ပါးလှပ်သောစိတ်ဝိညာဥ်တစ်ခု
Vol. 128 Ch. 1762
သွေးငါးစက်နှင့် ခရမ်းရောင်သွေးတစ်စက်တို့သည် ရုပ်တုရှေ့တွင် တောက်ပနေ၏။ မဟာအင်ပါယာရွှမ်လောက ထိုအော်ရာကို သူ၏အင်ပါယာနေမင်းစွမ်းအားဖြင့် ချိပ်ပိတ်လိုက်ပြီးနောက် ထိုသွေးစက်ခြောက်စက်သည် အကွာအဝေးတစ်ခုထံ ပျံသန်းသွားတော့သည်။
ကောင်းကင်ယံ၌ လှိုင်းဂယက်များ ပေါ်လာကာ ဧရာမဝဲကတော့တစ်ခု ဖြစ်ပေါ်လာသည်။ ဝဲကတော့၏ဗဟိုချက်သည် လေဟာနယ်နှင့် ချိတ်ဆက်သွားသည်ဟု ထင်မှတ်ရသည်။ သွေးစက်ခြောက်စက်က ထိုဝဲကတော့ထဲသို့ ဝင်ရောက်ကာ လူတိုင်း၏အကြည့်များရှေ့၌ပင် ပျောက်ကွယ်သွားတော့သည်။
နောက်ဆုံးမှ ပျောက်ကွယ်သွားသည်မှာ ခရမ်းစိတ်ဝိညာဉ်သွေးဖြစ်သည်။ ထိုစိတ်ဝိညာဉ်သွေး ထွက်ပေါ်လာခြင်းက လူတိုင်းကို တုန်လှုပ်စေသည်။ သူတို့သည် မယုံကြည်နိုင်၊ထိတ်လန့်ဟန်၊ အံ့အားသင့်ဟန်တို့ ဖြစ်ပေါ်ကုန်သည်။
သူတို့သည် ထိုစိတ်ဝိညာဉ်သွေးထံမှ နတ်ဆိုးဆန်သော ခရမ်းရောင်အလင်းကို တွေ့မြင်ပြီး ၎င်းက ဝဲကတော့ထဲ ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေမိသည်။ ထိုသို့ဖြင့် သူတို့သည် အံ့တားတသင့်ဖြစ်နေရာကနေ သတိပြန်ဝင်လာကြကာ ပို၍လည်း တုန်လှုပ်ကုန်သည်။ ယင်းတုန်လှုပ်မှုက သူတို့၏ စိတ်ဝိညာဉ်များနှင့် ခန္ဓာကိုယ်များကိုပါ ခြုံလွှမ်းလေ၏။
“ခရမ်းစိတ်ဝိညာဉ်သွေး၊ အိုဘုရားရေ…ငါ ခရမ်းစိတ်ဝိညာဉ်သွေးတစ်စက်ကို မြင်တွေ့ခဲ့ဖူးပြီ။ ရှေးနိုင်ငံရဲ့ မျိုးဆက်အဆက်ဆက် ဒီစိတ်ဝိညာဉ်သွေးဟာ ကိုးစက်ပဲ ရှိခဲ့တာ…”
“ဒဏ္ဍာရီအရ ရှေးဘိုးဘေးဟာ စိတ်ဝိညာဉ်သွေးကိုးစက်ကို သူ့ရဲ့ သားသုံးယောက်ဆီ ပေးအပ်ခဲ့တယ်တဲ့။ ဒီသားသုံးယောက်ဟာ ရှေးကလန်သုံးခုကို ဖန်တီးခဲ့ကြတာ။ ငါတို့ရဲ့ တောက်ကလန်ဟာ တတိယမြောက်သား ဖန်တီးခဲ့တာပဲ။ အဲ့အချိန်ကစပြီး ဒီကလန်ဟာ တည်ရှိနေခဲ့တာ…”
“အခုတော့ ဆယ်ခုမြောက်သွေးစက် ပေါ်လာခဲ့ပြီ…ဒါဟာ…”
“တတိယစမ်းသပ်မှုရဲ့ ပထမဆုံးကပ်ဘေးကို ဖြတ်သန်းတွေ့ကြုံနေတာ ဘယ်သူများလဲ။ ဒီကပ်ဘေးအတွင်း စိတ်ဝိညာဉ်သွေး ပေါ်လာတာ ငါ ကြားတောင် မကြားဖူးဘူး။ ဒီကိစ္စဟာ…ဒီကိစ္စဟာ အံ့အားသင့်ဖို့ ကောင်းလွန်းတယ်။ ဒါဟာ ငါတို့ ရှေးနိုင်ငံအတွက် ကျိန်းသေပေါက် တုန်လှုပ်ဖွယ်ကောင်းတဲ့ ကိစ္စပဲ…”
“တတိယစမ်းသပ်မှုမှာ ကပ်ဘေးသုံးခု ရှိတယ်။ ပထမကပ်ဘေးဟာ ရှေးမျိုးနွယ်ကောင်းကင်ဘုံသွေး၊ သူဟာ စိတ်ဝိညာဉ်သွေးစက်နဲ့အတူ သွေးကိုးစက်ကို လက်ခံရရှိခဲ့တယ်။ ဒါဟာ ပထမဆုံးကပ်ဘေးပဲ ရှိသေးတယ်။ သူသာ ဒုတိယကပ်ဘေး၊ ရှေးတာအိုအနှောက်အယှက်သုံးခုကို ရောက်ရှိခဲ့ရင် အဲ့ကပ်ဘေးကနေ ဘယ်လို ကံကောင်းမှုမျိုးကိုများ ရရှိမလဲ…”
“ဒါ့အပြင် ရှေးဘိုးဘေးကောင်းချီပေးခြင်းဆိုတဲ့ နောက်ဆုံးကပ်ဘေးလည်း ရှိသေးတယ်။ သူက ရှေးဘိုးဘေးရဲ့ အသိအမှတ်ပြုမှုကို အခုလောက် ရနေမှတော့ သူ နောက်ထပ် ဘာတွေများ ထပ်ရအုံးမလဲ ငါ စိတ်ကူးကြည့်လို့တောင် မရဘူး။ အရင်တည်းက ခုထိ ဘယ်သူမှ မရဖူးတဲ့ ဒဏ္ဍာရီလာရှေးဘိုးဘေးအမွေအနှစ်ကိုများ သူ ရသွားနိုင်လောက်လား…”
စိတ်ဝိညာဉ်သွေးစက်ကြောင့် တုန်လှုပ်နေသောလူများ၏ ဆွေးနွေးပြောဆိုသံများ စတင် ထွက်ပေါ်လာသည်။ ကံကောင်းစွာဖြင့် သည်နေရာကို မဟာအင်ပါယာရွှမ်လောက ချိပ်ပိတ်ထားခဲ့ပြီး ဖြစ်၍ ဒီနေရာတွင် ဖြစ်ပျက်သမျှကို အပြင်လူများအနေဖြင့် မသိနိုင်တော့ပေ။
မဟုတ်ပါက ဒီကိစ္စသည် အင်မောတယ်ကောင်းကင်ဘုံနယ်မြေ၌ ဟိုးလေးတကြော် ပွက်လောရိုက်သွားနိုင်သည်။ ဂျီနှင့်ရှီနိုင်ငံများသည်လည်း သည်သတင်းကို ကြားသည်နှင့် စုံစမ်းရန် ရောက်လာကြမည် ဖြစ်၏။
စိတ်ဝိညာဉ်သွေးစက် ပေါ်လာခြင်းမှာ ရှေးနိုင်ငံအတွက် အလွန်အရေးကြီးပေ၏။ ဝမ်လင်းသည် နောက်ထပ်သွေးစက်နှစ်စက်သာ ထပ်ရပါက သူသည် သူ၏အနှစ်သာရသွေးကို ပြန့်ကြဲစေကာ ရှေးဘိုးဘေး၏ သားသုံးယောက်ကဲ့သို့ လေးခုမြောက်ရှေးကလန်ကို ဖြစ်ပေါ်စေနိုင်လိမ့်မည်ပင်။
ကောင်းကင်ဘုံသားများ သည်အကြောင်းကို သိသွားပါက သူတို့သည်လည်း တုန်လှုပ်ကုန်မည် ဖြစ်၏။ သည်အဖြစ်က စစ်ပွဲကြီးကို မဖြစ်စေနိုင်လောက်သော်လည်း သူတို့သည် အာရုံစိုက်ကာ လူများ စေလွှတ်လာနိုင်သည်။
အရာအားလုံးမှာ သည်စိတ်ဝိညာဉ်သွေးစက်ကြောင့် ဖြစ်၏။
သွေးစက်ခြောက်စက် ဝဲကတော့ထဲသို့ ဝင်ရောက်သွားပြီးနောက် သွေးအလင်းမှာ ပျောက်ကွယ်သွား၏။ အော်ရာသည်လည်း ပျောက်ကွယ်သွား၏။ မဟာအင်ပါယာရွှမ်လောက သည်ဧရိယာကို ခြုံလွှမ်းထားသော နေမင်းထံ လက်ဝေ့ယမ်းလိုက်၏။
ထိုနေမင်းသည် ရုတ်တရက် ပိုလင်းလက်လာကာ အစိတ်အပိုင်းတစ်သန်းနီးပါးထိ ကွဲထွက်သွားသည်။ ၎င်းအစိတ်အပိုင်းတို့က သည်နေရာရှီ လူတိုင်း၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ကာ ချိပ်ပိတ်မန္တာန်တစ်ခု ဖြစ်တည်သည်။
ထိုအရာများကို ပြုလုပ်ပြီးနောက် သည်နေရာကို ခြုံလွှမ်းထားသော နေမင်းသည် လွင့်ပြယ်ကာ ကောင်းကင်သည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
မဟာအင်ပါယာရွှမ်လောက အကွာအဝေးတစ်ခုသို့ ကြည့်ကာ ချက်ခြင်းပင် ရှေ့သို့ လှမ်း၍ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့၏။ သူသည် ဝမ်လင်းကို ခေါ်ယူဖို့ ကောင်းကင်ဘုံနယ်မြေသို့၊ တာအိုခုနစ်ခုကလန်သို့၊ လှိုဏ်ဂူလောကသို့ သွားရောက်လိမ့်မည် ဖြစ်သည်။
ရွှမ်လော ထွက်ခွာသွားသည့်နောက် ဒီကောင်းကင်ယံရှိ မြို့ကြီးမှာ အချိန်အတန်ကြာ ငြိမ်သက်နေသည်။ တော်ဝင်ဝတ်ရုံဖြင့်လူသည်လည်း စိတ်နှလုံး သုန်မှုန်စွာဖြင့် ထွက်ခွာသွား၏။ သူ ထွက်ခွာသွားသည့်နောက် လူတိုင်းသည် တုန်လှုပ်မှုတို့ ပြည့်နှက်လျက် တဖြည်းဖြည်း ထွက်သွားကြလေသည်။
သည်နေရာရှိ အဖြစ်အပျက်မှာ သူတို့၏ စိတ်နှလုံးများထဲ၌ နက်ရှိုင်းစွာ ရှိနေတော့မည်ပင်။ သူတို့က လူစုခွဲသွားကြရင်း သူတို့အားလုံးသည် မဟာအင်ပါယာရွှမ်လော ပျောက်ကွယ်သွားသောနေရာသို့ ကြည့်လိုက်သည်။ သူတို့၏မျက်လုံးထဲ၌ စိတ်ရှုပ်မှု၊မနာလိုမှု၊အားကျမှုတို့ ပြည့်နေ၏။ သို့သော် ထိုစိတ်ဆန္ဒတို့ထက် သူတို့၏မျှော်လင့်ချက်က ပိုသာလေသည်။
သူတို့က သူတို့အား တုန်လှုပ်စေခဲ့သော လူကို ပြန်ခေါ်ဆောင်လာမည့် မဟာအင်ပါယာရွှမ်လောကို စောင့်နေကြတော့မည်။ သူတို့သည် ထိုလူမှာ မည်သို့ပုံပန်းအသွင် ရှိသည်ကို၊ မည်သူဖြစ်သည်ကို သိချင်နေကြလေပြီ။
“ရှေးနိုင်ငံသုံးခုထဲမှာ ငါ့တောက်ကလန်ဟာ အားအနည်းဆုံးပဲ။ မဟာအင်ပါယာရဲ့ ပြန်ရောက်ရှိလာမှုက ဒီအရာအားလုံးကို ပြောင်းလဲစေဖို့ ငါ မျှော်လင့်မိတယ်…”
လူတိုင်း သည်နေရာကနေ လူစုခွဲသွားပြီးနောက် တောက်နိုင်ငံ၏ အင်ပါယာ၊ တော်ဝင်ဝတ်ရုံဖြင့်လူသည် ကောင်းကင်ထက်ရှိ ဒီမြို့အတွင်းနက်ပိုင်း၊ သူ၏နန်းတော်သို့ ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။
သည်နန်းတော်အတွင်း၌ အစေခံများစွာ ရှိနေ၏။ သူတို့၏မျက်နှာများမှာ ဖြူရော၍ စိတ်သောက ရောက်နေသည်။ သူတို့၏ ကြောက်ရွှံ့မှုမှာ နန်းတော်ခွဲများထဲမှ တစ်ခု ဖြစ်သည့် အရှေ့အရပ်ရှိ နန်းတော်တစ်ခုထံမှ ထွက်ပေါ်လာသော အော်ရာကြောင့်ပင်။ ထိုအော်ရာထဲ၌ ဒေါသတို့ ပြည့်လျှံ့နေသည်။
ကျယ်လောင်စွာတုန်ဟည်းသံများ သည်နန်းတော်အနှံ့ ပဲ့တင်ထပ်သည်။ အင်ပါယာ နေထိုင်သော နန်းတော်မှာ ပျက်စီးကာ ပြင်းထန်သောတုန်ခါလှိုင်း ပျံ့လွင့်သည်။ ခပ်မြန်မြန် မရှောင်လိုက်နိုင်သော အလုပ်သမားအချို့နှင့် အစောင့်အကြပ်အချို့တို့သည် ဆိုးဆိုးဝါးဝါး သေဆုံးကုန်ရ၏။
သွေးနံ့ ပျံ့လွင့်လာသည်။ လူတစ်ယောက်က နန်းတော်အပျက်အစီးပုံအတွင်းမှ ဖြည်းဖြည်းချင်း လှမ်းလျှောက်ထွက်လာ၏။ သူကား တော်ဝင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏မျက်လုံးတို့မှာ တည်ငြိမ်လျက် မည်သည့်စိတ်ခံစားမှုမှ ရှိမနေပေ။ သူသည် အပျက်အစီးပုံကနေ လှမ်းလျှောက်ထွက်လာပြီးနောက် နောက်သို့ လည့်ပင်မကြည့်ဘဲ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ဒီအပျက်အစီးပုံကို ရှင်းလိုက်။ သုံးရက်အတွင်း နန်းတော်သစ်တစ်ခုကို ငါ မြင်ချင်တယ်…”
သူ ထိုသို့ ပြောလိုက်သည့်နောက် အခိုးအငွေ့အလား ပုံရိပ်ရာချီ ပေါ်လာပြီးနောက် သူ၏ရှေ့တွင် ဒူးထောက်ချသည်။
တော်ဝင်ဝတ်ရုံဖြင့်လူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ပြီး သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။ သူ ပြန်ပေါ်လာသည့်အခါ သူသည် နန်းတော်ဝန်း၏ အမြင့်မားဆုံး မျှော်စင်သို့ ရောက်နေလေပြီ။ သူက ထိုနေရာတွင် ရပ်ကာ ကောင်းကင်ယံထိ ထွင်းဖောက်နေသော ရှေးဘိုးဘေးရုပ်တုကို မျက်နှာချင်းဆိုင်ကာ လှမ်းကြည့်၏။
“ငါဟာ တောက်နိုင်ငံရဲ့ အင်ပါယာပဲ။ ငါဟာ ရှေးဘိုးဘေးရဲ့ အစစ်အမှန်မျိုးဆက်ပဲ။ သူ့သွေးဟာ ငါ့ကိုယ်ထဲမှာ စီးဆင်းနေတယ်။ ယဲ့မိုရဲ့ ဆက်ခံသူလေးက၊ ဘာများအရည်အချင်း ရှိနေလို့ ရွှမ်လောက သူ့ကို တန်ဖိုးထားနေရတာလဲ…”
“သွေးစိတ်ဝိညာဉ်…” တော်ဝင်ဝတ်ရုံဖြင့်လူက တည်ငြိမ်ဟန် ပေါ်၏။ သို့သော် သူ့ညာလက်ဖြင့် လက်သီးဆုပ်ဟန် ပြု၏။ ရုတ်တရက် သူက စတင် ရယ်မောလိုက်သည်။
“ဒီလို ဖြစ်တာလည်း ကောင်းတယ်။ ဒါက နည်းနည်းတော့ စိတ်ဝင်စားစရာပဲ။ သူက ဘယ်လိုများ လှိုင်းထန်စေမလဲ ငါ မြင်ချင်မိသေးတယ်။ သူ့မှာ သွေးစိတ်ဝိညာဉ် ရှိရင်တောင် သူဟာ ငါ့ရှေ့မှာ ဒူးထောက်နေရမှာပဲ…”
တော်ဝင်ဝတ်ရုံဖြင့်လူ၏ အပြုံးက ပိုပီပြင်လာသည်။ သူက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ လက်သီးဆုပ်အရွယ်ခန့် ပုတီးစေ့တစ်ခုသည် သူ၏လက်ကြားထဲ၌ ပေါ်လာသည်။
ထိုပုတီးစေ့အတွင်း၌ တိမ်အစုဝေးကဲ့သို့ မြူလွှာများ ရှိနေ၍ ဖြည်းဖြည်းချင်း လှည့်ပတ်ကာ စိတ်ဝိညာဉ်တစ်ခုသည် ၎င်း၏အတွင်း၌ ထိုင်နေသည့်အလား။ ထိုစိတ်ဝိညာဉ်၏ ပုံပန်းသွင်ပြင်ကို ရှင်းလင်းစွာ မြင်ရဖို့မှာ မဖြစ်နိုင်ပေ။ အမျိုးသမီးတစ်ယောက်၏ စိတ်ဝိညာဉ်ဟုသာ ပြောနိုင်သည်။
ထိုစိတ်ဝိညာဉ်သည် အပြည့်အစုံမဟုတ်ဘဲ စိတ်ဝိညာဉ်တစ်ခု၏ အစိတ်အပိုင်းတစ်ခုမျှသာ။
တော်ဝင်ဝတ်ရုံဖြင့်လူက သူ့လက်ထဲရှိ အနီရောင်ပုတီးစေ့ကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ယဲ့တောက်…”
“အစေခံ ဒီမှာ ရှိပါတယ်…” တော်ဝင်ဝတ်ရုံဖြင့်လူက ထိုသို့ ပြောလိုက်သည့်နောက် သူ့နောက်ရှိ အလင်းသည် တွန့်ခေါက်ကာ ဝတ်ရုံနက်အဘိုးအိုတစ်ယောက် လှမ်းလျှောက်ထွက်လာ၏။ သူက ထိုသူ၏ရှေ့၌ ဒူးထောက်ချလိုက်သည်။
တော်ဝင်ဝတ်ရုံဖြင့်လူက တည်ငြိမ်စွာ မေးလိုက်၏။ “သူမကို ရှာတွေ့ခဲ့လား…”
“အင်ပါယာ…ဒီအစေခံက ရှေးနိုင်ငံတစ်ခုလုံးကို ရှာခဲ့ပြီးပါပြီ။ ဒီအမျိုးသမီးကို မတွေ့ခဲ့ပါဘူး။ အခုတော့ အစေခံဟာ ကောင်းကင်ဘုံသားတွေရှိ လူလွှတ်ထားပြီး သိပ်မကြာခင် သတင်းရပါတော့မယ်…”
“အင်ပါယာဆရာသခင်နဲ့ ပတ်သတ်လို့ကော ဘာသတင်းမှ မကြားဘူးလား…” တော်ဝင်ဝတ်ရုံဖြင့်လူက မျက်မှောင်ကြုတ်သွား၏။
ဒူးထောက်နေသော အဘိုးအိုက တည်ငြိမ်စွာ ဆက်ပြောလာသည်။
“အင်ပါယာဆရာသခင်ဟာ အရှင့်ရှိကို ဒီအမျိုးသမီးရဲ့ စိတ်ဝိညာဉ် လက်ဆောင်ပေးခဲ့ပေမယ့် ဆရာသခင်ဟာ သူမကို မရှာနိုင်ခဲ့ဘူး။ ဒါပေမဲ့ ဒီအမျိုးသမီးဟာ အရှင့်ရဲ့ အနာဂတ်မှာ များစွာ အသုံးဝင်လာလိမ့်မယ်။ ဒီအမျိုးသမီးနဲ့ဆိုရင် အရှင်ဟာ ရှေးနိုင်ငံတစ်ခုကို ပြည့်ပြည့်ဝဝ ရရှိနိုင်လိမ့်မယ်တဲ့…”
“ဆရာသခင် ဒီအစေခံကို ပြောခဲ့တာကတော့ သူဟာ ရှေးတောက်နိုင်ငံရဲ့ အနာဂတ်ကို ရှေ့ဖြစ်ကြည့်ခဲ့ပြီး သူ့စိတ်ဟာ မြေအောက်လောကနဲ့ ပေါင်းစပ်သွားခဲ့တယ်တဲ့။ အရင်က သူ လုံးဝ မရောက်ဖူးတဲ့ ထူးဆန်းတဲ့နေရာတစ်ခုကို သွားခဲ့ပြီး သူမရဲ့စိတ်ဝိညာဉ်ကို ကောင်းကင်ဘုံတာအိုရဲ့ အပိုင်းအစကနေ ထုတ်နှုတ်ယူခဲ့တာလို့ ဆိုတယ်…”
တော်ဝင်ဝတ်ရုံဖြင့်လူက ငြိမ်သက်စွာ စဉ်းစားနေပြီးနောက် သူ့လက်ထဲရှိ အနီရောင်ပုတီးစေ့ကို ကြည့်သည်။ သူ၏မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု လှစ်ဟပေါ်သည်။
“ဒီအမျိုးသမီးဟာ ငါ့အတွက်တော့ သာမန်ပဲ။ ဒါပေမဲ့ အင်ပါယာအရှင်သခင် ပြောပုံအရဆိုရင် ငါဟာ သူမကို ငါ့ရဲ့ မိဖုရားအဖြစ် ကောက်ယူရလိမ့်မယ်။ ကောင်းကင်ဘုံသားတွေကြားမှာ ရောက်နေတဲ့လူတွေကို ဆက်ရှာခိုင်းပါ။ မင်း လုံးဝ မရှာနိုင်ခဲ့ရင်တော့ ရှေးနိုင်ငံမှာပဲ ဒီစိတ်ဝိညာဉ်နဲ့ ပေါင်းစပ်နိုင်တဲ့ အမျိုးသမီးတစ်ယောက်ကို ရှာရလိမ့်မယ်…”
“ကောင်းပါပြီ…” ဝတ်ရုံနက်နှင့်လူက ထရပ်ကာ ထွက်သွားရန် ဟန်ပြင်သည်။ သူက ချီတုံချတုံ ဖြစ်နေ၏။ အချိန်အတန်ကြာ စဉ်းစားပြီးနောက် သူသည် လက်နှစ်ဖက်ဆုပ်ကာ ထပ်မံ၍ ပြောလာသည်။
“အင်ပါယာ…အင်ပါယာဆရာသခင် တံခါးပိတ်ကျင့်ကြံဖို့ မသွားခင်တုန်းက သူဟာ နောက်ထပ်တစ်ခုလည်း ပြောခဲ့ပါသေးတယ်…”
“ပြောပါ…” တော်ဝင်ဝတ်ရုံဖြင့်လူက လက်ထဲရှိ ပုတီးစေ့ကို ကြည့်လျက် ပြောလိုက်၏။ သူ၏အသံမှာ ထည်ဝါခမ်းနားမှုတို့ ပြည့်နေသည်။
“သူ ပြောခဲ့တာကတော့ သူ့ရှေ့ဖြစ်အသိအမြင်ဟာ မှန်ချင်လည်းမှန်မယ်၊ မှားချင်လည်း မှားနိုင်တယ်တဲ့။ သူက ဒီအမျိုးသမီးရဲ့ စိတ်ဝိညာဉ်ကို ထုတ်ယူခဲ့တဲ့အချိန်တုန်းက ပုံရိပ်နှစ်ခုကို တွေ့မြင်ခဲ့တယ်။ တစ်ခုကတော့ ရှေးနိုင်ငံကို စုစည်းနိုင်တဲ့ အင်ပါယာပဲ။ နောက်တစ်ခုကတော့ အင်ပါယာရဲ့ သေဆုံးမှု ဖြစ်တယ်…”
“အဲ့ပုံရိပ်နှစ်ခုလုံးမှာ တခြားတစ်ယောက်ရဲ့ ပုံရိပ်လည်း ရှိနေသေးတယ်။ တခြားတစ်ယောက်ရဲ့ ပုံရိပ်ကတော့ နည်းနည်းဝေဝေဝါးဝါး ဖြစ်နေပြီး အင်ပါယာဆရာသခင်ဟာ သူ့ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ဘူး။ ဒါပေမဲ့ အဲ့လူဟာ တခေါင်းလုံး ဆံပင်အဖြူနဲ့ ဖြစ်တယ်…”
“စိတ်ဝင်စားစရာပဲ။ မင်း သွားနိုင်ပြီ…” တော်ဝင်ဝတ်ရုံဖြင့်လူ၏ မျက်လုံးထဲ၌ အေးစက်မှု လှစ်ခနဲ ဖြတ်ပြေးသွား၏။ သူက လက်ထဲရှိ ပုတီးစေ့ကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြုံးလာသည်။
“အမျိုးသမီး…သင်က ဘယ်သူလဲ။ ဆရာသခင် တွေ့မြင်ခဲ့တဲ့ ဆံဖြူပုံရိပ်နဲ့ သင့်ကြားမှာ ဘယ်လို ပတ်သတ်ဆက်နွှယ်မှု ရှိနေတာလဲ…”
အနီရောင်ပုတီးစေ့ထဲရှိ စိတ်ဝိညာဉ်မှာ နေရာတွင် မလှုပ်မယှက် ထိုင်နေ၏။ သူမ၏ပုံရိပ်သည် မြူများဖြင့် ခြုံလွှမ်းထားခြင်း ခံရကာ ဖြစ်ပျက်နေသည့်အရာများကို လုံးဝ မသိသည့်ပုံ ရသည်။
လှိုဏ်ဂူလောက၊ တိမ်ပင်လယ်ရှိ အက်ကြောင်းထဲတွင် ပလ္လင်၏ အထက်၌ ဧရာမဝဲကတော့သည် တုန်ဟည်းနေ၏။ ဝမ်လင်း၏ခန္ဓာကိုယ်ပေါ်တွင် သွေးအလင်း တောက်ပနေကာ သူ့ကား သွေးဖြင့် ပြုလုပ်ထားသည့်နှယ် ထင်မှားရသည်။
သူ၏မျက်လုံးက ကျဉ်းမြောင်းသွားကာ ဝဲကတော့၏အတွင်းနက်ပိုင်းသို့ စိုက်ကြည့်နေသည်။ သူက ထိုဝဲကတော့ထံမှ တဖြည်းဖြည်းချင်း ထွက်ပေါ်လာသော သွေးစက်အချို့ကို တွေ့မြင်ရပေသည်။