ဖိဆန်သော ရှေးတောက်
Vol. 128 Ch. 1763
ငါးစက်မြောက်၊ ခြောက်စက်မြောက်ကနေသည် ဝဲကတော့ထံမှ ကိုးစက်မြောက်သွေးစက် ပျံသန်းထွက်လာကာ ဝမ်လင်းထံ ဦးတည်သည်။
ဝမ်လင်းသည် သူ့ရှေ့သို့ ပျံသန်းလာသော သွေးစက်များကို စိုက်ကြည့်နေရင်း သူ၏မျက်လုံးတို့မှာ အရောင်တောက်နေသည်။ သူက ယင်းတို့ကို မရှောင်ပေ။ သွေးစက်ငါးစက်က သူ၏မျက်ခုံးနှစ်ခုကြားသို့ ကျရောက်လာ၏။ ၎င်းတို့က သူ၏ခန္ဓာကိုယ်ကို ထွင်းဖောက်သွားသလား မှတ်ရသည်။
ငါးစက်မြောက်သွေးစက် ပေါင်းစပ်လာသည့်အခါ ဝမ်လင်း၏ခန္ဓာကိုယ်ထံမှ ကျယ်လောင်စွာ မြည်ဟည်းသံ ထွက်ပေါ်လာပြီး ထိုသွေးထံမှ ပြင်းထန်သောအားတစ်ခု ပေါက်ကွဲထွက်သည်။ ဝမ်လင်းသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရလေ၏။ သူ၏မျက်လုံးတို့ကမူ တောက်ပနေသည်။ အစွမ်းထက်သည့် ခံစားမှုက သူ့ကို လက်သီးခပ်တင်းတင်း ဆုပ်မိစေ၏။
သည်အခိုက်တွင် ခြောက်စက်မြောက်သွေးစက် လိုက်ပါလာကာ ဝမ်လင်းထံ ဝင်ရောက်၏။ သူ၏ခန္ဓာကိုယ်ထဲရှိ သွေးများ ဆူပွက်လာသလား မှတ်ထင်ရသည်။ သူက ထိုသွေးစက်အတွင်းရှိ သွေးမျိုးဆက်အားကို မြန်မြန်ဆန်ဆန် စုပ်ယူ၏။ ၎င်းက သူ၏ခန္ဓာကိုယ်အနှံ့ စီးဆင်းသည်။ ထိုသွေးက သူ့စိတ်နှလုံးအတွင်း ဝင်ရောက်သည့်အခါ သူ၏နှလုံးခုန်သံသည် မိုးကြိုးဟိန်းမြည်သံအလား ထင်မှားရသည်။
သူက နောက်သို့ ထပ်မံ ဆုတ်လိုက်ရကာ ကောင်းကင်ထက်သို့ မာန်သွင်းအော်ဟစ်၏။ သူ၏ခန္ဓာကိုယ်ထံမှ ပြင်းထန်သောနာကျင်မှု ထွက်ပေါ်နေသည်။ သည်နာကျင်မှုက သူ ပြီးခဲ့သော သွေးစက်လေးစက်ကို ပေါင်းစည်းခဲ့ရချိန်ကထက် အဆများစွာ ပိုပြင်းထန်၏။ သူ၏ခန္ဓာကိုယ် ဆုတ်ဖြဲခံရကာ အသွေးအသားသစ်တို့ ကြီးထွားလာသည့်အလား။
သိပ်မကြာခင်တွင် ခုနစ်စက်မြောက်သွေးစက် ရောက်ရှိလာကာ ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်လာပြီး သူ့အမူအရာကို ရှုံ့တွသွားစေသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောများ ဖောင်းကြွလာကာ သူ၏သွေးစီးဆင်းနှုန်းသည် အကန့်အသတ်သို့ ရောက်လာသည်။ ဝမ်လင်း၏ခန္ဓာကိုယ်သည် ထူးဆန်းစွာဖြင့် စတင် ရွှေ့လျားလာကာ သွေးက သူ၏ခန္ဓာကိုယ်ကို ဖြတ်သန်းစီးဆင်းနေရင်း သူ၏အရိုးများထံမှ အနီရောင်အလင်းကို ပေးစွမ်းလာသည်။
သူ၏ခန္ဓာကိုယ်ထဲရှိ ရှေးသွေးမျိုးဆက်သည် မြန်ဆန်စွာ တိုးပွားလာ၏။ ၎င်းက အတော့်ကို သန့်စင်လာသည်။
ရှေးကလန်ဝင်များသည် ကောင်းကင်ဘုံသားများနှင့် အတူတူပင် ဖြစ်၏။ သူတို့၏သွေးမျိုးဆက် ပို၍ သန်မာလေလေ သူတို့၏ အဆင့်အတန်းက ပိုမြင့်လေ၊ သူတို့ ထုတ်ဖော်နိုင်သော စွမ်းအားက ပိုသာလွန်လေ ဖြစ်၏။
သွေးစက်ခုနစ်စက် ပေါင်းစည်းခြင်းက ဝမ်လင်း၏ သွေးမျိုးဆက်ကို ရှေးတောက်အင်ပါယာ၏ နောက်၌ ဒုတိယလိုက်စေ၏။ ထိုအင်ပါယာသည် ရှေးအင်ပါယာ၏ မျိုးဆက် ဖြစ်ကာ ရှေးဘိုးဘေး၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည် မဟုတ်လား။ သည့်အတွက်ကြောင့် သွေးစက်ခြောက်စက် လက်ခံရရှိပြီးနောက် သူသည် ရှေးတောက်အင်ပါယာ ဖြစ်လာခဲ့ခြင်းပင်။
သို့ပေမည့် ဝမ်လင်းတွင်မူ ရှေးသွေးမျိုးဆက် မပိုင်ဆိုင်ထားပေ။ ထိုသို့ဖြစ်လျှင်ပင် သွေးစက်ခုနစ်စက်မှ ဖြစ်ပေါ်သော သွေးမျိုးဆက်က သွေးမျိုးဆက် ပိုင်ဆိုင်ထားသော အင်ပါယာနှင့် ယှဉ်နိုင်နေပြီပင်။
သူတို့နှစ်ယောက်ကြား ကွာခြားမှုက အနှစ်သာရသာ ဖြစ်၏။ အင်ပါယာတစ်ယောက်နှင့် သာမန်ပြည်သူတစ်ယောက်ကြားက ကွာခြားမှုမျိုးပင်။ သို့ပေမည့် သည်ကွာခြားမှုက ဝမ်လင်းထံ ရှစ်စက်မြောက်သွေးစက် ပျံသန်းလာချိန်၌ ပြောင်းလဲသွားခဲ့လေပြီ။ ၎င်းက သူနှင့် ပေါင်းစပ်သည့်အခိုက်၌ သွေးမျိုးဆက်သည် ပို၍ သန့်စင်လာကာ သူ၏နာကျင်မှုမှာလည်း ပို၍ ပြင်းထန်လာသည်။ ဝမ်လင်း၏နာကျင်မှုမှာ သူ၏ရိုးတွင်းခြင်ဆီတွင်းမှ ဖြစ်၏။ ထိုနာကျင်မှုက သူ့ကို တုန်ယင်စေကာ နောက်သို့ ဆက်တိုက် ဆုတ်မိစေသည်။
ရှေးသွေးမျိုးဆက်သည် ကောင်းကင်ဘုံသွေးမျိုးဆက်နှင့် အတူတူပင်။ ၎င်းက ရိုးတွင်းခြင်ဆီကို ပြောင်းလဲပစ်နိုင်၏။ ရိုးတွင်းခြင်ဆီ ပြောင်းလဲပြီးသွားသည်နှင့် ထိုသူ ထုတ်လွှတ်သော သွေးမှာလည်း ပြောင်းလဲသွားကာ သွေးမျိုးဆက်၏စွမ်းအား မွေးဖွားလာပေလိမ့်မည်။
သို့ပေမည့် ရိုးတွင်းခြင်ဆီအတွင်း ပြောင်းလဲဖို့မှာ ခက်ခဲလှကာ ၎င်းကို ဖြည်းဖြည်းချင်း ပြောင်းလဲဖို့ ပြင်ပအားတစ်ခု လိုအပ်မည် ဖြစ်၏။ ထိုပြင်ပအားသည် ဝမ်လင်း၏ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်သွားသော သွေးစက်များ ဖြစ်သည်။ ယင်းတို့က သူ၏ခန္ဓာကိုယ်ထဲ၌ စီးဆင်းနေလျက် သူ၏ရိုးတွင်းခြင်ဆီကို မြန်ဆန်စွာ ပြောင်းလဲပေးနေ၏။ ဝမ်လင်း၏သွေးမျိုးဆက်က သာမန်ကနေ မြင့်မြတ်လာပေ၏။
သွေးစက်ရှစ်စက် ပေါင်းစပ်ခြင်းက ဝမ်လင်း၏သွေးကို အင်ပါယာနှင့် အဆင့်တူလောက် သန့်စင်ဖို့ထိ ရောက်ရှိရန် မလုံလောက်သေးပါ။ သို့သော် အလွန်နီးကပ်နေပြီ ဖြစ်၏။ ထိုကွာဟချက်ကို ကိုးစက်မြောက်သွေးစက်နှင့် ပေါင်းစပ်လိုက်သည်နှင့် ဖြတ်သန်းနိုင်ပေမည်။
ဝမ်လင်း၏အရိုးများနှင့် သွေးစက်ကိုးစက် ပေါင်းစည်းခြင်းက သူ၏ရိုးတွင်းခြင်ဆီကို လုံးဝ ပြောင်းလဲသွားစေ၏။ ခုချိန်၌ အင်ပါယာထက် ပိုမိုသန့်စင်သော သွေးမျိုးဆက်ကို သူ ပိုင်ဆိုင်လာခဲ့လေပြီ။ သွေးမျိုးဆက်ခြင်း ယှဉ်ပါက ဝမ်လင်းသည် တောက်ကလန်တွင် အသန့်စင်ဆုံးသွေးမျိုးဆက် ပိုင်ဆိုင်သူ ဖြစ်လာခဲ့ပြီပင်။
သို့ပေမည့် ထိုမျှဖြင့် အဆုံးမသပ်သေးပေ။ စိတ်ဝိညာဉ်သွေး၏ ပုံပန်းသွင်ပြင်က ပတ်ဝန်းကျင်ကို ခရမ်းရောင်အလင်းဖြင့် စွန်းထင်းသွားစေသည်။ ထိုခရမ်းရောင်သွေးသည် ထူးခြားသောအားတစ်ခု ပိုင်ဆိုင်ထားပြီး ၎င်းပေါ်လာသည်နှင့် ဝမ်လင်း၏အာရုံကို အပြည့်အဝ ဖမ်းယူသွားသည်။
သူက ထိုခရမ်းရောင်သွေးကို ကြည့်၏။ ခရမ်းရောင်သွေးသည် ကြောက်မက်ဖွယ်ခရမ်းရောင်အလင်းကို ထုတ်လွှတ်ကာ ဝမ်လင်း၏မျက်ခုံးနှစ်ခုကြား ခပ်နှိပ်လို့သွားသည်။
၎င်းသည် သူ၏သွေး၊ သို့မဟုတ် သွေးမျိုးဆက်တို့နှင့် မပေါင်းစပ်ပေ။ ထိုသွေးက ဝမ်လင်း၏ စိတ်ဝိညာဉ်နှင့် ပေါင်းစပ်သွား၏။
သွေးမျိုးဆက်သန့်စင်မှုက ဝမ်လင်းကို ရှေးဟောင်းစွမ်းအား ပေါက်ကွဲစေခွင့်ပြု၏။ သို့သော် ၎င်းက သူ၏စိတ်ဝိညာဉ်ကိုမူ ပြောင်းလဲမသွားစေနိုင်ပေ။ အဆုံးသပ်၌ သူ၏စိတ်ဝိညာဉ်သည် ရှေးတောက်ကလန်ဝင်တစ်ယောက်ကဲ့သို့သာ ဖြစ်နေသေးသည်။ သို့ပေမည့် သည်စိတ်ဝိညာဉ်သွေးကမူ ဝမ်လင်း၏စိတ်ဝိညာဉ်ကို ပြောင်းလဲပေးနိုင်၏။ သူ၏စိတ်ဝိညာဉ်ကို တခြားတောက်ကလန်ဝင်များ၏အထက်၌ တည်ရှိစေသည်။
သူ့ကို တောက်အင်ပါယာထက်ပင် ပိုမြင့်မြတ်သော တည်ရှိမှုကို ပေးလေ၏။ သူသည် ရှေးဘိုးဘေး၏ လေးယောက်မြောက်သားတော် ဖြစ်လာသည့်အလား။
စိတ်ဝိညာဉ်သွေးစက် ပျံသန်းလာသည့်အခိုက်၌ ဝမ်လင်းက မင်သက်ကာ သူ၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုတို့ ပြည့်လာ၏။ သူ၏ခန္ဓာကိုယ်က နောက်သို့ လန်ကျကာ ပလ္လင်ပေါ်သို့ ကျရောက်သည်။ သူက ယဲ့မို၏ လက်မောင်းကို မှီ၍ ထိုနေရာတွင် လှဲလျောင်းနေသည်။
ဝဲကတော့သည် ဖြည်းဖြည်းချင်း လွင့်ပါးကာ မကြာမီတွင် သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွား၏။ မည်သည့်အရာမျှ မဖြစ်ခဲ့သည့်အလား။
သည်နေရာဝန်းကျင်ရှိ ကြမ်းကြုတ်သောသားရဲများသည် ပုန်းကွယ်နေကြ၏။ သူတို့က တုန်ယင်နေကာ အသံတစ်သံပင် မထွက်ဝံ့ကြပေ။ သည်ထူးခြားသော ငြိမ်သက်မှုအတွင်း၌ ဖိအားတစ်ခု ပျံ့နေသည်ဟု ထင်ရသည်။
ဝမ်လင်းက သတိမေ့နေ၏။ သူသာ နိုးထမလာပါက သည်နေရာသည် နှစ်ပေါင်းသောင်းချီ ခုလိုမျိုး ငြိမ်သက်တိတ်ဆိတ်နေအုံးမည့်အလား။ သူသာ နိုးထမလာခဲ့ပါက သည်နေရာတွင် အသံတစ်သံမှှျ မရှိတော့မည့်အလား။ သူ၏ခန္ဓာကိုယ်မှ ဖိအားထွက်ပေါ်ကာ ပတ်ဝန်းကျင်ဧရိယာသို့ ပျံ့လွင့်သည်။
ဝမ်လင်း၏မူလခန္ဓာကိုယ်သည် အိပ်စက်နေ၏။ သူ၏ကိုယ်ပွားက ပလ္လင်အပြင်ဘက်တွင် လွင့်မြောနေ၏။ သူ့ကိုယ်ပွားက မျက်လုံးမှိတ်လျက် မလှုပ်မယှက် ထိုင်နေသည်။
ဝမ်လင်းသည် အိပ်ပျော်ကာ အိပ်မက်ထဲ ရောက်နေသည်။ ထိုအိပ်မက်မှာ အိပ်မက်တာအိုနှင့် အတူပေ။ ထိုအိပ်မက်ထဲ၌ ဝမ်လင်းက လူတစ်ယောက်ကို တွေ့မြင်သည်။
ထိုလူမှာ သာမန်ရုပ်သွင်သာ ရှိ၏။ သူ၏ခန္ဓာကိုယ်ကမူ အဆမတန်ကြီးမားကာ ကောင်းကင်နှင့်မြေကြီးသည်ပင် သူ၏ခြေထောက်အောက်၌ ရှိနေသည့်အလား။ သူက ထိုနေရာတွင် ရပ်နေလျက် လောကကို အထင်သေးစွာ ကြည့်ရှုသည်။
“ငါ ဒီကောင်းကင်ကို ပျက်စီးစေချင်ရင် ပျက်စီးရလိမ့်မယ်။ ငါ ဒီမြေပြင်ကို ချိုးဖျက်ပစ်ချင်ရင် ဒါဟာ ပျက်စီးရမယ်။ ငါ သက်ရှိဖြစ်တည်မှုတစ်ခုကို သေစေချင်ရင် ဘယ်သူကမျှ ငါ့ကို တားဆီးရဲမှာ မဟုတ်ဘူး။ ငါ ကောင်းကင်ဘုံသားတွေကို ဆက်မရှင်သန်စေချင်ရင် ဘယ်သူကများ သူတို့ကို ကယ်တင်ဝံ့မလဲ…”
“ငါဟာ ရှေးလူပဲ။ ငါဟာ ကောင်းကင်နဲ့မြေကြီး မတိုင်ခင်တည်းက မွေးဖွားခဲ့ပြီး ဒီလောက အစတည်းက ရှင်သန်ခဲ့တဲ့သူ။ ဒါပေမဲ့ ငါ့ရှေ့မှာ ကောင်းကင်ဘုံသားတွေ ရှိခဲ့တယ်။ အဲ့ဒီကောင်းကင်ဘုံသားတွေဟာ ငါ့ကို သူတို့ရဲ့ ကျွေးကျွန် ဖြစ်လာစေချင်ကြတယ်။ ဒါ့ကြောင့် ငါဟာ ဒီကောင်းကင်ဘုံသားတွေကို ဖျက်စီးခဲ့တယ်…”
“ငါ ကျရှုံးခဲ့ရင်တောင် ငါ့အနာဂတ်မျိုးဆက်ဟာ ကောင်းကင်ဘုံသားတွေရဲ့ ရန်သူတွေ ဖြစ်လာကြလိမ့်မယ်။ ကောင်းကင်ဘုံသားတွေရဲ့ လောကကို အမြစ်ဖျက်ဖို့ ကျိန်ဆိုကြမယ်…”
“ဒါပေမဲ့ ငါ ကျရှုံးလိမ့်မှာလား။ ငါ ဘယ်တော့မှ မရှုံးဘူး…”
“စိတ်ဝိညာဉ်သွေးကိုးစက်ကို ငါ့သားတော်သုံးယောက်ရှိ ပေးအုပ်ခဲ့တယ်။ သူတို့ဟာ ငါ့ရှေးလူတွေကို အမိန့်ပေးကြလိမ့်မယ်။ ငါ့ပြန်လည်မွေးဖွားမှုကို စောင့်နေပါ။ ငါ့အမွေဆက်ခံသူ ပေါ်လာမှာကို စောင့်နေပါ…”
“နာခံခြင်းဆိုတာ သေမျိုးတစ်ယောက် ဖြစ်တည်မှု၊ ဖိဆန်ခြင်းကသာ ကောင်းကင်ဘုံသားတစ်ယောက်ရဲ့ ဖြစ်တည်မှု၊ ကောင်းကင်ဘုံသားတွေကို ဖိဆန်ခြင်းကတော့ ရှေးလူ ဖြစ်လာစေတာပဲ…”
သာမန်ဆန်သောထိုလူကြီးက သည်တုန်လှုပ်ဖွယ်စကားများကို ပြောနေရင်း သူ၏အိပ်မက်သည် ဖြည်းဖြည်းချင်း အဆုံးသပ်လာခဲ့သည်။ ဝမ်လင်းက မျက်လုံးဖွင့်လာသည့်နောက်တွင်ပင် ထိုစကားလုံးများသည် သူ၏နားထဲ၌ ပဲ့တင်ထပ်နေဆဲသာ။
ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားရှိ ရှေးဟောင်းနတ်ဘုရားကြယ်ရှစ်လုံးက ခရမ်းရောင်အရိပ်အမြွက်ကို ပေးကာ ဖြည်းဖြည်းချင်း လှည့်ပတ်၏။ သူ၏ဘယ်ညာမျက်လုံးတို့ထဲရှိ ရှေးဟောင်းမိစ္ဆာနှင့်ရှေးဟောင်းနတ်ဆိုးကြယ်များ သည်လည်း စတင်လှည့်ပတ်ကာ ခရမ်းရောင်အရိပ်အမြွက်ကို ပေးစွမ်းလေသည်။
ထိုခရမ်းရောင်သည် စိတ်ဝိညာဉ်သွေးမှ ထွက်ပေါ်ခြင်း၊ ဝမ်လင်း၏ရှေးလူ စိတ်ဝိညာဉ်ထံမှ ထွက်ပေါ်ခြင်း ဖြစ်၏။
သူသည် ဖြည်းဖြည်းချင်း ထရပ်ကာ သူ၏ရှေ့ရှိ ဟင်းလင်းပြင်ကို ကြည့်၏။ အချိန်အတန်ကြာ စဉ်းစားနေပြီးနောက် လောကကို တင်စီး၍ ကြည့်သော အော်ရာတစ်ခုသည် သူ၏ခန္ဓာကိုယ်ထံမှ ထွက်ပေါ်လာ၏။ ထိုအော်ရာသည် ကောင်းကင်နှင့်မြေကြီးကိုပါ လေးစားသမှု မထားပေ။
ထိုအော်ရာသည် ရှေးလူများ၏ ဖိဆန်ခြင်းသဘာဝပင်။
သည်အခိုက်၌ ဝမ်လင်းသည် အရင်နှင့် အတော်လေး ကွာခြားသွားခဲ့လေပြီ။
သူက ပလ္လင်ပေါ်တွင် ထိုင်နေရင်း သူ၏အကြည့်က ပတ်ဝန်းကျင်သို့ ဝေ့ခတ်ကျရောက်၏။ သူ၏အကြည့်က သူ့ကိုယ်ပွားကို ကျော်လွန်ကာ ယဲ့မို၏လက်ပေါ်သို့ ကျရောက်သွားသည်။ သူ၏မျက်လုံးသည် တောက်ပသွားသည်။
ထိုလက်တွင် အစွမ်းထက်အားတစ်ခု ပါဝင်နေ၏။ ထိုစွမ်းအားက လောကကို ဆုတ်ဖြဲနိုင်စွမ်း ရှိသည့်အလား။ ဤသည်မှာ ရှေးတောက်နိုင်ငံ၏ ရှေးလူယဲ့မို၏ အစွမ်းထက်ဆုံးအား ဖြစ်လေ၏။
ထိုလက်ကို စိုက်ကြည့်ကာ ဝမ်လင်းက သူ၏ညာလက်ကို ဖြည်းဖြည်းချင်း ပင့်မြှောက်ပြီး ဖိချလိုက်သည်။ သူ ဖိချလိုက်သည့်အခိုက်တွင် သူ၏ကြယ်နှစ်ဆယ့်လေးလုံးမှာ လှည့်ပတ်ကာ သူ့အား ခရမ်းရောင်အလင်း ခြုံလွှမ်းလေ၏။ ထိုခရမ်းရောင်အလင်းက ယဲ့မို၏လက်အတွင်းသို့ ဝင်ရောက်သွားသည်။
ချက်ခြင်းပင် ထိုလက်က တုန်ယင်ကာ ရုန်းကန်ခုခံဟန် ပြင်၏။ ဝမ်လင်းက ယဲ့မို၏အမွေအနှစ်ကို ရခဲ့သော်လည်း ၎င်းမှာ ပြည့်ပြည့်စုံစုံ မဟုတ်ပေ။ သူက သည်လက်နှင့် ပေါင်းစပ်လိုပါက အခက်အခဲအချို့ ရှိနေလိမ့်အုံးမည်။
သို့ပေမည့် ဤသည်မှာ ဝမ်လင်းအဖို့ ရှေးမျိုးနွယ်သွေးကပ်ဘေးကို မဖြတ်ကျော်ခင်ကသာ ခက်ခဲမှု ရှိနိုင်တာ ဖြစ်၏။ ခုချိန်တွင်မူ သူသည် ရှေးဘိုးဘေး၏ သွေးကိုးစက်နှင့် စိတ်ဝိညာဉ်သွေးတစ်စက်တို့ကို ပိုင်ဆိုင်ထားပြီ ဖြစ်ရာ ယဲ့မို၏လက်မှာ သူ့အတွက် ပမွှားဖြစ်သွားလေပြီ။
“ယဲ့မို…ဒီလက် ငါ့ကို ပေးပါ…”
ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလိုက်၏။ သူက သူ့ကိုယ်သူ ပြောလိုက်သည့်အလား၊ သို့မဟုတ် သေဆုံးပြီးသော ယဲ့မိုကို ပြောလိုက်သည့်အလား။ သူ၏အသံမှာ တည်ငြိမ်၏။ သူက ထိုသို့ ပြောလိုက်စဉ် ကြယ်နှစ်ဆယ့်လေးလုံးထံမှ ခရမ်းရောင်အလင်းသည် ပိုအားကောင်းလာသည်။ ထိုပျံ့နှံ့လာသောအော်ရာက ယဲ့မိုအသက်ရှင်လျက် ရှိနေလျှင်ပင် ထိတ်လန့်သွားစေမည့် အရာ ဖြစ်လေ၏။
ထိုအော်ရာက ဝမ်လင်း၏ညာလက်ထံ ဝင်ရောက်ကာ ထိုလက်ကို ထပ်မံ ဖိချ၏။ ကျယ်လောင်စွာ မြည်ဟည်းသံ ထွက်ပေါ်ကာ အနှီလက်က ရုန်းကန်နေခြင်းအား ရပ်တန့်သွား၏။ ထိုလက်က တဖြည်းဖြည်း ကြုံ့လာကာ ဝမ်လင်း၏ ညာလက်နှင့် သမူဟ ဖြစ်ပြီး သူ၏ညာလက်ကို ရုတ်တရက် သိသိသာသာ ကွဲပြားမှု ဖြစ်သွားစေ၏။
ဝမ်လင်း၏ညာလက်က သူ၏ဘယ်လက်ဖြင့် ယှဉ်ပါက အလွန်ကြမ်းရှပေသည်။ မရေမတွက်နိုင်သော ရှုပ်ရှုပ်ထွေးထွေး စာလုံးများလည်း ဖုံးအုပ်နေ၏။ ၎င်းထံမှ စိမ်းပြာရောင်အငွေ့အသက်ကိုပါ ပေးစွမ်းသေးသည်။
ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်လိုက်၏။ ဝမ်လင်းက သူ့ညာလက်ကို တည်ငြိမ်စွာ ကြည့်သည်။ အချိန်အတန်ကြာပြီးနောက် သူက လေဟာနယ်ကို ဖမ်းဆုပ်လိုက်သည်။
“ကောင်းကင်ဘုံဆုတ်ဖြဲခြင်း…”
ဟင်းလင်းပြင်သည် တုန်ယင်သွား၏။ ဝမ်လင်း၏ ညာလက်မှာ ဆုတ်ဖြဲနေစဉ် လောကသည် ပြိုပျက်စီးရသည်။ သူ၏နောက်၌ ဧရာမလက်တစ်ဖက်အရိပ် ပေါ်လာကာ ဟင်းလင်းပြင်ကို ဆုတ်ဖြဲ၏။ ဝမ်လင်း၏ရှေ့တွင် ကြီးမားသောအက်ကြောင်းတစ်ခု ပေါ်လာတော့သည်။
သည်ကောင်းကင်ဘုံဆုတ်ဖြဲခြင်းစွမ်းအားသည် ဆန်းကြယ်လေဟာနယ်အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် သတ်ပစ်နိုင်၏။ ဆန်းကြယ်လေဟာနယ်အလယ်အဆင့် ကျင့်ကြံသူသည်ပင် ကြောက်လန့်တကြား နောက်ဆုတ်သွားရနိုင်သည်။
ဝမ်လင်းသည် သူ၏အောက်ဘက်ရှိ ပလ္လင်ကို သေသေချာချာ ကြည့်သည်။ လှိုင်းဂယက်များ ပဲ့တင်ထပ်သည်။ သူ၏မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု လှစ်ဟပေါ်သည်။
“ဒီပလ္လင်နဲ့ ပတ်သတ်လို့ ထူးခြားတာ တစ်ခုခုရှိနေတယ်…”