ရှေ့ဖြစ်ဟောသူ…သင် လုပ်နိုင်မလား…
Vol. 128 Ch. 1772
ထိုကျင့်ကြံခြင်းဂြိုဟ်ပေါ်တွင် လေပြင်းများက ဝမ်လင်းအပေါ်သို့ တိုက်ခတ်နေ၏။ သို့သော် ယင်းက သူ့စိတ်ထဲရှိ အေးစိမ့်မှုကို သယ်ယူမသွားနိုင်ပေ။ သူက ခေါင်းမော့ကာ အကွာအဝေးတစ်ခုထံသို့ ကြည့်လိုက်သည်။
ထိုအကွာအဝေး၌ ရှေ့ဖြစ်ဟောသူ၏ အော်ရာက ပိုပို၍ အားကောင်းလာနေကာ သူ၏မောက်မာမှုကို လှစ်ဟသည်။ ဝမ်လင်းက အကွာအဝေးတစ်ခု၌ ဧရာမအရိပ်တစ်ခုကို တွေ့မြင်လေသည့်အလား။ ထိုအရိပ်မှာ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ ဝမ်လင်းထံသို့ သနားဟန်အကြည့်ဖြင့် စိုက်ကြည့်နေသည့်နှယ်။
“သူက ငါ ရောက်လာမှာကို စောင့်နေတာပဲ…” ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူ၏မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု လှစ်ဟပေါ်လာသည်။ ဝမ်လင်းသည် အဆင်အခြင်မဲ့သည်လူတစ်ယောက် မဟုတ်ပေ။ သူ၏စိတ်မှာ မိစ္ဆာတစ်ကောင်အလား။
ရှေ့ဖြစ်ဟောသူနှင့် ဆန့်ကျင်တိုက်ခိုက်သော တိုက်ပွဲက စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်ဖို့ လိုအပ်ပေမည်။
“ရှေ့ဖြစ်ဟောသူက အကြံအစည်မှာ ဉာဏ်ပြေးလွန်းလှတယ်။ သူဟာ နေရာအမျိုးမျိုးဆီ ငါ့ကို သွားရအောင် လုပ်နေတာ။ ဒါမှ ငါဟာ သူ့ကိုယ်ပွားတွေကို စုပ်ယူပြီး ငါ့ခန္ဓာကိုယ်ထဲက သူ့ကိုယ်ပွားဟာ တချို့ရည်ရွယ်ချက်တွေကို အောင်မြင်စေလိမ့်မယ်။ သူ့ရည်ရွယ်ချက်က ငါ့ကို ပိုင်စိုးဖို့လား…”
“အပြင်ပိုင်းကြည့်ရင်တော့ ဒါဟာ ပိုင်စိုးဖို့ပဲ ဖြစ်သင့်တာ။ ဒါပေမဲ့ ရှေ့ဖြစ်ဟောသူရဲ့ ဉာဏ်နီဉာဏ်နက်နဲ့ဆို သူ့မှာ တခြား ရည်ရွယ်ချက်တစ်ခုခု ရှိနိုင်လောက်မှာပဲ…”
ဝမ်လင်းသည် သူ့ရှေ့ရှိ လောကကို စိုက်ကြည့်ကာ သူ့မျက်လုံးသည် တလက်လက် ဖြစ်လာ၏။
“ရှေ့ဖြစ်ဟောသူဟာ ငါ သေရေးရှင်ရေးအခြေအနေမျိုးစုံကို ဖြတ်ကျော်ပြီးမှ ရလာခဲ့တဲ့ ငါ့အနှစ်သာရတွေကို အလကား အားစိုက်မထုတ်ရဘဲ ပုံတူ ကူးနေခဲ့တာပဲ။ ဒါပေမဲ့ အဲ့လောက် လွယ်ပါ့မလား…”
“သူ ငါ့အနှစ်သာရအားလုံးကို ပြည့်ပြည့်စုံစုံ ရရှိနိုင်လိမ့်မယ်လို့ ငါ မယုံဘူး။ ဒါဟာ မဖြစ်နိုင်ဘူး…” ဝမ်လင်းသည် ရှေ့ဖြစ်ဟောသူ၏ အော်ရာရှိရာထံ ဦးတည်လာသည်။
“ငါ ဝမ်လင်းဟာ ဒါကို မယုံဘူး။ ရှေ့ဖြစ်ဟောသူ…သင်က ငါ့ကို လာစေချင်မှတော့ ငါလာခဲ့မယ်။ ဘာဖြစ်သေးလဲ…” ဝမ်လင်း၏အမူအရာမှာ လွန်စွာ သုန်မှုန်နေ၏။ သူက ရှေ့သို့ ပျံသန်းလာလျက် စဉ်းစားနေခဲ့သည်။
“ပြန်လည်မွေးဖွားခြင်းသမူဟမန္တာန်…။ သူသာ ဒီမန္တာန်ကို တကယ်ပဲ ကျွမ်းကျင်ခဲ့ရင် သူ့ခွန်အားဟာ စိတ်ကူးထားနိုင်တာထက် ပိုနေပြီ။ ဒီလောက်နှစ်ပေါင်းများစွာ ကြာခဲ့တဲ့အချိန်အတွင်း ငါဟာ သူ့ကိုယ်ပွားတွေထဲက တစ်ယောက်နဲ့ သမူဟဖြစ်ဖြစ် ပေါင်းစပ်ခဲ့တဲ့ ပထမဆုံးသူ မဟုတ်နိုင်ဘူး။ ဆိုလိုတာက တခြားသူတွေလည်း ငါ့လိုမျိုး ကြုံခဲ့ရတာ ဖြစ်နိုင်တယ်။ သူတို့ရဲ့ အရာအားလုံးကိုလည်း ဒီရှေ့ဖြစ်ဟောသူက ပုံတူ ကူးနိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီလိုသာ ဖြစ်ရင် ဒီရှေ့ဖြစ်ဟောသူမှာ သူ ငါ့ရှိက ခိုးယူခဲ့တာထက် ပိုများပြားတဲ့ အနှစ်သာရတွေ ရှိနေမှာပဲ…”
“သူဟာ ခုချိန်မှာ အနှစ်သာရ အများအပြား ရှိနေလောက်ပြီ။ ဒီလိုသာ အမှန်ဆိုရင် ဒီပြန်လည်မွေးဖွားခြင်းသမူဟဖြစ်ခြင်းမန္တာန်ဟာ တကယ့်ကို တုနှိုင်းမဲ့ ဖြစ်နေပြီ။ ဒါပေမဲ့ ဒါဟာ တကယ်ဆိုရင် အင်မောတယ်ကောင်းကင်ဘုံနယ်မြေရဲ့ မဟာအင်ပါယာတွေဟာ ဒီမန္တာန်အတွက် ဘာကြောင့် မတိုက်ခိုက်ကြရတာလဲ…”
“ဒီမန္တာန်သာ တကယ်ပဲ ဒီလောက်ထိ အမှန်တကယ် အစွမ်းထက်နေခဲ့ရင် တာအိုကျင့်ကြံဖို့ မလိုတော့ဘူး။ မန္တာန်တွေကိုလည်း သင်ယူဖို့ မလိုတော့ဘူး။ အနှစ်သာရတွေကိုကော ဘာကြောင့်များ နားလည်အောင် ဆင်ခြင်ဖို့ လိုတော့မလဲ။ သင်ကသာ ဒီမန္တာန်တစ်ခုကို ကျင့်ကြံနိုင်ခဲ့ရင် မဟာအင်ပါယာပဲ ဖြစ်ဖြစ်၊ ကောင်းကင်ဘုံနိုင်ငံ ဖြစ်ဖြစ်၊ ရှေးနိုင်ငံ ဖြစ်ဖြစ်…သူတို့အားလုံးဟာ ပုရွတ်ဆိတ်တွေလို ဖြစ်ကုန်လိမ့်မယ်…”
“ဒီမန္တာန်မျာ အားနည်းချက်ကြီးကြီးမားမား ရှိလိမ့်မျာ သေချာတယ်။ ဒီအားနည်းချက်အပြင် ဒီမန္တာန်ဟာ အနှစ်သာရတွေကို တကယ်အစစ်အမှန် ပုံတူမကူးနိုင်တာလည်း ဖြစ်ချင်ဖြစ်မှာ…” ဝမ်လင်းသည် ကြယ်များကြား ပျံသန်းလာရင်း သူက ရှေ့ဖြစ်ဟောသူ အနှစ်သာရများ အသုံးပြုခဲ့သော တိုက်ပွဲကို ပြန်ပြောင်းစဉ်းစားကြည့်သည်။
မီး၊မိုးကြိုး၊ကံမ္မ။ ထိုအနှစ်သာရများ ထိပ်တိုက်တွေ့မှုကို ဝမ်လင်းသည် စိတ်ထဲကနေ ပြန်တွေးကြည့်၍ ယင်းတို့ကို အသေအချာ လေ့လာကြည့်ရှုသည်။
“ဘာသဲလွန်စမှ မရှိဘူး…” ဝမ်လင်းသည် မျက်မှောင်ကြုတ်သွားကာ ရုတ်တရက် ရပ်တန့်လိုက်၏။ သူ၏မျက်လုံးသည် အလွန်တောက်ပလာပြီး သူက စတင် ကြံဆကြည့်သည်။ ခဏအကြာတွင် သူ့ထံမှ ပြတ်သားသောအကြည့်တစ်ခု လှစ်ဟပေါ်ကာ သူသည် ဖျတ်ခနဲ ပျောက်ကွယ်သွားလေတော့သည်။
ဆင့်ခေါ်ခြင်းမြစ်၏ နောက်ထပ်အစိတ်အပိုင်းတစ်ခုတွင် အပျက်အစီးပုံများကြား ရှေ့ဖြစ်ဟောသူသည် ဥက္ကာခဲတစ်ခုပေါ်၌ ထိုင်ကာ ရှေ့တည့်တည့်သို့ ကြည့်နေ၏။ သူ၏မျက်နှာထက်တွင် ထူးဆန်းသောအပြုံးက ရှိနေဆဲသာ။
“ဒီတစ်ကြိမ်တော့ သူ ရောက်လာဖို့ နည်းနည်း နောက်ကျလိမ့်မယ်။ တပည့်ဝမ်လင်း… မင်းက ဆရာနဲ့ယှဉ်ရင် နုပါသေးတယ်…”
ခဏတာ ကြာမြင့်ပြီးနောက် အလင်းတန်းတစ်ခု ရောက်လာ၏။ လှိုင်းဂယက်များထကာ ဝမ်လင်းသည် လှမ်းထွက်လာသည်။ သူက မြန်ဆန်စွာ ရှေ့ဆက်ပြီး ရှေ့ဖြစ်ဟောသူနှင့် ပေတစ်ထောင်အတွင်း ချက်ခြင်း ရောက်လာသည်။ သူက ကျောက်တုံးတစ်ခုပေါ်သို့ ခြေချကာ ရှေ့ဖြစ်ဟောသူကို စိုက်ကြည့်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်တိတ်ဆိတ်နေသည်။ ဝမ်လင်းက စကားမဆိုပေ။ သူက ရှေ့ဖြစ်ဟောသူကို ကြည့်ရုံသာ ကြည့်နေသည်။ ထို့နောက် သူက ရုတ်တရက် ပြုံး၍ စတင်ရယ်မောသည်။ ဝမ်လင်းက ထိုင်ချကာ သူ့မျက်နှာပေါ်ရှိ သုန်မှုန်မှုမှာ ပျောက်ကွယ်သွားပြီး တည်ငြိမ်မှုအစားထိုးသည်။
“ရှေ့ဖြစ်ဟောသူ…သင် ငါ့ရဲ့အနှစ်သာရတွေကို ကျေနပ်ရဲ့လား…” ဝမ်လင်းက ပြုံး၏။ သူက အလွန်သက်တောင့်သက်သာ ဖြစ်နေသည့်ပုံ ပေါ်သည်။
“မဆိုးပါဘူး။ ဒါပေမဲ့ နည်းနည်းတော့ နည်းနေသေးတယ်။ ငါ့ကို လုံးဝ ကျေနပ်ဖို့တော့ မလုံလောက်သေးဘူး…” ရှေ့ဖြစ်ဟောသူက ပြုံး၍ ခေါင်းညိတ်၏။
“ကံမကောင်းစွာနဲ့ အနှစ်သာတွေဟာ နားလည်ဖို့ ခက်ခဲလှတယ်။ နှစ်များစွာကြာမြင့်ခဲ့တာတောင်မှ ငါဟာ အနှစ်သာရခုနစ်ခုကိုပဲ နားလည်နိုင်ခဲ့တယ်။ သင် မကျေနပ်ဘူးဆိုရင် ငါ့ရှိ သင့်ရဲ့ အနှစ်သာရ နည်းနည်းလောက် ပို့လွှတ်ပေးပါလား။ ငါ အဲ့အနှစ်သာရတွေကို နားလည်သွားတာနဲ့ သင် ယူဆောင်နိုင်ပြီလေ။ အဆင်ပြေလား…” ဝမ်လင်းက ရှေ့ဖြစ်ဟောသူကို ကြည့်၍ ပြုံး၏။
ရှေ့ဖြစ်ဟောသူက မျက်မှောင်ကြုတ်သွားသည်။ ဝမ်လင်း၏ အပြုအမူက သူ့စိတ်ထဲ၌ ထူးဆန်းသလို ဖြစ်လာသည်။ သူက ဝမ်လင်းကို စိုက်ကြည့်နေရင်း သူ့မျက်နှာပေါ်ရှိ အပြုံးမှာ တဖြည်းဖြည်း လွင့်ပြယ်လာသည်။
“မင်းဟာ ငါ့တပည့်ဖြစ်ဖို့ တကယ် ထိုက်တန်တယ်။ ဒီလောက်မြန်မြန်ဆန်ဆန် မင်းက တည်ငြိမ်အောင် လုပ်နိုင်ခဲ့တယ်။ မင်းက ဆရာ့ရှိကနေ အနှစ်သာရတွေ တောင်းဆိုနေမှတော့ မင်းကို တစ်ခုလောက် ပေးလိုက်ရတာ ဘာဖြစ်မှာ မလို့လဲ…”
ရှေ့ဖြစ်ဟောသူက သူ့ညာလက်ကို ပင့်မြှောက်ကာ သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်လိုက်၏။ သူ့လက်ချောင်းကို ပင့်မြှောက်လိုက်သည့်အခါ သလင်းကဲ့သို့ ကြည်လင်သော ရေတစ်စက် ပေါ်လာလေ၏။
“ဒါဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဆရာ တစ်စုံတစ်ယောက်ဆီကနေ ရခဲ့တဲ့ ရေအနှစ်သာရပဲ။ ဒီအနှစ်သာရက အရိပ်အမြွက်သာ ရှိတဲ့အတွက် တတိယအဆင့်ကို ချိုးဖျက်နိုင်ဖို့ အနည်းငယ်လောက်ပဲ အကူအညီ ဖြစ်စေနိုင်လိမ့်မယ်။ ဆရာ ဒီအနှစ်သာရကို ရခဲ့တာ အတော်ကြာခဲ့ပြီ။ ဒီကနေ့ ဆရာက မင်းကို ဒီရေအနှစ်သာရ မင်းကို လက်ဆောင်ပေးလိုက်မယ်။ မင်း ဒါကို အပြည့်အဝ နားလည်ပြီး ပြီးပြည့်စုံတဲ့ရေအနှစ်သာရတစ်ခုကို မွေးဖွားစေနိုင်ခဲ့မယ်ဆိုရင် ဆရာက မင်းကို ကျေးဇူးတင်ရလိမ့်မယ်…” ထိုသို့ ပြောပြီးနောက် ရှေ့ဖြစ်ဟောသူက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ထိုရေစက်သည် ဝမ်လင်းထံ ပျံသန်းလာ၏။ ၎င်းက သူ့ရှေ့တွင် လွင့်မြောနေသည်။
“နောက်ထပ် ရှိသေးလား…” ဝမ်လင်းက သူ၏ရှေ့ရှိ ရေစက်ကို ကြည့်ကာ ပြုံးသည်။
ရှေ့ဖြစ်ဟောသူသည် မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ သူသည် ဝမ်လင်း၏ခုလက်ရှိ အမူဟန်ပန်ကို သဘောမကျပေ။ ခုလက်ရှိ ဝမ်လင်းက သူ့ကို ချိန်းခြောက်မှုအချို့ ခံစားနေစေသည်။ သူသည် အစောပိုင်းတုန်းက အဆင်အခြင်မဲ့သွားခဲ့သော ဝမ်လင်းကို ပို၍ သဘောကျပေသည်။
“မင်းက အနှစ်သာရတွေ လိုချင်နေမှတော့ ငါ မင်းကို ထပ်ပေးလိုက်ရလည်း အဆင်ပြေတယ်….” ရှေ့ဖြစ်ဟောသူက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ မြေကြီးလက်တစ်ဆုပ်စာ သူ့လက်ထဲတွင် ပေါ်လာသည်။ ထိုမြေကြီးတို့က အသက်ဝင်နေသည့်အလား သူ့လက်ထဲ၌ အဆက်မပြတ် လှုပ်ရှားနေ၏။ သူက လက်ဝေ့ယမ်း၍ ထိုမြေကြီးကို ဝမ်လင်းထံ ပစ်ပေးလိုက်သည်။
“ဝမ်လင်း…ငါတို့ ကစားပွဲတစ်ခု ဆက်ကစားကြတာပေါ့။ မင်း ဒီကစားပွဲမှာ အနိုင်ရရင် ဒီအရေးအခင်းကို မင်းအနေနဲ့ ဖြေရှင်းပြီး ဖြစ်သလို ဆရာ့ဆီကနေလည်း လက်ဆောင်တွေ ထပ်ရရှိမယ်။ မင်း ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ဒီကစားပွဲ စခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းကပဲ…” ရှေ့ဖြစ်ဟောသူက ထပ်ပြုံးကာ သူ့လက်ချောင်းကို မျက်ခုံးနှစ်ခုကြားသို့ ညွှန်လိုက်သည်။ သူက သူ့ဦးခေါင်းခွံကို ထပ်မံ ဖောက်ထွင်းရန် ဟန်ပြင်လိုက်ပြန်သည်။
ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းရာ လေပြင်းတစ်ခု ဝေ့ခတ်သွားသည်။ ထိုလေပြင်းက ဝမ်လင်း၏ရှေးတောက်သွေးမျိုးဆက် ပါဝင်ကာ ရှေ့ဖြစ်ဟောသူအား ဝန်းရံသွားသည်။ ထိုအခါ သူ၏ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး သူ့လက်မှာလည်း လေပြင်းကြောင့် ဘေးတစ်ဖက်သို့ ကျရောက်ကာ သူ့လက်ချောင်းမှာ နှဖူးကနေ သွေးစင်းကြောင်းတစ်ခုကိုသာ ချန်ရစ်စေပြီး သွေဖယ်သွားလေသည်။
“သေဖို့ အလျင်မလိုပါနဲ့အုံး။ ငါ ပြောလို့ မပြီးသေးဘူး…”
“ငါသာ သင့်ကို သတ်ချင်ရင် အလွယ်လေးပဲ။ ငါ့စိတ်နှလုံးကို အနှောက်အယှက် ဖြစ်စေဖို့ သင့်ကိုယ်သင် ငါ့ရှေ့မှာ သတ်ပြဖို့ ကြိုးစားနေစရာ မလိုဘူး။ ရှေ့ဖြစ်ဟောသူ…ဒါဟာ သင့်ရဲ့ စရိုက် မဟုတ်ဘူး။ သင် ဒီလို လုပ်နေတာဟာ သင် ဖုံးကွယ်ဖို့ကြိုးစားနေတဲ့ တစ်ခုခုကို ငါ တွေ့မြင်သွားမှာ စိုးလို့ပဲ…။ သင် ဒါကို သိပါတယ်။ သင် သိပါတယ်…”
ဝမ်လင်းက ရှေ့ဖြစ်ဟောသူကို ကြည့်ကာ ပြုံးနေဆဲသာ။
ရှေ့ဖြစ်ဟောသူ၏ အမူအရာသည် ချက်ခြင်း သုန်မှုန်သွားသည်။ ဝမ်လင်း၏အပြုအမူက သူ မှန်းဆထားသည်ထက် ကျော်လွန်နေ၏။ သူက ဝမ်လင်းကို လှမ်းကြည့်သည်။
ဝမ်လင်းက တည်ငြိမ်စွာပြုံး၍ တည်ငြိမ်စွာပင် ဆိုလိုက်သည်။ “ရှေ့ဖြစ်ဟောသူ…ငါ သင့်ကို မေးမယ်။ သင်က ငါ့ရဲ့ မှတ်ဉာဏ်နဲ့ အနှစ်သာရတွေကို ခိုးယူနိုင်ရင်တောင် ငါ့ရဲ့ ရှေးတောက်သွေးမျိုးဆက်ကိုရော ခိုးယူနိုင်မလား…”
“သင် ငါ့ရဲ့ ရှေးတောက်သွေးမျိုးဆက်ကို ခိုးယူနိုင်ခဲ့ရင် ငါ ခုချက်ခြင်း သင့်ကို အညံ့ခံလိုက်မယ်။ သင့်ရှိကနေ ခွင့်လွှတ်သနားမှုကို တောင်းခံလိုက်မယ်။ သင် လုပ်နိုင်လား…” ဝမ်လင်းက အထင်သေးဟန်ဖြင့် ကြည့်၏။
“သင် လုပ်ဝံ့လား…”
ရှေ့ဖြစ်ဟောသူက ဝမ်လင်းကို အချိန်အကြာကြီး စိုက်ကြည့်နေလျက် စကားမဆိုပေ။ သူက ရှေးတောက်စွမ်းအားကို လုံးဝ မပြသနိုင်ပေ။ သူ မလုပ်နိုင်ပေ။ ရှေးတောက်သွေးမျိုးဆက်က သူ တုပနိုင်သော အရာ မဟုတ်ပေ။ သူက ၎င်းကို ဖုံးကွယ်နိုင်ဖို့ သည်ထူးဆန်းသောသေခြင်းများကို ပြုလုပ်နေခြင်း ဖြစ်၏။ သူက ဝမ်လင်း၏ အတွေးစဉ်ကို အနှောက်အယှက် ပေးချင်ခဲ့ခြင်းပင်။
“သင် မလုပ်နိုင်ပါဘူး။ သင့်မှာ အဲ့လိုလုပ်နိုင်တဲ့ စွမ်းရည်လည်း မရှိဘူး။ သင့်ရဲ့ ဆန်းကြယ်မှုအားလုံးဟာ အတုအယောင်ပဲ။ ငါဟာ သင်နဲ့ ထျန်ယွမ်ဂြိုဟ်ပေါ်မှာ ပထမဆုံးတွေ့ဆုံခဲ့ချိန်က ဝမ်လင်းနဲ့ အတူတူပဲလို့ သင် ထင်နေတာလား။ ငါဟာ အတိတ်တုန်းက နတ်ဆိုးကုန်းမြေမှာတုန်းက ဝမ်လင်းလို့ပဲ သင် တွေးနေတုန်းလား။ ရှေ့ဖြစ်ဟောသူ…သင့်ရဲ့ ကျင့်ကြံမှုအဆင့်က ငါ့ကို မဖိနှိပ်နိုင်ဘူး။ သင့်ရဲ့ သွေးမျိုးဆက်ဟာလည်း ငါ့လောက် မမြင့်မြတ်ဘူး။ သင့်ရဲ့ အဆင့်အတန်းဟာလည်း ငါနဲ့ ယှဉ်ရင် ပုရွတ်ဆိတ်သာသာပဲ။ ငါ အတွင်းနယ်မြေကို ဦးဆောင်ပြီး ပြင်ပနယ်မြေနဲ့ တိုက်ခိုက်ခဲ့ချိန်က သင်ဟာ အမှောင်ထဲမှာ ပုန်းနေခဲ့တယ်။ ငါ့ရုပ်တုကို ကောင်းကင်ဘုံနယ်မြေသစ်မှာ နေရာချထားပြီး မရေမတွက်နိုင်တဲ့ နှစ်ပေါင်းများစွာ အလေးအမြတ် ပြုခြင်းကို ခံရတော့မှာ။ သင်ကရော…”
“ငါဟာ ကောင်းကင်ဘုံနယ်မြေသစ်ကို ဖန်တီးခဲ့ပြီး မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေရဲ့ ပူဇော်ခြင်းကို ခံရတယ်။ သင့်မှာ ငါ့လို အောင်မြင်မှုမျိုး မရှိဘူး။ သင်ဟာ အကြံအစည်ချ၊ လှည့်ဖြားတဲ့နေရာမှာ တော်နေရင်တောင် သင့်ရဲ့ အရည်အချင်းအားလုံးဟာ အမှောင်ထဲမှာ ကစားတဲ့အကွက်တွေပဲ။ သင် ငါနဲ့ ဒီကစားပွဲကို ဘယ်လိုများ ဆက်ကစားမလဲ…”
“သင့်မှာ အရည်အချင်းရော ပြည့်မှီရဲ့လား…” ဝမ်လင်းက ပြုံးနေ၏။ သို့သော် သူ့စကားများမှာ ရက်စက်လှချေသည်။
“ငါ သင့်ကို အရည်အချင်းတွေ ပေးနိုင်တယ်။ ဒါပေမဲ့ ငါဟာ သင်နဲ့အတူ ကစားပေးတာ မဟုတ်ဘူး။ သင်ကသာ ငါနဲ့အတူ ကစားပေးရမှာ။ ငါက ပုန်းလှျိုးကွယ်လျှိုး ကြံစည်နေရတာ မကြိုက်ဘူး။ အကြံအစည်ချင်း၊ ဉာဏ်ရည်ချင်း ဒဲ့ယှဉ်ပြိုင်ရတာပဲ ကြိုက်တယ်….”
“သင့်ကိုယ်ပေါ်မှာ ရှေးတောက်အော်ရာ တစ်စက်လေးမှ ရှိမနေဘူး။ ပြန်လည်မွေးဖွားခြင်းသမူဟမန္တာန်တဲ့လား။ သင်က ငါ့ရှေးတောက်သွေးမျိုးဆက်ကို ပုံတူ မကူးနိုင်ဘူး။ ထပ်ခါထပ်ခါ သေနိုင်နေတာဟာ သင့်ရဲ့ ကိုယ်ပွားတွေ ဖြစ်နေလို့ပဲ။ ဒါ့ကြောင့် ရှေ့ဖြစ်ဟောသူ…သင့်ရဲ့ မူလခန္ဓာကိုယ် ဘယ်နေရာမှာလဲ…”
ဝမ်လင်း၏အပြုံးက ပို၍ ပီပြင်လာသည်။ ရှေ့ဖြစ်ဟောသူ၏ အမူအရာသည် ဝမ်လင်း၏ စကားများကို ကြားသည့်အခါ ပြောင်းလဲသွားလေ၏။ သူက အပြင်ပိုင်း ကြည့်ပါက အနည်းငယ်သာ ပိုသုန်မှုန်သော်လည်း စိတ်ထဲကမူ တုန်ယင်နေမိပေပြီ။
“ဒီကစားပွဲရဲ့ စည်းမျဉ်းတွေဟာ သင် ချမှတ်တာ မဟုတ်ဘူး။ ငါ ချမှတ်တာပဲ။ ဒီကစားပွဲမှာ ငါက သင့်ရဲ့ မူလခန္ဓာကိုယ်ကို အရင်ရှာတွေ့ပြီး သတ်ပစ်နိုင်မလား။ ဒါမှမဟုတ် သင်ကပဲ ငါ့ကိုယ်ပွားကို သိမ်းပိုက်နိုင်မလား။ ပြောမပြတတ်တဲ့ တခြားရည်ရွယ်ချက်အချို့ကို သင်ပဲ အောင်မြင်နိုင်မလား…ငါတို့ ဆက်ကြည့်ကြတာပေါ့…”
“ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီကစားပွဲမှာ ငါဟာ သင်နဲ့ ငါ့ကိုယ်ပွားခန္ဓာကိုယ်ဖြစ်တဲ့ ကျင့်ကြံသူခန္ဓာကိုယ်နဲ့ပဲ ကစားရမှာ။ သင် အနိုင်ရခဲ့ရင် ငါ့ကိုယ်ပွားကိုပဲ ရနိုင်မှာ။ ဒါပေမဲ့ သင်ရှုံးခဲ့ရင်တော့ သေရမယ်…”
“အခု သင် ဒီကစားပွဲကို ဆက်မကစားချင်ရင်တောင် မဖြစ်နိုင်တော့ဘူး…” ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွား၏။ သို့သော် သူ့မျက်နှာထက်ရှိ အပြုံးကမူ ပျောက်ကွယ်မသွားပေ။
ရှေ့ဖြစ်ဟောသူက ဝမ်လင်းကို စိုက်ကြည့်လျက် သူ့မျက်လုံးသူငယ်အိမ်ပါ ကြုံ့မိသွား၏။
“ငါ့မူလခန္ဓာကိုယ်ဟာ သင့်ရဲ့ မူလခန္ဓာကိုယ်ကို ရှာဖွေလိမ့်မယ်။ သင် ငါ့ထက် ပိုမြန်ဖို့ လိုလိမ့်မယ်။ မဟုတ်ရင် သင် ရှုံးရလိမ့်မယ်…” ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ ဝေ့ယမ်းလိုက်၏။
ရှေးတောက်စွမ်းအားက ရှေ့ဖြစ်ဟောသူထံ တရကြမ်း တိုးဝင်လာချေသည်။
“အခု…သင် သေနိုင်ပြီ…”