သုံးဘဝမန္တာန်
Vol. 128 Ch. 1264
ပလ္လင်ထံသို့ ရောက်လာခဲ့သည့်အချိန်မှစ၍ ဝမ်လင်းအဖို့ သည်နေရာကို လေ့လာစူးစမ်းဖို့ အချိန် မရခဲ့ပေ။ သူ၏ အာရုံအများစုကို ပလ္လင်ပေါ်ရှိ ယဲ့မို၏လက်တစ်ဖက်ထံ၌သာ အသုံးပြုခဲ့ရ၏။ သူက အလွန်သတိရှိကာ သည်ပလ္လင်ကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်ခဲ့သော်လည်း ပုံမှန်မဟုတ်သည့် အရာကို မတွေ့ခဲ့ပေ။
သို့ပေမည့် သူက သွေးစက်ကိုးစက်နှင့် စိတ်ဝိညာဉ်သွေးတို့ကို စုပ်ယူပြီး၊ ကောင်းကင်ဘုံဆုတ်ဖြဲခြင်းမန္တာန်ဖြင့် လှိုင်းဂယက် ထစေသည့်နောက် သည်ပလ္လင်ကို ဖုံးကွယ်ထားသော လိုက်ကာစကို လှစ်ဟမိသွားသည်။ ဝမ်လင်း၏မျက်လုံးသည် တောက်ပသွားသည်။
“ဒီပလ္လင်က ဘာကြောင့် ဒီနေရာမှာ ရှိနေရတာလဲ။ ယဲ့မိုရဲ့ ညာလက်ဟာ ဘာကြောင့် ဒီမှာ ရှိနေရတာလဲ…” ဝမ်လင်းသည် ထိုပလ္လင်ကို သေချာကြည့်ကာ စဉ်းစားနေ၏။
သည်ပလ္လင်မှာ သာမန်ဆန်လှသည်။ ၎င်းနှင့် ပတ်သတ်၍ ထူးထူးခြားခြား ရှိမနေပေ။ လှိုင်းဂယက်များက ၎င်းပေါ်၌ ပဲ့တင်ထပ်သွားခြင်းကြောင့်သာ မဟုတ်ပါက ၎င်းပလ္လင်နှင့် ပတ်သတ်၍ ထူးခြားမှုကို တွေ့မြင်ဖို့ အတော့်ကို ခက်ခဲလိမ့်မည်။
ကောင်းကင်ဘုံဆုတ်ဖြဲခြင်းမန္တာန်၏ သက်ရောက်မှု ပျောက်ကွယ်သွားနေရင်း လှိုင်းဂယက်များသည်လည်း လျော့ပါးသွားတော့သည်။
ဝမ်လင်းသည် ထရပ်ကာ ပလ္လင်ထံကနေ လှမ်းလျှောက်လိုက်၏။ တစ်ချိန်တည်းမှာ သူ၏ကိုယ်ပွားကလည်း ထရပ်ကာ လှမ်းလျှောက်လာသည်။ ခြေတစ်လှမ်း လှမ်းလိုက်ပြီးနောက် သူ၏ကိုယ်ပွားနှင့်မူလခန္ဓာကိုယ်တို့သည် ထပ်သွားကာ ဖြည်းဖြည်းချင်း အတူတကွ ပေါင်းစပ်သွားသည်။
ဝမ်လင်းက သူ့ခန္ဓာကိုယ်ကို လှုပ်ရှားကြည့်၏။ သက်တောင့်သက်သာ ဖြစ်သည်ကို တွေ့ရှိပြီးနောက် သူက ပလ္လင်ထံသို့ လှည့်ကြည့်လိုက်သည်။ သူ၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွားကာ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေပြီး အတားအဆီးများကို စေလွှတ်လိုက်သည်။ အတားအဆီးများမှာ တစ်သန်းနီးပါး ရှိလေ၏။
သူက လက်ညွှန်လိုက်ရာ ထိုအတားအဆီးတစ်သန်းသည် ပလ္လင်ထံသို့ ပျံသန်းသွားကာ ၎င်းပေါ်သို့ တစ်ခုပြီးတစ်ခု ကျရောက်သည်။
အတားအဆီးတိုင်းက ပလ္လင်ကို အပြင်းအထန် တုန်ခါစေသည်။ အတားအဆီးများ ပိုကျဆင်းလာလေလေ ပလ္လင်သည် ပို၍ တုန်ခါလာလေပင်။ အဆုံးသပ်ခါနီး၌ ကျယ်လောင်စွာတုန်ဟည်းမြည်သံ ပဲ့တင်ထပ်ကာ ထိုပလ္လင်မှာ ပျက်စီးလေတော့မည့်အလား။
ပလ္လင် အပြင်းအထန် တုန်ခါနေရင်း ၎င်းပေါ်၌ အက်ကြောင်းများ သိသိသာသာ ပေါ်လာ၏။
ဝမ်လင်းက သတိအနေအထား ရှိနေ၏။ သူ၏လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေကာ အတားအဆီးများကို ပိုဖန်တီးသည်။ ယင်းတို့က ပလ္လင်ကို ဝန်းရံကာ ၎င်းပေါ်သို့ တစ်ခုပြီးတစ်ခု ကျရောက်၏။ ထိုအခါ ပလ္လင်သည် ပို၍ တုန်ခါလာကာ တုန်ဟည်းသံတို့ ပိုမြည်ဟိန်း၏။
အမွှေးတိုင်တစ်ဝက်စာ အချိန်ကြာပြီးနောက် ပလ္လင်ထံမှ အလွှာတစ်ခုသည် ပြိုလဲကျလေ၏။ ပလ္လင်သည် အရွယ်အစားတစ်ခုမျှ ပတ်ပတ်လည် ကြုံ့သွားပြီး ၎င်း၏မျက်နှာပြင်ထက်၌ အက်ကြောင်းများ ပိုပေါ်လာသည်။
“ဒီပလ္လင်နဲ့ ပတ်သတ်လို့ ထူးခြားမှုဟာ အတွင်းထဲမှ ရှိနေတဲ့ပုံပဲ။ ဒါပေမဲ့ ဒီပလ္လင်ရဲ့အတွင်းဘက်ကို ငါ့နတ်ဘုရားအာရုံနဲ့ မမြင်ရအောင်လို့ ထူးဆန်းတဲ့အားတစ်ခုက တားဆီးထားတယ်…” ဝမ်လင်းက ထိုပလ္လင်ကို စိုက်ကြည့်၍ နောက်ထပ်အတားအဆီးတစ်သန်းကို ဖန်တီးလိုက်ပြန်သည်။ မရေမတွက်နိုင်သော အတားအဆီးများက ပလ္လင်ပေါ်သို့ ကျရောက်ကာ အလွှာလိုက် ပိုမို ကွာကျလာစေသည်။ ထိုအခါ ပလ္လင်သည် ၎င်း၏မူလအရွယ်အစားကနေ တစ်ဝက်ခန့်သာ ရှိတော့လေ၏။
သည်အခိုက်တွင် ပလ္လင်သည် အက်ကြောင်းများ ဖုံးလွှမ်းနေကာ အက်ကြောင်းများထဲမှ တစ်ခုသည် ပလ္လင်၏ ဗဟိုချက်နားထိ ရောက်သွားသည်ဟု ထင်ရသည်။ ယင်းအက်ကြောင်းထံမှ သွေးနီရောင်အလင်းတစ်ခု ပေါက်ကွဲထွက်လာပြီး ယပ်တောင်သဏ္ဌာန် ဖြစ်ပေါ်သည်။
ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်လာပြီး သူက အနီရောင်အလင်း ထုတ်လွှတ်နေသောအက်ကြောင်းကို စိုက်ကြည့်၏။ သူက သူ့ပတ်လည်ရှိ မရေမတွက်နိုင်သော အတားအဆီးများကို ထိန်းချုပ်ကာ ယင်းတို့အား ထိုအက်ကြောင်းပေါ်သို့ ပျံသန်းစေသည်။
သို့ရာတွင် ထိုအတားအဆီးများက အက်ကြောင်းအနီးအနားသို့ ရောက်သွားရုံ ရှိသေး နောက်ထပ်အက်ကြောင်းတစ်ခုထံမှ အနီရောင်အလင်း ထပ်မံ ထွက်ပေါ်လာပြန်သည်။ သိပ်မကြာခင်တွင် သုံးကြိမ်မြောက်၊လေးကြိမ်မြောက်၊ငါးကြိမ်မြောက်… ပလ္လင်ထံမှ အလင်းတန်းဆယ်ခုကျော် ထိုးထွက်လာကာ အနီရောင်လှိုင်းဂယက်တစ်ခု ဖြစ်ပေါ်သည်။ အတားအဆီးများစွာက ထိုအနီရောင်အလင်းနှင့် ထိမိသည့်အခါ တစီစီအသံများ ထွက်ပေါ်ပြီး ချက်ခြင်း ပျောက်ကွယ်ကုန်သည်။
ထိုအနီရောင်အလင်းကြောင့် အတားအဆီးအားလုံး ပျောက်ကွယ်သွားရသည်။
ဝမ်လင်းသည် တစ်ဝက်ကျော် ကြုံ့နေပြီ အနီရောင်အလင်းဖြင့် ဝန်းရံခံထားရသော ပလ္လင်ကို စိုက်ကြည့်နေ၏။ သူ့မျက်လုံးတို့မှာ အရောင်တောက်နေသည်။
“ဒီအနီရောင်အလင်းကို အတော်လေး ရင်းနှီးသလိုပဲ။ ဒီပလ္လင်ဟာ ဖြစ်နိုင်တာက…”
ဝမ်လင်း၏စိတ်မှာ တုန်ယင်သွား၏။ ထိုအနီရောင်အလင်း ပျံ့လွင့်ကာ သူ့ထံ နီးကပ်လာချိန်၌ ဝမ်လင်းက ညာလက်ဖြင့် ၎င်းအနီရောင်အလင်းထံ ကုတ်ဆွဲလိုက်သည်။
သူ၏ရှေ့၌ ယဲ့မို၏ကြီးမားသောလက်တစ်ဖက်မှာ ရုတ်တရက် ပေါ်လာကာ သူ့ရှေ့ရှိ လေဟာနယ်ထံ ကုတ်ဆွဲလိုက်သည်။
“ကောင်းကင်ဘုံဆုတ်ဖြဲခြင်း…” ဝမ်လင်းက မာန်သွင်း၍ သူ့ညာလက်ဖြင့် ဘေးတစ်ဖက်သို့ ဆုတ်ဖြဲစေလိုက်သည်။ သူက မာန်သွင်းကာ ယဲ့မိုညာလက်၏စွမ်းအား၊ သူ၏ကြယ်ရှစ်လုံး ရှေးဟောင်းနတ်ဘုရား၊ ရှေးဟောင်းနတ်ဆိုး၊ ရှေးဟောင်းမိစ္ဆာတို့၏ စွမ်းအားများကို အပြည့်အဝ အသုံးပြုလိုက်သည်။
ထိုဆုတ်ဖြဲအားကား ကောင်းကင်နှင့်မြေကြီးကို အပိုင်းပိုင်းအစစ ဖြစ်သွားစေဖို့ လုံလောက်ပေသည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ ပလ္လင်ထံမှ ထွက်ပေါ်လာနေသော အနီရောင်အလင်းသည် အပြင်းအထန် တွန့်ခေါက်၍ ဝမ်လင်း၏ ဆုတ်ဖြဲခြင်းကို ခံလိုက်ရသည်။
ဝမ်လင်း၏ ကောင်းကင်ဘုံဆုတ်ဖြဲခြင်းမန္တာန်အောက်၌ အက်ကြောင်းများ ပျက်စီးမှုက ပိုများသွားသည်။ အနီရောင်အလင်းက ထိုဆုတ်ဖြဲအားကို ထွင်းဖောက်ချင်သော်လည်း ခုခံနိုင်စွမ်းမဲ့ရသည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ ထိုပလ္လင်သည် လုံးဝ ပျက်စီးသွားရတော့သည်။ ထိုအခါ ဝမ်လင်း၏ရှေ့၌ အနီရောင်လင်းထိန်စွာ တောက်ပနေသော ရှစ်ထောင့်သွေးရေကန်ကဲ့သို့ အရာဝတ္ထုတစ်ခု ပေါ်လာချေသည်။
ဝမ်လင်းသည် ထိုရှစ်ထောင့်သွေးရေကန်ထံမှ ပျံ့နှံ့နေသော အော်ရာကို ကောင်းကောင်းကြီး သိပေ၏။ သူသည် အတော်လေး ပျော်ရွှင်မိသွားသည်။
“ဒီတော့ ဒါက ဒီလိုပေါ့…”
ရှေးဟောင်းကြယ်အဖွဲ့အစည်း(ပြင်ပနယ်မြေ)၌ ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်ဟု အမည်ရသည့် ကလန်တစ်ခု ရှိသည်။ ထိုကလန်၌ သုံးဘဝမန္တာန်ကို ပိုင်ဆိုင်ထားသည်။ သည်မန္တာန်ကို ကျင့်ကြံဖို့ လူတစ်ယောက်သည် ပြီးပြည့်စုံသော ပလ္လင်တစ်ခု လိုအပ်ပေလိမ့်မည်။ သို့သော် အချို့အကြောင်းပြချက်များကြောင့် ၎င်းပလ္လင်က သုံးပိုင်းကွဲထွက်ခဲ့ကာ ထိုအစိတ်အပိုင်းသုံးခုမှာ ပျောက်ကွယ်သွားခဲ့၏။
ဝမ်လင်းသည် ကံကောင်းစွာဖြင့် တောက်ပသောလေဟာနယ်၌ သွေးဘိုးဘေးထံမှ သွေးခန်းမတစ်ခုကို ရရှိခဲ့ဖူး၏။ ထိုသွေးခန်းမမှာ သည်ပလ္လင်အစိတ်အပိုင်းသုံးခုထဲမှ တစ်ခု ဖြစ်၏။ ထို့နောက် သူက သုံးဘဝမန္တာန်အကြောင်း သိခဲ့ပြီး အလုံးစုံကောင်းကင်၌ ရှေးဟောင်းနတ်ဆိုးထံမှ ပလ္လင်၏ဒုတိယအစိတ်အပိုင်းကို ရခဲ့သည်။
တတိယပလ္လင်ကိုမူ ဝမ်လင်းသည် ရှာကြည့်သေးသော်လည်း ရှာမတွေ့ဘဲ ဖြစ်ခဲ့၏။ သူက ထိုသွေးအလင်းကို တွေ့မြင်သည့်အခါ သူ၏စိတ်ထဲ၌ တုန်ဟည်းသံ ပဲ့တင်ထပ်ကာ သူ့ထံ၌ ထင်မြင်ချက်တစ်ခု ရှိလာတော့သည်။
ခုချိန်တွင်မူ သည်သွေးရေကန်က သွေးခန်းမနှင့် တခြားပလ္လင်တစ်ခုတို့ထံမှ ပေးစွမ်းသော တူညီသောအော်ရာကို ပေးစွမ်းနေလေသည်။ ၎င်းမှာ ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်၏ အော်ရာ ဖြစ်၏။
“သုံးဘဝမန္တာန်၊ ဒီနေရာမှာ ဒီနောက်ဆုံးပလ္လင်အစိတ်အပိုင်းကို ရရှိလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး။ ငါ ဒီမန္တာန်ကိုသာ သင်ယူနိုင်ခဲ့ရင် ငါ့ရဲ့ ယေဘုယျခွန်အားဟာ အများကြီး တိုးတက်လာလိမ့်မယ်…” ဝမ်လင်း၏စိတ်နှလုံးမှာ မြန်ဆန်စွာ စတင် ခုန်ပေါက်လာ၏။ သူသည် သည်သုံးဘဝမန္တာန်ကို လိုချင်တပ်မက်ပေ၏။ ခုချိန်၌ သူကား ထိုမန္တာန်ကို သင်ယူဖို့အတွက် လိုအပ်ချက်ဖြစ်သော တတိယမြောက်ပလ္လင်ကို ပိုင်ဆိုင်ခဲ့ပြီ ဖြစ်ရာ သူ အတော်လေး ပျော်နေမိပေပြီ။
တုန့်နှေးမနေဘဲ ဝမ်လင်းက လက်ဝေ့ယမ်းလိုက်၏။ သူ ရှေးဟောင်းနတ်ဆိုးထံမှ ရခဲ့သော ပလ္လင်က ပျံသန်းထွက်လာပြီး ထို့နောက်တွင် သွေးဘိုးဘေးထံမှ ရခဲ့သော သွေးခန်းမမှာလည်း ပျံသန်းထွက်လာတော့သည်။
ထိုပလ္လင်သုံးခုက သူ၏ရှေ့တွင် လွင့်မြောနေ၏။ ယင်းတို့ထံမှ ပေးစွမ်းသော သွေးအလင်းသည် စတင် ရောယှက်လာသည်။
ဝမ်လင်းသည် ရှေးသင်္ချိုင်းအတွင်း၌ ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်မှ သုံးဘဝမန္တာန် ကျင့်ကြံသည့်နည်းလမ်းကို ရရှိခဲ့ခြင်း ဖြစ်၏။ သည်အခိုက်၌ သူက အနည်းငယ် စဉ်းစားပြီးနောက် ထိုင်ချလိုက်သည်။
“ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်ရဲ့ သုံးဘဝမန္တာန်ဟာ သင်ယူဖို့ အန္တရာယ်များလှတယ်။ ဒါပေမဲ့ အကျိုးအမြတ်နဲ့ ယှဉ်ကြည့်ရင် ဒီအန္တရာယ်ဟာ တန်တယ်…”
ဝမ်လင်းက သူ့ညာလက်ကို လေဟာနယ်ထံ ဆန့်ထုတ်လိုက်၏။ တစ္ဆေအလင်း ပေးစွမ်းသော ကလန်အမှတ်အသားတစ်ခုက သူ၏လက်ထဲတွင် ပေါ်လာသည်။
ထိုကလန်အမှတ်အသားပေါ်၌ ခြောက်ကပ်ကပ်သွေးစအချို့ပင် ရှိနေသေး၏။ ၎င်းမှာ ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်၏ အမှတ်အသားပင်။ ဝမ်လင်းက ၎င်းအမှတ်အသားကို ရှေးသင်္ချိုင်းအတွင်း၌ သူ့အား သတ်ချင်ခဲ့သော ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်ဝင် အမျိုးသမီးထံမှ ထုတ်ယူခဲ့ခြင်းပင်။
ထိုကလန်အမှတ်အသားကို စိုက်ကြည့်၍ ဝမ်လင်းက ၎င်းအား သူ၏မျက်ခုံးနှစ်ခုကြားသို့ ဖိချလိုက်သည်။ လောင်ကျွမ်းခံရသည့် ခံစားချက်က ထိုအမှတ်အသားထံမှ ပျံ့နှံ့လာ၏။ ထို့နောက် ကလန်အမှတ်အသားထံမှ မရေမတွက်နိုင်သော အကိုင်းအခတ်များ ချဲ့ကားထွက်လာပြီး ယင်းတို့သည် ဝမ်လင်းနှင့် တွယ်စပ်သည်။
သည်လောက်နာကျင်မှုက ဝမ်လင်းအပေါ်သို့ သက်ရောက်စေဖို့ မလုံလောက်ပါ။ သူက တည်ငြိမ်စွာ ရှိနေပြီး သူ့လျှာထိပ်ကို ကိုက်လိုက်ကာ သွေးတစ်ပွက် ထွေးထုတ်လိုက်သည်။
“ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်အမှတ်အသားနဲ့ ငါက ဒီပလ္လင်ကို အသက်ဝင်စေပြီး အဲ့ကလန်ရဲ့ ဘိုးဘေးစိတ်ဝိညာဉ်ကို ဆင့်ခေါ်နိုင်တယ်။ ပြီးရင် ချိပ်ပိတ်ခြင်းဓားသွားနဲ့ စိတ်ဝိညာဉ်သုံးခု၊ မူလစိတ်ဝိညာဉ်သုံးခု၊ ခန္ဓာကိုယ်သုံးခုအဖြစ် ဖြတ်တောက်မယ်…”
ဝမ်လင်း၏အသံ ပဲ့တင်ထပ်လာသည့်အခါ သူ ထွေးထုတ်လိုက်သော သွေးတို့သည် အတူတကွ သိပ်သည်းလာပြီး သူ၏ရှေ့၌ မြန်ဆန်စွာ စတင် တွန့်ခေါက်လာ၏။ ထို့နောက်တွင် မတူညီသောပလ္လင်သုံးခုမှ ထုတ်လွှတ်သော အနီရောင်အလင်းကို ထိုသွေးက စုပ်ယူ၏။
ယင်းသွေးသည် ဓားသွားတစ်လက်အသွင်သို့ တဖြည်းဖြည်း ဖွဲ့စည်းလာ၏။ ၎င်းဓားသွားမှာ မကြီးမားပေ။
နတ်ဘုရားအာရုံဖြင့် ကြည့်ရှုလိုက်ရာ ဝမ်လင်းက ထိုဓားသွားမှာ တစ်ခုတည်း မဟုတ်ဘဲ ဓားသွားသုံးခုတစ်ခုနှင့်တစ်ခု ထပ်နေခြင်း ဖြစ်သည်ကို ချက်ခြင်း သတိပြုမိ၏။ ထိုသို့ ဖြစ်နေခြင်းက ယင်းဓားသွားများ၏ ပတ်လည်၌ ထူးဆန်းသောအော်ရာတစ်ခုကို ဖန်တီးသည်။
ဝမ်လင်းက မာန်သွင်းလိုက်၏။ “စိတ်ဝိညာဉ်သုံးခု ဖြတ်တောက်ခြင်း…”
ထိုဓားသွားက ရုတ်တရက် မြင့်တက်လာကာ ဝမ်လင်း၏ဦးခေါင်းထက်ကနေ ငြိမ်သက်စွာ ခုတ်ပိုင်းချ၏။
ယင်းဓားသွားက ဝမ်လင်း၏ခန္ဓာကိုယ်တစ်ခုလုံးကို ခုတ်ပိုင်းသွားသည်။
ဝမ်လင်း၏ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ခါကာ သူ၏မျက်နှာမှာ ဖြူရော၏။ အတိုင်းမသိနာကျင်မှု သူ၏ခန္ဓာကိုယ်တွင် ပြည့်နှက်လာပြီး သူ့အား ပျက်စီးစေတော့မည့်အလား။ သို့ပေမည့် သူက ထိုနာကျင်မှုကို တောင့်ခံထားကာ စိတ်ဝိညာဉ်နှစ်ခုသည် သူ၏ဦးခေါင်းထံမှ ဖြည်းဖြည်းချင်း ပျံသန်းထွက်လာသည်။
သို့ပေမည့် ထိုဓားသွားက ဝမ်လင်းကို ဖြတ်တောက်လိုက်စဉ် ဝမ်လင်း၏စိတ်ဝိညာဉ်စွမ်းအားကို ခံနိုင်စွမ်းမရှိဘဲ ပျက်စီးသွားလေသည်။ သုံးခုထပ်နေသော ဓားသွား၌ ဓားသွားနှစ်ခုသာ ကျန်ခဲ့လေ၏။
ဝမ်လင်း၏စိတ်ဝိညာဉ်မှာ ရှေးဘိုးဘေးစိတ်ဝိညာဉ်သွေးနှင့် ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ခုချိန်၌ သူ၏စိတ်ဝိညာဉ်မှာ ရှေးတောက်စိတ်ဝိညာဉ် ဖြစ်နေ၏။ ထို့ကြောင့် သည်ဓားသွားမျှဖြင့် သူ၏ စိတ်ဝိညာဉ်ကို မည်သို့ ဖြတ်တောက်နိုင်ပါ့မည်နည်း။ သည်ဓားသွားမှာ သူ၏ အနှစ်သာရသွေးဖြင့် ဖြစ်ပေါ်စေခဲ့ခြင်းကြောင့်သာ မဟုတ်ပါက ၎င်းသည် သူ့စိတ်ဝိညာဉ်ကို မည်သို့ ဖြတ်တောက်နိုင်စွမ်း ရှိပါမည်နည်း။
၎င်းသည် ဝမ်လင်း၏စိတ်ဝိညာဉ်ကို သုံးပိုင်း ဖြတ်တောက်နိုင်ခဲ့လျှင်ပင် သူ၏စိတ်ဝိညာဉ်ထံမှ ပြန်ကန်အားကို တောင့်မခံနိုင်ခဲ့ပေ။ ထို့ကြောင့် ယင်းဓားသွားသည် ထာဝရ ပျောက်ကွယ်ကာ နောက်ထပ် လုံးဝ ဆင့်ခေါ်နိုင်တော့မည် မဟုတ်တော့ပေ။