုပ်ဆင်နေတာကို သတိထားမိတယ်”
“ဂျတ်က မင်းရဲ့လက်ထဲမှာလား” ထိုအချိန်မှာ ဂျီးနက်စ်၏ ရင်ထဲဗလောင်ဆူနေသည်။ ဖန့်ကြွယ်ယွီက သူ၏ ညီလေးကိုဖမ်းထားသဖြင့် အဆက်အသွယ်မရခြင်းဖြစ်မည်။
“မင်းသူ့ကို ဘာလုပ်လိုက်တာလဲ”
“ငါကဘာမှမလုပ်ပါဘူး။ ငါ့သက်တော်စောင့်က သူ့ကို ပညာနည်းနည်းပေးလိုက်တာပဲရှိတာပါ။သူက အခု ဂိမ်းထဲကစာသားတွေကို ရူးကြောင်ကြောင်အော်နေလောက်ပြီ” ဟု ဖန့်ကြွယ်ယွီက စနောက်သည်။
“ဒါပေမဲ့ မင်းလူတွေက ထင်သလောက်လည်း မဟုတ်ပါဘူး။ငါ့ရဲ့ဆံချည်တစ်မျှင်ကိုတောင် မထိနိုင်ဘဲနဲ့ ငါ့သက်တော်စောင့်ဖမ်းတာခံလိုက်ရတယ်။ နောက်တစ်ခေါက်ကျရင် အဲ့ထက်ပိုတော်တဲ့လူတွေကိုလွှတ်ပါကွာ”
“ဂျတ်ကို မင်းဘာလုပ်ဖို့ ကြံထားတာလဲ”ဂျီးနက်စ်တစ်ယောက် ဆောက်တည်ရာမရဖြစ်နေသည်။ သူ့ဖခင်မသိဘဲ ကြေးစားလူသတ်သမားတစ်ဦးကို ငှါးရမ်းခဲ့သည်။ ဒါတင်မကသေးဘဲ ဒီကိစ္စမှာ သူ့ညီလေး ဂျတ်ကိုပါ ဆွဲထည့်မိလိုက်သေးသည်။ ထိုအကြောင်းကို သူ့အဖေသိပါက အလွန်ဒေါသထွက်ပေလိမ့်မည်။
ဖန့်ကြွယ်ယွီက အသတ်ခံရပါက ပြသနာများအကုန်ပြေလည်သွားပေလိမ့်မည်။ အခုတော့ သူ့ညီလေးကပါ ဖန့်ကြွယ်ယွီ၏ လက်ထဲရောက်သွားရသည်။
SSအဆင့်စွမ်းအားရှင်များက နိုင်ငံတစ်နိုင်ငံအတွက် အရေးပါသောအင်အားဖြစ်သည်။ဆိုင်းလုခ်နိုင်ငံတွင် ထိုစွမ်းအားရှင်များက ရှားပါးလှသည်။ ထို့ကြောင့် သူတို့၏ အရေးပါမှုက ပြောမပြနိုင်လောက်အောင်ကြီးမားသည်။ ဂျီးနက်စ်ဆယ်ဦး၏တန်ဖိုးက ဂျတ်တစ်ယောက်တည်း၏ တန်ဖိုးနှင့် ညီမျှသည်။
“ငါ သူ့ကိုဘာမှ မလုပ်ပါဘူး။မင်းက ငါ့ကိုသတ်ဖို့လူလွှတ်လိုက်ထဲက ရှုံးဖို့အတွက် စိတ်ကို အသင့်ပြင်ထားပါ။ ရက်ပိုင်းအတွင်းမှာ ဆိုင်းလုခ်နိုင်ငံကို ငါလာဖို့ရှိတယ်။ အဲ့အချိန်ကျမှ ဒီကိစ္စကို မင်းတို့ဘုရင်နဲ့ ငါဆွေးနွေးမယ်”
ထိုစကားကိုပြောပြီး ဖန့်ကြွယ်ယွီက ဂျီးနက်စ်နှင့် ဆက်ပြီးစကားပြောလိုစိတ်မရှိဘဲ လှည့်ထွက်ခဲ့သည်။ ဂျီးနက်စ်က ထိုနေရာမှာ ငူငူငိုင်ငိုင်ဖြစ်ပြီး ကျန်ရစ်ခဲ့သည်။
“မစ္စတာဖန့် ခင်ဗျားစကားပြောနေတာက ဆိုင်းလုခ်နိုင်ငံကမင်းသားမလား။ ခင်ဗျားက သူနဲ့ရောသိတာလား” ဖန့်ကြွယ်ယွီပြန်လာသောအခါ ဟီတန်က သူငယ်ချင်းများနှင့် ပြောလက်စစကားကိုရပ်ပြီး ပြန်လာသည်။
“ဆိုပါတော့ ဒါပေမဲ့ ကောင်းတဲ့ခင်မင်မှုတော့ မဟုတ်ပါဘူ” ဟုပြောပြီး ဖန့်ကြွယ်ယွီက ရယ်သည်။ “သူ့အကြောင်းတော်ပါတော့။ မစ္စတာဟီဖန် ခင်ဗျားသူငယ်ချင်းတွေနဲ့ မိတ်မဆက်ပေးတော့ဘူးလား”
“ဟုတ်ပါ့ ကြည့်ပါဦး။ မေ့နေလိုက်တာ။”
“ဒါက မစ္စတာ ဘာတန်ဆီတာ။ အိမ်ခြံမြေသူဌေးကြီးပေါ့။ သူ့ကုမ္ပဏီက အိမ်ခြံမြေလုပ်ငန်းမှာဆို ထိပ်သီးငါးခုထဲဝင်တယ်။ မင်း ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် အိမ်ဝယ်ချင်တယ်ဆို သူ့ကိုဆက်သွယ်လိုက်ပါ”
“ဒါကတော့ မစ္စတာ ဂစ်တိုဒက်ပါ။ဖာရာရီသူဌေးပါ။ သူ့ဆီကနေဆို စျေးကွက်ပေါက်စျေးထက် ၄၀%လောက်သက်သာတဲ့စျေးနဲ့ဝယ်နိုင်တယ်”
“ဘာတန်..ဂစ် ဒါက တရုတ်ပြည်က မိတ်ဆွေပါ။ နာမည်က ဖန့်ကြွယ်ယွီပါ”
“ခင်ဗျားတို့နှစ်ယောက်လုံးနဲ့တွေ့ရတာဝမ်းသာပါတယ်” ဟု ဖန့်ကြွယ်ယွီက လက်ဆွဲနှုတ်ဆက်သည်။ သူက နေရာတိုင်းမှာ အိမ်ခြံမြေလုပ်ငန်းပိုင်ဆိုင်တာမို့ မစ္စတာဘာတန်ဆီက အိမ်ဝယ်ဖို့ မလိုပေ။ ပြိုင်ကားဆိုလည်း သူကတစ်လတစ်စီးမထပ်ပဲဝယ်နိုင်သည်။ သူက Sun Godကားကို စီးပြီးကတည်းက ဖာရာရီကို မစီးချင်တော့ပေ။
“မစ္စတာဖန့်က တကယ့်ကို ထူးခြားတဲ့ပုဂ္ဂိုလ်ပါ”
သူဌေးနှစ်ဦးလုံးက ဘုရင်မကြီးနှင့်အတူ ရထားလုံးစီးတာကို မြင်ဖူးခဲ့ကြသည်။ထိုအရာကို ကြည့်ခြင်းဖြင့် သူတို့ထက် ဖန့်ကြွယ်ယွီ၏ အနေအထားကသာလွန်သည်။
ခဏအကြာမှာ ဘုရင်မကြီးနှင့် တော်ဝင်မိသားစုများရောက်ရှိလာကြသည်။ ဘုရင်မကြီးက ဝတ်စုံလဲလိုက်သော်လည်း လည်ဆွဲနှင့် သရဖူကိုတော့ မလဲထားပေ။
“ကျွန်မရဲ့ အသက် (၉၀)ပြည့်မွေးနေ့ပွဲကိုတက်ရောက်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ ဧည့်သည်တွေအတွက်လည်း အထူးကောင်းမွန်တဲ့ညစာကိုတည်ခင်းဧည့်ခံထားပါတယ်။ သုံးဆောင်ကြပါ။အရမ်းသောက်လို့ မူးသွားကြရင် နားနေနိုင်ဖို့ အခန်းစီစဉ်ပေးထားပါတယ်။ ဧည့်သည်တွေအကုန် စိတ်ကျေနပ်မှုရပြီးမှ ပြန်စေချင်ပါတယ်”
“ဖြောင်း ဖြောင်း ဖြောင်း”
ဘုရင်မကြီး၏ စားပွဲဝိုင်းထိပ်တွင် နေရာယူသည်။ သူမ၏ ဘေးနားမှာ မြို့စားများ၊ မင်းသားများနှင့် မင်းသမီးများက ခုံတစ်ခုံချန်ပြီး နေရာအသီးသီးယူကြသည်။
“ဆီယက်တယ် မစ္စတာဖန့်ကို ဖိတ်လိုက်ပါ”
“အဘွား..ဒါက ထိပ်နေရာမှာရှိတဲ့ ခုံဆိုတော့ သင့်တော်ပါ့မလား”
“ဘာလို့ မသင့်တော်ရမှာလဲ။ မစ္စတာဖန့်က အချိန်ပေးပြီး လာတက်ရောက်ပေးတာကိုပဲ ကျေးဇူးတင်နေရမှာ။ ကောင်မစုတ်လေး။ မင်းမသွားဘူးဆို အဘွားကိုယ်တိုင်ဖိတ်မှာ”
“ဟုတ်ကဲ့ ဟုတ်ကဲ့ သွားလိုက်ပါ့မယ်” မင်းသမီးဆီယက်တယ်က ဘုရင်မကြီးကို နေရာမှာပြန်ထိုင်စေပြီး သူမကိုယ်တိုင်သွားဖိတ်ပေးသည်။
ဘုရင်မကြီးကိုယ်တိုင်ဖိတ်ပါက မနက်ဖြန်မနက်သတင်းစာတွင် တော်ဝင်မိသားစုကို လှောင်ပြောင်သရော်စာများ သတင်းစာထက်တွင် ပလူပျံနေတော့မည်။
ဆီယက်တယ်က ဖန့်ကြွယ်ယွီ၏ အနားကိုကပ်ပြီး “မစ္စတာဖန့်..ကျွန်မအဘွားက သူ့ဘေးနားကခုံမှာထိုင်ဖို့ ဖိတ်ခိုင်းလို့ပါ”
သူ့ဘေးနားမှာရှိနေသော ဟီတန်နှင့် အပေါင်းအသင်းများက တအံ့တဩဝိုင်းကြည့်ကြသည်။တော်ဝင်မိသားစုများနှင့် အတူတူထိုင်ရလျှင်တောင်မှ ဂုဏ်ယူဖွယ်ရာဖြစ်သည်။ ဘုရင်မကြီး၏ဘေးမှာထိုင်ရခြင်းက အထူးဂုဏ်ယူဖွယ်ရာဖြစ်ပေသည်။
“သင့်တော်ပါ့မလား” ဟုဆိုကာ ဖန့်ကြွယ်ယွီက တွေဝေနေသည်။ သူ့ကိုမနက်ကတည်းက လူအများက အာရုံစိုက်နေကြသည်။ ယခုပွဲမှာ သတင်းထောက်များမရှိသော်ငြား ထိုအနေအထားကို တိတ်တဆိတ်ရိုက်ကူးမထားဘူးဆိုတာ မည်သူပြောနိုင်မည်နည်း။ သူက နောက်တစ်ခါထပ်ပြီး နာမည်မကြီးချင်တော့ပေ။
“ရှင်ငြင်းလျှင် ကျွန်မအဘွားကိုယ်တိုင်လာဖိတ်မှာနော်”ဟု မင်းသမီးဆီယက်တယ်က စိတ်ဆိုးမာန်ဆိုးပြောသည်။ လူအများစုက လိုချင်နေသော အခွင့်အရေးကို ဖန့်ကြွယ်ယွီက ငြင်းဆိုနေသည်။
“ဟုတ်ပြီ ဟုတ်ပြီ ငါသွားပါ့မယ်”ဟုဆိုကာ ဖန့်ကြွယ်ယွီက သက်ပြင်းရှည်ကြီးချသည်။
သူက မင်းသမီးဘက်ကိုလှည့်ပြီး “ပြောရဦးမယ်။ ငါ အဲ့နေရာမှာ ထိုင်လိုက်တာနဲ့ ဘုရင်မကြီးက မင်းသမီးတွေကို ငါနဲ့လက်ထပ်ဖို့ ကြိုးပမ်းဦးမှာ သေချာတယ်”
“ဟွန့် ဘယ်သူက ရှင့်ဇနီးမယားဖြစ်ချင်လို့လဲ။ စိတ်ကူးမယဉ်နေနဲ့” ဟု ဖန့်ကြွယ်ယွီကို မင်းသမီးဆီယက်တယ်က ပြန်တုံ့ပြန်သည်။
ဖန့်ကြွယ်ယွီက ဟီတန်တို့နှင့် အကြည့်ချင်းဆုံသောအခါ အားပါးတရရယ်မောသည်။ တစ်ခါတစ်ရံယောကျာ်းသားများကြားက နားလည်မှုက ရိုးရှင်းလှသည်။