ပြန်လည်မွေးဖွားခြင်းသမူဟဖြစ်ခြင်
Vol. 128 Ch. 1770
အချိန်အတန်ကြာပြီးနောက် ချင်းလင်သည် မျက်မှောင်ကြုတ်သွားသည်။ သူက ရှေ့ဖြစ်ဟောသူကိုယ်ပွားစိတ်ဝိညာဉ်ထံမှ သူ့နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းကာ ၎င်းကို ဝမ်လင်းထံ ပြန်ပေးလိုက်သည်။
“ဘာမှ မှားယွင်းနေတာ မရှိဘူး။ ဒီစိတ်ဝိညာဉ်ဟာ တခြားကိုယ်ပွားစိတ်ဝိညာဉ်တွေနဲ့ ကွာခြားမှု မရှိဘူး။ ၎င်းဟာ အလွန်အားနည်းနေပြီး အချိန်မရွေး သေသွားနိုင်တဲ့ပုံပဲ…”
“သင်လည်း ဒါကို ရှာမတွေ့ဘူးလား…” ဝမ်လင်းသည် အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်၏။ “ဒီလိုဆိုရင်ရော။ ငါ ဒီစိတ်ဝိညာဉ်နဲ့ ပေါင်းစပ်လိုက်မယ်။ သင့်ရဲ့ နတ်ဘုရားအာရုံက ငါ့အနှစ်သာရတွေမှာ ပြောင်းလဲမှု ရှိ၊မရှိ မြင်ရအောင်လို့ ငါ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လိုက်…”
ချင်းလင်က ခေါင်းညိတ်လိုက်၏။
ဝမ်လင်းက ရှေ့ဖြစ်ဟောသူ၏ကိုယ်ပွားစိတ်ဝိညာဉ်ထံ အပြည့်အဝ ပေါင်းစပ်နေစဉ် တစ်စုံတစ်ယောက်၏ နတ်ဘုရားအာရုံက သူ့ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်နေပါက အလွန်အန္တရာယ် များပေလိမ့်မည်။ တဖက်လူက မကောင်းကြံပါက ဝမ်လင်းကို အကြီးအကျယ် ထိခိုက်စေမည် ဖြစ်၏။
သို့သော် ဝမ်လင်းက ချင်းလင်ကို ယုံပေသည်။ သူတို့က အချိန်များစွာ အတူတူ မရှိခဲ့ကြသော်လည်း သူတို့နှစ်ယောက်ကြား၌ ဖြစ်ပျက်ခဲ့သမျှက သူ ချင်းလင်အပေါ် ယုံကြည်ရန် လုံလောက်ပေသည်။
ချင်းလင်က ဝမ်လင်း၏စကားကို ကြားသည့်အခါ စိတ်လှုပ်တရှား ဖြစ်မိ၏။ သူက ဝမ်လင်းကို ကောင်းကောင်းနားလည်ကာ ဝမ်လင်း မည်မျှ သတိရှိသည်ကိုလည်း သိရှိထား၏။ ဝမ်လင်း၏ ခုပြောလာသော စကားများက သူ့အပေါ် ယုံကြည်မှု ရှိခြင်းကို ပြသနေပေသည်။
ဝမ်လင်းက စကားထပ်မဆိုတော့ဘဲ ချင်းလင်ရှေ့၌ ထိုင်ချလိုက်၏။ သူ၏ရှေ့တွင် ရှေ့ဖြစ်ဟောသူ၏ကိုယ်ပွားစိတ်ဝိညာဉ် ရှိနေသည်။ သူက မျက်လုံးမှိတ်ကာ ရှေ့ဖြစ်ဟောသူ ကိုယ်ပွားစိတ်ဝိညာဉ်နှင့် ပေါင်းစပ်လိုက်သည်။
ဘေးတစ်ဖက်ရှိ ချင်းလင်၏မျက်လုံးတို့မှာ တောက်ပနေသည်။ သူက စိတ်တည်ငြိမ်စေကာ သူ့နတ်ဘုရားအာရုံကို ဝမ်လင်းထံ ဝင်ရောက်စေပြီး ဂရုတစိုက် စောင့်ကြည့်နေသည်။ ထိုအခါ ချင်းလင်မှာ တုန်ယင်သွားပြီး သူ၏မျက်လုံးထဲ၌ မယုံကြည်နိုင်ဖြစ်မှုတို့ ပြည့်နှက်သွားသည်။
“အနှစ်သာရခုနစ်ခု။ အရင်တုန်းက ဝမ်လင်းမှာ အနှစ်သာရခြောက်ခု ရှိတယ်လို့ ငါ ကြားခဲ့ဖူးတယ်။ ခြောက်ခုတောင် အံ့မခန်းဖြစ်နေပြီ။ ဒါပေမဲ့ အခုက ခုနစ်ခုတောင် ရှိနေတယ်။ ဒီဝမ်လင်းက အနှစ်သာရခုနစ်ခု ပိုင်ဆိုင်အောင် ဘယ်လိုများ ကျင့်ကြံခဲ့တာလား…။ ဒါဟာ…တကယ်ပဲ အံ့အားသင့်စရာ ကောင်းလွန်းနေပြီ…”
ချင်းလင်က အသက်ဝဝရှိုက်သွင်းလိုက်ကာ ဝမ်လင်းကို တုန်လှုပ်စွာ ကြည့်မိလေ၏။
သို့ပေမည့် သူ့ကို ပို၍ တုန်လှုပ်သွားစေသည်မှာ သူ့နတ်ဘုရားအာရုံ ဝမ်လင်း၏ခန္ဓာကိုယ်ထဲ ဝင်ရောက်လာစဉ် သူက အနှစ်သာရများကို ခံစားမိရုံသာမက သူ့စိတ်နှလုံးကို တုန်ယင်စေသည့် နောက်ထပ်စွမ်းအားတစ်ခုကိုပါ ခံစားမိလိုက်ခြင်းပင်။ ထိုစွမ်းအားက သူ့ကို ပုရွတ်ဆိတ်တစ်ကောင်အလား ခံစားမိသွားစေသည်။ သူ့ကို ထိုမျှ တုန်လှုပ်စေသော အော်ရာမှာ ဝမ်လင်း၏ သွေးမျိုးဆက်ပင်။
သည်သွေးမျိုးဆက်ထံမှ ထွက်ပေါ်နေသော အော်ရာသည် အလွန်ရှေးကျကာ လောကအစတည်းက တည်ရှိနေပုံ ရ၏။ သက်ရှိအားလုံးက ထိုအော်ရာရှေ့တွင် ကြောက်ဒူးတုန်ကာ ဦးညွှတ်မိနိုင်သည်။ ယင်းအော်ရာသည် အလွန်တရာ လွှမ်းမိုးနိုင်လွန်း၏။
ချင်းလင်၏မျက်နှာသည် ချက်ခြင်း ဖြူရောသွားကာ သူက နောက်သို့ ခြေလှမ်းအနည်းငယ်ပင် အလိုလို ဆုတ်မိသွားသည်။ သူ ဝမ်လင်းထံသို့ ကြည့်နေသော အကြည့်၌ တုန်လှုပ်မှု မရှိတော့ဘဲ ကြောက်လန့်မှု အစားထိုး ဝင်ရောက်လာခဲ့ပေပြီ။
“သူ့မှာ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ် ပိုင်ဆိုင်ထားတာ ငါ သိတယ်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်က ထွက်ပေါ်လာတဲ့ အော်ရာဟာ ရှေးဟောင်းနတ်ဘုရား ပိုင်ဆိုင်တာ မဟုတ်ဘူး။ ဒီအော်ရာက ဘာများလဲ။ ကြောက်ဖို့ ကောင်းလွန်းလှတယ်…”
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက သူ့စိတ်ကိုယ်သူ တည်ငြိမ်စေကာ ဝမ်လင်းကို စတင်စောင့်ကြည့်ပေးတော့၏။ ဤအခိုက်မှာ ဝမ်လင်းသည် ရှေ့ဖြစ်ဟောသူ၏ကိုယ်ပွားစိတ်ဝိညာဉ်နှင့် ပေါင်းစပ်နေချိန်ဖြစ်၍ အရေးကြီးသောအချိန်ပင်။
သူ စောင့်ကြည့်နေစဉ် ချင်းလင်၏အမူအရာက ရုတ်တရက် ပြောင်းလဲသွား၏။ သူက ဝမ်လင်း၏ခန္ဓာကိုယ်ထဲရှိ အနှစ်သာရတစ်ခုစီသည်၊ အထူးသဖြင့် အတားအဆီးအနှစ်သာရသည် အစိတ်အပိုင်းတစ်ခု ကွဲထွက်ကာ ဝမ်လင်း၏ထိန်းချုပ်မှုကနေ လွတ်ကင်းသွားသည်ကို သူ ခပ်ရေးရေး ခံစားမိလိုက်၏။
ဝမ်လင်းသည်ပင် ထိုသို့ပုံစံမျိုး သတိမပြုမိဘဲ တစ်ခုခုမှားယွင်းနေသလိုသာ ခံစားမိခဲ့၏။
ဝမ်လင်း ရှေ့ဖြစ်ဟောသူစိတ်ဝိညာဉ်နှင့် ပေါင်းစပ်နေချိန်၌ အတားအဆီးအနှစ်သာရ အမျှင်တန်းတစ်ခုသည် ဝမ်လင်း၏ကိုယ်တွင်း၌ မြန်ဆန်စွာ လှည့်ပတ်သည်။
“တစ်ခုခုတော့ မှားနေပြီ…” ချင်းလင်က ပို၍ တွေ့မြင်လေလေ ထူးဆန်းမှုကို ပိုခံစားမိလေပင်။ တုံ့နှေးမနေဘဲ သူက ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားသို့ ညွှန်လိုက်သည်။
“ရပ်တန့်ခြင်းမန္တာန်…” ထိုလက်ညွှန်ချက်ဖြင့် ဝမ်လင်း၏ခန္ဓာကိုယ်မှာ တုန်ယင်ကာ ရပ်တန့်သွားသည်။ သူ၏ခန္ဓာကိုယ်တွင်းရှိ အရာအားလုံးသည်လည်း ရပ်တန့်ခြင်းမန္တာန်ကြောင့် တန့်သွားလေသည်။
ထို့နောက် ချင်းလင်၏ လက်ချောင်းက ဝမ်လင်း၏ရင်ဘက်ပေါ်သို့ ကျရောက်၏။ သူက ဝမ်လင်း၏ရင်ဘက်ထံမှ အမျှင်တန်းတစ်ခုကို ထုတ်ယူကာ ၎င်းက သူ့လက်ချောင်းပတ်လည်၌ ခြုံလွှမ်းသည်။
ချင်းလင်က ထိုအမျှင်တန်းကို စိုက်ကြည့်ကာ သူ့မျက်လုံးသည် တလက်လက် ဖြစ်လာ၏။ ထိုအမျှင်တန်းသည် ၎င်းဘာသာ ရွှေ့လျားကာ အတားအဆီးအနှစ်သာရ၏ အစိတ်အပိုင်းတစ်ခုပင်။ ချင်းလင်၏နတ်ဘုရားအာရုံက ၎င်းပေါ်သို့ ကျရောက်နေ၏။ သူက ၎င်းထံ ဝင်ရောက်သည့်အခါ သူ့စိတ်မှာ တုန်ယင်သွားပြီး သူ့ပတ်လည်ရှိ လောကသည် ဗရမ်းဗတာ ဖြစ်သွားသည်။ သူ့အမြင် ပြန်ကြည်လင်လာသည့်အခါ၌ သူ့ရှေ့တွင် ရင်းနှီးသော ကြယ်အဖွဲ့အစည်းတစ်ခုကို တွေ့မြင်လိုက်ရသည်။
ထိုကြယ်အဖွဲ့အစည်းမှာ ဆင့်ခေါ်ခြင်းမြစ် ဖြစ်၏။
“ဝမ်လင်းရဲ့ အတားအဆီးအနှစ်သာရဟာ သူ့ဟာသူ အဲ့နေရာဆီ ရွှေ့လျားသွားနေတယ်…” ချင်းလင်က သူ့နတ်ဘုရားအာရုံဖြင့် သူ၏ရှေ့ရှိ အမျှင်တန်းကို ကြည့်သည်။ ထိုအမျှင်တန်းက အကွာအဝေးတစ်ခုထိ ချဲ့ကားသွားကာ အဆုံးမသပ်မည့်အလား။
ချင်းလင်၏မျက်လုံးထဲ၌ အေးစက်မှု လှစ်ခနဲ ပေါ်ကာ သူက ထိုအမျှင်တန်းနောက်သို့ လိုက်ပါသွားသည်။
“ငါ ရှေ့ဖြစ်ဟောသူရဲ့ မူလခန္ဓာကိုယ်ဟာ ပြဿနာတစ်ခု ဖြစ်နိုင်မလား မြင်ချင်မိတယ်…” ချင်းလင်၏အမူအရာမှာ သုန်မှုန်နေ၏။ သူက အကွာအဝေးတစ်ခုထံ ဦးတည်သွားသော ထိုအမျှင်တန်းနောက်သို့ လိုက်ပါလာသည်။
အမွှေးတိုင်တစ်တိုင်ဝက်စာ ကြာမြင့်ပြီးနောက် ချင်းလင်က အကွာအဝေးတစ်ခု လိုက်လံလာခဲ့ပေပြီ။ သို့ပေမည့် ထိုအမျှင်တန်း ချဲ့ကားသွားသော နေရာ၌ ခုနစ်ရောင်စုံအလင်းတစ်ခု ပေါက်ကွဲထွက်လာသည်။
ထိုခုနစ်ရောင်စုံအလင်း ပေါ်လာသည့်အခါ ရှေးကျသောအသံတစ်သံ ပဲ့တင်ထပ်သည်။
“ချင်းလင်…ဒါဟာ မင်း ဝင်ရှုပ်သင့်တဲ့ အရာ မဟုတ်ဘူး။ ဒီအဘိုးအတွက် အခု ထွက်သွားစမ်း…” ထိုအသံနှင့်အတူ ခုနစ်ရောင်စုံအလင်းက ပြင်းထန်စွာ လင်းလက်၏။ ၎င်းက ဓားသွားတစ်လက်အဖြစ် ပြောင်းကာ ဝမ်လင်းထံ ခုတ်ပိုင်းချသည်။
ထိုဓားသွားက ဒီကြယ်အဖွဲ့အစည်းတစ်ခုလုံးကို သိမ်းပိုက်ထားလုနီးနီးပင်။ ၎င်းသည် ရွှေ့လျားလာစဉ် ကြယ်အဖွဲ့အစည်းတစ်ခုလုံးသည် တုန်ယင်၏။ ချင်းလင်၏မျက်လုံးများမှာ ကျဉ်းမြောင်းသွားသည်။ သူက လှုပ်ရှားနေခြင်းကို ရပ်တန့်ကာ သူ့လက်နှစ်ဖက်ကို ဖြန့်ကားပြီးနောက် ချိပ်ဟန်တစ်ခု ဖြစ်ပေါ်စေလိုက်သည်။
“ကြယ်၊လ၊နေ…အလင်းသုံးခု အကာအကွယ်…။ဓားသုံးလက်…မြစ်ကို ဖွင့်လှစ်ခြင်း…”
ကြယ်အလင်း၊လအလင်း၊နေအလင်းတို့က ချင်းလင်ပတ်လည်တွင် စုဝေးလာကာ အရံအတားတစ်ခု ဖြစ်ပေါ်ပြီး သည်ဓားသွားနှင့် ထိပ်တိုက်တွေ့သည်။
ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်ကာ ဓားသွားသည် ပျက်စီးသွား၏။ ၎င်း၏ပျက်စီးမှုက ချင်းလင်ကို တုန်ယင်စေကာ သူသည် ဒီကြယ်အဖွဲ့အစည်းကနေ ပျောက်ကွယ်သွားတော့သည်။
ကောင်းကင်ဘုံနယ်မြေသစ်ရှိ နှင်းဖုံးတောင်တန်းပေါ်၌ ချင်းလင်၏လက်ထဲရှိ အမျှင်တန်းသည် ပျက်စီးသွားလေ၏။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ရကာ သူ၏မျက်နှာသည် အလွန်အမင်း ဖြူရောသွားသည်။
ဝမ်လင်းသည်လည်း တုန်လှုပ်မိနေ၏။ ရပ်တန့်ခြင်းမန္တာန် ပျက်ပြယ်သွားသည်။ သူက ပေါင်းစပ်ခြင်းကနေ ခွာထွက်ကာ မျက်လုံးဖွင့်လာ၏။
ချင်းလင်က ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ငါ ရှေ့ဖြစ်ဟောသူကို လုံးဝ မတွေ့ခဲ့ဘူး။ ဒါပေမဲ့ ခုနစ်ရောင်စုံအလင်းကိုတော့ မြင်ခဲ့တယ်။ မင်း ပေါင်းစပ်နေတဲ့အချိန်မှာ မင်းရဲ့ အတားအဆီးအနှစ်သာရဟာ ဆန်းပြားတဲ့အားတစ်ခုကြောင့် ဆင့်ခေါ်ခြင်းမြစ်ရှိ ချဲ့ကား သွားတယ်။ ငါ အဲ့အနှစ်သာရအမျှင်တန်းနောက် လိုက်ခဲ့ပေမဲ့ ခုနစ်ရောင်စုံဓားသွားရဲ့ ဖြတ်တောက်ခြင်း ခံခဲ့ရတယ်…”
“ဆင့်ခေါ်ခြင်းမြစ်…” ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။
“ငါခန့်မှန်းတာ မမှားရင် မင်းလက်ထဲက စိတ်ဝိညာဉ်ဟာ သူနဲ့ ချိတ်ဆက်မှု ရှိနေလောက်တယ်။ ဒီစိတ်ဝိညာဉ်ကနေ တဆင့် သူဟာ မင်းရဲ့ အနှစ်သာရကို ခိုးယူနေတာပဲ။ ဒီလူဟာ ဒီလိုနည်းကို တကယ်ပဲ တွေးမိတယ်။ ဒါပေမဲ့ သူ ဒီလိုမျိုး ဘယ်လိုများ လုပ်ခဲ့တာလဲ။ ကိုယ်ပွားလေးနဲ့ မင်းရဲ့ အနှစ်သာရကို သူ ဘယ်လိုများ ခိုးယူနိုင်ရတာလဲ…”
“ပြီးတော့ နောက်ထပ် အဓိပ္ပာယ်မရှိတဲ့ အရာတစ်ခု ရှိသေးတယ်။ သူဟာ မင်းရဲ့အနှစ်သာရကို တကယ်ပဲ ခိုးယူတယ်ဆိုရင် မင်းရဲ့ အနှစ်သာရဟာ ဘာကြောင့် မလျော့ပါးသွားရတာလဲ။ ဒါ့အပြင် ဒီလူနဲ့ ပတ်သတ်လို့ ထူးဆန်းတာ တစ်ခု ရှိသေးတယ်။ သူ အသုံးပြုခဲ့တဲ့ မန္တာန်ဟာ ရိုးရှင်းပေမယ့် ဒီလောကတစ်ခုလုံးရဲ့ စွမ်းအားပါဝင်နေတယ်…” ချင်းလင်က အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။
ဝမ်လင်း၏မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်သည် ပို၍ ပြင်းထန်လာသည်။ သူက တော်တော်များများကို စဉ်းစားကြည့်ခဲ့၏။ သို့သော် သူ နားမလည်နိုင် ဖြစ်နေသေးသည်။
“သူဟာ ပုံတူကူးခြင်းနဲ့ ဆင်တူတဲ့ နည်းလမ်းတစ်ခုကို အသုံးပြုတာများ ဖြစ်နိုင်မလား…” ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာ၏။
ထိုအခိုက်တွင် သည်နှင်းဖုံးတောင်တန်း၌ ရှေးကျသောအသံတစ်သံ ထွက်ပေါ်လာကာ ဝမ်လင်းနှင့် ချင်းလင်တို့၏နားထဲသို့ ဝင်ရောက်လာတော့သည်။
“ငါ့ရဲ့ အစောပိုင်းနှစ်တွေတုန်းက ငါ မန္တာန်တစ်ခုကို ကြားခဲ့ဖူးတယ်။ အဲ့မန္တာန်ကို ပြန်လည်မွေးဖွားခြင်းသမူဟမန္တာန်လို့ ခေါ်တယ်…” ထိုအသံနှင့်အတူ အပြာရောင်အလင်းတစ်ခု ကောင်းကင်ထက်တွင် ပေါ်လာသည်။ တာအိုသခင်အိပ်မက်ပြာက နှင်းဖုံးတောင်တန်းထံ လှမ်းလျှောက်လာချေသည်။
“ချင်းလင်က စီနီယာတာအိုသခင်ကို နှုတ်ဆက်ပါတယ်…” ချင်းလင်သည် မင်သက်သွားကာ တာအိုသခင်အိပ်မက်ပြာထံ လက်နှစ်ဖက် ဆုပ်၍ ဆိုသည်။
“ပြန်လည်မွေးဖွားခြင်းသမူဟမန္တာန်…” ဝမ်လင်းသည် မျက်မှောင်ကြုတ်သွားသည်။
တာအိုသခင်အိပ်မက်ပြာက တောင်ပေါ်သို့ ခြေချကာ ပြုံး၍ ချင်းလင်ကို ကြည့်သည်။ ထို့နောက် သူ့အကြည့်က ဝမ်လင်းထံ ရောက်သွားသည်။ သူ၏အကြည့်ထဲ၌ ကြင်နာမှုအပြည့် ပါသည်။
“ဒီမန္တာန်ကို ငါ အုပ်စိုးသူရှိကနေ ကြားခဲ့ဖူးတာ။ ဒါဟာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ မန္တာန်တွေထဲကတစ်ခုပဲ။ ဒါပေမဲ့ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူတောင် ဒီမန္တာန်ကို အောင်အောင်မြင်မြင် မကျင့်ကြံနိုင်ခဲ့ဘူး…”
“ဒီမန္တာန်ရဲ့ သော့ချက်ဟာ မရေမတွက်နိုင်တဲ့ ပြန်လည်မွေးဖွားခြင်းစက်ဝန်းတွေကို ဖြတ်သန်းပြီး ပြန်လည်မွေးဖွားခြင်းစက်ဝန်းတစ်ခုချင်းစီဟာ အဲ့မန္တာန်ရဲ့ အစိတ်အပိုင်းပဲ။ အဆုံးသပ်မှာ ဒီအစိတ်အပိုင်းတွေကို တစ်ခုနဲ့တစ်ခု ဝါးမြိုပြီး ဒီမန္တာန်ကို ပြီးပြည့်စုံစေမှာ။ တခြားရှုပ်ထွေးတဲ့ ကိစ္စရပ်တွေလည်း ရှိနေသေးတယ်။ ဒါပေမဲ့ ငါ ဒီမန္တာန်ကို လုံးဝ မမြင်ဖူးခဲ့ဘူး…”
“ဒါပေမဲ့ တစ်စုံတစ်ယောက်က ဒီမန္တာန်ကနေ တဆင့် ကိုယ်ပွားတစ်ခု ဖန်တီးခဲ့ရင် အဲ့ကိုယ်ပွားဟာ အချိန်တိုအတွင်း သူနဲ့ ပေါင်းစပ်သွားလိမ့်မယ်ဆိုတာတော့ ငါ သိတယ်…”
“သူတို့ ပေါင်းစပ်သွားတာနဲ့ အဲ့ကိုယ်ပွားကနေ တဆင့် မင်းရဲ့ အော်ရာ၊ ကျင့်ကြံမှုအားလုံးကို ရရှိသွားနိုင်တာ ဖြစ်တယ်။ မင်းမှာ အနှစ်သာရ ဘယ်လောက်ပဲများများ တဖက်လူမှာလည်း မင်းလိုပဲ ပိုင်ဆိုင်လိမ့်မှာ ဖြစ်တယ်…”
“ဒီမန္တာန်ဟာ မကောင်းဆိုးဝါးဆန်လှတယ်။ ဒါပေမဲ့ အောင်မြင်သွားတာနဲ့ အလွန်အစွမ်းထက်မှာ။ မင်းရဲ့ ခုလက်ရှိ အခြေအနေအရ၊ ချင်းလင် ပြောခဲ့ပုံနဲ့ မင်းရဲ့ လက်ထဲက ကိုယ်ပွားစိတ်ဝိညာဉ်တို့အရဆို တစ်စုံတစ်ယောက်က မင်း အပေါ်မှာ ပြန်လည်မွေးဖွားခြင်းသမူဟမန္တာန်ကို အသုံးပြုထားခဲ့တယ်ဆိုတာ ငါ့အနေနဲ့ လေးဆယ်ရာခိုင်နှုန်းလောက် သေချာတယ်…”
ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။
“ငါ ဒီမန္တာန်အကြောင်း အသေးစိတ် မသိပေမဲ့ မန္တာန်အားလုံးဟာ အားနည်းချက်တစ်ခုတော့ ရှိတာပဲ။ ဒီပြန်လည်မွေးဖွားခြင်းသမူဟ မန္တာန်လည်း အတူတူပဲ။ မင်းသာ တဖက်လူကို ဝါးမြိုနိုင်ခဲ့ရင် မင်းရဲ့ ကျင့်ကြံမှုအဆင့်ဟာ တိုးတက်လာလိမ့်မယ်…” တာအိုသခင်အိပ်မက်ပြာသည် ဖြည်းဖြည်းချင်း ပြော၏။ သူ၏မျက်လုံးသည် တောက်ပလာသည်။
“မင်းအပေါ်မှာ ဒီမန္တာန် အသုံးပြုခဲ့တဲ့သူကို ငါ ကူရှာပေးမယ်။ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူတောင် မကျင့်ကြံနိုင်ခဲ့တဲ့ ဒီမန္တာန်ကို ဘယ်လိုပါရမီရှိတဲ့သူကများ ကျင့်ကြံနိုင်တာလဲ ငါ မြင်ချင်မိတယ်…”
“ဒါပေမဲ့ မင်းကိုယ်တိုင်ပဲ သူ့ကို သတ်ပစ်ရမယ်. ဒီစိတ်ဝိညာဉ်ဟာ တစ်သားတည်း သမူဟဖြစ်စွာ ပေါင်းစပ်နေပြီ။ ဒါဟာ မင်းအတွက် ကံကောင်းမှုကြီးတစ်ခုလည်း ဖြစ်ချင်ဖြစ်သွားနိုင်တယ်…” တာအိုသခင်အိပ်မက်ပြာက သူ့ညာလက်ကို ပင့်မြှောက်လိုက်ရဦ သူ့လက်ထံ၌ ကြောက်မက်ဖွယ်အပြာရောင်အလင်းတို့ သိပ်သည်းလာသည်။ သူက ၎င်းအလင်းကို ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားသို့ ဖိချလိုက်သည်။
ဝမ်လင်း၏စိတ်သည် တုန်ယင်သွား၏။ သူ့ရှေ့ရှိ အရာအားလုံးကို အပြာရောင်အလင်းက အစားထိုး သွားသည်။ သူက အပြာရောင်အလင်းထဲ၌ သူ့ရှေ့တွင် ကြယ်များ ပျံသန်းနေသည်ကို မြင်သည်။ ထိုအခိုက်တွင် သူသည် ဆင့်ခေါ်ခြင်းမြစ်ကြယ်အဖွဲ့အစည်းအတွင်း လွင့်မြောနေသော ဥက္ကာပျံတစ်ခုကို တွေ့မြင်လေသည်။
ရှေ့ဖြစ်ဟောသူမှာ ထိုဥက္ကာပျံထဲ၌ ထိုင်နေ၏။ ရုတ်တရက် ရှေ့ဖြစ်ဟောသူသည် တုန်လှုပ်ဟန်ဖြင့် မျက်လုံးဖွင့်လာသည်။ ဝမ်လင်း၏အကြည့်က ရှေ့ဖြစ်ဟောသူ၏အကြည့်ပေါ်သို့ ချက်ခြင်း ကျရောက်လာသည်။