← Chapters

စည်းမျဉ်းအဖြစ် မျက်လုံးထဲရှိ သွေးစင်းကြောင်းများ

Vol. 128 Ch. 1767

စည်းမျဉ်းအဖြစ် မျက်လုံးထဲရှိ သွေးစင်းကြောင်းများ

Vol. 128 Ch. 1767

“စည်းမျဉ်းဆိုတာ ဘာလဲ။ အလွန်နည်းပါးတဲ့လူအချို့သာ ဒါကို တွေးဆမိကြတဲ့ပုံပဲ။ ဒါ့အပြင် ဥပဒေသတွေရဲ့ပန်းတိုင်ဟာ ဘာလဲ။ ဒီအကြောင်းကို လူတွေ နှစ်ပေါင်းသန်းချီ စဉ်းစားခဲ့ကြပေမဲ့ ဘာကိုမှ မတွေ့ရှိခဲ့ကြဘူး…”

ဝမ်လင်း ခုထိ စိတ်ရှုပ်ထွေးနေသော တစ်စုံတစ်ခု ရှိနေသေးပေသည်။

စည်းမျဉ်းများ၊ ဥပဒေသများ၊ လောက၏အစီအရင်။ ဤသည်မှာ ဝမ်လင်း ခုလက်ရှိ ထင်မြင်ယူဆမိသော အရာများပင်။

ကောင်းကင်နှင့်မြေကြီးဟူသည် အဘယ်နည်း။ သည်လှိုဏ်ဂူလောက၏ ကောင်းကင်နှင့်မြေကြီးသည် ကောင်းကင်ဘုံတာအို ဖြစ်ပေ၏။ ၎င်းက သည်လောက၏ စည်းမျဉ်းများနှင့် ဥပဒေသများကို ဆုံးဖြတ်ခြင်းလော။

ဝမ်လင်းသည် နားမလည်ပေ။ သူ၏တိုက်ပွဲအနှစ်သာရ ဥပဒေသစ်တစ်ခုကို ဖြစ်ပေါ်ခဲ့သည်တောင်မှ သူသည် အခုထိ ၎င်းဥပဒေသက မည်သည့်အရာဖြစ်မှန်းကို နားမလည်သေးပေ။ သူသည် ၎င်းမှာ ဥပဒေသ သို့မဟုတ် စည်းမျဉ်းများဟုသာ သိထားပြီး လက်ဆုပ်လက်ကိုင် ဖော်ပြဖို့ငှာ မစွမ်းသာပေ။ သို့ပေမည့် ယင်းဥပဒေသများကို ဖော်ပြ၍ မရသော်လည်း ယင်းတို့သည် အရာအားလုံးကို ရစ်ပတ်ထားသော အစင်းအကြောင်းများ ဖြစ်လာနိုင်ကြသည်။

ဥပမာ သူ ရပ်တန့်ခြင်းမန္တာန်ကို အသုံးပြုသည့်အခါ တစ်စုံတစ်ယောက်၏ ပတ်လည်၌ ဝေဝါးလှသော အစင်းအကြောင်းများ ပေါ်လာသကဲ့သို့ပင်။ ထိုအစင်းအကြောင်းများက ဥပဒေသများနှင့်စည်းမျဉ်းများအပေါ် ဝမ်လင်း၏နားလည်မှုပင်။

ထိုအစင်းအကြောင်းများက ကွဲပြားသော်လည်း တစ်ခုနှင့်တစ်ခု ယှက်လိမ်ကာ စည်းမျဉ်းများ ဖြစ်ပေါ်ပြီး ယင်းတို့၏အထက်ရှိ စိတ်ဆန္ဒမှာ ဥပဒေသပင်။

ဤသည်မှာ ကောင်းကင်နှင့်မြေကြီး၊ ဤသည်မှာ ကောင်းကင်ဘုံတာအိုလော။

အတားအဆီးများအပေါ် ဝမ်လင်း၏နားလည်မှုမှာ လောက မွေးဖွားလာခဲ့စဉ် အချိန်အခါ၊ အစောဦးဆုံး သက်ရှိဖြစ်တည်မှုများသည် ကောင်းကင်ဘုံကို ပူဇော်သမှု ပြုခဲ့ကပြီး နောက်ပိုင်းတွင် သံသယ ဝင်လာခဲ့ကြကာ နောက်ဆုံး၌ ထိုသက်ရှိများက ကောင်းကင်ဘုံကို မွေးခွန်းစတင် ထုတ်ကြခြင်း ဖြစ်လေ၏။ သူတို့က စည်းမျဉ်းများနှင့် ဥပဒေသများကို စတင် တုပကာ နည်းစနစ်များကို ဖြစ်ပေါ်စေခဲ့ကြသည်။

ထိုနည်းစနစ်မှာ အစီအရင်များနှင့်အတားအဆီးများ ဖြစ်ကြ၏။

သည်နားလည်ဆင်ခြင်နေသော နေ့ရက်များအတွင်း သူက အတားအဆီးများကြား ကွာခြားမှုကို လေ့လာနေရုံသာမက အတားအဆီးများ၏ မူလဇစ်မြစ်ကိုပါ ရှာဖွေနေခဲ့ခြင်းပင်။

သူ၏အမြင်၌ ထိုမမြင်ရသော အစင်းအကြောင်းများသည် စည်းမျဉ်းများနှင့် ဥပဒေသများ ဖြစ်သည်ဆိုပါက သူသည် သူ့ကိုယ်ပိုင်အတားအဆီးအနှစ်သာရကို ဖွဲ့စည်းလိုပါက သူ၏ကိုယ်ပိုင်အစင်းအကြောင်းများကို ဖြစ်ပေါ်စေရန် လိုပေလိမ့်မည်။

ထိုအစင်းအကြောင်းများက သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာလိမ့်မည်။

သူက တစ္ဆေရွက်ဖျင်ကို ချိုးဖျက်ခဲ့ပြီး ဖြစ်၏။ မရေမတွက်နိုင်သော အတားအဆီးများက သူ့အား ဝန်းရံနေစဉ် သူက နည်းလမ်းတစ်ခုကို တွေးမိခဲ့၏။ ဤသည်မှာ သူ့မျက်လုံးထဲရှိ သွေးကြောများကို အသုံးပြုမည့်နည်းလမ်းပင်။

သူ၏မျက်လုံးထဲရှိ သွေးကြောများသည် လောက စည်းမျဉ်းများ၏ အစင်းအကြောင်းများ ဖြစ်လာပေလိမ့်မည်။ သည်အတားအဆီးများ ပေါင်းစပ်ပြီးနောက် သူ၏မျက်လုံးသည် ကောင်းကင်နှင့်မြေကြီး၏ တစ်စုံတစ်ခု ဖြစ်လာပေလိမ့်မည်။ သူ၏မျက်လုံးမှာ အတားအဆီးအနှစ်သာရ ဖြစ်လာလိမ့်မည်။ သူ၏အတွေးများက သည်လောက၏စည်းမျဉ်းဆန္ဒ ဖြစ်လာပေလိမ့်မည်။

သမိုင်းတလျှောက် မည်သူကမျှ ထိုနည်းလမ်းကို တွေးမိခဲ့ကြခြင်း မရှိပေ။ ဝမ်လင်းက ပထမဆုံး ဖြစ်သည်။ သူက ရဲတင်းပေ၏။ တစ်ခုခုကို ဆုံးဖြတ်ပြီးသည်နှင့် သူ့စိတ်ကို ပြင်ဆင်လိမ့်မည် မဟုတ်ပေ။

သူ့ရှေ့တွင် ပုံရိပ်ယောင်အနီရောင်မျက်လုံး ပေါ်လာ၏။ သူ့မျက်လုံးထဲရှိ သွေးကြောများကို ရှင်းလင်းစွာ မြင်နေရသည်။ ဝမ်လင်းက မာန်သွင်းလိုက်ကာ သွေးကြောများ ချဲ့ကားထွက်လာပြီး အတားအဆီးမြောက်များစွာကို ခြုံလွှမ်းသွားသည်။

သည်အခိုက်အတန့်တွင် ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ ဘယ်မျက်လုံးထံသို့ ဖိချလိုက်၏။ သူ့ဘယ်မျက်လုံး၏ ပုံရိပ်ယောင် ပေါ်လာပြီးနောက် နောက်ထပ်ကြီးမားသော မျက်လုံးအိမ်တစ်ခု ဖြစ်ပေါ်သည်။

သည်မျက်လုံးအိမ်နှစ်ခု ပေါ်လာသည့်နောက်တွင် သွေးကြောများသည် တဖျတ်ဖျတ် ဖြစ်ပေါ် ပျံ့နှံ့၍ အတားအဆီးများနှင့် ပေါင်းစပ်သည်။ အမွှေးတိုင်တစ်တိုင်ဝက်စာ ကြာမြင့်ပြီးနောက် မည်သည့်အတားအဆီးမျှ မကျန်တော့ဘဲ ဧရာမမျက်လုံးအိမ်နှစ်ခုသာ နေရာတွင် လွင့်မြောတည်ရှိတော့သည်။

ဝမ်လင်းထံမှ အတွေးတစ်ချက်ဖြင့်ပင် ထိုပုံရိပ်ယောင်မျက်လုံးအိမ်နှစ်ခုသည် တလက်လက် ဖြစ်ကာ မြန်ဆန်စွာ လွင့်ပါးပျောက်ကွယ်သွားတော့သည်။ ယင်းတို့က ဝမ်လင်း၏မျက်လုံးအတွင်းသို့ ပျောက်ကွယ်သွားကြခြင်းပင်။ ထို့နောက် သူက မျက်လုံးမှိတ်လိုက်သည်။

သူ၏ခန္ဓာကိုယ်သုံးခုကလည်း ကိုယ်ပွားနှင့် ပြန်ပေါင်းစပ်သွားပြီး သူက ရှေ့သို့ ခြေလှမ်းလိုက်လေသည်။

သူ၏ဖြန့်ကြဲထားသော နတ်ဘုရားအာရုံကိုလည်း သူ၏ခန္ဓာကိုယ်တွင်းသို့ တဖြည်းဖြည်း ပြန်သိပ်သည်းစေသည်။

အနှစ်သာရဓားခြောက်လက်ကတော့ သူ့ပတ်လည်တွင် ဖြည်းဖြည်းချင်း လှည့်ပတ်နေ၏။ အနှစ်သာရများ၏ အော်ရာကြောင့် ဝမ်လင်း၏ပုံရိပ်မှာ ဝေဝါးစွာ ရှိသည်။

သည်ဟင်းလင်းပြင်ထဲရှိ အရာအားလုံးမှာ မည်သို့မျှ မဖြစ်ခဲ့သည့်နှယ် ပြန်တည်ငြိမ်သွားလေပြီ။ ဝမ်လင်းသည်သာ နေရာတွင် မလှုပ်မယှက် ထိုင်နေလျက် ရှိ၏။

သို့ပေမည့် အစွမ်းထက်အော်ရာတစ်ခုက သူ၏ခန္ဓာကိုယ်ထံမှ လွင့်ပျံ့နေသည်။ ထိုအော်ရာမှာ သူ၏စိတ်ဝိညာဉ်လေဟာနယ်အလယ်အဆင့် ကျင့်ကြံခြင်းကြောင့် ဖြစ်ပေါ်နေသော အော်ရာတည်း။ ဤအခိုက်၌ ယင်းအော်ရာသည် ဆူပွက်လာသည်ဟု ထင်ရကာ တိုးတက်မည့် အရိပ်အယောင်များ ပြသလာသည်။

ထိုအော်ရာက ပိုပိုအားကောင်းလာသည်။ ၎င်းအော်ရာ ပျံ့နှံ့လာရင်း ဝမ်လင်း၏ပတ်လည်ရှိ အနှစ်သာရဓားခြောက်လက်သည် မြူးထူးဟန်ဖြင့် တဝီဝီမြည်သံပေးကာ ခုနစ်ခုမြောက်အနှစ်သာရ မွေးဖွားလာတော့သည်။

ဝမ်လင်းက ရုတ်တရက် မျက်လုံး ပြန်ဖွင့်၏။ သူ၏အကြည့်မှာ တွေ့မြင်ရသူတိုင်းအဖို့ ထိတ်လန့်သွားစေနိုင်လောက်သည်။ သူ၏အကြည့်မှာ အရောင်အစင်းမဲ့၏။

ထိုအကြည့်၏ဇာစ်မြစ်တွင်မူ သွေးစင်းကြောင်းများ ရှိနေပေသည်။ ထိုသွေးစင်းကြောင်းများက လောက၏ စည်းမျဉ်းများကဲ့သို့ ယှက်လိမ်နေသည်။

ထိုသွေးစီးကြောင်းတိုင်း၌ အတားအဆီးများ ပါဝင်ပေသည်။ ဝမ်လင်း၏အကြည့်မှာ တည်ငြိမ်လျက် ရှိ၏။ သူက သူ့ပတ်လည်ရှိ ဟင်းလင်းပြင်အနှံ့သို့ ကြည့်ရှုလိုက်သည်။ ထိုအခါ သူက မရေမတွက်နိုင်သော အစင်းအကြောင်းများကို တွေ့မြင်ရသည်။ ယင်းတို့မှာ စည်းမျဉ်းများ ဖြစ်ပေ၏။

ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်လိုက်ပြီး တစ်စုံတစ်ခုကို ညင်သာစွာ ကောက်ယူလိုက်သည်။ သူ၏လှုပ်ဆောင်မှုက သာမန်ပင်။ သို့သော် သူက တခြားသူများ မမြင်နိုင်သော အစင်းအကြောင်းတစ်ခုကို ကောက်ယူလိုက်ခြင်း ဖြစ်လေ၏။

ထိုအစင်းအကြောင်းကို ကောက်ယူလိုက်သည့်အခိုက်တွင် အနက်ရောင်ရေခဲတုံးတစ်တုံး အကွာအဝေးတစ်ခု၌ ပေါ်လာ၏။ ၎င်း ပေါ်လာသည်မှာ ရုတ်တရက် ဆန်လွန်းကာ ထိုဧရိယာသည် ချက်ခြင်း အေးခဲသွားသည်။

ဝမ်လင်းက ထိုအစင်းအကြောင်းကို လက်လွှတ်လိုက်ချိန်၌ အကွာအဝေးတစ်ခုရှိ ထိုရေခဲတုံးသည် တစစီဖြစ်ကာ အဘက်ဘက်သို့ ပျံ့နှံ့သွားလေသည်။

ဝမ်လင်း၏အမူအရာက တည်ငြိမ်နေ၏။ သူ့ညာလက်ဖြင့် နောက်ထပ်အစင်းအကြောင်းတစ်ခုကို ကောက်ယူလိုက်ပြန်သည်။ အကွာအဝေးတစ်ခု၌ ဟင်းလင်းပြင်သည် ရုတ်တရက် ပျက်စီးကာ တွင်းနက်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုတွင်းနက်က ပြင်းထန်သောစုပ်အားတစ်ခုကို ထုတ်လွှတ်ကာ ပတ်ဝန်းရှိ အမှုန့်အမွှားများကို စုပ်ယူလေ၏။

အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက မျက်လုံးမှိတ်လိုက်ပြန်၏။ သူ မျက်လုံး ပြန်ဖွင့်လိုက်သည့်အခါ သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သူက သူ့မျက်လုံးနှင့် သုံးလက်မအကွာသို့ ညွှန်လိုက်သည်။ သူ၏မျက်လုံးထဲရှိ သွေးစင်းကြောင်းသည် တဖြည်းဖြည်း ရွှေ့လျားသည်။ သူက နာကျင်မှုကို တောင့်ခံထားရင်း ထိုသွေးစင်းကြောင်းများကို တစ်ခုတည်းဖြစ်သည့်အထိ ပေါင်းစပ်သည်။

မျက်လုံးတစ်လုံး၊ တာအိုတစ်ခု။

ထိုသွေးစင်းကြောင်းမှာ သွေးစင်းကြောင်းအားလုံးနှင့် ဖွဲ့စည်းထားခြင်း ဖြစ်၏။ ၎င်းမှာ ဝမ်လင်း၏မျက်လုံးအိမ်ထဲ၌ ထောင့်ဖြတ်အသွင်ရှိကာ စပါးအုံးမြွေတစ်ကောင်၏ မျက်လုံးသူငယ်အိမ်အလား။ အနီရောင်အလင်း ပျံ့ကာ ဝမ်လင်း၏လက်ချောင်းထိပ်၌ စုဝေးသည်။ ထိုအနီရောင်အလင်းက တောက်ပသထက် တောက်ပလာကာ ကြက်သွေးနီရောင်အတားအဆီးအလင်း ဖြစ်ပေါ်လာသည်။

အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက သူ့ညာလက်ကို အောက်ဘက်သို့ ညွှန်လိုက်သည်။ တစ္အေအလင်း ဖျတ်ခနဲ လင်းလက်သွား၏။ ဓားရှည်တစ်ခု ဖြည်းဖြည်းချင်း စတင် ဖွဲ့စည်းလာကာ သူ၏ရှေ့တွင် ပုံစံအသွင်ဖြစ်ပေါ်သည်။

ထိုဓားသည် ပုံရိပ်ယောင်ဆန်လှသည်။ ၎င်းအတွင်း၌ မရေမတွက်နိုင်သော အတားအဆီးများ ရှိနေသည့်အလား။

ထိုဓား ပေါ်လာသည်နှင့် ဝမ်လင်း၏ဆံပင်ရှည်များက လေမတိုက်ပါဘဲ လွင့်ဝဲကာ သူ၏ခန္ဓာကိုယ်အတွင်း၌ တစီစီအသံများ ပဲ့တင်ထပ်သည်။ သူ၏ခန္ဓာကိုယ်တွင်းရှိ အော်ရာသည် စိတ်ဝိညာဉ်လေဟာနယ်အလယ်အဆင့်မှ နောက်ဆုံးအဆင့်ထိ တိုးတက်လာချေသည်။

ဝမ်လင်းသည် ရုတ်တရက် ခေါင်းမော့ကာ သူ့ညာလက်ကို ခပ်တင်းတင်း ဆုပ်လိုက်၏။ သူ၏ကျင့်ကြံခြင်းအဆင့် တိုးတက်လာခြင်းကြောင့် သူ့ပတ်လည်ရှိ ဟင်းလင်းပြင်သည်ပင် သူ လက်ဆုပ်လိုက်သည့်အခါ တုန်ယင်ရလေသည်။

ဝမ်လင်းက ဖြည်းဖြည်းချင်း ထရပ်ကာ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းသည်။ သူ၏အနှစ်သာရများဖြင့် ဖြစ်ပေါ်လာသော ဓားခုနစ်လက်က သူ့ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်ကာ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားတော့သည်။

ဝမ်လင်းက လေဟာနယ်ကို ဖမ်းဆုပ်လိုက်ရာ သူ့လက်ထဲ၌ တစ္ဆေရွက်ဖျင် ပေါ်လာ၏။ အကြည့်တစ်ချက်ဖြင့်ပင် ထိုရွက်ဖျင်ပေါ်ရှိ အဟသည် မြန်ဆန်စွာ ပိတ်ဆို့သွားလေတော့၏။

ထိုရွက်ဖျင်ပေါ်ရှိ တစ္ဆေမျက်နှာမှာ ထူးဆန်းနေတုန်းပင်။ သို့သော် ခုချိန်၌ ၎င်းမျက်နှာက ဝမ်လင်းနှင့် ပိုတူလာ၏။

သည်တစ္ဆေရွက်ဖျင်သည် ခုချိန်၌ ဝမ်လင်း၏ကိုယ်ပိုင် ရတနာ ဖြစ်လာပေပြီ။

“အင်မောတယ်ကောင်းကင်ဘုံနယ်မြေရဲ့ မဟာစိတ်ဝိညာဉ်ကလန်ရဲ့ ပုံရိပ်ယောင်မန္တာန်ဟာ အတားအဆီးအမျိုးအစားတစ်ခုပဲ။ ဒါဟာ အတားအဆီးအနှစ်သာရရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဟုတ်တယ်။ အတားအဆီးအားလုံးဟာ စာလုံးတွေလိုပဲ ပုံရိပ်ယောင်တွေ ဖြစ်ကြတယ်။ ဒီအတားအဆီးတွေကို တည်ရှိတယ်လို့ ပြောမယ်ဆိုရင် တည်ရှိတယ်။ လုံလောက်အောင် အစွမ်းထက်လို့ ဒါတွေကို လစ်လျူရှုထားနိုင်ရင်လည်း ဒီအတားအဆီးတွေဟာ  မတည်ရှိဘူး…”

“ဒီအတားအဆီးအနှစ်သာရက အမှန်အမှားအနှစ်သာရနဲ့ ဆင်တူသလို ရှိပေမဲ့ တကယ်တော့ လုံးဝ ကွဲပြားတယ်။ ငါဟာ အတားအဆီးအနှစ်သာရကို နားလည်ခဲ့ပေမဲ့ ဒါဟာ မပြည့်စုံသေးဘူး။ ဒါဟာ ငါ့ကိုယ်ပိုင်နားလည်မှုကို အခြေခံပြီး ဖြစ်ပေါ်လာခဲ့တာပဲ ရှိသေးတယ်…”

“နောက်ထပ် လုပ်ရမည့် လိုအပ်တဲ့အရာတွေ အများကြီး ရှိသေးတယ်။ ဒီရွက်ဖျင်ပေါ်က အတားအဆီးတွေကို လေ့လာဖို့ အချိန်တချို့ လိုအုံးမယ်။ ဒါပေမဲ့ အခုတော့ ဒီနေရာကနေ ထွက်ခွာဖို့ အချိန်ကြပြီ…”

ဝမ်လင်း၏ဆံပင်ဖြူများက လွင့်ဝဲနေလျက် သူသည် ဒီနေရာကနေ ဖြည်းဖြည်းချင်း ထွက်ခွာလာလေ၏။

ဝမ်လင်း၏ သည်ခရီးစဉ်တွင် သူသည် အကျိုးအမြတ်များစွာ ရခဲ့ပေ၏။ ရှေးတောက်ခန္ဓာကိုယ်များမှာလည်း ကြယ်ရှစ်လုံးအဆင့်သို့ ရောက်ခဲ့သည့်အပြင် သူ၏ကျင့်ကြံမှုအဆင့်မှာလည်း စိတ်ဝိညာဉ်လေဟာနယ်နောက်ဆုံးအဆင့်ထိ တိုးတက်လာခဲ့ကာ သူက သင်္ဘောကို ထိန်းချုပ်နိုင်သော တစ္ဆေရွက်ဖျင်ကိုပါ ရခဲ့သေး၏။ သည့်အပြင် သူသည် ဖန်ရှန်လုနှင့် မဟာမိတ်ပါ ဖွဲ့နိုင်ခဲ့ပြန်သည်။

ပို၍ အရေးကြီးသည်မှာ သူက ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ၏ တတိယစိတ်ဝိညာဉ်ကို ရှာဖွေနိုင်မည့် နည်းလမ်းကို တွေ့မြင်ခဲ့ရခြင်း ဖြစ်၏။

တစ်ချိန်တည်းမှာ  အင်မောတယ်ကောင်းကင်ဘုံနယ်မြေ၌ ကောင်းကင်ဘုံသားများ၏ နယ်မြေအတွင်း ကောင်းကင်ထက်၌ ဖြစ်တောင့်ဖြစ်ခဲ တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်။ ၎င်းတိုက်ပွဲကို သိရှိနိုင်ဖို့ ခက်ခဲလှသည်။ အောက်ဘက်ရှိ လုံလောက်အောင် အဆင့်မရှိသော ကျင့်ကြံသူများသည် ထိုတိုက်ပွဲကို ထောက်လှမ်းနိုင်ကြခြင်း မရှိပေ။ ကျင့်ကြံသူများစွာအတွက် သူတို့က သည်လတွင် ကောင်းကင်ယံ၌ မှောင်မိုက်ကာ မြူများ ရစ်သိုင်းလည်ပတ်နေသည်ကိုသာ တွေ့မြင်နိုင်ခဲ့သည်။

“ရွှမ်လော..မင်း အရင်ထက် အများကြီး အားနည်းသွားပြီ။ မင်း ပြန်လည်မွေးဖွားဖို့ လုပ်သင့်ပြီ။ မင်းမှာ အစောင့်အကြပ်တစ်ယောက် ရှိလား၊မရှိလားတော့ ငါ မသိဘူး။ မရှိရင်လည်း ငါ မင်းကို တစ်ယောက်တော့ ပေးနိုင်တယ်…”

သွေးရောင်နေမင်းက တောက်ပနေ၏။ ထိုနေမင်းအတွင်းရှိ ရွှမ်လောက တည်ငြိမ်စွာ ပြောလိုက်သည်။ “တောက်ရီ…၊ ငါ ကောင်းကင်ဘုံနယ်မြေရဲ့ ပင်မကုန်းမြေထဲ ဝင်လာတည်းက မင်း ငါ့လမ်းကို တားနေခဲ့တာ။ မင်း ဆက်လုပ်မယ်ဆိုရင် ငါ မင်းကလန်တစ်ခုလုံးကို သတ်ပစ်ရလိမ့်မယ်…”

“ငါ့ကလန်တစ်ခုလုံးကို သတ်မှာလား။ မင်း ဒီလောက် အလောတကြီး ဖြစ်နေမှတော့ ငါ့ရဲ့ ကောင်းကင်ဘုံနယ်မြေမှာ မင်းအတွက် အရေးကြီးတဲ့ ကိစ္စတစ်ခုခု ရှိနေတာ ဖြစ်ရမယ်…”

“ငါ သွားဖို့ လိုအပ်တဲ့ နေရာတိုင်းဟာ အရေးကြီးတယ်။ မင်း လမ်းဖယ်မှာလား၊ မဖယ်ဘူးလား…”

ရွှမ်လောသည် ကွေဝိုက်မနေဘဲ တဲ့တိုး ပြောချလိုက်၏။ သူ၏မျက်လုံးထဲ၌ အေးစက်မှု ပေါ်လာလေသည်။

All Chapters