ငါက ဘာမှမလုပ်ရသေးခင် မင်းတို့ကောင်တွေအကုန်လဲကုန်ကြပြီ…
Vol. 10 Ch. 137
ကူးရီ၏ အကူအညီဖြင့် လေယာဉ်သည် ကန္တာရပေါ်သို့ အသာအယာဆင်းသက်နိုင်ခဲ့သည်။ လေယာဉ်က လုံးဝမရပ်တန့်သေးခင်တွင် ပေတစ်ရာလောက် လမ်းချော်သွားသေးသည်။ ထို့ကဲ့သို့ အရှိန်အဟုန်ပြင်းစွာ ပွတ်တိုက်မှုကြောင့် လေယာဉ်အတွင်းပိုင်းရှိ ပစ္စည်းများအားလုံးသည် ဖရိုဖရဲဖြစ်ကုန်ကြသည်။
“ဟူး နောက်ဆုံးတော့ ဆင်းနိုင်ခဲ့ပြီ တော်ပါသေးရဲ့”လေယာဉ်မှူးလည်း အခုမှ သက်ပြင်းချနိုင်တော့သည်။ လေယာဉ်သည်အင်ဂျင်ချို့ယွင်းမှုသာ မဖြစ်ခဲ့ပါက လေယာဉ်ကို အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်သည်ဟု သူပြောဖူးခဲ့သည်။ ဒီကနေ့လို အဖြစ်မျိုးဖြစ်လာလိမ့်မည်ဟု မည်သူမှ ထင်ကြလိမ့်မည်မဟုတ်ပေ။
ထိုကဲ့သို့ ဆင်းသက်နိုင်ခြင်းမှာ ကူးရီ၏ကျေးဇူးကြောင့်ဆိုတာ သူမသိပေ။ ကူးရီသာ လေယာဉ်ကို ဟန်ချက်မပျက်စေရန် မထိန်းပေးထားလျှင် သူကဘယ်လောက်ပဲကျွမ်းကျင်နေပါစေ ဒုက္ခအတိရောက်ပေလိမ့်မည်။
“ဘုရားးရေ သူတို့က တိုက်လေယာဉ်တွေပါလွှတ်လိုက်တယ်”
ဖန့်ကြွယ်ယွီ၏ အေးတိအေးစက်ပုံစံက သူ၏စိတ်ထဲမှာ မီးဟုန်းဟုန်းတောက်လောက်နေသော ဒေါသကို လှစ်ဟပြသည်။ကူးရီကြောင့်သာမဟုတ်ပါက သူသေနေလိမ့်မည်။
“မင်းတို့အားလုံးအဆင်ပြေကြလား”
“အဆင်ပြေပါတယ်” လေယာဉ်ပျက်စီးမှုနှင့် ယှဉ်လျှင် လေယာဉ်ပေါ်တွင်ပါလာသော လူအားလုံး၏ လုံခြုံမှုနှင့် ဘေးကင်းမှုက ပြောမပြတတ်လောက်အောင် အရေးကြီးသည်။
သူတို့အားလုံးက ထိုင်ခုံခါးပတ်ကိုမြဲမြံအောင်ပတ်ထားကြသဖြင့် ထိခိုက်အနာတရမဖြစ်လိုက်ကြပေ။
“အားလုံးအဆင်ပြေကြတယ်ဆိုတော့ တော်သေးတာပေါ့”
လေယာဉ်တစ်စီးလုံးပျက်စီးသွားလည်း ဖန့်ကြွယ်ယွီက မမှုပေ။ ပိုက်ဆံကုန်ကျလျှင် ဘာမဆို အကောင်းပကတိပြန်ဖြစ်နိုင်သည်။
သို့သော်လည်း လေယာဉ်မှူးနှင့် လေယာဉ်အမှုထမ်းတစ်ဦးချင်းစီက ငွေနှင့်ပြန်ဝယ်လို့မရနိုင်ပေ။
“ပိုင်ရှင်..လက်နက်ကြီးတွေကိုင်ဆောင်ပြီး ငါတို့ဆီချဉ်းကပ်လာတဲ့ လက်နက်ကိုင်တပ်စိတ်တစ်စိတ်ရှိနေပါတယ်။ သူတို့က ဆိုင်းလုခ်နိုင်ငံက မင်းသားဂျီးနက်စ်လက်အောက်မှာရှိတဲ့ ကိုယ်ပိုင်တပ်ဖွဲ့ပဲဖြစ်ရမယ်”ဟု ရှောင်းရီက သတင်းပို့သည်။
“တိုက်လေယာဉ်နှစ်စီး၊ တင့်ကားနှစ်စီး၊ လက်နက်အပြည့်တင်ဆောင်ထားတဲ့ကားလေးစီးနဲ့ လက်နက်ကိုင်၅၀ ပါဝင်ပါတယ်”
“သူ့မိသားစုရဲ့ သက်တော်စောင့်တပ်ဖွဲ့ကို တိတ်တိတ်လေးလွှတ်လိုက်တာဖြစ်မယ်”
မင်းသားတစ်ပါး၏သားတော်မှာ စစ်မက်ရေးရာအငြင်းပွါးမှုဖြစ်စေလောက်သည်အထိ စစ်အင်အားပိုင်ဆိုင်မှုမရှိနိုင်လောက်ပေ။
“ပိုင်ရှင်ရဲ့ဘေးမှာ အမြဲစောင့်ရှောက်ပေးနေတဲ့ စွမ်းအားရှင်သက်တော်စောင့်တစ်ဦး ရှိနေတယ်ဆိုတာသူသိသွားတော့ ဒီမှာတင် ပိုင်ရှင်ကိုအပြတ်ရှင်းချင်လို့ တပ်ဖွဲ့ကိုလွှတ်လိုက်တာဖြစ်မယ်”
“ဒီ မင်းသား ဂျီးနက်စ်ကတကယ့်ကိုကလေးစိတ်။ ဘာမှလည်း မတွေးခေါ်တတ်ဘူး။ ဘာမဟုတ်တဲ့ ပြသနာလေးအတွက်နဲ့ စစ်တပ်ကိုပါခေါ်ပြီး လုပ်ကြံခိုင်းသေးတာ”
“ဟား ပိုင်ရှင်ကလည်း မျက်နှာပြောင်တိုက်ပြန်ပြီ။ ပြသနာကို
မပြီးနိုင် မစီးနိုင်လုပ်နေတာက ပိုင်ရှင်လေ”
“ငါတို့ နိုင်ငံရဲ့ သိက္ခာကို စော်ကားတာတော့ မခံနိုင်ဘူး။ မင်း ဘာသိလို့လဲ”
“မင်းတို့ဒီမှာပဲနေကြ။ အပြင်မထွက်ကြနဲ့။ ငါ အခြေအနေသွားကြည့်လိုက်ဦးမယ်”
ဟု ဖန့်ကြွယ်ယွီက ညွှန်ကြားသည်။
“ဟုတ်ကဲ့ သခင်လေး ဂရုစိုက်ဦးနော်” ကူးရီ၏ အကြောင်းကို ကျွမ်းရီက သိသည်။ ကူးရီ၏ ကာကွယ်မှုနှင့်ဆို ဆိုင်းလုခ်နိုင်ငံက နျူးကလီးယားဗုံးဖြင့် တိုက်ခိုက်လျှင်တောင် ဖန့်ကြွယ်ယွီ လွတ်နိုင်သည်။
လေယာဉ်တံခါးပွင့်လာသည်။ လေယာဉ်၏အပြင်ဘက်တွင် ပြင်းထန်သောပွတ်တိုက်မှုအရှိန်ကြောင့် မီးတောက်များရှိနေဆဲဖြစ်သည်။
“ကူးရီအခြေအနေဘယ်လိုလဲ”
ကူးရီက သူ၏အနောက်တွင် တော်ဝင်သက်တော်စောင့်တစ်ဦးအလား ရုတ်တရက်ပေါ်လာသည်။
လေတိုက်မှုကြောင့် ကူးရီ၏ ဆံပင်များကရှုပ်ပွနေသည်ကလွဲပြီး သူ၏ ကိုယ်ပေါ်တွင် ဖုန်မှုန့်တစ်မှုန့်တောင်မှ မရှိပေ။
“ငါတို့ကို အငိုက်ဖမ်းပြီးတိုက်ခိုက်ဖို့ တပ်ဖွဲ့တွေကို စေလွှတ်ထားပါတယ်။ သခင်လေး ငါသူတို့ကို ရှင်းလိုက်ရမလား”ဟု ကူးရီက မေးသည်။
“အဲ့တာဆို ပျော်ဖို့ မကောင်းတော့ဘူး”ကူးရီက တပ်ဖွဲ့တစ်ဖွဲ့ကို သူ့မျက်စိရှေ့တွင် ရှင်းလင်းပစ်သည်မှာ မကြုံဖူးသေးပေ။ သို့သော် သူ၏ဖခင် ဖန့်ဟွိုက်၏ အဖြစ်အပျက်ကို သတိရသွားပြီး အကြံတစ်ခုရလာသည်။
သူက ဖန့်ဟွိုက်လောက် အင်အားမကြီးသော်လည်း အဖြစ်အပျက်က တူညီသည်ဟု ဆိုနိုင်သည်။
သူပြင်ထားသော Sun God ကားကို ရုတ်တရက်သတိရသွားသည်။ ထိုကားက လေယာဉ်ကိုတောင်ပစ်ချနိုင်သည်ဟု ပြောဖူးသည်မဟုတ်လား။ အခုအချိန်က အခွင့်အလမ်းကောင်းဖြစ်သည်။
“မင်းရှင်းဖို့မလိုဘူး။ ဒါပေမဲ့ လေယာဉ်ပေါ်က လူတွေကို ငါ့ကိုယ်စား စောင့်ရှောက်ပေး။ သူတို့နဲ့ ကစားကြည့်လိုက်ဦးမယ်”
“မဟုတ်ဘူး။ သခင်လေး။ မစ္စရီက သခင်လေးကို စောင့်ရှောက်ဖို့မှာထားတာ။ တဖက်ကလည်း ခေတ်မီတပ်တစ်ခုဖြစ်နေတယ်။သခင်လေးမှာ ဘာအစွမ်းမှမရှိသေးဘဲနဲ့ သူတို့ကို ဘယ်လိုရင်ဆိုင်မှာလဲ”
“ကူးရီ..တရုတ်မှာ ဆိုရိုးစကားတစ်ခုရှိတယ်။ သိပ္ပံနဲ့နည်းပညာဆိုတာ အရေးကြီးတဲ့ အင်အားစုပဲ။ ငါက မင်းလောက် အစွမ်းအစမရှိပေမဲ့ ငါ့ဆီမှာ လက်နက်ကောင်းတွေရှိတယ်”
လေယာဉ်၏ ဝမ်းဗိုက်ပိုင်းက အလွန်ပူနေသဖြင့် ဖန့်ကြွယ်ယွီက တံခါးဖွင့်ရန် အခက်တွေ့နေသည်။
“ကူးရီ တံခါးဖွင့်ပေးပါဦး”
ကူးရီက သူ၏လက်နှစ်ဖက်ဖြင့် တံခါးကို အသာအယာဆွဲဖွင့်လိုက်သည်။
“ချွမ်း” တံခါးကို မြေပြင်ပေါ်သို့ပစ်ချလိုက်သည်။ ထို့နောက် တစ်တန်နီးပါးလေးသော ကားကို လက်တစ်ဖက်တည်းဖြင့်မပြီး အပြင်ဘက်ကိုထွက်လာသည်။
“ငါ့ရဲ့ အဆင့်မြင့်ကားကို မင်းကိုပြပါရစေ” ဖန့်ကြွယ်ယွီက ကူးရီဘက်ကိုလှည့်ပြီးပြုံးပြသည်။
ကူးရီက ထိုကဲ့သို့ အဆင့်မြင့်သောကားကို အခုမှ မြင်ဖူးခြင်းဖြစ်သည်။ ဘာတွေပဲဖြစ်နေပါစေ သူ့မှာဖန့်ကြွယ်ယွီကို ကာကွယ်ရမည့်တာဝန်ရှိသည်။
“ကဲ ပစ်မှတ်ကိုတွေ့ပြီ။ တိုက်ခိုက်ဖို့ အသင့်ပြင်” တစ်ကီလိုမီတာအကွာမှာ တင့်ကားများနှင့် စစ်လက်နက်ယာဉ်များစီတန်းနေပြီး လေယာဉ်ရှိရာသို့ တဟုန်ထိုးချီတက်လာနေကြသည်။ ရန်သူသည် ကန့်သတ်ထားသော စစ်လက်နက်များကိုသယ်ဆောင်လာသော အန္တရာယ်ရှိ ပုဂ္ဂိုလ်တစ်ဦးဟု သတင်းရခဲ့သည်။
“ဒါကဘာကြီးလဲ” အနက်ရောင်အရာတစ်ခုက တစ်နာရီ ၃၀၀ကီလိုမီတာ အရှိန်ဖြင့် လျင်မြန်စွာချဉ်းကပ်လာနေသည်ကို တင့်ကားထဲရှိစစ်သည်တစ်ဦးက သတိထားမိသည်။ ထိုအရှိန်နှင့်ဆို သူတို့၏ ရှေ့ကို မကြာခင်ရောက်ရှိလာတော့မည်။
“အမျိုးအမည်မခွဲနိုင်တဲ့အရာတစ်ခုကို ခြေရာခံမိတယ်။ ရှင်းလိုက်ရမလား”
“ဘာတွေပဲတွေ့ရတွေ့ရ တွေ့တဲ့နေရာမှာအပြတ်ရှင်းရမယ်လို့ မင်းသားဂျီးနက်စ်က မှာထားတယ်” တပ်စုခေါင်းဆောင်က အမိန့်ပေးသည်။
“ဟုတ်ကဲ့ ပစ်ဖို့အသင့်ပြင်ကြ”
ထိုအနက်ရောင်အရာက ဦးတည်ရာမပြောင်းသွားပေ။ သူတို့ဆီကို တည့်တည့်လာနေသည်။ တင့်ကား၏
အမြောက်ကလည်း ဖန့်ကြွယ်ယွီ၏ကားဆီသို့ တိတိကျကျ ပစ်မှတ်ထားသည်။
“ပစ်ကြ”
“ဝုန်း”ကန္တာရတစ်ခုလုံး တုန်ခါသွားသည်။
“လျှပ်စစ်သံလိုက်အလင်းဒိုင်းကာအသင့်ပြင်” ဟု ဖန့်ကြွယ်ယွီက အမိန့်ပေးသည်။ ရှောင်းရီက တစ်ဖက်ရန်သူ၏ လှုပ်ရှားမှုတိုင်းကို ထိန်းချုပ်နိုင်သည်။ ချက်ချင်းဆိုသလို ကားတစ်စီးလုံးကို အပြာရောင်အလင်းတန်းတစ်ခုက လွှမ်းခြုံထားလိုက်သည်။
အမြောက်က ကားကိုတိတိကျကျ ထိရိုက်သွားသော်လည်း ဖန့်ကြွယ်ယွီ၏ ကားကိုတော့ ဘာမှမထိခိုက်စေပေ။
မီးဟုန်းဟုန်းတောက်နေသည့်ကြားမှ ဖန့်ကြွယ်ယွီ၏ Sun God ကားက ထွက်လာသည်။
မလှမ်းမကမ်းနေရာမှကြည့်နေသော ကူးရီက ဝင်ကူရန်ကြံရွယ်နေစဉ် မြင်လိုက်ရသော မြင်ကွင်းကြောင့် စိတ်သက်သာရာရသွားသည်။
“သခင်လေးရဲ့ နည်းလမ်းတွေက မိုက်လှချည်လား”
ထိုအလင်းတန်းကိုမြင်လိုက်ရသော တင့်ကားအတွင်းရှိ စစ်သည်များက ကြောင်အမ်းအမ်းဖြစ်ကုန်ကြသည်။
ငါတို့ပစ်လိုက်တဲ့အမြောက်က ကားကို သေချာထိသွားတာပဲလေ..ဘာဖြစ်လို့ပါလိမ့်!!!
“ဟား တန်ပြန်တိုက်ခိုက်မှုစမယ်”ဖန့်ကြွယ်ယွီက ကားအတွင်းမှ အော်ဟစ်နေသည်။
“ရှောင်းရီ ဒီတင့်ကားနဲ့ စစ်လက်နက်အားလုံးကို ဖျက်စီးပစ်ဖို့ လေဆာအမြောက်ကို သုံးလိုက်”
အနက်ရောင်အမြောက်နှစ်ချောင်းသည် ကား၏ တစ်ဖက်တစ်ချက်စီမှ ထွက်လာသည်။ Sun God ကားကအရှိန်အဟုန်ဖြင့် မောင်းလာပြီး ခဏရပ်ကာ လေဆာအမြောက်များသည် ရှေ့မှာရှိနေသော တင့်ကားဆီထိုးဖောက်ဝင်ရောက်သွားသည်။
“ဒီပစ်မှတ်နှစ်ခုကိုအပြတ်ရှင်းပစ်လိုက်”
ခေတ်မီစစ်လက်နက်တစ်ခုသည် ကားတစ်စီးကြောင့် အပြတ်ရှင်းခံလိုက်ရမည်ဟု မည်သူမှမထင်ကြပေ။
“အားနည်းလိုက်တာကွာ” ဖန့်ကြွယ်ယွီက မြေပြင်ပေါ်မှာ ပျံ့ကြဲနေသော အပိုင်းအစများကိုကြည့်ရင်း”ငါက ဘာမှတောင် မလုပ်ရသေးဘူး မင်းတို့က အကုန်ပြိုလဲကုန်ကြပြီ”