← Chapters

အတားအဆီးအနှစ်သာရ

Vol. 128 Ch. 1766

အတားအဆီးအနှစ်သာရ

Vol. 128 Ch. 1766

သည်လှိုဏ်ဂူလောကတွင် အတွင်းနယ်မြေဖြစ်စေ၊ အပြင်နယ်မြေ၌ ဖြစ်စေ မည်သည့်ဟင်းလင်းပြင်အက်ကြောင်းများ၌မဆို အခုလို အတားအဆီးမုန်တိုင်းကို တွေ့မြင်ခဲပေ၏။

သည်အတားအဆီးများသည် မူလတုန်းက ရိုးရှင်းသော ချိပ်ဟန်များသာ ဖြစ်၏။ သို့သော် ခုချိန်တွင်မူ ၎င်းတို့မှာ တစ်ခုနှင့်တစ်ခု ထပ်နေသည်ဖြစ်၍ ရှင်းရှင်းလင်းလင်း မြင်ရဖို့ မဖြစ်နိုင်တော့ပါ။

ထိုဆန်းကြယ်လှသောမြင်ကွင်းကို ဝမ်လင်းတစ်ယောက်သာ ခံစားမိနိုင်၏။ သည်ဟင်းလင်းပြင်အက်ကြောင်းအတွင်းရှိ သားရဲများသည် ထိုအတားအဆီးမုန်တိုင်းကို ရှောင်ရှားကြ၏။ ယင်းတို့က ထိတ်လန့်တကြားဖြင့် ထွက်ပြေးသွားကြသည်။

သားရဲလှိုင်းတစ်ခုနှယ်။ ထိုသားရဲများစွာ ဟင်းလင်းပြင်အက်ကြောင်းထဲကနေ တရကြမ်း ထိုးထွက်လာကြသည်ဖြစ်၍ ရက်အနည်းငယ်အတွင်း ဒီအက်ကြောင်းပတ်လည် ဧရိယာသည် မရေမတွက်နိုင်သော သားရဲများနှင့် ပြည့်နှက်ကုန်သည်။

ယင်းတို့က ဝေးဝေးလံလံသို့ ထွက်ပြေးကြခြင်း မရှိဘဲ ဟင်းလင်းပြင်အက်ကြောင်း အပြင်ဘက်တွင်သာ ရှိနေ၏။ ထိုသားရဲများစွာက အက်ကြောင်းထံ တုန်ရီကြောက်ရွှံ့စွာ စိုက်ကြည့်နေသည်။

တိမ်ပင်လယ်ရှိ ဟင်းလင်းပြင်အက်ကြောင်းအပြင်ဘက်တွင် ပေါ်လာသော သားရဲလှိုင်းက လူတော်တော်များများကို အာရုံစိုက်မိသွားစေ၏။ တချို့လူများက ဟင်းလင်းပြင်အက်ကြောင်းအတွင်းသို့ ဝင်ရောက်ကာ ဖြစ်ပျက်နေပုံကို တွေ့မြင်ချင်ကြသည်။ သို့သော် သူတို့ကို ကြောက်မက်ဖွယ်အတားအဆီးမုန်တိုင်းက ကာဆီးထားသည်။

အက်ကြောင်းအတွင်းရှိ ထိုမုန်တိုင်းက ကြမ်းထော်နေပြီး တစ္ဆေငြီးသံများ အဘက်ဘက်သို့ ပျံ့နှံ့နေသည်။ ၎င်းအတားအဆီးမုန်တိုင်း အတွင်းပိုင်း၌ ဝမ်လင်းသည် မျက်လုံးမှိတ်၍ ထိုင်နေသည်။ သူက အတားအဆီးများကို အဆက်မပြတ် ဆင်ခြင်လို့နေသည်။

တစ္ဆေရွက်ဖျင်က ဝမ်လင်း၏ ဆုတ်ဖြဲခြင်းကို ခံလိုက်ရပြီး ဤအတားအဆီးမုန်တိုင်း ဖြစ်ပေါ်လာခြင်းတည်း။ ဝမ်လင်းက ထိပ်လန့်မသွားပေ။ ဒီအဖြစ်သနစ်များက သူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်နေသည့်အလား။ သူက အတားအဆီးများကို တည်ငြိမ်စွာ ကောက်ချက်ချနေပြီး အတားအဆီးအနှစ်သာရကို တဖြည်းဖြည်း ဖမ်းဆုပ်နေသည်။

ထိုအတားအဆီးများက အမှန်တကယ်ပင် အစီအရင်ပုံစံအသွင် ရှိနေ၏။ ယင်းတို့၏အနှစ်သာရကို နားလည်ဖို့မှာ လူတစ်ယောက်သည် အစွမ်းထက်နတ်ဘုရားအာရုံ လိုအပ်ပေမည်။ ဝမ်လင်းက စိတ်ဝိညာဉ်လေဟာနယ်အလယ်အဆင့်သို့ ရောက်ရှိပြီး ဖြစ်၍ သူ၏နတ်ဘုရားအာရုံမှာ ဒီအနှစ်သာရို နားလည်နိုင်ဖို့အတွက် လုံလောက်အောင် အစွမ်းထက်သည်။ သူက ဆက်လက် ကောက်ချက်ချ ဆင်ခြင်နေရင်း သူ၏နတ်ဘုရားအာရုံအတွင်းရှိ အတားအဆီးမြောက်မြားစွာကို လျှော့ချသည်။

ဤသည်မှာ အတားအဆီးများ ပျောက်ကွယ်သွားခြင်း မဟုတ်ပေ။ ပေါင်းစပ်လိုက်ခြင်း ဖြစ်၏။

အချိန်ကုန်လွန်လာသည်နှင့်အမျှ ပေါင်းစပ်မှုနှုန်းသည် ပိုတိုးလာ၏။ သိပ်မကြာခင်တွင် အတားအဆီးတော်တော်များများ ပျောက်ကွယ်ကာ အတားအဆီးအသစ်များ ပေါ်လာတော့သည်။

“ဒီအတားအဆီးအနှစ်သာရဟာ တွက်ချက်မှုတစ်မျိုးပဲ။ အရာအားလုံးကို ခြုံငုံကြည့်ခြင်းလည်း ဟုတ်တယ်။ ဒီစွမ်းရည်ကို အနာဂတ်ကို ကြိုတင်ကြည့်ရှုရာမှာလည်း အသုံးပြုနိုင်တယ်။ ဒီလိုလုပ်ဖို့ လိုအပ်ချက်ဟာ အလွန်တရာအစွမ်းထက်လှတဲ့ နတ်ဘုရားအာရုံပဲ။ ရှေ့ဖြစ်ဟောသူဟာ ရှေ့ဖြစ်ကြည့်ခြင်းမှာ ထူးချွန်လှတယ်။ အရင်တုန်းကတော့ ငါ ဒါကို မမြင်နိုင်ခဲ့ဘူး။ သူက အတားအဆီးပညာရပ်ပေါ်မှာ သူ့ရဲ့ အံ့အားသင့်ဖွယ်စွမ်းရည်တွေကို ဖုံးကွယ်ထားမှာ ငါ စိုးရိမ်မိတယ်…”

ဝမ်လင်းသည် မျက်လုံးဖွင့်လာ၏။ သူ၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွားသည်။

သူသည် ခုထိ ရှေ့ဖြစ်ဟောသူကို ရှိန်နေတုန်းပင်။ ရှေ့ဖြစ်ဟောသူက သူ့ကို အမှောင်ထဲကနေ စိုက်ကြည့်နေသည့်အလား။

ခုနစ်ရက်တာ ကုန်လွန်ပြီးနောက် သည်ဟင်းလင်းပြင်အက်ကြောင်းအတွင်းရှိ အတားအဆီးမုန်တိုင်းသည် များစွာ ပြန်ကြုံ့သွား၏။ အတားအဆီးတစ်ဝက်နီးပါးသည် ပျောက်ကွယ် ပေါင်းစပ်သွားကြလေပြီ။

သို့ပေမည့် ဝမ်လင်းသည် စိတ်မအေးနိုင်သေးပေ။ သူက အတားအဆီးများကို ပေါင်းစပ်လိုက်သော်လည်း ယင်းတို့မှာ ဆက်တိုက် ပြောင်းလဲနေသည်ကိုပါ တွေ့ရှိထား၏။ ယင်းတို့ကို တစ်ခုတည်းအဖြစ်သို့ ပြန်မပေါင်းစပ်နိုင်ပါက ထိုအတားအဆီးများသည် နောက်ထပ် ဆပွား ဖြစ်လာအုံးမည့်အလား။

မည်သို့ပင်ဖြစ်စေ ထိုအတားအဆီးများက ကွဲထွက်မည့် အရိပ်အယောင်များ ပြသနေ၏။ တစ်ကြိမ်ကွဲထွက်သွားသည်နှင့် ဝမ်လင်း၏ အစောပိုင်းတုန်းက အားစိုက်ထုတ်မှုသည် အချည်းနှီး ဖြစ်သွားရလိမ့်မည်။

သူ့နတ်ဘုရားအာရုံဖြင့် ထိုအတားအဆီးများကို ပိုက်ကွန်တစ်ခုကဲ့သို့ ဝန်းရံထားသည်။ သည်အခိုက်တွင် သူ့မျက်လုံးသည် တောက်ပလာ၏။ သူက စတင် ကောက်ချက်ချ ဆင်ခြင်ကာ အတားအဆီးများကို သိပ်သည်းစေသည်။

ဆယ်ရက်တာမှာ ခဏတာအတွင်း ကုန်ဆုံးသွားပြန်ပြီ။ ဝမ်လင်း၏ နတ်ဘုရားအာရုံ ခြုံလွှမ်းထားသော ဧရိယာမှာ တစ်ဝက်တိတိ ကြုံ့သွားကာ အတားအဆီးအရေအတွက်မှာလည်း များစွာ လျော့ပါးသွားလေပြီ။ သို့ပေမည့် ထိုအတားအဆီးများထံမှ ပြန်ကွဲထွက်အားက အထွတ်အထိပ်သို့ ရောက်လုနီးပါး ဖြစ်လာသည်။

ဝမ်လင်းသည် မလှုပ်မယှက် ရပ်နေ၏။ သူက သူ့နတ်ဘုရားအာရုံကို အပြည့်အဝ အသုံးချကာ တတိယမြောက် ပေါင်းစပ်နိုင်ဖို့အတွက် အခွင့်အလမ်းကို ရှာဖွေတွက်ချက်နေသည်။

နောက်ထပ် ဆယ်ရက် ကုန်လွန်သွားပြန်ပြီ။ အတားအဆီးများထဲမှ အစိတ်အပိုင်းအနည်းငယ်သည် ကွဲထွက်တော့မည့်အခိုက် ဝမ်လင်းက ရုတ်တရက် မျက်လုံးဖွင့်လာ၏။

ဝမ်လင်း၏မျက်လုံးထံမှ ဉာဏ်အလင်းရဟန်တို့ လှစ်ဟပေါ်ကာ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “အတားအဆီးတစ်ခုဟာ အစီအရင်ပုံစံတစ်ခုပဲ။ အစီအရင်ဟာ မဟာတာအိုဖြစ်တယ်။ ကောင်းကင်နဲ့မြေကြီးမှာ အစီအရင်တွေ အများကြီး ရှိတယ်။ ဒါဟာ စည်းမျဉ်းတစ်ခုပဲ။ လူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်အစီအရင်တွေ ရှိကြတဘ်။ ဒါဟာ ကံကြမ္မာပဲ။ ဒီအတားအဆီးအစီအရင်ဟာလည်း ကျင့်ကြံသူတစ်ယောက် ချခင်းထားတဲ့ စည်းမျဉ်းတစ်ခုပဲ…”

“အတားအဆီးတွေ…ထပ်မံ ပေါင်းစပ်စေ…”  သူ့နတ်ဘုရားအာရုံဖြင့် ဝန်းရံထားသော အတားအဆီးများသည ထပ်မံ၍ တစ်ခုပြီးတစ်ခု ပေါင်းစပ်လေတော့သည်။

ဤသည်မှာ တတိယကြိမ်မြောက် ပေါင်းစပ်မှု ဖြစ်၏။

ထိုသို့ ပေါင်းစပ်ပြီးနောက် အတားအဆီးဆယ်သန်းမျှသာ ကျန်တော့လေသည်။ သို့သော် ထိုအတားအဆီးဆယ်သန်းမှာ အလွန်တရာ ပြီးပြည့်စုံနေလေပြီ။ ယင်းတို့၌ ပစ်ချက် မရှိတော့သည့်အလား။ ယင်းအတားအဆီးတစ်ခုချင်းစီက အစွမ်းထက်အော်ရာတစ်ခုကို ထုတ်လွှတ်နေ၏။ ထို့အတွက် သည်အတားအဆီးများကို ထပ်မံ ပေါင်းစပ်ဖို့မှာ အလွန်ခက်ခဲပေမည်။

ဝမ်လင်း၏မျက်နှာမှာ ဖြူရောနေ၏။ သုံးကြိမ်တိုင် ပေါင်းစပ်ခြင်းက သူ၏အကန့်အသတ်ပင်။ အတားအဆီးများအားလုံးကို တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်ခြင်းက သူ မျှော်လင့်ထားသည်ထက် ပိုခက်ခဲနေပေသည်။

သူသည် စိတ်မအေးနိုင် ဖြစ်နေသည်။ မမြင်ရသောဖိအားက ဝမ်လင်းပေါ်သို့ ကျရောက်နေကာ သူ့အား ပို၍ ပင်ပန်းစေသည်။

“အတားအဆီးတွေ ပေါင်းစပ်စေ…”  ဝမ်လင်းက မာန်သွင်းလိုက်၏။ သူ၏နတ်ဘုရားအာရုံကို ပို၍ အားတင်းလိုက်သည်။ သူ့နတ်ဘုရားအာရုံသည် အဘက်ဘက်မှ ညှစ်ခြေကာ ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်သည်။ ဝမ်လင်းပတ်လည်ရှိ အတားအဆီးဆယ်သန်းသည် အတင်းအကြပ် ပေါင်းစပ်ခြင်း ခံရသည်။

သို့ပေမည့် ထိုပေါင်းစပ်မှုမှာ တစ်ဝက်တပျက်သာ ပြီးပြည့်စုံသွားသည် ဖြစ်၍ တချို့အတားအဆီးများသည် ပျက်စီးသွားသည်။ ယင်းတို့သည် ပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ ပိုမိုများပြားသော အတားအဆီးများအဖြစ် ကွဲထွက်ကုန်သည်။ ထိုအတားအဆီးများ ပျက်စီးသွားသည့်အခါ ပိုမိုများပြားသော အတားအဆီးများသည် ဆက်၍ ပျက်စီးသည်။

ထို့အတွက်ကြောင့် အချိန်အနည်းငယ်အတွင်း အတားအဆီးဆယ်သန်းသည် အရေအတွက်အားဖြင့် တိုးပွားလာတော့သည်။ ဝမ်လင်း၏နတ်ဘုရားအာရုံက ၎င်းတို့ကို ကိုင်တွင်နိုင်ခြင်း မရှိတော့ပေ။ ထို့အတွက် သည်အတားအဆီးများသည် စတင် ချဲ့ကားလာတော့သည်။

ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်သွား၏။ သူက သည်အဖြစ်ကို ချက်ခြင်း မရပ်တန့်ပါက သူ၏ကြိုးစားအားထုတ်မှုမှာ ကျရှုံးသွားတော့မည် ဖြစ်၏။ သူ၏မူလခန္ဓာကိုယ်က ကိုယ်ပွားကို ထိုင်နေလျက် ချန်ရစ်ကာ လှမ်းလျှောက်ထွက်လာ၏။

သူ၏မူလခန္ဓာကိုယ် လှမ်းလျှောက်ထွက်လာသည့်နောက် ရှေးတောက်အော်ရာက မြင့်တက်လာ၏။ သူ၏ခန္ဓာကိုယ်သည် တုန်ယင်ကာ သူ့ရှေးဟောင်းမိစ္ဆာခန္ဓာကိုယ်သည် လှမ်းထွက်ကာ ဘေးတစ်ဖက်တွင် ရပ်သည်။ တစ်ချိန်တည်းမှာ သူ့ရှေးဟောင်းနတ်ဆိုးခန္ဓာကိုယ်သည် လှမ်းထွက်ကာ တခြားတစ်ဖက်၌ ရပ်သည်။

ကျန်နေသော ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်က နောက်သို့ ဆုတ်၍ သူ့ကိုယ်ပွားကို ရှေးဟောင်းမိစ္ဆာ၊ ရှေးဟောင်းနတ်ဆိုးတို့နှင့်အတူ သုံးမြှောင့်အသွင် ဝန်းရံလေသည်။

“အတားအဆီးတွေ…ပေါင်းစပ်စေ…”  ဝမ်လင်းကိုယ်ပွား၏ အမူအရာသည် ကြမ်းကြုတ်လာကာ သူက မာန်သွင်းလိုက်၏။ သူ၏နတ်ဘုရားအာရုံသည် ပို၍ အားကောင်းလာကာ တစ်ချိန်တည်းမှာ သူ၏ရှေးတောက်ခန္ဓာကိုယ်သုံးခုသည် သူတို့၏ခွန်အားကို သူ့နတ်ဘုရားအာရုံအတွင်းသို့ ထည့်ပေါင်းပေး၏။ ထိုအခါ အတားအဆီးများ ပေါင်းစပ်ခြင်းနှုန်းသည် မြန်ဆန်စွာ တိုးမြင့်လာတော့သည်။

ကျယ်လောင်စွာ မြည်ဟည်းသံများ ပဲ့တင်ထပ်နေ၏။ အတားအဆီးများသည် ကွဲထွက်သည် ဖြစ်စေ၊ ပေါင်းစပ်နေသည်ဖြစ်စေ ဝမ်လင်း၏နတ်ဘုရားအာရုံက ၎င်းတို့အားလုံးကို သိပ်သည်းပစ်နေသည်။

မျက်စိတစ်မှိတ်အတွင်း အတားအဆီးအရေအတွက်မှာ များစွာ လျှော့ပါးကာ ဝမ်လင်း၏ပတ်လည်၌ အတားအဆီးငါးသန်းသာ ကျန်တော့လေ၏။

ဤသည်မှာ လေးကြိမ်မြောက် ပေါင်းစပ်ခြင်းပင်။

အတားအဆီးငါးသန်းမှာ မြင်းရိုင်းများကဲ့သို့ ရုန်းကန်နေပြီး ယင်းတစ်ခုချင်းစီမှာ တောက်ပနေ၏။ ဝမ်လင်း၏နတ်ဘုရားအာရုံကို သူ၏ရှေးတောက်ခန္ဓာကိုယ်သုံးခုဖြင့် စွမ်းပကား မြှင့်တင်ထားခြင်းကြောင့်သာ မဟုတ်ပါက ယင်းအတားအဆီးများသည် ချက်ခြင်းလိုလို အဘက်ဘက်သို့ ပြန့်ကြဲသွားပေလိမ့်မည်။

ဝမ်လင်း၏မျက်လုံးမှာ နီရဲနေ၏။ သူ့မျက်လုံးထဲ၌ သွေးကြောရာများပါ ပေါ်နေပြီး ယင်းသွေးကြောရာတို့မှာ တချို့ထူးဆန်းသောစည်းမျဉ်းကြောင့် ယှက်လိမ်ပေါ်လာသည့်နှယ် ထင်မှတ်ရသည်။

လူတိုင်း၌ မျက်လုံး၊ မျက်လုံးသူငယ်အိမ်၊ သွေးကြောတို့ ရှိကြ၏။ သို့ပေမည့် လူတိုင်း၏ သွေးကြောပမာဏနှင့်ပုံသဏ္ဍာန်မှာ မတူညီလေပေ။ ဝမ်လင်း ပင်ပန်းလာ၍ သည်သွေးကြောများ ပေါ်လာခြင်းပင်။ သို့သော် ယင်းတို့မှာ ဝမ်လင်း သူ၏အတားအဆီးအနှစ်သာရကို မွေးဖွားရာ၌ အကူအညီဖြစ်စေဖို့ သူ တွေးမိသော နည်းလမ်းတစ်ခုဆိုလည်း ဟုတ်ပေသည်။

“အတားအဆီးတွေ…ငါးကြိမ်မြောက် ပေါင်းစည်းစေ…” ဝမ်လင်းက သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေ၏။ သူ၏ခန္ဓာကိုယ်တွင်းမှ အနှစ်သာရခြောက်ခု ပျံသန်းထွက်သည်။ ထိုအနှစ်သာရဓားခြောက်လက်မှာ ပျံသန်းထွက်လာကာ မြန်ဆန်စွာ လှည့်ပတ်သည်။ ထိုဓားများသည် သူ၏ကိုယ်ပွားကို အလယ်တွင်ထား၍ သုံးပွင့်ဆိုင်ထားသော မူလခန္ဓာကိုယ်သုံးခုအား လှည့်ပတ်နေခြင်းပင်။

ထိုဓားခြောက်လက် ပေါ်လာသည့်အခါ အတားအဆီးငါးသန်းသည် အတင်းအကြပ် ထပ်မံ ပေါင်းစည်းခြင်း ခံရ၏။ အတားအဆီးများသည် ခြောက်ကြိမ်မြောက်၊ ခုနစ်ကြိမ်မြောက်၊ ရှစ်ကြိမ်မြောက်ထိ ပေါင်းစည်းခြင်း ခံရစဉ် ကျယ်လောင်စွာ မြည်ဟည်းသံတို့ ပဲ့တင်ထပ်လေ၏။

ထိုသို့ ထပ်ခါထပ်ခါ ပေါင်းစည်းမှုက အတားအဆီးအရေအတွက်ကို သာ၍ လျော့နည်းသွားစေသည်။

ထိုသို့ဖြင့် ရှစ်ကြိမ်မြောက် ပေါင်းစပ်ပြီးသည့်အခါ ဝမ်လင်း၏ပတ်လည်၌ အတားအဆီးထောင်ချီသာ ကျန်တော့လေသည်။

ထိုအတားအဆီးထောင်ချီ၌ မဟာအတားအဆီးလေးခုလုံး ပါဝင်ပေ၏။ အချို့အတားအဆီးများကမူ သည်လှိုဏ်ဂူလောကမှ အတားအဆီးများ မဟုတ်လေပေ။ ယင်းတို့သည် မြောလွင့်လျက် ပေရာချီကြီးမားကာ တုန်ခါလို့နေသည်။

ထိုအတားအဆိးထောင်ချီကို စိုက်ကြည့်နေရင်း ဝမ်လင်း၏မျက်လုံးထဲ၌ အနီရောင်အစင်းကြောင်း ပို၍ ပေါ်လာ၏။

“(၃၁၇၂)ခု…ဒါဟာ လုံလောက်ပြီ…”  ဝမ်လင်းက ထရပ်ကာ သူ့ညာလက်ကို ဝေ့ယမ်း၏။ သူက သူ့ညာလက်ဖြင့် ရင်ဘက်ကို ထိရိုက်ကာ သွေးများ အန်ထွက်စေသည်။

အနှစ်သာရသွေးများ ပေါ်လာသည့်နောက် ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်း၏။ ထိုသွေးက အစိတ်အပိုင်း(၃၁၇၂)ခုထိ ကွဲထွက်ကာ အတားအဆီးတစ်ခုစီတိုင်းထံ ပျံသန်းသွားသည်။

“သွေးအတားအဆီး…ကိုးကြိမ်မြောက် ပေါင်းစပ်ခြင်း…”  ဝမ်လင်းက မာန်သွင်းလိုက်၏။ သူက သူ့သွေးကို အသုံးပြုကာ သည်အတားအဆီးများကို ထပ်မံ၍ ပေါင်းစပ်သည်။ သွေးအလင်းက တောက်ပ၏။ အတားအဆီးများသည် စတင်ထပ်လာကာ သွေးအလင်းသည် ပို၍  အားကောင်းလာသည်။ အဆုံးသပ်၌ ဝမ်လင်း၏ရှေ့တွင် အတားအဆီးကိုးခုသာ ကျန်ခဲ့လေတော့သည်။

ထိုအတားအဆီးကိုးခုသည် ပေထောင်သောင်းချီ မြင့်မားပြီး တောင်အငယ်စားများအလား။ ယင်းတို့ထံမှ ရှေးကျသောအော်ရာကို ပေးစွမ်းလျက် နေရာတွင် လွင့်မြောနေသည်။

သို့ပေမည့် ထိုအတားအဆီးကိုးခု ဖြစ်ပေါ်လာရုံ ရှိသေး ယင်းတို့ထဲမှ တစ်ခုသည် ရုတ်တရက် ပျက်စီးသွားကာ မရေမတွက်နိုင်သော အတားအဆီးများအဖြစ် ပြောင်း၍ အဘက်ဘက်သို့ ပြန့်ကြဲသွားသည်။

သိပ်မကြာခင်တွင် နောက်ထပ် အတာအးဆီးများသည်လည်း ပြန့်ကြဲသွား၏။ ထိုသို့ ရုတ်တရက် ပြောင်းလဲမှုက ဝမ်လင်းကို မတွေးတတ်အောင် ဖြစ်စေသည်။ သူက သူ့ညာလက်ကို ပင့်မြှောက်ကာ သူ၏ညာမျက်လုံးထံ လက်ညွှန်လိုက်သည်။

ထိုအခါ ဝမ်လင်း၏ညာမျက်လုံးသည် သွေးများ ပန်းထွက်ကာ ကြီးမားသောမျက်လုံးသူငယ်အိမ်တစ်ခုသည် သွေးမြူများကြား ပေါ်လာသည်။ ထိုမျက်လုံးသူငယ်အိမ်သည် မရေမတွက်နိုင်သော အနီရောင်စင်းကြောင်းများနှင့် ပြည့်နှက်နေ၏။

All Chapters