လေကြောင်းဗုံးကျဲတိုက်ခိုက်ခြင်း
Vol. 10 Ch. 136
ဖန့်ကြွယ်ယွီသည် နိုင်ငံရေးနှင့် စစ်ရေးကိစ္စများကို သိပ်နားမလည်ပေ။ သူက အင်တာနက်သုံးပြီး ဂိမ်းဆော့ခြင်းလောက်ကိုသာ ဝါသနာထုံသော သာမန်လူငယ်တစ်ဦးဖြစ်သည်။ အင်္ဂလန်တော်ဝင်မိသားစုက တည်ခင်းဧည့်ခံသောညစာစားပွဲတွင် အင်တာနက်ပေါ်တွင် နာမည်ကြီးနေသော ဟာသများကို ဘုရင်မကြီးတို့အားပြောပြပြီး ရယ်မောပျော်ရွှင်စေခဲ့သည်။
နောက်ဆုံးတော့ နှုတ်ဆက်ခွဲခွါရမည့် အချိန်ကို ကျရောက်လာတော့သည်။
ဘုရင်မကြီးက သူ့အား အင်္ဂလန်မှာ ရက်အနည်းငယ်လောက်ဆက်နေရန် နားချသော်လည်း ဖန့်ကြွယ်ယွီအနေဖြင့် မနက်ဖြန်တွင် ဝမ်ချုံးနှင့်တွေ့ရန် ချိန်းဆိုထားပြီးဖြစ်သည်။ ထို့ကြောင့် သူလည်း မတတ်သာပဲ နှုတ်ဆက်ရတော့မည်။
ဘုရင်မကြီးက သူ့ကိုအင်္ဂလန်မှာဆက်နေခိုင်းရသည့်အကြောင်းရင်းမှာ သူ၏ မြေးတော်မင်းသမီးလေးများထဲမှ တစ်ယောက်နှင့် လက်ဆက်ပေးချင်လို့လားဆိုတာ မည်သူမှ မသိနိုင်ပေ။
“မစ္စတာဖန့်…ငါတို့ပြန်ဆုံကြဦးမှာပါ”
ဘုရင်မကြီးက မွေးနေ့ပွဲအတွက် နှစ်ရက်တာပင်ပန်းထားသဖြင့် နေထိုင်သိပ်မကောင်းနေပေ။ ထို့ကြောင့် ဘုရင်မကြီးကိုယ်စား မင်းသမီးဆီယက်တယ်ကပဲ သူ့ကိုလိုက်ပို့ပေးရသည်။ သူမက တစ်စုံတစ်ရာပြောဖို့ရှိနေသည့်ပုံပေါ်သော်လည်း ဖွင့်မပြောခဲ့ပေ
ဖန့်ကြွယ်ယွီလည်း လေယာဉ်ပေါ်တက်ခဲ့တော့သည်။
“ဟူး နောက်ဆုံးတော့ ပိုးသားလှိုဏ်ဂူထဲက ထွက်နိုင်ခဲ့ပြီ”
ဖန့်ကြွယ်ယွီက ဆိုဖာပေါ်လဲလျောင်းရင်း သူ့နိုင်ငံ၏ လေထုကို အားပါးတရရှုရှိုက်နေသည်။
အခုတလော နိုင်ငံခြားသားများနှင့်ဆက်ဆံရတာများသဖြင့် တရုတ်စကားပြောနေရင်း အင်္ဂလိပ်စကားများပါ အယောင်ယောင်အမှားမှားပြောမိသည်။
ဖန့်ကြွယ်ယွီသည် ဖိုင်နယ်ပွဲစဉ်တွင် ဝမ်ချုံးနှင့် အတူZZ အဖွဲ့ကိုအားပေးဖို့သာမရှိနေပါက သူသည် တရုတ်ပြည်ကိုသာ အပြေးအလွှားပြန်မိလိမ့်မည်။
“အမရီ ဆိုင်းလုခ်နိုင်ငံရဲ့ ဟာနျို့မြို့ကိုရောက်ဖို့ ဘယ်လောက်လိုသေးလဲ”
“တစ်နာရီခွဲလောက်ပဲလိုပါတော့တယ်” ဟု ကျွမ်းရီကပြန်ဖြေသည်။
“ဪ သိပ်မလိုတော့ဘူးပဲ”ဟု ဖန့်ကြွယ်ယွီကရေရွတ်သည်။
ထို့နောက် ကူးရီဘက်ကိုလှည့်ရင်း “ဂျတ်ဆိုတဲ့ ကောင်လေးရော ဘယ်လိုလဲ” ဟု ဖန့်ကြွယ်ယွီက မေးသည်။
“သူ့ကို သတိမေ့အောင်လုပ်ပြီး ရေချိုးခန်းထဲမှာထည့်ထားပါတယ် သခင်လေး”
“ကောင်းတယ်။ သူ့ကိုသေအောင်မသတ်နဲ့။ဆိုင်းလုခ်နိုင်ငံရဲ့ ဘုရင်ဆီကို လက်ဆောင်အဖြစ်ပို့ပေးရမယ်”
“ဟား” ဖန့်ကြွယ်ယွီက ဟားတိုက်ရယ်မောသည်။
“မင်းတို့နှစ်ယောက်လည်းနားကြတော့လေ။ မင်းတို့လည်း ငါနဲ့အတူ ဒီရက်ပိုင်းထဲမှာ ပြေးလွှားနေရတာဆိုတော့ ပင်ပန်းနေရောပေါ့။ ငါလည်း ရှင်းယွီနဲ့ ဗီဒီယိုကော ပြောလိုက်ဦးမယ်”ဟု ဆိုကာ သူသည် အခန်းထဲဝင်သွားသည်။
အခုအချိန်က အင်္ဂလန်မှာ မနက်အစောကြီးရှိသော်လည်း တရုတ်ဘက်မှာတော့ နေ့လည်ခင်းဖြစ်သည်။ တရုတ်ပြည်ဘက်က ထွက်လာခဲ့သည်မှာ တစ်ပတ်ပင်မပြည့်သေးသော်လည်း ရှင်းယွီကို အရမ်းသတိရနေမိသည်။
“အမလေး အချစ်ကလေး။ ရှင် ကျွန်မကို သတိရသေးတယ်ပေါ့လေ။ ရှင်က အင်္ဂလန်က မင်းသမီးလေးတွေနဲ့ အရမ်းပျော်နေပြီး အိမ်ကိုတောင်မေ့နေပြီလို့ ကျွန်မကထင်နေတာ” ဗီဒီယိုကော ဖွင့်ဖွင့်ချင်းမှာ ရှင်းယွီ၏ ဆူပုပ်ပုပ်မျက်နှာလေးက ပေါ်လာသည်။
ရှင်းယွီသည် လေ့ကျင်ခန်းထဲမှာရှိနေပြီး သူမ၏ ပရော်ဖက်ရှင်နယ်လေ့ကျင့်ခြင်းကို ကြိုးပမ်းလုပ်ဆောင်နေပုံရသည်။
“ဟဲဟဲ အဲ့လိုဖြစ်ပါ့မလားကွာ။ အလုပ်တွေ အရမ်းများနေလို့ပါကွာ။ အခုကြည့်လေ အချိန်ရတာနဲ့ မင်းဆီတန်းပြီးဖုန်းခေါ်တာပဲလေ။ မဟုတ်ဘူးလား”
“ဟွန့် ရှင်တို့ယောကျာ်းတွေဆိုတာ ယုံလို့ကိုမရပါဘူးရှင်” ရှင်းယွီက ဒေါသတကြီးတုံ့ပြန်သည်။
“ရှင် ဂိမ်းပြိုင်ပွဲတွေကြည့်သေးတယ်မလား”
“အင်း ဟင်း..တကယ်အလုပ်များနေတာပါကွာ။ ယုံပါ။ ဒါပေမဲ့ ငါဘယ်သူနဲ့မှ ဖောက်လွဲဖောက်ပြန်မလုပ်ပါဘူး။ ကျိန်ပြောရဲတယ်။ ဘုရင်မကြီးရဲ့ပွဲမှာ မင်းသမီး ဟာရှီမိုတိုကနကိုက ငါ့ကိုအတင်းလာရောတာတောင် အဖတ်မလုပ်ခဲ့ဘူး။ မယုံရင် မင်း ကူးရီကို ကိုယ်တိုင် မေးကြည့်လို့ရတယ်ကွာ”
“မစ္စကော..အဲ့နေ့တုန်းက မစ္စဟာရှီမိုတိုက သခင်လေးရဲ့ပေါင်ကိုကိုင်ပြီး အတင်းမြူဆွယ်တာတောင်မှ သခင်လေးက ဘာမှပြန်မလုပ်ခဲ့တဲ့အပြင် ကောင်မလေးကို သတိလစ်အောင်လုပ်ပြီး ခေါ်ထုတ်သွားဖို့ ကျွန်တော့်ကိုပြောခဲ့ပါတယ်” ကူးရီက သူ့နောက်မှာ ရုတ်တရက်ပေါ်လာပြီးရှင်းပြနေသည်။
“ဝိုး မင်းက ဘယ်လိုရောက်လာပြန်တာလဲ”
“သခင်လေးပဲ ကျွန်တော့်ကို သက်သေလိုက်ခိုင်းတာမလား”
“မင်းက အရူးကောင်ပဲကွ” ကူးရီက ဘက်ပေါင်းစုံမှာတော်သော်လည်း အရမ်းရိုးဖြောင့်လွန်းပေသည်။
“ကဲ သွားတော့။ ငါတို့က ဒီမှာချစ်ကြည်နူးနေတာ။ နောက်တစ်ခါကျ မလိုအပ်ပဲ အသေးစိတ်မရှင်းပြနဲ့ ကြားလား”
တစ်ဖက်မှာတော့ ကောရှင်းယွီက ခိုးခိုးခစ်ခစ်ရယ်နေရှာသည်။ ဖန့်ကြွယ်ယွီနှင့် ကူးရီနှစ်ယောက်ပေါင်းပြီး ဟာသဇာတ်ကားရိုက်ကူးသင့်သည်။
“ရှင် ဘယ်တော့ပြန်လာမှာပဲ။ လွမ်းနေပြီလေ”ကောရှင်းယွီက မိန်းကလေးပီပီ ချွဲနွဲ့ပြီး ပြောသည်။
“မင်းက ငါ့ကိုလွမ်းတာလား ဒါမှမဟုတ် ဟဲဟဲ”
“ဟွန့် ရှင်နော်။ ဘာတွေလျှောက်တွေးနေတာလဲ” သူတို့နှစ်ဦးကြားမှာ သာမန်ရည်းစားထက်ပိုသော ဆက်ဆံရေးရှိခဲ့ပြီဆိုသော်လည်း ထိုအကြောင်းနှင့်ပတ်သက်လာလျှင် ရှင်းယွီမပြောရဲပေ။သူမက နှုတ်ခမ်းကို ခပ်ဖွဖွကိုက်ရင်း “နှစ်ခုလုံးပဲ” ဟု ပြန်ဖြေသည်။
“အိုးး တကယ်ကြီး” ဖန့်ကြွယ်ယွီ အံ့အားသင့်ရသည်။
“နောက်ထပ်လဝက်လောက်ထိ ဝမ်ချုံးနဲ့အတူတူပွဲကြည့်ရဦးမယ်” သူက စိတ်ကို မနည်းတည်ငြိမ်အောင်လုပ်ရင်း
ပြန်ဖြေရသည်။
“ဒါဆိုလည်း ရှင့်ကို စောင့်နေမှာပေါ့”
“ဒုံး ဒုံး”
သူတို့နှစ်ဦးသား စကားကောင်းနေကြချိန်တွင် လေယာဉ်က တစ်ခုခုနှင့် တိုက်မိသလို ပြင်းပြင်းထန်ထန်တုန်ခါသွားပြီးနောက် လေယာဉ်ပေါ်ရှိဆက်သွယ်ရေးကွန်ယက်လည်း ချက်ချင်းဆိုသလိုပျက်သွားတော့သည်။ အချက်ပြစနစ်များလည်း တစ်ခုမှ အလုပ်မလုပ်တော့ပေ။
“ဘာဖြစ်တာလဲဟ”
ဖန့်ကြွယ်ယွီက လေယာဉ်ထဲရှိ ဧည့်ခန်းဆောင်ထဲသို့ပြေးထွက်လာသည်။ ယနေ့မှာရာသီဥတုကလည်း အထူးကောင်းမွန်နေပြီး တိမ်ကင်းစင်နေသည်။ လျှိုချွမ့်ရှင်း၏ လေယာဉ်မောင်းသည့်စွမ်းရည်နှင့်ဆို ဒီလိုဖြစ်စရာအကြောင်းတော့မရှိပေ။
“ကူးရီက ဘယ်မှာလဲ” သူက ကူးရီကို လိုက်ရှာကြည့်သောအခါ ကူးရီကို လေယာဉ်ထဲမှာမတွေ့ပေ။
“သခင်လေး ကျွန်တော်တို့လေယာဉ်တိုက်ခိုက်ခံနေရပြီ” ကူးရီ၏ အသံက ဖန့်ကြွယ်ယွီ၏ နားထဲမှာ ပဲ့တင်သံထပ်နေသည်။
“ဟမ် ဘယ်လိုဖြစ်လို့လဲ”
“ဟာရီကိန်းတိုက်လေယာဉ်က ကျွန်တော်တို့ကို ပစ်မှတ်ထားပြီးတိုက်ခိုက်နေတာပါ”
ဒုံးကျည်များက သူ၏လေယာဉ်ထက်မှာ ပျံဝဲနေသည်။ သာမန်လေယာဉ်သာဆိုပါက အစိတ်စိတ်အမွှာမွှာဖြစခနေလိမ့်မည်။ကံကောင်းချင်တော့ ကူးရီက လေယာဉ်ကို သူ၏ စွမ်းအားဖြင့် ကာကွယ်ထားပေးသည်။ သို့သော် ထိုအမြင့်အနေအထားတွင် ပေါက်ကွဲမှုအရှိန်ကြောင့် လေယာဉ်က သိသိသာသာ တုန်ခါနေသည်။
“ကူးရီ မင်းထိန်းနိုင်လား” ဟု ဖန့်ကြွယ်ယွီက စိုးရိမ်တကြီးမေးသည်။
“စိတ်မပူနဲ့ သခင်လေး။ ဒီ ဒုံးကျည်လောက်တော့ ငါ ထိန်းနိုင်တယ်။ လေယာဉ်က နည်းနည်းတော့ လှုပ်လိမ့်မယ်”
“မဟုတ်ဘူး။ လေယာဉ်ဒီလောက်တုန်ခါနေရင် အတွင်းပိုင်းတွေထိကုန်မှာဆိုးတယ်”
ဖန့်ကြွယ်ယွီ၏ စကားဆုံးသည်နှင့် လေယာဉ်က ဆူညံသံများစွာထွက်ပေါ်လာသည်။ အင်ဂျင်ရပ်လိုက်သည်နှင့် လေယာဉ်၏ ထိန်းချုပ်ရေးစနစ်တွင် ပြသနာများစွာပေါ်လာသည်။
လေယာဉ်မှူးနှင့် အဖွဲ့က လေယာဉ်ကို ငြိမ်သက်အောင် အစွမ်းကုန်ကြိုးပမ်းသော်လည်း ပါဝါစနစ်က ပြသနာတက်တာမို့ ဘာမှ မလုပ်နိုင်တော့ပေ။
“ရှောင်းရီ ဟာရီကိန်းဆိုတာ ဘယ်နိုင်ငံက တိုက်လေယာဉ်လဲ”
ဒါက မတော်တဆလည်း မဟုတ် တိုက်ဆိုင်မှုလည်းမဟုတ်ပေ။
“ဒါက ဆိုင်းလုခ်နိုင်ငံရဲ့ တတိယမြောက်တိုက်လေယာဉ်အမျိုးအစားပါ”
“လုပ်ပြန်ပြီ ဒီနိုင်ငံကတော့”
“ဂျီးနက်စ်ဆိုတဲ့ကောင်က နည်းလမ်းအမျိုးမျိုးသုံးပြီး ငါ့ကိုတိုက်ခိုက်နေတာပါလား”
“ကူးရီ လေယာဉ်ဆင်းဖို့ နေရာရှာလိုက်တော့” ဖန့်ကြွယ်ယွီ၏ စိတ်ထဲ မအီမသာဖြစ်လာသည်။ ဤလေယာဉ်က နှစ်ကြိမ်သာအသုံးပြုရသေးသော လေယာဉ်ဖြစ်သည်။ ယခုတော့ လေယာဉ်က ထိခိုက်ပျက်စီးမှုများစွာဖြစ်သွားသည်။ မည်သူကပဲ လုပ်ကြံပါစေ ထိုပျက်စီးမှုအတွက် သေချာပေါက် ပေးလျော်ရမည်။
“ဟုတ်ကဲ့ နားလည်ပါပြီ သခင်လေး”
“ဟာ ဘာပါလိမ့်” ဟာရီကိန်းတိုက်လေယာဉ်မှူးသည်ဘဝတစ်သက်တာတွင် တစ်ခါမှ မမြင်ဖူးသော မြင်ကွင်းကိုမြင်လိုက်ရသည်။ပျက်ကျခါနီးဖြစ်သောလေယာဉ်၏ အောက်တွင် လူတစ်ဦးက စူပါမန်းကဲ့သို့ စွမ်းအားဖြင့် လေယာဉ်ကိုမြေပြင်ပေါ်သို့ ဆင်းသက်နိုင်အောင် ကူညီပေးနေသည်။
စွမ်းအားရှင်များသည် နိုင်ငံ၏လျှို့ဝှက်ရတနာတစ်ပါးဖြစ်သည်။ သာမန်စစ်သည်များပင် သူတို့အကြောင်း မသိကြပေ။ ဒါကလက်နက်တစ်မျိုးမျိုးပဲဟု ယူဆခဲ့မိသည်။
ပိုင်းလော့က အသံခလုတ်ကိုဖွင့်ပြီး “ပစ်မှတ်က ဆင်းသက်ဖို့ ကြံရွယ်နေတယ်။ မြေပြင်ပေါ်က အဖွဲ့တွေတိုက်ခိုက်ဖို့ပြင်ထားကြ။ သတိထားကြမယ်။ရန်သူ့ဘက်မှာ အမျိုးအမည်မသိတဲ့ လက်နက်တွေရှိနေတဲ့ပုံပေါ်တယ်”