မထင်မှတ်ထားသောအဖိုးအို
Vol. 9 Ch. 114
အဖိုးအိုသည် နဂါးအမှတ်တံဆိပ်ကို မြင်ပြီးသည်နှင့် ကျစ်ယန်လက်အား လွှတ်ချလိုက်တဲ့အခါ နဂါးအမှတ်တံဆိပ်သည် ချက်ချင်းပျောက်ကွယ်သွားခဲ့၏။ ကျစ်ယန်သည် အဖိုးအိုမှာ ဘယ်သူမှန်း သိချင်နေခဲ့သည်။
အဖိုးအိုသည် မျက်တောက်တစ်ခတ်အတွင်း လေဟာနယ်အက်ကွဲကြောင်းတစ်ခုကို ဖန်တီးလိုက်ပြီး "မင်းငါ့နောက်လိုက်ခဲ့....." လို့ ဆိုလိုက်ပြီး လေဟာနယ်အက်ကွဲကြောင်းထဲသို့ ဝင်သွားခဲ့၏။ ကျစ်ယန်သည် ကြောက်ရွံခြင်း မရှိဘဲ အဖိုးအို နောက်ကို လိုက်သွားခဲ့သည်။
ကျစ်ယန်သည် တခြားတစ်ဖက်ကို ပြန်လည်ရောက်ရှိလာခဲ့တဲ့အခါ ကြောင်ရွံဖွယ်ကောင်းသည့် နတ်သူငယ်အဆင့်ကျင့်ကြံသူများစွာကို တွေ့လိုက်ရ၏။ အားလုံးသည် နတ်သူငယ်အဆင့်၂အထက် ကျင့်ကြံသူများပင် ဖြစ်သည်။
နတ်သူငယ်အဆင့်ကျင့်ကြံသူ အားလုံးသည် အဖိုးအိုကို တွေ့လိုက်သည်နှင့် ဒူးတစ်ဖက်စီထောက်ကာ "ခေါင်းဆောင်ကို အရိုအသေပြုပါတယ်...." လို့ ဆိုကာ အရိုအသေပြုလိုက်ကြ၏။
အဖိုးအိုသည် သူ့နောက်တွင် ရှိသော ကျစ်ယန်ကို ကြည့်လိုက်ပြီး "သူက အကြီးအကဲ ချန်ရဲ့ မျိုးဆက်ပဲ ၊ ငါ့တို့ဂိုဏ်းရဲ့ အနာဂတ်ဂိုဏ်းချုပ်ဆိုလဲ မမှားဘ......" လို့ ဆိုလိုက်သည်။ အကြီးအကဲချန်ရဲ့ မျိုးဆက်လို့ ကြားလိုက်တဲ့အခါ နတ်သူငယ်အဆင့် ကျင့်ကြံသူအားလုံးသည် "ခေါင်းဆောင်ငယ်ကို အရိုအသေပြုပါတယ်....." လို့ ပြောလိုက်ကြ၏။
ကျစ်ယန်သည် ဘာမှန်းမသိ၍ ကြောင်အနေခဲ့သည်။ ကျစ်ယန်သည် အဖိုးအိုအား လက်နှစ်ဖက်ပင် ဆုပ်၍ သူနဲ့ပက်သက်ပြီး အထင်မှားစရာများ ရှိနေသလားလို့ မေးလိုက်၏။
နတ်သူငယ်အဆင့်ကျင့်ကြံသူအားလုံးရဲ့ အထက်တွင် မိုးပြာရောင်နဂါးပလ္လင်တစ်ခုရှိနေခဲ့ပြီး အဖိုးအိုသည် ပလ္လင်ထက်ကို လျှပ်တစ်ပြက်ရောက်သွားခဲ့သည်။ အဖိုးအိုသည် ပလ္လင်ထက်တွင် ထိုင်လိုက်ပြီး သူ့ရဲ့ မှတ်ဥာဏ်ပုံရိပ်တချို့အား ကျစ်ယန်အား ပြသလိုက်၏။
ချောင်မျိူးနွယ်စုတွင် လူငယ်ပါရမီရှင် ၃ယောက်ရှိခဲ့သည်။ ချန်ယန် ၊ ရှင်းဟယ် နဲ့ ဂိုဟန် တို့ပင် ဖြစ်၏။ ၃ယောက်ထဲတွင် ချန်ယန်သည် အထူးချွန်ဆုံးဖြစ်ပြီး မျိုးနွယ်စုကို တိုးတက်အောင် အမြဲကြိုးစားနေသူပင်ဖြစ်သည်။ မျိူးနွယ်စုထဲတွင် ချန်ယန်ရဲ့ နောက်ခံကလဲ တခြား၂ယောက်ထဲ သာလွန်သဖြင့် သူ့စိတ်တိုင်းကျ လုပ်ဆောင်နိုင်ခဲ့၏။
နောက်ဆုံးတွင် ချန်ယန်သည် ဖုန်တောက်ဂိုဏ်းဆိုသော အမည်ဖြင့် ဂိုဏ်းတစ်ခုတည်ထောင်လိုက်ပြီး ကြမ်းတမ်းသော ဘဝတစ်ခုကို စတင်ခဲ့သည်။ ချန်ယန်သည် သူ့ရဲ့ သူငယ်ချင်းများ ဖြစ်သော ဂိုဟန်နဲ့ ရှင်းယယ်ကို ဖိတ်ခေါ်ခဲ့သော်လည်း ၂ဦးလုံးသည် ချန်ယန်နဲ့ အပြီးတိုင် လမ်းခွဲခဲ့၏။
ချန်ယန်သည် သူ့တစ်ယောက်ထဲအင်အားဖြင့် တပည့်နောက်လိုက်သားများအချို့နဲ့အတူ သေစေနိုင်သော အန္တရာယ်များကို
မကြောက်ရွံပဲ ဂိုဏ်းတိုးတက်အောင် ဆောင်ရွက်ခဲ့သည်။ သို့သော် ချန်ယန်သည် ဂိုဏ်းခေါင်းဆောင်ရာထူးကို စွန့်လွှတ်၍ အကြီးအကဲရာထူးကိုသာ ဆက်ခံခဲ့၏။
ဒါပေမယ့် သူ့မထင်ထားသည်မှာ လူတချို့ရဲ့ သစ္စာဖောက်တာကို ခံလိုက်ရပြီး ယနေ့တိုင်တရားခံမှာ ရှာဖွေမရပေ။ သူ့သေဆုံးပြီးတဲ့နောက် သူ့မိန်းမနဲ့ကလေးသည်လည်း အလိုအလျောက်ပျောက်ကွယ်သွားခဲ့၏။
ကျစ်ယန်သည် အလိုလို မျက်ရည်ဝဲနေခဲ့သည်။
ပလ္လင်ပေါ်ရှိ အဖိုးအိုသည် ကျစ်ယန်ဘေးကို လျှပ်တစ်ပြက်ပြန်ပေါ်လာခဲ့ပြီး ဖုံးအုပ်ထားသော သူ့ရဲ့မျက်နှာဖုံးကို ခွာလိုက်ပြီး "မင်းရဲ့ဦးလေးဖြစ်တဲ့ ငါနဲ့အတူ မင်းအဖေကို သတ်တဲ့တရားခံကို ပြန်ကလဲ့စား မချေချင်ဘူးလား...." လို့ မေးလိုက်၏။
အဖိုးအိုသည် အသက်အိုးမင်းနေခြင်း မရှိဘဲ သူနဲ့အသက် မကွာသော လူတစ်ယောက်ဖြစ်နေတဲ့အပြင် သူ့ရဲ့ဦးလေး ဖြစ်နေလိမ့်မည်လို့ မထင်ထားပေ။
အဖိုးအိုအဖြစ်ဟန်ဆောင်ထားသူသည် သူ့ရဲ့လက်ထဲရှိ မျက်နှာဖုံးခွံကို ကြည့်လိုက်ပြီး"ငါ့ညီသေဆုံးရခြင်းနဲ့ ဆက်နွယ်တဲ့သူတွေကို သိရဖို့ နတ်ဆိုးအိုကြီးတွမ်ဟုန်လီအဖြစ် ငါ့ရဲ့ဘဝကို ဖုံးကွယ်ပြီး နေရလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မမျှော်လင့်ထားဘူး " လို့ သက်ပြင်းချကာ ပြောလိုက်၏။
နတ်ဆိုးအိုကြီးတွမ်ဟုန်လီလို့ သတ်မှတ်ထားခြင်းခံရသူမှာ တခြားသူမဟုတ်ဘဲ ချန်ယန်ရဲ့ အကိုရင်း ရှုယန်ပဲ ဖြစ်သည်။ရှုယန်သည် ခရီးထွက်နေချိန်အတွင်း သူ့ညီသေဆုံးသွားသည်ကို ကြားသိလိုက်ရတဲ့အခါ ရူးမတက်ပင် နာကျင်ခံစားခဲ့ရ၏။
ရှုယန်သည် ညီဖြစ်သူအတွက် ကလဲ့စားချေဖို့ ကြိုးစားရင်း တူတော်ကို ရှာဖွေခဲ့သော်လည်း မတွေ့ရှိတော့သဖြင့် သေဆုံးသွားပြီဟု သတ်မှတ်ထားခြင်း ဖြစ်သည်။နှစ်ပေါင်း၂၀၀ကြာပြီးတဲ့အချိန်မှာတော့ ရှုယန်သည် မာရှန်ထံမှ လို့ဝှက်သတင်းကို ရရှိချိန်တွင် မယုံနိုင်စွာဖြင့် ကျစ်ယန်ကို သူကိုယ်တိုင် ချက်ချင်း ရှာဖွေခဲ့ခြင်းပင် ဖြစ်၏။
ရှုယန်သည် ကျစ်ယန်ကို စတွေ့ရှိချိန်တွင်
မထင်မှတ်ထားသော ကျင့်စဥ်အချို့အပြင် ကျင့်ကြံမှုအဆင့်ကိုပါ ဖုံးကွယ်ထားနိုင်တဲ့ အရည်အချင်းမျိုး ရှိနေလိမ့်မယ်လို့ မမျှော်လင့်ထားပေ။ ရှုယန်သည် ကျစ်ယန်ရဲ့ အခြေအနေကို တင်ပြရန် နတ်သူငယ်အဆင့်၄ကျင့်ကြံသူ ၂ယောက်ကို စောင့်ကြည့်ခိုင်းထားခဲ့ခြင်းပင် ဖြစ်သည်။
ကျစ်ယန်သည် သူ့မိဘများ အကြောင်းကို
အလုံးစုံ သိလိုက်ရတဲ့အခါမှတော့ ကမ္ဘာပျက် မတက်ခံစားလိုက်ရ၏။ ကျစ်ယန်သည် သူ့အဖေသေဆုံးရခြင်းနဲ့ ပက်သက်ပြီး သိရဖို့ ကိုယ်တိုင်ဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်သည်။
ကျစ်ယန်ရောက်ရှိနေသော နေရာသည် အမတနတ်ဘုရားဂိုဏ်းပင် ဖြစ်ပြီး ဖုန်းတောက်ဂိုဏ်း ၊ လွီဟုန်ဂိုဏ်းတို့နဲ့ မဟာမိတ်ဖွဲ့ထားသော ဂိုဏ်းဆိုသည်လည်း မမှားပေ။ရှုယန်သည် ကျစ်ယန်အား ပြန်လည်လိုက်လံ ပို့ဆောင်ပေးခဲ့ပြီး အမတနတ်ဘုရားဂိုဏ်းရဲ့ခေါင်းဆောင်ငယ်ရာထူးဆက်ခံပွဲကိုကျင်းပပေးမည့်အကြောင်း ပြောလိုက်၏။
ကျစ်ယန်သည် ရှုယန်အား အရိုအသေပြုကာ ထွက်ခွာလာလိုက်သည်။ ဖုန်းတောက်ဂိုဏ်းရဲ့ နားနေဆောင်ကို ပြန်ရောက်လာတဲ့အခါ အချက်ပြသတိပေးနေသော ခေါင်းလောင်းသံကြီးကို ကျစ်ယန် ကြားလိုက်ရ၏။
ဂိုဏ်းသားတပည့်အချို့သည် ကျစ်ယန်အား ပွတ်တိုက်၍ နေရာတစ်ခုကို ဦးတည်ပြေးသွားကြသည်။ ပိုင်ဖန်သည်လည်း ကျစ်ယန်ဘေးမှ ဖြတ်သွားခဲ့ပြီး "အရေးပေါ်သတိပေးသံကြားရင် ကောင်းကင်ခန်းမထဲမှာ လူစုရမယ့်စည်းကမ်း ရှိတာ မင်းမသိသေးဘူးလား...." လို့ ရေရွတ်ရင်း ပျံသန်းသွား၏။
ကောင်းကင်ခန်းမထဲတွင် ဖုန်းတောက်ဂိုဏ်းရဲ့ ဂိုဏ်းတပည့် များစွာ စုဝေးနေကြသည်။ အားလုံးဆူညံနေချိန်တွင် လေဟာနယ်အက်ကွဲကြောင်းမှာ လူ၆ယောက်ထွက်ပေါ်လာခဲ့၏။ တပည့်သားများ အားလုံးသည် ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့ပြီး "ခန်းမသခင်များကို အရိုအသေပြုပါတယ်....." လို့ ပြိုင်တူပြောလိုက်ကြသည်။