← Chapters

တစ္ဆေရွက်ဖျင်ကို ခုတ်ပိုင်းဖြတ်ခြင်း

Vol. 128 Ch. 1765

တစ္ဆေရွက်ဖျင်ကို ခုတ်ပိုင်းဖြတ်ခြင်း

Vol. 128 Ch. 1765

 “မူလစိတ်ဝိညာဉ်သုံးခုကို ဖြတ်တောက်ခြင်း…”  ဝမ်လင်းသည် နာကျင်မှုကို တောင့်ခံကာ မာန်သွင်းလိုက်၏။

သူ မာန်သွင်းလိုက်စဉ် နှစ်ထပ်ဓားသွားသည် မြင့်တက်ကာ ပိုင်းချလာ၏။ သွေးအလင်းလင်းလက်ကာ ထိုဓားသွားကား ဝမ်လင်းကို ခုတ်ပိုင်းသွားသည်။ သူ၏ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ခါလာပြီး သူ့မူလစိတ်ဝိညာဉ်သည် ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်၏ ဆန်းကြယ်သောစွမ်းအားကြောင့် သုံးပိုင်းကွဲထွက်သွား၏။

တစ်ချိန်တည်းမှာ ဓားသွားနှစ်ထပ်တွင် ဓားသွားတစ်ခုသည် အပိုင်းပိုင်းအစစ ဖြစ်သွားရသည်။

ဝမ်လင်းသည် အံတင်းတင်းကြိတ်၍ တုံ့နှေးမနေဘဲ အော်ဟစ်လိုက်ပြန်သည်။ “ခန္ဓာကိုယ်သုံးခု ပိုင်းဖြတ်မယ်…”

တစ်ခုတည်းသာ ကျန်တော့သော ဓားသွားကာ ဝမ်လင်းထံ ခုတ်ပိုင်းချလာ၏။ ၎င်းက ကျယ်လောင်စွာ တဝီဝီမြည်ဟည်းသံကို ဖန်တီးလေသည်။

ထိုဓားသွားသည် ဝမ်လင်းကို ဖြတ်တောက်သွားပြီးနောက် ပျက်စီးသွားပြန်သည်။ ယင်းဓားသွား ပျက်စီးစဉ် ဝမ်လင်း၏ခန္ဓာကိုယ်မှာ သုံးပိုင်းကွဲထွက်သည်။

သည်ခန္ဓာကိုယ်သုံးခုက စိတ်ဝိညာဉ်သုံးခု၊ မူလစိတ်ဝိညာဉ်သုံးခုတို့နှင့် ပေါင်းစပ်လေ၏။ သည်အခိုက်၌ ခန္ဓာကိုယ်သုံးခုသည် ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်၏ မတူညီသောပလ္လင်တစ်ခုဆီသို့ ပျံသန်းရောက်ရှိသည်။

ထိုပလ္လင်သုံးခုက ဝမ်လင်း၏ခန္ဓာကိုယ်သုံးခုကို စုပ်ယူပြီးနောက် ယင်းတို့ပတ်လည်ရှိ သွေးအလင်းသည် ပို၍ အားကောင်းလာတော့သည်။ ထိုပလ္လင်သုံးခုက တစ်ခုနှင့်တစ်ခု ဖြည်းဖြည်းချင်း လှည့်ပတ်နေရင်း မျက်စိတစ်မှိတ်အတွင်း ခုနစ်ရက်တာ ကုန်လွန်သွားတော့သည်။

ခုနစ်ရက်ကြာမြင့်ပြီးနောက် ပလ္လင်များထံမှ အလင်းသည် အတော်လေး မှိန်ဖျော့သွားလေပြီ။ ဖျောက်တောက်ဖျောက်တောက်တော့ လင်းနေသေး၏။ နောက်ထပ် ခုနစ်ရက်တာ ကုန်လွန်သွားပြန်ကာ သွေးအလင်းမှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။

ထိုသွေးအလင်း ပျောက်ကွယ်သွားသော အခိုက်အတန့်၌ ပြင်းထန်သောအော်ရာတစ်ခုက ပလ္လင်များထဲမှ တစ်ခုထံမှ ပေါက်ကွဲထွက်လာ၏။ ထိုထွက်ပေါ်လာသော အော်ရာက အစွမ်းထက်လှသဖြင့် ပလ္လင်သည် တောင့်မခံနိုင်ဘဲ ပျက်စီးသွားရသည်။

၎င်း ပျက်စီးသွားသည့်အခါ ပထမဝမ်လင်း လှမ်းထွက်လာ၏။

တစ်ချိန်တည်းမှာ နောက်ထပ်ပလ္လင်တစ်ခုသည် မြန်ဆန်စွာ တုန်ယင်ကုန်၏။ ချက်ခြင်းပင် ထိုပလ္လင်မှာလည်း တစစီ ဖြစ်သွားပြီး ဒုတိယဝမ်လင်း လှမ်းလျှောက်ထွက်လာသည်။

ထိုပလ္လင်နောက်တွင် သွေးခန်းမ(ဝါ)ပလ္လင်အစိတ်အပိုင်းတစ်ခုသည် တလွှာချင်း ပေါက်ကွဲထွက်သည်။ ၎င်းသွေးခန်းမပလ္လင်အတွက်လည်း အစွမ်းထက်အော်ရာကို တောင့်မခံနိုင်သည် ဖြစ်ရာ တစစီဖြစ်သွားလေတော့သည်။

ထိုစဉ် တတိယဝမ်လင်းသည် ပျက်စီးသွားသော သွေးခန်းမထံမှ လှမ်းလျှောက်ထွက်လာတော့သည်။

ပထမဝမ်လင်းက ပြောလိုက်၏။ “သုံးဘဝမန္တာန်…”

ဒုတိယဝမ်လင်းကလည်း တည်ငြိမ်စွာ ဆို၏။ “ကံကောင်းမှုကို ဖွင့်လှစ်ခြင်း…”

တတိယဝမ်လင်း၏မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု လှစ်ဟပေါ်ကာ သူက ခပ်တိုးတိုး ရေရွတ်သည်။ “ခန္ဓာသုံးခု…တစ်ခုတည်း ပြန်ပေါင်းစပ်စေ…”

ထိုသို့ ပြောလိုက်သည့်အခါ ခန္ဓာကိုယ်သုံးခုသည် ရှေ့သို့ ခြေလှမ်းလိုက်၏။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက်ထပ်ကာ စတင် ပေါင်းစပ်သည်။ အချိန်အတန်ကြာပြီးနောက် သူတို့သည် တစ်ယောက်တည်းအဖြစ်သို့ ပေါင်းစပ်သွားတော့သည်။

သူ၏ဆံပင်ဖြူများက လွင့်ဝဲကခုန်နေ၏။ သူက နေရာတွင် လွင့်မြောလျက် မျက်လုံးဖွင့်လာသည်။ သူက သူ့ခန္ဓာကိုယ်ထဲ၌ ဖြတ်၍ စီးဆင်းနေသော အားကောင်းသည့် အသက်ဓာတ်ကို ခံစားမိပေသည်။ သူကိုယ်တိုင်၏ စွမ်းအားအပြည့်အဝနှင့် ညီမျှသော အစိတ်အပိုင်းသုံးခု။

“ဒီသုံးဘဝမန္တာန်ဟာ တကယ့်ကို ဆန်းကြယ်လွန်းတယ်။ ဒီမန္တာန်နဲ့ဆိုရင် ငါဟာ အသက်သုံးသက် ပိုင်ဆိုင်ထားသလိုပဲ…”  ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သူ၏မျက်လုံးထဲတွင် ခုချိန်၌ ပြတ်သားမှုတို့ ပြည့်နေသည်။

သူက ညာလက်ကို ပင့်မြှောက်လိုက်ရာ အမျိုးသမီးစိတ်ဝိညာဉ်တစ်ခု ပေါ်လာလေသည်။ ထိုအမျိုးသမီးမှာ သွေးခန်းမအတွင်း၌ သူမကိုယ်သူမ ဖုံးကွယ်ထားသော သူ သိသည့် တစ်စုံတစ်ယောက် ဖြစ်ပေသည်။

“ငါတို့ရဲ့ ရန်ငြှိုးဟာ အပြီးသပ်သွားခဲ့ပြီ။ ငါ နင့်ကို ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ ပို့လွှတ်ပေးလိုက်မယ်…”  ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ ထိုအမျိုးသမီး၏ စိတ်ဝိညာဉ်သည် သဲလွန်စမရှိ ပျောက်ကွယ်သွားတော့၏။

ဝမ်လင်းက ပလ္လင်သုံးခု၏ အပျက်အစီးအကြွင်းအကျန်ကို ကြည့်ကာ နှမြောမိနေသည်။

“ငါ့စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်ဟာ သန်မာလွန်းတယ်။ ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်ရဲ့ ပလ္လင်တွေဟာ ငါ့ရဲ့စိတ်ဝိညာဉ်နဲ့ခန္ဓာကိုယ်ကို တောင့်ခံနိုင်ခြင်း မရှိဘူး။ ခုတော့ ဒီပလ္လင်တွေဟာ ပျက်စီးသွားခဲ့ပြီ ဖြစ်တဲ့အတွက် နောက်ထပ် သုံးဘဝမန္တာန်ဆိုတာ ရှိလာတော့မှာ မဟုတ်တော့ဘူး…”

ဝမ်လင်းက ခေါင်းယမ်းလိုက်၏။ သူ သုံးပိုင်ခွဲလိုက်ခြင်းသည် သူ၏ရှေးတောက်သွေးမျိုးဆက်သာမက သူ၏ကိုယ်ပွား၌လည်း အတူတူပင်။ သူ၏အရာအားလုံးကို သုံးပိုင်းခွဲပစ်လိုက်ခြင်းဟု ဆိုနိုင်၏။ ထို့ကြောင့် သူ့ထံ၌ အသက်သုံးသက် ပိုင်ဆိုင်သွားခဲ့လေပြီ။

“ငါ့ခန္ဓာကိုယ်ဟာ ရှေးတောက်သွေးမျိုးဆက် ပိုင်ဆိုင်ထားပြီ ဖြစ်သလို၊ ငါ့ရှေးဟောင်းနတ်ဆိုး၊ရှေးဟောင်းမိစ္ဆာခန္ဓာကိုယ်တွေဟာလည်း ကြယ်ရှစ်လုံးအဆင့် ရောက်နေပြီ။ အခု ထွက်ခွာဖို့ အချိန်တန်ပြီ…။ ဒါပေမဲ့ ငါ မထွက်ခွာခင် ငါဟာ တစ္ဆေရွက်ဖျင်ကို သန့်စင်ဖို့ လိုတယ်။ ဒီရွက်ဖျင်နဲ့ဆို ငါ့အနေနဲ့ ခုနစ်ခုမြောက်အနှစ်သာရကို ဖြစ်ပေါ်နိုင်စွမ်း ရှိချင်ရှိမှာ…”

“အတားအဆီးအနှစ်သာရ ပေါ်လာတာနဲ့ ငါ့ကျင့်ကြံမှုဟာ စိတ်ဝိညာဉ်လေဟာနယ်အလယ်အဆင့်ကနေ နောက်ဆုံးအဆင့်ထိ တိုးတက်သွားလိမ့်မယ်။ ငါ့ရှေးတောက်သွေးမျိုးဆက်နဲ့ဆို ငါဟာ ဆန်းကြယ်လေဟာနယ်နောက်ဆုံးအဆင့် ကျင့်ကြံသူတွေကိုပါ ယှဉ်နိုင်စွမ်း ရှိလောက်ပြီ…”

“ဒါ့အပြင် တိုက်ပွဲအနှစ်သာရလည်း ရှိသေးတယ်။ အတိတ်တုန်းက ဒီတိုက်ပွဲအနှစ်သာရအပေါ် နားလည်မှုအားလုံးဟာ ဥပဒေသကြယ်အဖြစ် ပြောင်းလဲသွားခဲ့တယ်။ ငါ ဒါကို ပြန်လည်အသားကျအောင် လုပ်ဖို့ အချိန်တချို့ လိုမယ်။ နောက်ထပ်အနှစ်သာရတစ်ခုသာ မွေးဖွားနိုင်ခဲ့ရင် ငါဟာ စိတ်ဝိညာဉ်လေဟာနယ်အထွတ်အထိပ်အဆင့်ကို ရောက်နိုင်လိမ့်မယ်…”  ဝမ်လင်းသည် သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက် ထိုင်ချလိုက်၏။ သူ့ညာလက်ကို ဆန့်ထုတ်ရာ တစ္ဆေရွက်ဖျင်ပေါ်လာလေ၏။

“အတားအဆီးအနှစ်သာရဟာ ဒုတိယဦးစားပေးပဲ။ ပိုပြီး အရေးကြီးတာက ဖန်ရှန်မင်ဟာ ဒီရွက်ဖျက်ကို အသုံးချပြီး ပုံရိပ်ယောင်မန္တာန်တစ်ခုကို အသုံးပြုနိုင်စွမ်း ရှိခဲ့တာပဲ။ ဒီရွက်ဖျင်ထဲမှာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ မဟာစိတ်ဝိညာဉ်ကလန်ရဲ့ ပုံရိပ်ယောင်တာအိုမန္တာန်တစ်ခု ပါဝင်နေလောက်တယ်…”

“ဒီပုံရိပ်ယောင်တာအိုဟာ သော့ချက်ပဲ။ ငါ ဒါကို လေ့လာကြည့်ဖို့ လိုမယ်။ ငါသာ ဉာဏ်အလင်းအချို့ ရခဲ့ရင် ဒီရတနာကို အသုံးပြုပြီး ခုနစ်ရောင်စုံတာအိုသခင် လုပ်ခဲ့သလိုမျိုး တတိယမြောက်စိတ်ဝိညာဉ်ကို ငါ ရှာချင်ရှာနိုင်မှာ…”

“ခုချိန်မှာက အရာအားလုံးဟာ တတိယမြောက်စိတ်ဝိညာဉ်ကို ဘယ်သူအရင်ဆုံး တွေ့ရှိမလဲအပေါ် မူတည်နေတာပဲ…”

ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာကာ သူ့စိတ်ထဲ၌ အစီအစဉ်မျိုးစုံကို ကြံဆကြည့်နေသည်။

“ခုနစ်ရောင်စုံတာအိုသခင် ဘာကို တွေ့မြင်ခဲ့လဲ ငါ မသိဘူး။ ဒါပေမဲ့ သူ ဒေါသထွက်သွားပုံအရဆို သူဟာ တတိယစိတ်ဝိညာဉ် ရောက်သွားတဲ့နေရာကို ရှာမတွေ့ခဲ့လောက်ဘူး…”

“သူ့အပြင် တစ္ဆေအိုကြီးကျန့်လည်း ရှိသေးတယ်။ သူလည်း တတိယစိတ်ဝိညာဉ်ကို ရှာဖွေနေတာ။ သူက ဘယ်နည်းလမ်းကို အသုံးပြုပြီး ရှာဖွေနေလဲတော့ ငါလည်း မသိဘူး။ ဒါပေမဲ့ သူတို့ကို လျှော့တွက်လို့တော့ မရဘူး။ သူတို့ဟာ ဒီတတိယစိတ်ဝိညာဉ်ကို ရှာဖို့အတွက် အတွင်းနဲ့အပြင်နယ်မြေနှစ်ခုကြား စစ်ပွဲကိုပါ ဖြစ်စေခဲ့ကြတဲ့သူတွေ။ ခု ဒီစစ်ပွဲက အပြီးသပ်သွားပြီ ဆိုတော့ သူတို့ဟာ တတိယစိတ်ဝိညာဉ်ကို ရှာဖွေမယ့် နည်းလမ်းတစ်ခုခု ရှိနေကြလောက်ပြီ…”

“အစတုန်းကတော့ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ တတိယစိတ်ဝိညာဉ်ကို ရှာဖွေနေတာ သူတို့နှစ်ယောက်ပဲ ရှိတာ။ ဒါပေမဲ့ ခုတော့ ဗိုလ်ချုပ်လေးယောက်လည်း ပေါ်လာခဲ့ပြီ။ သူတို့ကလည်း ဒီတတိယစိတ်ဝိညာဉ်ကို ရှာဖွေနေကြတာပဲ…”

“ဒါ့အပြင် ဒြပ်စင်ငါးခုဂြိုဟ်က တခြားအင်အားစုတစ်စုလည်း ရှိသေးတယ်။ သူတို့က နှစ်ပေါင်းမရေမတွက်နိုင်အောင် ပုန်းကွယ်နေကြပြီး ဖြစ်တဲ့အတွက် မကြာခင် လူလုံး ပြလာလောက်တယ်…”

“တတိယစိတ်ဝိညာဉ်…သင်ဟာ ဘယ်သူများလဲ…”  ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေရင်း သူ၏စိတ်ထဲရှိ အတွေးများသည် ပိုပို ရှင်းလင်းလာသည်။

“တတိယစိတ်ဝိညာဉ်ကို ရှာတွေ့ပြီးမှသာ ငါဟာ ဂိတ်တံခါးရှိသွားနိုင်ပြီး ဒါကို ချိုးဖျက်နိုင်မှာ။ အဲ့ကျမှ ဒီလှိုဏ်ဂူလောကရဲ့ လူတိုင်းကို အင်မောတယ်ကောင်းကင်ဘုံနယ်မြေရှိ ခေါ်ထုတ်နိုင်မှာ…”  ဝမ်လင်းက မျက်လုံးမှိတ်ထားလိုက်၏။ အချိန်အတန်ကြာပြီးနောက် သူက မျက်လုံးပြန်ဖွင့်လာသည်။ သူ၏မျက်လုံးတို့မှာ တည်ငြိမ်နေ၏။ သူက သည်အကြောင်းများကို ဆက်၍ မတွေးနေတော့ပေ။ သူသည် တစ္ဆေရွက်ဖျင်ကို လေ့လာရန် ဟန်ပြင်လိုက်သည်။

သို့ပေမည့် ထိုအခိုက်တွင် ဝမ်လင်း၏အမူအရာသည် ရုတ်တရက် အလေးအနက် ဖြစ်လာ၏။ သူက အကွာအဝေးတစ်ခုသို့ လှမ်းကြည့်ကာ သူ၏အမူဟန်ပန်မှာ ပို၍ သုန်မှုန်လာသည်။

“ငါ လူတစ်ယောက်ကို မေ့နေတာပဲ…”  ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု လှစ်ခနဲ ပေါ်သည်။ သူက ရုတ်တရက် မေ့နေသောလူတစ်ယောက်ကို သတိရမိသွားသည်။ တစ်စုံတစ်ယောက်က ထိုသူ သေပြီဟု ပြောလာခဲ့လျှင်ပင် ဝမ်လင်းသည် ကျိန်းသေပေါက် မယုံကြည်ပေ။

“ရှေ့ဖြစ်ဟောသူ။ အဲ့လူဟာ ကောင်းကင်ဘုံတာအိုသွေးကို ပိုင်ဆိုင်ထားခဲ့တယ်။ အဇူရာနဂါးအင်ပါယာက အဲ့သွေးဟာ ပြဿနာတွေရှိတယ်လို့ ပြောခဲ့ပေမယ့် ရှေ့ဖြစ်ဟောသူ သေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူဟာ ပြင်ပနယ်မြေနဲ့ တိုက်ပွဲမှာတုန်းကလည်း လုံးဝ ပေါ်မလာခဲ့ဘဲ သဲလွန်စမရှိ ပျောက်နေခဲ့တယ်…”

“သူ့ရဲ့ အကြံအစည်တွေဟာ အံ့ဖွယ်ဘနန်းပဲ။ သူဟာ ငါ့အပေါ်မှာလည်း အကြိမ်ပေါင်းများစွာ ကြံစည်ခဲ့တယ်။ အခု သူက ပုန်းနေရင်လည်း ငါ သူ့ကို ဘယ်လိုလုပ် မေ့ပစ်နိုင်ပါ့မလဲ…”

“ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူဟာ စိတ်ဝိညာဉ်သုံးခု၊ အစိတ်အပိုင်းခုနစ်ခုအဖြစ် ကွဲထွက်ခဲ့တယ်။ အစိတ်အပိုင်းခုနစ်ခုထဲမှာ ချင်းရွှေပါဝင်တယ်လို့ပဲ ငါ သိထားတယ်။ ကျန်တဲ့ ခြောက်ယောက်ကတော့ ငါ ခန့်မှန်းမိတာပဲ ရှိတာ။ ရှေ့ဖြစ်ဟောသူ…သူက အစိတ်အပိုင်းခုနစ်ခုထဲက တစ်ခု ဖြစ်မလား။ ဒါမှမဟုတ် တတိယစိတ်ဝိညာဉ်လား…”

ဝမ်လင်း၏မျက်လုံးသည် တောက်ပလာ၏။ သူက တတိယစိတ်ဝိညာဉ် ဆင့်ခေါ်ခြင်းမြစ်ကနေ ဖြတ်သန်း၍ တောက်ပသောလေဟာနယ်သို့ ဝင်ရောက်သွားခဲ့သည်ကို ပြန်တွေးကြည့်သည်။

“တတိယစိတ်ဝိညာဉ်က တောက်ပသောလေဟာနယ်ကြယ်အဖွဲ့အစည်းမှာ အဆုံးသပ်သွားခဲ့တယ်ဆိုရင် ဒီစိတ်ဝိညာဉ်ဟာ ရှေ့ဖြစ်ဟောသူ ဖြစ်နိုင်ချေများတယ်။ သူသာ တကယ်ပဲ တတိယစိတ်ဝိညာဉ် ဖြစ်ခဲ့ရင် ရှာရတာ အများကြီး ပိုလွယ်သွားပြီ။ သူဟာ တတိယစိတ်ဝိညာဉ် ဟုတ်လား၊ မဟုတ်ဘူးလား…”  ဝမ်လင်းသည် မျက်မှောင်ကြုတ်မိ၏။ သူသည် ရှေ့ဖြစ်ဟောသူက လုံးဝ ဖြတ်မြင်နိုင်ခဲ့ခြင်း မရှိပေ။ ဝမ်လင်းသည် ရှေ့ဖြစ်ဟောသူ၏ တပည့် ဖြစ်လာခဲ့သည့်အချိန်မှစ၍ သူသည် ရှေ့ဖြစ်ဟောသူအပေါ် ရှိန်ခဲ့ပေ၏။ လန့်ခဲ့ပေ၏။

“ရှေ့ဖြစ်ဟောသူဟာ သူ့တပည့်များစွာကို ဝါးမြိုခဲ့ပြီး ဖြစ်တယ်။ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ငါ ကိုယ်ပွားသုံးထောင်ကို တွေ့မြင်ခဲ့တယ်။ သူဟာ ဘာကြောင့် ဒီလိုလုပ်လဲ ငါ မသိဘူး။ သူက တတိယအဆင့်ကို ရောက်ဖို့ ဒီနည်းနဲ့ ကြိုးစားတာများလား…”

“ဒါပေမဲ့ အခုကြည့်ရသလောက်တော့ သူဟာ ဒီကိုယ်ပွားသုံးထောင်ကနေ အပူဇော်ခံမီးတောက်တွေ ဖြစ်ပေါ်ဖို့ ကြိုးစားတဲ့ ပုံပဲ။ ဒါမှမဟုတ် သူ့မှာ တခြားရည်ရွယ်ချက်များ ရှိနေသေးလား..”

ဝမ်လင်းသည် အများကြီး တွေးကြည့်၏။ သို့ပေမည့် သူ ပို၍ တွေးလေလေ ရှေ့ဖြစ်ဟောသူ၏ လုပ်ရပ်များအပေါ် နားမလည်နိုင်လေပင်။

“ရှေ့ဖြစ်ဟောသူရဲ့ ကံကြမ္မာစိတ်ဝိညာဉ်ဟာ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရဲ့ နတ်ဘုရားပြစ်ဒဏ်ထဲမှာလည်း ရှိမနေပြန်ဘူး…”

ဝမ်လင်းသည် အချိန်အတန်ကြာ ငြိမ်သက်စွာ စဉ်းစားနေ၏။ ထို့နောက်တွင် သူက သည်အကြောင်းကို တွေးနေခြင်းအား ဖြည်းဖြည်းချင်း ဖိနှိပ်ပစ်သည်။ ခုချိန်၌ သည်အကြောင်းကို တွေးနေခြင်းသည် အချည်းနှီးပင်။ အချိန်ကုန်လာသည်နှင့်အမျှ သူသည် အဖြေများ ရလာနိုင်သည် မဟုတ်လား။

ဝမ်လင်း၏ မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက တစ္ဆေရွက်ဖျင်ကို ကြည့်၏။ သူသည် ၎င်းကို သေသေချာချာ စူးစမ်း ကြည့်ရာ ၎င်းထံ၌ မရေမတွက်နိုင်သော အတားအဆီးများ ပါဝင်နေသည်ကို တွေ့မြင်သည်။

“ငါ အတားအဆီးအနှစ်သာရကို မွေးဖွားစေချင်ရင် ဒီအတားအဆီးအားလုံးကို ပေါင်းစပ်ဖို့ လိုလိမ့်မယ်။ ငါသာ ဒီအတားအဆီးအားလုံးကို ကျွမ်းကျင်သွားခဲ့ရင် အတားအဆီးအနှစ်သာရ ဖြစ်ပေါ်လာလိမ့်မယ်…” ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ ခပ်တိုးတိုး ရေရွတ်၏။ သူက သည်ရွက်ဖျက်ပေါ်ရှိ အတားအဆီးများထံ၌ ဈဉ်ဝင်စားသွားသည်။

အတားအဆီးများက တစ်ခုပြီးတစ်ခု သူ၏စိတ်ထဲ၌ ပေါ်လာသည်။ သူ့အနေဖြင့် ပထမဆုံး သိရမည့်အရာမှာ ဒီရွက်ဖျင်ပေါ်၌ အတားအဆီးမည်မျှ ရှိသည်ကိုပင်။

သူ့နတ်ဘုရားအာရုံကို ဂရုတစိုက် ဖြန့်ကျက်လိုက်ရင်း ရွက်ဖျင်သည် လေမတိုက်ပါဘဲ ဝမ်လင်း၏လက်ထဲ၌ လှုပ်ရှားလေ၏။ ရွက်ဖျင်ပေါ်ရှိ တစ္ဆေမျက်နှာမှာ ပို၍ ကြမ်းကြုတ်လာသည်။

သည်ဆယ်ရက်အတွင်း ဝမ်လင်းက မလှုပ်မယှက် ရှိနေ၏။ သူ၏စွမ်းအင်အားလုံးကို ဒီအတားအဆီးများအား လေ့လာခြင်း၌သာ အသုံးပြုထားသည်။ သူ၏စိတ်ထဲ၌ အတားအဆီး အရေအတွက် ဘီလီယံချီကာ တဖျတ်ဖျတ် ဖြစ်ပေါ်နေ၏။

ဆယ်ရက်မြောက်နေ့တွင် ဝမ်လင်းက ဖြည်းဖြည်းချင်း ခေါင်းမော့လာသည်။ သူ၏မျက်လုံးတို့မှာ ချင်းချင်းနီရဲနေသည်။

“ဒီအတားအဆီးတွေဟာ သူတို့ဘာသာ ဆင့်ကဲတိုးတက်နိုင်ကြတယ်။ ဒါ့ကြောင့် အရေအတွက် အတိအကျကို တွက်ကြည့်ဖို့ မဖြစ်နိုင်တော့ဘူး…”  ဝမ်လင်းက မျက်မှောင်ကြုတ်နေမိ၏။ သည်ရက်များအတွင်း သူသည် အလွန်ပင်ပန်းနေလေပြီ။

“ဒါဟာ ဒီရွက်ဖျင်နဲ့ ပေါင်းစပ်ထားတဲ့ ပြီးပြည့်စုံတဲ့ အတားအဆီးအုပ်စုတစ်ခုပဲ။ ဒီရွက်ဖျင်ကို ဖျက်စီးပစ်မှသာ ဒီအတားအဆီးတွေ ဘယ်လိုပုံစံ ဖြစ်ပေါ်လဲဆိုတာ ငါ မြင်နိုင်လိမ့်မယ်…”  ဝမ်လင်းက ရွက်ဖျင်ကို စိုက်ကြည့်၏။ သူ၏မျက်လုံးထဲ၌ ချီတုံချတုံ ဖြစ်ဟန်တို့ ပေါ်နေသည်။

အချိန်အတန်ကြာပြီးနောက် သူက အံတင်းတင်းကြိတ်ကာ သူ့ဘယ်လက်ကို လေဟာနယ်ထံ ဆန့်ထုတ်လိုက်သည်။ သွေးအလင်း လင်းလက်သွား၏။ သွေးဓားက သူ့လက်ထဲတွင် ပေါ်လာတော့သည်။ ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်စက်အလင်းတစ်ခု ဖြတ်ပြေးသွားကာ သူက သွေးဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။

သွေးဓားက ရွက်ဖျင်ကို ထွင်းဖောက်ကာ အဟတစ်ခုဖြစ်အောင် ဆုတ်ဖြဲလိုက်ချိန်၌ ကျယ်လောင်စွာ မြည်ဟည်းသံ ဖြစ်ပေါ်သည်။ ထိုအဟ ပေါ်လာသည်နှင့် ဝမ်လင်း၏နတ်ဘုရားအာရုံက ၎င်းထံသို့ တရကြမ်း တိုးဝင်လာတော့သည်။

သိပ်မကြာခင်တွင် ရွက်ဖျင်ပေါ်ရှိ တစ္ဆေမျက်နှာသည် ပို၍ ကြမ်းကြုတ်လာ၏။ ၎င်းထံမှ ဟိန်းမြည်သံလှိုင်းများ ထုတ်လွှတ်၍ သည်ဧရိယာအနှံ့ ပဲ့တင်ထပ်သည်။ ထိုအခါ အတားအဆီးများစွာသည် ဝမ်လင်းကို ဝန်းရံကာ သည်လေဟာနယ်အတွင်း၌ ပြည့်နှက်ကာ တိမ်ပင်လယ်၏ နေရာအနှံ့သို့ ပျံ့လွင့်လေသည်။

တိမ်ပင်လယ်ရှိ သည်ဟင်းလင်းပြင်အက်ကြောင်းကို အတားအဆီးမုန်တိုင်းက သိမ်းပိုက်သွားလေပြီ။

ဝမ်လင်း၏ပုံရိပ်မှာလည်း ထိုအတားအဆီးမြောက်များစွာကြား၌ နစ်မြုပ်နေ၏။

တိမ်ပင်လယ်တခွင် သိမ်းပိုက်သွားသော အတားအဆီးမုန်တိုင်းက အတားအဆီးတစ်ခုတည်းအဖြစ်သို့ လွင့်ပါးလာသည့်အခါ ဝမ်လင်း၏အတားအဆီးအနှစ်သာရ ဖြစ်ပေါ်လာလိမ့်မည်ပင်။ ထိုအခါကျလျှင် သူသည် ဆန်းကြယ်လေဟာနယ်နောက်ဆုံးအဆင့် ကျင့်ကြံသူများနှင့် တိုက်ခိုက်နိုင်သော စွမ်းအားကို ပိုင်ဆိုင်လာနိုင်မည် ဖြစ်၏။

All Chapters