ရှေ့ဖြစ်ဟောသူနှင့် ယှဉ်ပြိုင်ကြံစည်ခြင်း
Vol. 128 Ch. 1768
တိမ်ပင်လယ်ရှိ ဟင်းလင်းပြင်အက်ကြောင်းအပြင်ဘက်၌ သားရဲမြောက်များစွာ စုဝေးနေတုန်းပင်။ ၎င်းတို့သည် ထိုအက်ကြောင်းအတွင်းမှ အတားအဆီးမုန်တိုင်းက ၎င်းတို့အား လွန်ခဲ့သောလအနည်းငယ်က မောင်းထုတ်ခဲ့သည်ကို ခုထိ မမေ့ကြသေးပေ။
သို့ပေမည့် ဒီဟင်းလင်းပြင်အက်ကြောင်းက ထိုသားရဲများ၏ အိမ်ဖြစ်၏။ ထို့ကြောင့် သူတို့က ဒီအက်ကြောင်းပတ်လည်တွင် ရစ်သီရစ်သီလုပ်နေကာ ထွက်သွားဖို့ ဆန္ဒမရှိကြခြင်းပင်။
အချိန်ကုန်လွန်လာသည်နှင့်အမျှ သည်ကြမ်းကြုတ်သောသားရဲများသည် စိတ်ကသိကအောက် ဖြစ်လာကြ၏။ သို့သော် မည်သည့်သားရဲကမျှ မဝင်ရဲကြပေ။ ၎င်းတို့က အပြင်ဘက်ကနေသာ ခပ်တိုးတိုး ဟိန်းသံများ ထုတ်ဖော်နေရုံသာ တတ်နိုင်သည်။ သည်နေ့၌ အဖြူရောင်ပုံရိပ်တစ်ခုက ဟင်းလင်းပြင်အက်ကြောင်းထံမှ လှမ်းထွက်လာ၏။ သူ၏ပုံပန်းသွင်ပြင်သည် ကြမ်းကြုတ်သောသားရဲများစွာကို နောက်ဆုတ်သွားစေသည်။
သူတို့က ဝမ်လင်း၏ခန္ဓာကိုယ်ထံမှ ကြောက်မက်ဖွယ်အော်ရာကို ရှင်းလင်းစွာ ခံစားမိပေသည်။
ဝမ်လင်း ထိုဟင်းလင်းပြင်အက်ကြောင်းထံမှ လှမ်းလျှောက်ထွက်လာသည့်အခါ သူ၏အကြည့်က ကြမ်းကြုတ်သောသားရဲများစွာထံ ဝေ့ခတ်ကျရောက်သွားသည်။ ထို့နောက် သူက ရှေ့သို့ ခြေလှမ်းကာ ပျောက်ကွယ်သွားတော့၏။
ဝမ်လင်း ပျောက်ကွယ်သွားပြီး အချိန်အတော်ကြာမှ ပတ်ဝန်းကျင်ရှိ သားရဲများသည် ဟင်းလင်းပြင်အက်ကြောင်းထံ တဖြည်းဖြည်း နီးကပ်လာကြတော့၏။ တချို့သားရဲများက အက်ကြောင်းတွင်းသို့ သတိထားကာ ဝင်ရောက်ကြသည်။ မည်သည့်အန္တရာယ်ကိုမျှ မတွေ့မှ သားရဲများစွာသည် ဟင်းလင်းပြင်အက်ကြောင်းတွင်းသို့ ပြန်လာတော့သည်။
ဝမ်လင်းသည် လေဟာနယ်ကို ထွင်းဖောက်ကာ ကြယ်များကြား လျှောက်လှမ်းနေ၏။ သူက တခါတရံ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေ၏။ သိပ်မကြာခင်တွင် ဝမ်လင်းသည် တိမ်ပင်လယ်၏အစွန်းအဖျားသို့ ရောက်လာ၏။ ထိုနေရာမှာ ကောင်းကင်ဘုံနယ်မြေသစ်တည်ရှိသော နေရာပင်။
ငွေရောင်မြစ် ဝန်းရံထားသော ထိုကုန်းမြေမှာ ညင်သာသောအလင်းကို ပေးစွမ်း၍ ပတ်ဝန်းကျင်ကို အလင်းဓာတ်ပေးနေသည်။ အတားအဆီးလှိုင်းများ ပဲ့တင်ထပ်ကာ ယင်းတို့က သည်ကောင်းကင်ဘုံနယ်မြေသစ်ကို အကာအကွယ် ပြုထားသည်။
ထိုနေရာကို ကြည့်နေလျက် ဝမ်လင်း၏အမူအရာမှာ ဆက်လက် အေးစက်ဟန် မရှိတော့ပေ။ ဤနေရာမှာ သူဖန်တီးထားသော နေရာ ဖြစ်ပြီး သည်လှိုဏ်ဂူလောက၌ ဟင်္သာပြဒါးဂြိုဟ်အပြင် သူ၏ နောက်ထပ်အိမ်ဟုပင် သတ်မှတ်နိုင်သည် မဟုတ်လား။
ထိုနေရာတွင် သူ သိသောလူများစွာ ရှိ၏။ သူက ဒီနေရာကို လက်မလွှတ်နိုင်ပေ။
“ဆင့်ခေါ်ခြင်းမြစ်ရဲ့ ဒီငွေရောင်မြစ်မှာ အတားအဆီး တော်တော်များများ ပါနှင့်ပြီးပြီး။ဒါပေမဲ့ ဒါဟာ လုံလောက်အောင် အစွမ်းမထက်သေးဘူး…”
အရင်တုန်းကဆို ဝမ်လင်းသည် ထိုအတားအဆီးများကို ပိုသန်မာအားကောင်းအောင် လုပ်ဖို့ စွမ်းရည် မရှိခဲ့ပေ။ သို့ပေမည့် ခုချိန်တွင်မူ သူ လုပ်နိုင်ပြီ ဖြစ်၏။
ဝမ်လင်းက ကောင်းကင်ဘုံနယ်မြေထဲသို့ မဝင်ရောက်ဘဲ အပြင်တွင် ရပ်ကာ ငွေရောင်မြစ်ကို စိုက်ကြည့်နေသည်။ ခဏတာ ကြည့်ရှုပြီးနောက် သူ၏မျက်လုံးထဲရှိ ပျောက်ကွယ်သွားသော ထောင်လိုက် သွေးစင်းကြောင်းများသည် ပြန်ပေါ်လာကာ အနီရောင်တောက်ပမှုကို ပေးစွမ်းသည်။
ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ ဝေ့ယမ်းလိုက်သည်။ သူ၏မျက်လုံးထဲရှိ ထိုသွေးစီးကြောင်းများက သူ၏ရှေ့တွင် ပေါ်လာပြီး ငွေရောင်မြစ်ထံ ပျံသန်းလာသည်။
ချက်ခြင်းပင် သူ၏မျက်လုံးထဲရှိ သွေးစင်းကြောင်းများက တောက်ပကာ အပြင်ဘက်ရှိ သွေးစင်းကြောင်းများမှာလည်း အလားတူ တောက်ပလာ၏။ ယင်းတို့က ငွေရောင်မြစ်ထံသို့ ဦးတည်ပျံသန်းသည်။
ထိုအရာများကို ပြုလုပ်ပြီးနောက် ဝမ်လင်းက ကြယ်များကို ကြည့်၏။ သူ၏ရှေ့တွင် ဥပဒေသအစင်းကြောင်းများ ပေါ်လာသည်။ သူက ညာလက်ကို လှုပ်ရှားလိုက်ရာ ထိုအစင်းအကြောင်းများစွာက ငွေရောင်မြစ်၏ပတ်လည်တွင် ပေါ်လာတော့သည်။
“တတိယစိတ်ဝိညာဉ်ကို ရှာဖွေနေစဉ်အတွင်း ဒါက ဒီကောင်းကင်ဘုံနယ်မြေသစ်ကို လုံလုံခြုံခြုံ ဆက်ရှိနေစေလောက်မယ်…” ဝမ်လင်းသည် ခဏတာ စဉ်းစားပြီးနောက် ငွေရောင်မြစ်ထံ လျှောက်လှမ်းလာသည်။
သူ ကောင်းကင်ဘုံနယ်မြေထဲ ဝင်ရောက်လာစဉ် အရှင်ဟုန်ရှန်နှင့် တခြားသူများက သူ့ကို သတိပြုမိကြသည်။ သူတို့အားလုံးက ကျင့်ကြံနေရာကနေ ထလကာ ကောင်းကင်ထက်သို့ ပျံတက်လာကြသည်။
ချင်းလင်၊ ချင်းရွှေ၊စစ်ထူနန်၊ အရှင်တောင်ပိုင်းတိမ်နှင့် တခြားသူများက လေထဲတွင် ရပ်ကာ အကွာအဝေးတစ်ခုရှိ အဖြူရောင်ပုံရိပ်ကို ကြည့်၍ ပြုံးကြ၏။
ဝမ်လင်းက သူရင်းနှီးသော မျက်နှာများနှင့် နွေးထွေးသောအပြုံးတို့ကို တွေ့မြင်သည့်အခါ သူလည်း ပြုံးမိသည်။ သူက ချင်းရွှေဘေး၌ အနီရောင်လိပ်ပြာကို မြင်သည်။ အဖေနှင့်သမီးဖြစ်သူတို့သည် တစ်ယောက်နှင့်တစ်ယောက် သိသွားကြသည်မှာ ထင်ရှားပေသည်။
သူက ချင်းလင်နောက်ရှိ ချင်းရှောင်ကိုလည်း တွေ့မြင်သည်။ အကွာအဝေးတစ်ခု၌ လွမ်းဆွေးသည့်ဟန်ပန်ဖြင့် အမျိုးသားတစ်ယောက်ကိုလည်း သူမြင်၏။ သူက ချင်းရှောင်ကို ခပ်မဆိတ် ကြည့်နေ၏။ သူ၏အမူအရာမှာ ဝမ်းနည်းဟန်၊စိတ်ရှုပ်ထွေးဟန်တို့ လှစ်ဟပေါ်သော်လည်း ကျေနပ်မှုက ပိုလေသည်။
သူကား ချင်းရှောင်ကို တဖက်သပ် ချစ်နေသော ကျောက်ရီပင် ဖြစ်၏။
ဝမ်လင်းက ကျိုးယုကိုလည်း မြင်၏။ ကျိုးယုမှာ အရွယ်ရောက်နေပြီ ဖြစ်သော်လည်း သူ့စိတ်ထဲကမူ သူမကို ကလေးတစ်ယောက်လိုသာ မြင်မိသည်။ ကျိုးယုဘေး၌ အဖြူရောင်ကျားကလည်း အဖော်ပြုပေးနေသည်။
သူက လူတိုင်းကို ခြုံငုံကြည့်လိုက်ပြီးနောက် ညင်သာစွာ ပြုံးပြသည်။
“ငါ အိမ်ပြန်ရောက်လာပြီ…”
သည်စကားသုံးခွန်းက ဒီကောင်းကင်ဘုံနယ်မြေကို ရွှင်မြူးသွားစေ၏။ ကောင်းကင်ဘုံနယ်မြေ၏ အနောက်ဘက်ပိုင်းမှာ မူလတုန်းက နေရာအလွတ်တစ်ခု ဖြစ်၏။ သို့သော် အခုအခါ၌မူ ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ ကလန်တစ်ခုက ထိုနေရာတွင် အထိုင်ချလာခဲ့ပေပြီ။ ထိုကလန်မှာ အပြာရောင်ပိုးသားကလန်ပင်။
တာအိုသခင်အိပ်မက်ပြာက သူကိုယ်တိုင် ဆောက်လုပ်ထားသော တဲအိမ်တစ်ခုထဲ၌ ထိုင်နေကာ ကောင်းကင်ထက်သို့ ကြည့်၍ ပြုံး၏။ သူ၏သမီး၊ လီချန်မေက သူ့ဘေး၌ ရှိမနေဘေဲ တံခါးပိတ်ကျင့်ကြံနေပေသည်။
တာအိုသခင်အိပ်မက်ပြာက လီချန်မေ၏ ကျင့်ကြံခြင်းမှာ လိုအပ်ချက်များ ရှိနေသည်ကို ခံစားမိ၏။ ထို့ကြောင့် သူက အပြာရောင်ပိုးသားကလန်ကို ဒီနေရာသို့ ခေါ်လာခဲ့စဉ်က သူမကို သူ့အနှစ်သာရအား နားလည်စေဖို့ တံခါးပိတ်ကျင့်ကြံခိုင်းထားသည်။
အသိမိတ်ဆွေများစွာနှင့် အပြန်အလှန်နှုတ်ဆက် ပြောဆိုပြီးနောက် ဝမ်လင်းက ထွက်ခွာလာ၏။ သူနှင့်အတူ စစ်ထူနန်၊ ကျိုးယု၊ ခေါင်းကြီးကောင်လေး၊ ဆယ့်သုံးနှင့် တခြားသူများ လိုက်ပါလာ၏။ သူတို့က မြောက်ပိုင်းရှိ တောင်တန်းများတွင် အထိုင်ချကြသည်။
ဝမ်လင်းက တာအိုသခင်အိပ်မက်ပြာကိုလည်း သွားရောက် တွေ့ဆုံခဲ့၏။ သူက လီချန်မေ တံခါးပိတ်ကျင့်ကြံနေသည်ကို ကြားသည့်အခါ ဘာကြောင့်မှန်းမသိ စိတ်သက်သာရာ ရစွာ သက်ပြင်းချမိသွားသည်။
ဖြစ်နိုင်သည်မှာ သူက လီချန်မေကို တွေ့သည့်အခါ မည်သို့စကားဆိုရမည်မှန်း မသိသောကြောင့်ပေလော။ သူက သူနှင့်လီချန်မေတို့ကြားရှိ ခံစားချက်မှာ အချစ်လား၊ ကျေးဇူးတရားလား သေချာမသိပေ။
“ကျေးဇူးတင်စိတ်ဟာ အချစ် မဟုတ်ဘူး…” လီချန်မေ၏ အတိတ်တုန်းက စကားများက ဝမ်လင်း၏နားထဲ၌ ပဲ့တင်ထပ်၏။
ကောင်းကင်ဘုံနယ်မြေသစ်သည် နိဗ္ဗာန်ဘုံတစ်ခုအလား။ သည်နေရာမှာ အပြင်ဘက်၌ တတိယစိတ်ဝိညာဉ်ကို ရှာဖွေနေသူများနှင့် သီခြား ဖြစ်နေ၏။ ဝမ်လင်း ပြန်ရောက်လာမှုကြောင့် သည်နေရာရှိ ကျင့်ကြံသူများသည် ပို၍ ယုံကြည်မှု ရှိလာသလို ပို၍လည်း စိတ်အေးသက်သာ ဖြစ်လာကြ၏။
ဝမ်လင်းက တောင်တစ်လုံးပေါ်၌ နေထိုင်၏။ သည်နေထိုင်သည့်နေရာတွင် ရိုးရှင်းသောအိမ်တစ်လုံးသာ ရှိသည်။
ကျိုးယုက ထွက်မသွားပေ။ သူမက ဝမ်လင်းအနား၌ သမီးတစ်ယောက်ကဲ့သို့ ရှိနေပေးသည်။ သူမက ဝမ်လင်းကို တွယ်တာဟန်ဖြင့် မကြာဆိုသလို ကြည့်တတ်ပေသည်။
ကျိုးယုလေး ကြီးပြင်းလာသည်ကို ကြည့်ကာ ဝမ်လင်းသည် နွေးထွေးမှုအပြင် နာကျင်မှုကိုပါ ခံစားရ၏။ ထိုနာကျင်မှုမှာ သူ လီမူဝမ်နှင့် ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ အဖြစ်အပျက်ကို ပြန်ပြောင်းတွေးမိသောကြောင့် ခံစားရခြင်းပင်။
သူက ဝမ်အာနှင့် ပတ်သတ်၍ အမှားကျူးလွန်မိခဲ့သလို ခံစားမိ၏။ သူ၏ နာကျင်မှုကို သူသာ သိနိုင်သည်။ သူသာ မြင်နိုင်သည်။ ထို့အပြင် နှစ်ပေါင်းနှစ်ထောင်ကာလက အရာအားလုံးကို ဖုံးကွွယ်ထားဖို့ငှာ လုံလောက်ပါသည်။
ဆယ့်သုံးနှင့်ခေါင်းကြီးကောင်လေးတို့လည်း ရှိနေသေး၏။ သူတို့ကလည်း ဒီနေရာတွင် ဝမ်လင်း၏ လမ်းညွှန်မှုဖြင့် ကျင့်ကြံနေကာ ဉာဏ်အလင်းများ ရရှိကြသည်။ ဝမ်လင်းက ခေါင်းကြီးကောင်လေး၏ စိတ်ဝိညာဉ်သွေးကို ပြန်ပေးခဲ့ပြီး အစေခံချိပ်ပိတ်မှုကိုလည်း ဖြေလျှော့ကာ သူ့အား လွတ်လပ်မှု ပြန်ပေးခဲ့ပြီး ဖြစ်သည်။
သို့ပေမည့် ခေါင်းကြီးကောင်လေးမှာ ထွက်သွားဖို့ မရွေးချယ်ခဲ့ပေ။ သို့သော် တစ်ခါတစ်ရံ၌ သူက ကောင်းကင်ထက်သို့ ကြည့်ကာ စိတ်ဓာတ်ကျတတ်၏။ ဝမ်လင်းက ခေါင်းကြီးကောင်လေး အိမ်လွမ်းနာ ကျသည်ကို သိသည်။ ခေါင်းကြီးကောင်လေး၏ အိမ်မှာ မရှိလေတော့ပေ။
သူ့ကလေးဘဝ၏ နာကျင်ဖွယ် မှတ်ဉာဏ်များက ခုတော့ သူ့အတွက် အဖိုးတန်သလို ဖြစ်နေပေပြီ။ သူက သည်မှတ်ဉာဏ်များကို မစွန့်လွှတ်ချင်တော့ပေ။
ဆယ့်သုံးမှာ ရိုးစင်းသောလူတစ်ယောက် ဖြစ်၏။ သူက များများစားစား သိပ်မတွေးတတ်ပေ။ သူက ကျင့်ကြံလို၏။ သူ့ဆရာ၏ အသန်မာဆုံးတပည့် ဖြစ်လာလိုစိတ်သာ ရှိသည်။ သူ့ဆရာက သူ့ကို လိုအပ်ပါက သူသည် သူ့အသက်ကိုပါ ပေးအပ်မည့်သူ ဖြစ်၏။
စစ်ထူနန်ကတော့ ဝမ်လင်းနှင့် နေ့တိုင်း အရက်သောက်ကြ၏။ သူက တော်တော်လေး ပျော်ရွှင်နေဟန် ရကာ သူတို့နှစ်ယောက် သောက်နေကြစဉ် ပူပန်သောကများအားလုံးကို မေ့ပျောက်နေသည့်အလား။
ကျောက်ရီလည်း တခါ ရောက်လာသေး၏။ သူ၏ ပူဆွေးသောကဟန်ပန်က ဝမ်လင်းနှင့် အရက်သောက်ပြီးလျှင် ပိုဆိုးလာတတ်သည်။ သူက စကားတစ်ခွန်းမျှ မဆိုဘဲ ဝမ်လင်းနှင့် အရက်ကိုသာ ဖိသောက်သည်။ သူက ဝမ်လင်းကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်ကာ ပြုံး၍ ခေါင်းညိတ်ကာ ထွက်သွားလေသည်။
သူက ချင်းရှောင်က သူ၏တည်ရှိမှုကို လက်ခံဖို့၊ သို့မဟုတ် သူ့ကို မှတ်မိဖို့ ကြိုးစားနေအုံးမည်သာ။ ရလဒ်က မည်သို့ပင်ဖြစ်ပါစေ သူသည် သူ့ဘဝ နေဝင်ချိန်ထိ စောင့်ဆိုင်းနေအုံးမည်ပင်။
မကြာမီပင် ဝမ်လင်းသည် ဒီကောင်းကင်ဘုံနယ်မြေသစ်၌ အချိန်တလ ကုန်ဆုံးခဲ့လေပြီ။ သူက မိုးကြိုးကောင်းကင်ဘုံနယ်မြေ၌ သူ ရရှိခဲ့သော ကောင်းကင်ဘုံအဆောက်အဦကို ထုတ်ယူလိုက်၏။ ထိုအဆောက်အဦအတွင်းမျ ကောင်းကင်ဘုံမန္တာန်များကို ထုတ်ယူကာ ချင်းလင်နှင့် တခြားသူများကို ပေးအပ်ခဲ့သည်။
တစ်ချိန်တည်းမှာ ကောင်းကင်ဘုံနယ်မြေ၏အပြင်ဘက်၌ ရှုပ်ထွေးမှုတို့ ဖြစ်နေလေပြီ။ ကောင်းကင်ဘုံဗိုလ်ချုပ်လေးယောက်က သူတို့၏ အထူးနည်းလမ်းကို သုံးကာ တတိယစိတ်ဝိညာဉ်ကို ရှာဖွေနေကြ၏။ သူတို့က စုပေါင်းစွမ်းအား၊ ကောင်းကင်ဘုံသွေးမျိုးဆက် ပိုင်ဆိုင်သော ကောင်းကင်ဘုံသားများစွာ၏ အကူအညီနှင့် တတိယစိတ်ဝိညာဉ်ကို ရှာဖို့ အစီအရင်တစ်ခုကို ဖန်တီးထားကြသည်။
သူတို့၏နည်းလမ်းကို ဝမ်လင်းသည်ပင် မသိပေ။
ဗိုလ်ချုပ်လေးယောက်ဦးဆောင်သော ရှေးဟောင်းကောင်းကင်ဘုံသားများကလွဲ၍ တစ္ဆေအိုကြီးကျန့်ကမူ မလှုပ်ရှားသေးပေ။ သူက သူ့နတ်ဘုရားအာရုံဖြင့် ဗိုလ်ချုပ်လေးယောက်၏ ရှာဖွေကို စောင့်ကြည့်နေရုံသာ ရှိသည်။
သူက သူ့အတွေးများကို ဖုံးကွယ်မထားပေ။ ဗိုလ်ချုပ်လေးယောက်ကလည်း သူ့အတွေးကို သိကြ၏။ သို့သော် ထူးဆန်းစွာပင် သူတို့က ဂရုမစိုက်ကြပေ။ ကြည့်ရသည်မှာ သူတို့က တစ္ဆေအိုကြီးကျန့်နှင့် ပတ်သတ်မှုအချို့ ရှိနေသည့်အလား။
ခုနစ်ရောင်စုံတာအိုသခင်သည်လည်း တိမ်ပင်လယ်ကနေ ထွက်ခွာလာသည့်နောက် သူက အုပ်စိုးသူနှင့် ကိုယ်လုပ်တော်များကို ဆင့်ခေါ်ခဲ့သည်။ သူတို့က အတွင်းနယ်မြေသို့ တရကြမ်း ဝင်ရောက်လာကာ တောက်ပသောလေဟာနယ်ထံ ဦးတည်၍ အသေအချာ ရှာဖွေမှုကို စတင်တော့သည်။
သူတို့က မန္တာန်တစ်ခုခုကို အသုံးပြုနေပုံ ရသည်။ ထိုမန္တာန်မှာ အတွင်းနှင့်အပြင်နယ်မြေ စစ်ပွဲများကြောင့် ဖန်တီးခံရသောမန္တာန် ဖြစ်၏။ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ သေဆုံးမှုက ခုနစ်ရောင်စုံတာအိုသခင်အတွက် အခွင့်အရေးတစ်ခုကို ဖန်တီးပေးခဲ့ပုံ ပေါ်သည်။
ဝမ်လင်းသည်လည်း တတိယစိတ်ဝိညာဉ်ကို ရှာဖွေနေ၏။ သည်တစ်လအတွင်း သူက တစ္ဆေရွက်ဖျင်ကို လေ့လာရာ၌ သူ၏အချိန်အများစုကို ကုန်ဆုံးခဲ့ကာ ထိုရွက်ဖျင်အတွင်းရှိ ပုံရိပ်ကို ထိန်းချုပ်နေပေသည်။
ထိုအရာက အချိန်ယူရပေ၏။ သူက စိုးရိမ်ပူပန်နေသော်လည်း သည့်ထက်ပိုမြန်သော နည်းလမ်း မရှိတော့ပေ။ သို့ပေမည့် တတိယစိတ်ဝိညာဉ်ကို ရှာဖွေခြင်းနှင့် ယှဉ်လျှင် ဝမ်လင်း၏ စိတ်ထဲ၌ အရင်ဦးဆုံး ဖယ်ရှားရမည့် ဆူးတစ်ချောင်း ရှိနေသေးသည်။
ထိုဆူးမှာ ရှေ့ဖြစ်ဟောသူ ဖြစ်၏။
“ရှေ့ဖြစ်ဟောသူ…သင် ဘယ်နေရာမှာ ပုန်းနေတာလဲ…” ဝမ်လင်းက သူ့အိမ်အပြင်ဘက်တွင် ထိုင်နေလျက် သူ၏မျက်လုံးက တလက်လက် ဖြစ်နေ၏။ သူက မျက်လုံးမှိတ်ကာ သူ ခုချိန်ထိ သိမ်းထားသော ရှေ့ဖြစ်ဟောသူ၏ စိတ်ဝိညာဉ်အမျှင်တန်းထံ၌ အာရုံနစ်မြုပ်လိုက်သည်။
သူက ထိုစိတ်ဝိညာဉ်ကို သုံး၍ ရှေ့ဖြစ်ဟောသူ၏ မူလခန္ဓာကိုယ်ကို ရှာဖွေကာ သတ်ပစ်ရလိမ့်မည်။
ရှေ့ဖြစ်ဟောသူကို မဖယ်ရှားပစ်ဘဲ ဝမ်လင်းသည် စိတ်အေးနိုင်မည် မဟုတ်ပေ။ ထိုလူမှာ တတိယစိတ်ဝိညာဉ်အပြင် အကြီးမားဆုံး ကိန်းရှင်တစ်ခု ဖြစ်နေပေ၏။