သတ်ဖြတ်ရန်...
Vol. 016 Ch. 1584
“မင်း လုပ်ခဲ့တာ ဘာမှ မမှားဘူးဟုတ်လား”
ချင်ရွှမ်ကန်းက သွမ့်ချင့်ကို လှည့်ကြည့်သည်။ သူ၏ မျက်လုံးများထဲတွင် အေးစက်သည့် လူသတ်ငွေ့များဖြင့် ပြည့်နေခဲ့၏။
“ငါတို့ရဲ့ စီနီယာအစ်ကိုကြီးက မင်းအပေါ် ဘယ်လိုဆက်ဆံခဲ့လဲ စဉ်းစားကြည့်စမ်း။ သူ့ရဲ့ ညီအရင်းလေးလို မင်းအပေါ်မှာ ဆက်ဆံခဲ့တာ။ ဆရာ့မှာ အချိန်မရှိတဲ့အခါ သူကပဲ မင်းကို ဘယ်လို ကျင့်ကြံရမလဲဆိုတာ အဖေတစ်ယောက်လိုမျိုး သင်ပေးခဲ့တာ။ မင်းရဲ့ ကျင့်ကြံရေးမှာ ပြဿနာတစ်ခုခု ရှိခဲ့ရင်လည်း စီနီယာအစ်ကိုကြီးကိုပဲ ရှာပြီး မေးခဲ့တာမလား။ မင်းက နတ်ဘုရားကလန် က လူတွေကို ဦးဆောင်လမ်းပြပြီး စီနီယာအစ်ကိုကြီးကို ဘယ်လိုသတ်ခဲ့လဲ မှတ်မိသေးလား။ အဲဒါတောင်မှ မင်း အမှားလုပ်ခဲ့တာ ဘာမှမရှိဘူးတဲ့လား။”
“ငါတို့ရဲ့ စီနီယာအစ်ကိုကြီးက လမ်းမှန်ဓားအင်ပါယာ ဖြစ်တယ်။ သူ့ရဲ့ တစ်သက်နဲ့တစ်ကိုယ်မှာ နည်းနည်းလေးတောင် လိမ်လည်လှည့်ဖျားမှုမရှိဘဲ အလင်းထဲမှာပဲ နေပြီး အမှန်တရားကိုပဲ လက်ကိုင်ထားတယ်။ ငါတို့ ဂျူနီယာလေးတွေ ဘယ်အချိန်ပဲ လိုအပ်နေပါစေ သူက လက်လှမ်းကူဖို့ အသင့်ရှိနေပေမယ့် သူက သူ့ ဂျူနီယာညီလေးရဲ့ သစ္စာဖောက်တာ ခံခဲ့ရတယ်။ ဓားက ကျိုးသွားတဲ့အချိန်မှာ သူက ဘယ်သူ့ကိုမှ မကြည့်ခဲ့ဘဲ မင်းကိုပဲ ကြည့်ပြီး ဘာလို့လဲ လို့ မေးခဲ့တယ်။ အဲဒါက မင်း ဘယ်လောက်ထိ အမှားလုပ်ခဲ့လဲဆိုတာပဲ။”
ချင်ရွှမ်ကန်း၏ အသံက တင်းမာခက်ထန်နေပြီး စကားလုံးတိုင်းတွင် ပြစ်တင်ရှုံ့ချမှုတို့ ပါဝင်နေသည်။
သွမ့်ချင့်၏ အမူအရာက ပြောင်းလဲသွားပြီး ဘုံနန်းတော်အပြင်ဘက်ရှိ မရေတွက်နိုင်သည့် လူများမှာလည်း ချင်ရွှမ်ကန်း ပြောသည်များကို ရှင်းလင်းစွာ ကြားလိုက်ကြရသည်။ သူတို့သည် အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြ၏။ ထိုအချိန်နှင့်ပတ်သတ်သည့် ကောလာဟလများစွာ ရှိသော်လည်း ချင်ရွှမ်ကန်း ပြောပြခဲ့သော ဖြစ်ရပ်အမှန်တရားမှာ လူထုကို ထိတ်လန့်တုန်လှုပ်စေဆဲပင် ဖြစ်သည်။
ဘုံနန်းတော်သည် ထျန်းဟယ်မဟာအကြီးအကဲကို သစ္စာဖောက်ခဲ့ကြသည်။
“မင်း ငါတို့ရဲ့ စီနီယာအစ်ကို (၇) ကရော မင်းကို ဘယ်လို ဆက်ဆံခဲ့လဲ မှတ်မိသေးလား။ သူက သူ့ရဲ့ ညီမလေးကိုတောင် မင်းနဲ့ လက်ထပ်ပေးဖို့ ကတိပေးခဲ့တယ်။ မင်း အန္တရာယ်ကျခဲ့တဲ့အချိန်တုန်းက မင်းကို ကာကွယ်ဖို့အတွက် သူ့လက်တစ်ဖက်ကိုတောင် အဆုံးရှုံးခံခဲ့ရပြီး အသက်တောင် သေလုနီးပါးဖြစ်ခဲ့ရတယ်။ စီနီယာအစ်ကို (၇) နဲ့ သူ့ညီမတို့ သေတဲ့အချိန်မှာ မင်းကို ဘယ်လိုကြည့်သွားခဲ့လဲ မှတ်မိလား။ အဲဒါတောင်မှပဲ မင်းက ဘာမှမမှားဘူးလို့ ပြောထွက်ရဲသေးတယ်လား။”
ချင်ရွှမ်ကန်းက သူ့ကို ဆက်လက်ကာ စစ်မေးနေသည်။ ထိုအချိန်တွင် သူတို့ထဲမှ အများစု ထွက်ပြေးလွတ်မြောက်နိုင်သော်လည်း အရာအားလုံးသည် ဤသစ္စာဖောက် သွမ့်ချင့်ကြောင့် ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။ သူတို့ထဲမှ မည်သူကမှ သူတို့နှင့် အတူ ထွက်ပြေးခဲ့သော သွမ့်ချင့်သည် သူ၏ အကျိုးအမြတ်အတွက်နှင့် နတ်ဘုရားကလန် နှင့် တိတ်တဆိတ် လျှို့ဝှက်ကြံစည်ကာ သူတို့ကို ရောင်းစား၍ သုတ်သင်ရှင်းလင်းခဲ့လိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။
အဆုံးတွင် ဆရာကတော်နှင့် ဆရာတို့က အရာအားလုံး ပေးဆပ်တိုက်ခိုက်ခဲ့ကာ သေဆုံးလုဆဲဆဲ အခြေအနေနှင့် အဆုံးသတ်ခဲ့ရသည်။ ဆရာကတော်သည် တတ်နိုင်သမျှ အစွမ်းကုန်ကြိုးစား၍ သူတို့ကို အဝေးသို့ ပို့ဆောင်ပေးခဲ့သော်လည်း အဆုံးတွင် သူမက သူနှင့် ဖေးရွှီထွက်ပြေးလွတ်မြောက်နိုင်ရန် သူမကိုယ်သူမ စတေးခံခဲ့ရသည်။ သူ့အတွက်တော့ ထိုအချိန်ကာလသည် သူ့ဘဝ၏ အမှောင်မိုက်ဆုံးအပိုင်းဖြစ်သည်။ ဖေးရွှီအတွက်သာ မဟုတ်လျှင် သူသည် ပြန်လာ၍ သူ့ဇနီးနှင့်အတူ သေသည်ထိ တိုက်ခိုက်ရန် ရွေးချယ်လိမ့်မည် ဖြစ်သည်။
“ငါ ရွေးချယ်မှု လုပ်ဖို့ လိုအပ်ခဲ့တယ်။ အဲဒါက ခက်ခဲပေမယ့် ငါ့မိသားစုကို ငါ ရွေးချယ်ခဲ့တယ်။” သွမ့်ချင့်က ပြောသည်။ သူသည် စိတ်တိုနေဟန်တူသော်လည်း သူ၏ စိတ်က အနှောက်အယှက် ဖြစ်နေပုံမရပေ။ သူ့ဆရာနှင့် အစ်ကိုများက သူ့ကို ချစ်ခင်ကြပြီး သူတို့၏ သေဆုံးခြင်းအတွက် သူ့တွင် အပြစ်ရှိသည်မှာ မှန်သော်လည်း သူက ရွေးချယ်မှု မပြုခဲ့ပါက သူ၏ မိသားစုက မည်သို့ ဖြစ်လာမည်နည်း။
သို့ဆိုလျှင် ဘုံနန်းတော်ကရော မည်သို့ ဖြစ်လာမည်နည်း။
အရာအားလုံးက ဖျက်ဆီးခံလိုက်ရပေလိမ့်မည်။
“မိသားစုအတွက်လား။” ချင်ရွှမ်ကန်းက ခါးသက်စွာ ရယ်မောသည်။ “ငကြောက်တွေကပဲ သူတို့ရဲ့ အပြုအမူတွေအတွက် ဆင်ခြေ အမြဲ ရှာတတ်ကြတာ။ ဘုံအင်ပါယာက ငါတို့ ဆရာရဲ့ တံခါးရှေ့လာပြီး မင်း ဝင်ခွင့်ရအောင် မေးမြန်းခဲ့တုန်းက သဘောထား ဘယ်ရောက်သွားလဲ။ သူက ဆရာ့ကို ထျန်းဟယ်ဘုံရဲ့ အမှတ်သင်္ကေတလို့တောင် ခေါ်ခဲ့သေးတယ်။ ဒီနှစ်တွေအကြာကြီး အချင်းချင်း သိကျွမ်းခဲ့ကြတာ အခက်အခဲတွေကို အတူတူ တိုက်ခိုက်ခဲ့ကြတယ်လို့ ပြောရင်လည်း မမှားဘူး။ မင်းက စက်ဆုပ်ဖို့ကောင်းလောက်အောင် အယောင်ဆောင်ပြီး နတ်ဘုရားကလန် ရှေ့မှာ သူတို့ရဲ့ လက်ပါးစေအနေနဲ့ တိတ်တဆိတ် လုပ်ဆောင်ခဲ့တယ်။ အဲဒါတွေက အမှန်တော့ မင်းကိုယ့်ကိုယ်ကိုယ် ကာကွယ်ချင်လို့ပဲမလား။”
“ကိစ္စက ဒီလိုဆိုရင် မင်းက ဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်း အဆုံးသတ်ပြီး နတ်ဘုရားကလန် ဘက်မှာ ရပ်တည်နိုင်တယ်လေ။ အဲဒီလိုဆိုရင် နတ်ဘုရားကလန် က ဘုံနန်းတော်ကို ဖျက်ဆီးမှာတဲ့လား။” ချင်ရွှမ်ကန်းက သွမ့်ချင့်ကို ကြည့်ကာ မေးသည်။ “အဲဒါက မင်းပြောတဲ့ ဘာမှမမှားပါဘူးလို့ ပြောတဲ့ အဓိပ္ပါယ်လား။”
သူ့အသံသည် ကျောင်ဆောင်ကဲ့သို့ မာကျောနေပြီး လူတိုင်း၏ နှလုံးသားထဲကို လှိုင်းထန်သွားစေသည်။
သူက မိသားစုကို ကာကွယ်ရန် လုပ်ခဲ့သည့်အတွက် မည်သည့်အမှားမှ မလုပ်ခဲ့ဟု ပြောနေပေသည်။
ထိုသည်မှာ မြင့်မြတ်ဟန်ရှိသော ဆင်ခြေတစ်ခုသာ ဖြစ်သည်။ အမှန်တွင် ထျန်းဟယ်မဟာအကြီးအကဲ၏ အင်အားက အလွန် ကြီးမားလာပြီး ထျန်းဟယ်ဘုံ၏ တရားမဝင် ဘုရင်တစ်ပါးကဲ့သို့ ဖြစ်လာသည်။ ထို့ကြောင့် ဘုံနန်းတော်သည် နတ်ဘုရားကလန် ၏ လက်ကို ငှားကာ ထျန်းဟယ်မဟာအကြီးအကဲကို ဖျက်ဆီးရန် အစီအစဥ် ရေးဆွဲခဲ့၏။ ထို့နောက်မှပင် သူတို့က ထျန်းဟယ်ဘုံ၏ အစစ်အမှန် အုပ်ချုပ်သူများ ဖြစ်လာကြပေလိမ့်မည်။
“ချင်ရွှမ်ကန်း” အောင်မြင်ခန့်ညားသည့် အသံတစ်ခု ထွက်ပေါ်လာပြီး ဘုံအင်ပါယာက အပေါ်မှ ပျံသန်းထွက်လာသည်။ သူ၏ အကြည့်က ချင်ရွှမ်ကန်းပေါ်တွင် ရှိနေသည်။ သူက ကျယ်လောင်စွာ ပြောသည်။ “မင်းက သူများကို မေးခွန်းထုတ်မယ်ဆိုရင် အရာအားလုံးက မင်းကြောင့်ပဲ စခဲ့တယ်ဆိုတာ မတွေးမိဘူးလား။”
ချင်ရွှမ်ကန်းက ထျန်းဟယ်ဘုံအင်ပါယာကို ကြည့်ကာ နက်ရှိုင်းသည့် အသံနှင့် ပြောသည်။ “ကျုပ်မှာ အပြစ်ရှိတာ မှန်တယ်။ အဲဒါက ကျုပ်ပြန်လာရတဲ့အကြောင်းပဲ။”
အချို့အကြောင်းများက ဖြေရှင်းရန် လိုအပ်ပေသည်။
“မင်း ပြန်လာပြီဆိုတော့ နတ်ဘုရားကလန် ကို ကျုပ်တို့နဲ့ ပြန်လိုက်ခဲ့” တခြားတစ်ဖက်ရှိ နတ်ဘုရားကလန် မှ ချင်းယောင်၏ ခန္ဓာပေါ်မှ တောက်ပနေသည့် နတ်အလင်းတို့က ချင်ရွှမ်ကန်းပေါ်သို့ ကျဆင်းလာသည်။ ထို့ပြင် နတ်ဘုရားကလန် မှ အခြားတန်ခိုးရှင်များ၏ စွမ်းအားများကလည်း ချင်ရွှမ်ကန်းပေါ်သို့ ကျဆင်းလာကာ သူ့ကို ပိတ်ထားသည်။
ချင်ရွှမ်ကန်းက သူကိုယ်တိုင် ပြန်လာခဲ့သည်ဖြစ်ရာ သူသည် ယနေ့ ခေါ်ဆောင်သွားခံရမည် ဖြစ်ပြီး ထျန်းဟယ်မဟာအကြီးအကဲပင်လျှင် စွက်ဖက် တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။ ယနေ့တွင် နတ်ဘုရားကလန် မှ အစွမ်းထက်တန်ခိုးရှင်များက သူ့ကို ခေါ်ဆောင်သွားရန် ရောက်နေကြပြီ ဖြစ်သည်။
ချင်ရွှမ်ကန်း ပေါ်လာသည့် အခိုက်အတန့်တွင် အရာအားလုံးက ဆုံးဖြတ်ပြီးသား ဖြစ်သွားခဲ့ကာ မည်သူမှ ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ပေ။
“အဲဒါက ရတယ်။” ချင်ရွှမ်ကန်းက ချင်းယောင်ကို ကြည့်ကာ ပြောသည်။ “ဒါပေမယ့် အဲဒါမတိုင်ခင် သွမ့်ချင့်နဲ့ ကျုပ်ကြားက ကိစ္စကို ဖြေရှင်းရမယ်။”
နတ်ဘုရားကလန် မှ လူများက သူ့ကို စောင့်ကြည့်နေကြသည်။ သူတို့ ချက်ချင်း မလှုပ်ရှားရသည့် အကြောင်းရင်းမှာ ထျန်းဟယ်မဟာအကြီးအကဲက လက်ရှိတွင် ရှိနေပြီး သူတို့သည် သူ၏ အနေအထားကို မရှင်းသေးသောကြောင့် ဖြစ်သည်။
“ဆရာ.. ကျွန်တော် နောက်ဆုံးကိစ္စတစ်ခု ပြောချင်တာက ဘယ်သူမဆို ဝင်စွက်ဖက်ဖို့ ကြိုးစားတာနဲ့ ဘယ်သူပဲ ဖြစ်ပါစေ ဒီမထိုက်တန်တဲ့ တပည့် ကျွန်တော့ကို သတ်ပစ်ပြီး အိမ်တွင်းရှင်းလင်းရေး လုပ်ပစ်ပေးပါ။”
ချင်ရွှမ်ကန်းက ထျန်းဟယ်မဟာအကြီးအကဲကို ပြောသည်။ သူ၏ အသံတွင် ခိုင်မာပြတ်သားသည့် ဆုံးဖြတ်ချက်တို့ ပါဝင်နေပြီး နတ်ဘုရားကလန် မှ လူများကို သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။
ချင်ရွှမ်ကန်းသည် ထျန်းဟယ်မဟာအကြီးအကဲကို နတ်ဘုရားကလန် နှင့် မပတ်သတ်စေချင်သည့်အတွက် သူတို့တားဆီးရန် မပြောခဲ့ပေ။ ထို့အစား သူက ထျန်းဟယ်မဟာအကြီးအကဲကို သူ့အား သတ်ဖြတ်ရန် ပြောခဲ့၏။
“ကောင်းပြီ”
ထျန်းဟယ်မဟာအကြီးအကဲက ခေါင်းညိတ်ကာ သဘောတူသည်။ ကြောက်မက်ဖွယ် လမ်းစဥ်စွမ်းအားက ကျယ်ပြောသည့် နေရာတစ်ခုလုံးကို လွှမ်းခြုံသွားပြီး ချင်ရွှမ်ကန်းပေါ်ကို တိုက်ရိုက်ကျဆင်းသွားကာ သူက ချင်ရွှမ်ကန်းကို တိုက်ရိုက်သတ်ပစ်လိမ့်မည်ဟု သတိပေးနေသည်။
ထိုသည်မှာ နတ်ဘုရားကလန် မှ လူများကို စိတ်ပူပန်မှု ဖြစ်ပေါ်စေခဲ့သည်။
“သူက သွမ့်ချင့်နဲ့ တိုက်ခိုက်ချင်နေမှတော့ မင်း တိုက်ခိုက်ရမယ်။” ချင်းယောင်က ဘုံနန်းတော်မှ လူများကိုကြည့်ကာ ပြောသည်။ “ဘုံနန်းတော်က လူတွေ ဝင်မစွက်ဖက်ရဘူး။”
သူက ချင်ရွှမ်ကန်း၏ ရန်ငြိုးကို သူကိုယ်တိုင် ဖြေရှင်းနိုင်ရန် အခွင့်အရေးတစ်ခု ပေးနေသည်။
သို့သော် မည်သို့ အဆုံးသတ်သည်ဖြစ်စေ ချင်ရွှမ်ကန်း၏ ကံကြမ္မာက ပြောင်းလဲသွားလိမ့်မည် မဟုတ်ပေ။ နတ်ဘုရားကလန် က သူ့ကို ခေါ်သွားရန် ဆုံးဖြတ်ပြီး ဖြစ်ရာ အခြားရွေးချယ်စရာ မရှိတော့ပေ။
“ကောင်းပြီ” သွမ့်ချင့်ကလည်း ခေါင်းညိတ်ကာ ရှေ့သို့ ခြေလှမ်းလာခဲ့သည်။
“နှစ်များစွာကြာပြီးတဲ့နောက် ကျုပ်ကလည်း မင်းရဲ့ ကျင့်ကြံမှုက ဘယ်လောက် တိုးတက်လာလည်း မြင်ချင်မိပါရဲ့။”
ပညာရှိကျမ်း စွမ်းအားက ချင်ရွှမ်ကန်း၏ ခန္ဓာကိုယ်တွင် ချက်ချင်း ထွက်ပေါ်လာခဲ့သည်။ သူ ရှေ့သို့ လျှောက်လာသည်က လေထုကို ပြင်းထန်စွာ တုန်ခါသွားစေကာ မဟာလမ်းစဥ်၏ နတ်အလင်းများက သူ့ထံ စီးဆင်းလာကာ ချင်ရွှမ်ကန်း၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားခဲ့သည်။ ခဏအတွင်းတွင် သူ၏ ခန္ဓာကိုယ်က မဟာလမ်းစဥ် မီးပြင်းဖိုအဖြစ် ပြောင်းလဲသွားခဲ့ကာ လောကရှိ လမ်းစဥ်စွမ်းအားများကို သန့်စင်နေခဲ့သည်။
“ငါတို့ စီနီယာအစ်ကိုကြီးက မင်းကို မေးခွန်းထုတ်တဲ့အခါမှာ မင်းနည်းနည်းလေးတောင် နောင်တရမှုကို ခံစားခဲ့ဖူးရဲ့လား။”
ချင်ရွှမ်ကန်းက လှုပ်ရှားသည့်အခါ အသံတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးအကြား ကျယ်လောင်စွာ မြည်ဟီးကာ သွမ့်ချင့်၏ စိတ်ထဲတွင် ပေါက်ကွဲလာလေသည်။
ထိုကဲ့သို့ပင် သွမ့်ချင့်၏ ကိုယ်ပေါ်မှလည်း ရန်ဟောင်တစ်ပါး၏ ပြင်းထန်သော စွမ်းအားတို့က ပေါက်ကွဲထွက်လာသည်။ ချက်ချင်းပင် သူ၏ ဝတ်ရုံက တဖျတ်ဖျတ်လွင့်ပျံကာ တောက်ပသော ရွှေရောင် ရောင်ဝါတို့က သူ့ခန္ဓာကို လွှမ်းမိုးလာသည်။ ထို စွမ်းအား၏ အားကောင်းမှုက ချင်ရွှမ်ကန်းထက် အနည်းငယ်မျှပင် လျော့နည်းခြင်း မရှိချေ။
အဝေးမှ လူများပင် ထိုရန်ဟောင်နှစ်ပါး၏ စွမ်းအားများကို ခံစားမိပြီး အတွင်းမှ တုန်ယင်လာကြသည်။ အချို့သည် ပြင်းထန်သည့် ဖိအားကို တောင့်ခံရန် ခက်ခဲကာ နောက်သို့ ဆုတ်ခွာသွားကြရသော်လည်း ထျန်းဟယ်မဟာအကြီးအကဲနှင့် နတ်ဘုရားကလန် မှ တန်ခိုးရှင်များသည် ထိုနေရာ၌ မလှုပ်မယှက် ရပ်နေကြပေသည်။
ရီဖူရှင်းသည်လည်း ထိုနေရာတွင် ရပ်နေပြီး ထျန်းဟယ်မဟာအကြီးအကဲ နောက်၌ ရပ်ကာ သူ့ဆရာ၏ တိုက်ပွဲကို ကြည့်နေခဲ့သည်။
သူသည် ဤတိုက်ပွဲက သူ့ဆရာ၏ နောက်ဆုံးတိုက်ပွဲ ဖြစ်နိုင်သည်ကို သိရှိပေသည်။
အဆုံးမဲ့ မဟာလမ်းစဥ် ရောင်ဝါသည် အောက်သို့ ဖြာကျလာပြီး ချင်ရွှမ်ကန်းပေါ်သို့ ကျဆင်းလာသည်။ ထိုစာလုံးများသည် ကောင်းကင်၊ မြေကြီး၊ ရေ နှင့် မီး တို့ကို ကိုယ်စားပြုကာ သူ၏ ခန္ဓာကိုယ်ကို ဝန်းရံထားခဲ့သည်။ ရှေးဟောင်းစာလုံးများသည် အဆုံးမဲ့ လေဟာနယ်ကို လွှမ်းခြုံပြည့်နှက်နေသည်။ ၎င်းတို့သည် ကောင်းကင်ထက်တွင် လှုပ်ရှားနေပြီး သွမ့်ချင့်၏ ခန္ဓာအနီးတွင်လည်း မရေတွက်နိုင်သည့် စာလုံးသင်္ကေတများ ပေါ်ပေါက်လာသည်။
ကောင်းကင်နှင့် မြေကြီး၏ မဟာလမ်းစဥ်နှင့် လောကရှိ ဒြပ်စင်ငါးမျိုးသည် ချင်ရွှမ်ကန်း၏ ခန္ဓာကို ဗဟိုပြုကာ ဝင်္ကပါတစ်ခုအသွင် ဖြစ်တည်လာပြီး အစီအစဥ်တကျ လှုပ်ရှားနေကြသည်။ ၎င်းသည် ကောင်းကင်နှင့် မြေကြီး၏ မဟာလမ်းစဥ်ဝင်္ကပါဖြစ်သည်။ ဝင်္ကပါအတွင်းတွင် မရေတွက်နိုင်သည့် စာလုံးများက ချင်ရွှမ်ကန်းကို အတွင်း၌ ထားကာ လှည့်ပတ်နေပြီး အတွင်းတွင်လည်း တူညီသည့် ဝင်္ကပါတို့ ရှိနေကာ မဟာလမ်းစဥ် နတ်ဝင်ရိုးက လောကနှင့် တသားတည်း ဖြစ်နေသကဲ့သို့ ဖြစ်ပေသည်။
“ငါတို့ရဲ့ ညီအစ်ကိုတွေက ဝမ်းနည်းပူဆွေးမှုတွေနဲ့ သေဆုံးခဲ့ရတယ်။ သူတို့ သေတဲ့အခိုက်အတန့်မှာ မင်းကို သူတို့တွေ ကြည့်တဲ့အခါ မင်း ဘယ်လိုနောင်တမှ မခံစားခဲ့ရဘူးလား။” ချင်ရွှမ်ကန်းက ထပ်မေးသည်။ သူက ရှေ့သို့ ဆက်လက်ကာ ခြေလှမ်းသည်။ မဟာလမ်းစဥ် နတ်ဝင်ရိုး၏ လုပ်ဆောင်မှုအောက်တွင် မတူညီသည့် လမ်းစဥ်စွမ်းအားများက ဝင်္ကပါအတွင်း ပေါ်ပေါက်လာသော်လည်း ၎င်းတို့အားလုံးတွင် လောကကို ဖျက်ဆီးပစ်နိုင်သော ပြင်းထန်သည့် ဖိအားတို့ ပါဝင်နေသည်။
ထိုအခိုက်တွင် သွမ့်ချင့်သည် ဖိအားကို ခံစားမိလိုက်သော်လည်း သူက အရေးတယူမလုပ်ခဲ့ပေ။ သူ၏ ဤဂျူနီယာညီလေးက ယခင်က ထိပ်တန်းပါရမီရှင် မဟုတ်ခဲ့သော်လည်း သူ၏ ကိုယ်ပိုင် နည်းလမ်းကို ဖန်တီးကာ ကျင့်ကြံခြင်းကို ဖြတ်သန်းနိုင်ခြင်းကြောင့် သူတို့ဆရာ၏ အရေးပေးခြင်းကို ခံခဲ့ရသည်။ ကြည့်ရသည်မှာ သူသည် အမှန်တကယ်ပင် ကိုယ်တိုင် တစ်စုံတစ်ခုကို ပြုလုပ်နိုင်ခဲ့ပြီး ပညာရှိကျမ်းကို မဟာလမ်းစဥ် နတ်ဝင်ရိုးနှင့် ပေါင်းစပ်နိုင်ခဲ့ပုံရလေသည်။
သို့သော် သွမ့်ချင့်သည်လည်း အားနည်းခြင်း မရှိပေ။
နတ်ဝင်ရိုး၏ စွမ်းအား ပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ် နတ်အလင်းတို့က နယ်မြေတစ်ခုလုံးကို ဖြတ်၍ လင်းထိန်သွားကာ လောကဝင်္ကပါကို ဆန့်ကျင်တိုက်ခိုက်လေသည်။ လေထဲတွင် ထိုအင်အားနှစ်ခု ထိပ်တိုက်တွေ့ဆုံသည့်အခါ စူးရှပြင်းထန်သည့် ကြောက်မက်ဖွယ် အသံတစ်ခု ထွက်ပေါ်လာလေသည်။
ချင်ရွှမ်ကန်းသည် သူ့ကို နောင်တရသလားဟု မေးနေသည်။
သူ မရခဲ့ပေ။ သူလုပ်ခဲ့သည့် ကိစ္စက အခြားသူများအတွက် နာကျင်စရာ ဖြစ်ခဲ့လျှင်ပင် သူက မည်သို့မှ မမှားခဲ့ပေ။
အဆုံးမှာတော့ ဆရာနှင့် မိသားစုအကြားတွင် ကွာခြားချက် ရှိနေခဲ့သည် မဟုတ်ပါလား။ လူတိုင်းသည် တစ်ကိုယ်ကောင်းသမားများသာ ဖြစ်ကာ မိသားစုသည်သာ အရာရာ ဖြစ်သည်။ မိသားစုနှင့် ဆရာအကြားရွေးချယ်ရလျှင် အထူးသဖြင့် ဆရာက ဝန်းရံတိုက်ခိုက်မှုအောက် ကျရောက်နေခဲ့သည့်အခါ သူက တတ်နိုင်သမျှ အကောင်းဆုံး ရွေးချယ်မှုကို လုပ်ခဲ့ခြင်း ဖြစ်သည်။
ချင်ရွှမ်ကန်းက သွမ့်ချင့်၏ မျက်လုံးများထဲ ကြည့်သည့်အခါ အဖြေကို သိခဲ့ပေသည်။
ပညာရှိကျမ်း၏ စွမ်းအားအောက်တွင် မဟာလမ်းစဥ် မီးပြင်းဖိုအဖြစ် ပြောင်းလဲသွားကာ နတ်အလင်းတို့က တောက်ပသထက် တောက်ပလာသည်။ သူ၏ မျက်ခုံး chakra မှ သန့်စင်သည့်အလင်းတို့က မဟာလမ်းစဥ်ဝင်္ကပါဆီသို့ စီးဆင်းသွားခဲ့သည်။ ၎င်းတို့သည် ရှေးဟောင်းစာလုံးများအသီးသီးထံ ပျော်ဝင်သွားခဲ့၏။ ထိုအချိန်တွင် သူက မျက်လုံးများကို မှိတ်သည်။ မရေတွက်နိုင်သည့် စာလုံးများတွင် ချင်ရွှမ်ကန်း၏ စွမ်းအားများ ပါဝင်နေသည်ဟု ထင်မှတ်ရပေသည်။ အလွန် ကြောက်မက်ဖွယ် ခြိမ်းခြောက်မှုတို့ ပါဝင်နေသည့် တိုက်ခိုက်မှုက သွမ့်ချင့်ထံ တိုးဝင်သွားသည်။
သွမ့်ချင့်၏ လက်များက ချိပ်စည်းသဏ္ဌာန် ပုံဖော်လိုက်ကာ သူ့ ခန္ဓာကိုယ်က ရုတ်တရက် အလွန်တရာကြီးမားလာသည်။ ရွှေရောင်နတ်အလင်းတို့ အောက်တွင် သူ့ခန္ဓာကိုယ်သည် နတ်ဘုရားရုပ်တုတစ်ခုကဲ့သို့ ပြောင်းလဲသွားသည်။ ချင်ရွှမ်ကန်းထံမှ အားကောင်းလှသည့် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့်အခါ သူသည် ခေတ္တမျှ ခုခံကာကွယ်သည့် အနေအထားယူလိုက်ရသည်။
ဘန်း...
ချင်ရွှမ်ကန်းသည် နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်ပြီး ထိုရုပ်တု၏ ခေါင်းထက်သို့ ဦးတည်သွားလေသည်။ သူ၏ မျက်လုံးများက ပိတ်ထားဆဲဖြစ်သော်လည်း အပြင်ဘက်လောကရှိ အရာအားလုံးကို သူ့စိတ်ထဲတွင် မြင်တွေ့နိုင်ပေသည်။
ချင်ရွှမ်ကန်းသည် သူ၏ ခေါင်းကို အနည်းငယ် မော့သည်။ ထိုအချိန်တွင် သူ့ခန္ဓာကိုယ်သည် မီးပြင်းဖိုအောက်၌ လောင်ကျွမ်းသွားတော့မည်ဟု ထင်မှတ်ရကာ သူ၏ စွမ်းအားများက လောင်ကျွမ်းနေသည်။ လောကဝင်္ကပါကို ဝန်းရံထားသည့် ရှေးဟောင်းစာလုံးများက တစ်ဖန် ကျဆင်းလာသည်။ ကောင်းကင်ထက်တွင် မရေတွက်နိုင်သော မဟာလမ်းစဥ် စာလုံးများက ပေါ်ပေါက်လာပြီး အဆုံးမရှိသကဲ့သို့ ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။
ထိုအချိန်၌ ချင်ရွှမ်ကန်းသည် နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်သည်။ သူ၏ လက်များက ချိပ်စည်းသဏ္ဌာန် ပုံဖော်နေပြီး ကောင်းကင်နှင့် မြေကြီးကြားမှ အားလုံးသော စာလုံးများက သူ့ထံသို့ ရောက်ရှိလာကာ သူ့စိတ်အတွင်း ခန္ဓာအတွင်း နတ်မီးပြင်းဖိုအတွင်း ပျော်ဝင်လာသည်။
အဆုံးမဲ့နတ်အလင်းများ ကျဆင်းလာသည့်အခါ ချင်ရွှမ်ကန်းသည် အလွန် ပြင်းထန်သည့် စွမ်းအားတချို့ကို စုပ်ယူနေသည်ဟု ထင်မှတ်ရသည်။ သူ၏ မှိတ်ထားသော မျက်လုံးတို့မှ သွေးတို့ စီးကျလာကာ မြင်နေရသူတို့ကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
“နောင်တမရဘူးလား”
ချင်ရွှမ်ကန်းက ရေရွတ်လိုက်သည့်အခါ နတ်ဘုရားကလန် မှ တန်ခိုးရှင်များက မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့ထဲမှ တစ်ယောက်က ချက်ချင်းပင် ပြင်းထန်သည့် စွမ်းအားတို့ကို ထုတ်လွှတ်လိုက်ပြီး ချင်းယောင်သည်လည်း တစ်ခုခု မူမမှန်သည်ကို ခံစားမိလိုက်ပေသည်။ သူက ပြောလိုက်၏။ “သူ့ကို တားစမ်း”
သို့သော်လည်း ထိုအခိုက်တွင် နှိုင်းယှဥ်မရအောင် ပြင်းထန်သည့် နတ်အလင်းက ကျဆင်းလာခဲ့သည်။ ထိုသည်မှာ ချင်ရွှမ်ကန်း၏ ခန္ဓာကိုယ်မှ ခွဲထွက်လာသော သူ၏ စိတ်ဝိညာဥ်ဖြစ်ကာ ကောင်းကင်မှ နတ်အလင်းများက ၎င်း၏ အပေါ်သို့ ကျဆင်းလာပေသည်။ ယင်းသည် သွမ့်ချင့်၏ အရှေ့၌ နတ်ဘုရားတစ်ပါးကဲ့သို့ ဆင်းသက်လာခဲ့ကာ လက်တစ်ချောင်းကျဆင်းလာသည့်နှင့်အတူ မရေတွက်နိုင်သည့် စာလုံးသင်္ကေတများလည်း လိုက်ပါကျဆင်းလာပေသည်။
ချက်ချင်းပင် သွမ့်ချင့်၏ စိတ်ဝိညာဥ်သည် မဟာလမ်းစဥ် နတ်အလင်းတို့ဖြင့် ထိုးဖောက်ခံလိုက်ရကာ အကြိမ်ပေါင်းများစွာ အရူးအမူး ထိုးဖောက်ခံနေရပေသည်။ သူ့မျက်နှာထက်တွင် ကြီးစွာသော အကြောက်တရားတို့ ဖြစ်ပေါ်လာပြီး သွေးရောင်တို့ပင် ပျောက်ဆုံးသွားခဲ့ပေသည်။
“အခု မင်း နောင်တရပြီလား” အသံတစ်ခုသည် သွမ့်ချင့်၏ ဖျက်ဆီးခံနေရသော စိတ်ဝိညာဥ်မှ ထွက်ပေါ်လာကာ သူ့မျက်နှာသည် ကြောက်ရွံ့ထိတ်လန့်ခြင်းသို့ ပြောင်းလဲသွားခဲ့သည်။ ထိုအချိန်တွင် သူ၏ အသက်က ကုန်ဆုံးရန် လက်တစ်ကမ်းအလိုတွင် ဖြစ်နေသည်ဟု ထင်မှတ်ရကာ သူသည် ထျန်းဟယ်မဟာအကြီးအကဲ၏ လက်အောက်၌ ကျင့်ကြံခဲ့သည့် အချိန်ကာလများကို တွေးတောမိပေသည်။ သူသည်လည်း သူ၏ စီနီယာအစ်ကိုများ မသေဆုံးမီ သူတို့ထံမှ စိတ်ပျက်ဝမ်းနည်းမှုတို့ကို စဥ်းစားမိခဲ့သည်။
အမှန်တကယ်ပင် သူ နောင်တမရခဲ့ဖူးသည်လား။
ဘန်း...
တောက်ပသည့် နတ်အလင်းက ကျဆင်းလာပြန်ကာ သွမ့်ချင့်၏ ခန္ဓာကိုယ်က တုန်ယင်နေသည်။ ထို့နောက် သူက ကောင်းကင်မှ ပြုတ်ကျလာခဲ့ကာ သူ့ စိတ်ဝိညာဥ်က ကွဲကြေကာ အငွေ့အဖြစ် ပြောင်းလဲသွားခဲ့ပေသည်။
***