← Chapters

အခန်း (၁၆၄)

Vol. 11 Ch. 164

အခန်း (၁၆၄)

Vol. 11 Ch. 164

ချန်းပင်အန်းကို ကောင်းရွှမ် လက်ဆောင်ပေးခဲ့သော မြင်းလှည်းက အတော်လေး နောက်ကျမှ ရောက်လာခဲ့သည်။ ထိုအချိန်တွင် အတော်လေး ညနက်နေခဲ့ပြီ ဖြစ်၏။

မြင်းလှည်းမောင်းသမားက မျက်နှာပေါ်တွင် အမွှေးအမျှင်မရှိသော အဘိုးအိုဖြစ်ပြီး သူက လီကျူးသုခဘုံထဲကို ကောင်းရွှမ်နှင့်အတူ လိုက်ပါလာခဲ့သော အဘိုးအိုဖြစ်သည်။ ထို့ကြောင့် ချန်းပင်အန်းက ထိုအဘိုးအိုကို နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့၏။ ရင်းနှီးပြီး ဖော်ရွေတတ်သော ကောင်းရွှမ်၏ အပြုအမူနှင့် ဆန့်ကျင်၍ ထိုအဘိုးအို၏ မျက်နှာက အလွန်အေးစက်နေခဲ့သည်။ မြင်းလှည်းကို ချန်းပင်အန်း၏လက်ထဲသို့ ထည့်ပေးလိုက်ပြီးနောက် သူက မြို့တော်ကို ခြေကျင်ပြန်သွားခဲ့သည်။

ထိုသို့ ပြန်မသွားခင် သူက ချွေးချန်းကို လှည့်ကြည့်လိုက်၏။

သို့သော် ချွေးချန်းကတော့ မြင်းလှည်းကို ဆွဲနေသော မြင်းများ၏ မျိုးစိတ်ကို လေ့လာနေသည့်အတွက် အဘိုးအို၏ စူးစမ်းမှုကို သတိမထားမိခဲ့ပေ။ ချွေးချန်းက မြင်းလှည်းပေါ်သို့ ခုန်တက်လိုက်ပြီး မြင်းလှည်းမောင်းသမားနေရာတွင် အလိုလို နေရာယူလိုက်သည်။ ထို့နောက် ချန်းပင်အန်းကိုကြည့်ပြီး ပြောလိုက်၏။ “ဒီမြင်းလှည်းက ငါတို့ရဲ့လမ်းတစ်လျှောက်မှာ မရှိမဖြစ်ပဲ။ ဒီတော့ ငါတို့က အေးအေးဆေးဆေး အသုံးပြုလို့ရတယ်…”

ချန်းပင်အန်းက သူ၏ပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်ရာ အတော်လေး မှောင်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ မြို့တော်ထဲတွင် ညမထွက်ရအမိန့် ထုတ်ထားသည့် အတွက်ကြောင့် သက်ဝင်လှုပ်ရှားပြီး စည်ကားနေသော လမ်းမကြီးက ညအချိန်တွင် လုံးဝကို ခြောက်ကပ်နေခဲ့၏။

ချန်းပင်အန်းက ခေါင်းခါပြီး ပြောလိုက်သည်။

“ဒါက လမ်းလျှောက်ကျင့်စဉ် လေ့ကျင့်ဖို့အတွက် အခွင့်ကောင်းတစ်ခုပဲ။ မြင်းလှည်းကို မောင်းဖို့ပဲ အာရုံစိုက်ပါ။ မင်းသာ အရမ်းမမြန်ဘူးဆိုရင် ငါက အမီလိုက်လာလို့ရတယ်..”

ချန်းပင်အန်းက မည်မျှခေါင်းမာကြောင်း ချွေးချန်းက သိနေခဲ့သည်။ ထို့ကြောင့် သူက နောက်ထပ် ဖြောင်းဖြပြောဆိုခဲ့ခြင်း မရှိချေ။ သူက မြင်းလှည်းကို ရှေ့သို့ ဖြည်းညင်းစွာ မောင်းသွားခဲ့ပြီး အရပ်တစ်ခွက် သောက်၍ ကျယ်လောင်စွာ ပြောလိုက်သည်။ “စိုးရိမ်စရာကိစ္စတွေကတော့ အများကြီးပဲ။ ဒါပေမဲ့ အရာအားလုံးက တဖြည်းဖြည်းနဲ့ ပြီးဆုံးသွားရမှာပဲ။ ပြောရမယ်ဆိုရင်တော့ ဆောင်းဦးရာသီက သေချာပေါက် ကောင်းမွန်ပြီး အေးမြတယ်လေ…”

ထိုအချိန်တွင် ချန်းပင်အန်းကတော့ မြင်းလှည်း၏နောက်မှ တစိုက်မတ်မတ် လိုက်လာပြီး ယောင်ရှန် လက်သီးသိုင်းထဲတွင် မှတ်တမ်းတင်ထားသော လမ်းလျှောက်ကျင့်စဉ် (၆)ကွက်ကို အကြိမ်ကြိမ် လေ့ကျင့်နေခဲ့၏။ လက်ရှိအချိန်တွင် လမ်းလျှောက်ခြင်းနှင့် မတ်တပ်ကျင့်စဉ်များက သူ့အတွက် ဒုတိယအလေ့အကျင့်တစ်ခုလို ဖြစ်နေခဲ့သည်။

ချွေးချန်းကတော့ အဓိပ္ပာယ်မရှိသော စကားလုံးများကို ဆက်၍ရွတ်ဆိုနေပြီး ကွန်ဖြူးရှပ်ကျမ်းစာများထဲမှ စကားစုလေးများကို တစ်ကြိမ်ပြီး တစ်ကြိမ် ရွတ်ဆိုနေခဲ့သည်။ ထို့နောက် သူက ရောက်တတ်ရာရာ ကဗျာစာသားများကို ရွတ်ဆိုနေပြီး အနည်းငယ်လေးပင် တိတ်ဆိတ်သွားခဲ့ခြင်း မရှိချေ။ အဆုံးတွင်တော့ သူက သီချင်းဆိုနေပြီး သူ လုံးဝမစီးဖူးသော မြည်းအိုကြီးအကြောင်းကို သီချင်းဆိုနေခဲ့သည်။

သူ၏အသံကို နှစ်နာရီနီးပါးခန့် ကြားလိုက်ရပြီးနောက် ချန်းပင်အန်းက လေပူများကို မှုတ်ထုတ်လိုက်ပြီး လမ်းလျှောက်ကျင့်စဉ်ကို ရပ်တန့်၍ ပြောလိုက်သည်။

“ငါက မြင်းလှည်းထဲမှာ အနားယူတော့မယ်…”

မြင်းလှည်းထဲကို ဝင်လာပြီး နောက်ကျောတွင် ရှိနေသော ခြင်းတောင်းကို ချပြီးမှသာ ထောင့်တွင် တောင်လိုပုံနေသော ပစ္စည်းများကို တွေ့လိုက်ရသည်။ ထိုပစ္စည်းများက အလွန်နက်မှောင်နေသည့်အတွက် အတွင်းထဲတွင် ရှိနေသော အရာများကို မမြင်ရပေ။

ချွေးချန်းက အပြုံးနှင့် ရှင်းပြလိုက်၏။

“အဲဒါက အရက်ကောင်း ထည့်ထားတဲ့အိုးတွေ၊ ကျင့်ကြံမှုအတွက်နဲ့ ဒဏ်ရာကုသဖို့ လိုအပ်တဲ့ဆေးလုံးတွေနဲ့ အသုံးအဆောင်ပစ္စည်းတချို့ပါတယ်…”

“အဲဒီကောင်းရွှမ်က တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းတဲ့ လူတစ်ယောက်ပဲ။ သူက ရန်သူတိုင်းပြည်က ဆိုတာကို ဘေးဖယ်ထားလိုက်ပြီး သူ့ရဲ့အကျင့်စရိုက်တစ်ခုတည်းကို သုံးသပ်ကြည့်ရမယ်ဆိုရင် သူက တော်တော်လေးကို ရင်းနှီးဖို့ကောင်းတယ်။ ပြီးတော့ သူက မင်းရဲ့မိတ်ဆွေ စုန့်ကျိရှင်းရဲ့ညီထက်တောင် ပိုပြီးတော့ အသုံးဝင်နိုင်တယ်။ သူတို့နှစ်ယောက်လုံးက မင်းသားတွေဖြစ်ကြပေမဲ့ သူက ပိုပြီးအဆင်ပြေတယ်…”

ချန်းပင်အန်းက ချွေးချန်း၏နောက်တွင် ထိုင်လိုက်ပြီး မြင်းလှည်းအပြင်ဘက်တွင် ချထားသော သူ၏ခြေထောက်ကိုကြည့်၍ ခေါင်းခါပြီး ပြောလိုက်သည်။

“စုန့်ကျိရှင်းက ဘယ်တုန်းကမှ ငါ့မိတ်ဆွေ မဖြစ်ခဲ့ဘူး…”

“ဒါကိုသာ ကြားမယ်ဆိုရင် စုန့်ကျိရှင်း အခု စုန့်မူဖြစ်သွားတဲ့ သူက သေချာပေါက်ဝမ်းနည်းနေတော့မှာပဲ..”

ချွေးချန်းက ပြုံးလိုက်သည်။

“ရွှံ့ပုလင်းလမ်းကြားထဲကနေ ထွက်မသွားခင် ချီကျင့်ချွန်က ‘နွေဦးကို ကြိုဆိုနေသော ကမ္ဘာကြီး’ဆိုတဲ့ စာသားတွေ ရေးထားတဲ့ တံဆိပ်တုံးတစ်ခုကို ကျိုးယောင်ဆီ ပေးခဲ့တယ်။ သူ့ရဲ့နှုတ်ဆက်လက်ဆောင်အဖြစ် စုန့်ကျိရှင်းကိုတော့ စာအုပ်(၆)အုပ် ပေးခဲ့တယ်။ အဲဒီထဲမှာ (၃)အုပ်က ‘ဆန်းကြယ်မှုနဲ့ တည်ငြိမ်မှု’ ၊ ‘ထောင်လီကဗျာမှတ်စု’ ၊ ‘တောင်တန်းနဲ့ ပင်လယ်ဒဏ္ဍာရီ’ ဆိုတဲ့ စာအုပ်တွေပဲ။ တခြား (၃)အုပ်ကတော့ ‘ကလေးတွေအတွက် ဘဝနေထိုင်နည်းစည်းကမ်းများ’ ၊ ‘ရိုးရာနဲ့ ဂီတ’ ၊ ‘စာရေးခြင်းမှတ်တမ်း’ ဆိုတဲ့ အခြေခံစာအုပ်တွေပဲ…”

“စုန့်ကျိရှင်းက မင်းအပေါ် အရမ်းရှုပ်ထွေးတဲ့ ခံစားမှု ရှိတယ်။ သူ့စိတ်ကို တည်ငြိမ်အောင် လုပ်ဖို့အတွက် သူ ထွက်မသွားခင် သူ့ရဲ့အိမ်ထဲက စားပွဲပေါ်မှာ အခြေခံစာအုပ် (၃)အုပ်ကို ထားပစ်ခဲ့တယ်။ ဒါပေမယ့် အဲဒါက လူသားတွေရဲ့ နှလုံးသား ရှုပ်ထွေးမှုကို ပြသနေတာပဲ…”

“တကယ်လို့ မင်းက မင်းရဲ့ခြံဝန်းထဲကို သူ ပစ်ထားခဲ့တဲ့ သော့ကို ကောက်ယူလိုက်မယ်ဆိုရင်တောင် ခွင့်ပြုချက်မရှိဘဲ အဲဒီစာအုပ်တွေကို ယူမသွားဘူးဆိုတာ သူသိတယ်။ ဒါပေမယ့် သူက မင်းအတွက် ကောင်းတဲ့အရာ တစ်ခုခု လုပ်ပေးထားတယ်လို့ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ပေးနိုင်သေးတယ်။ ဒါက ဉာဏ်ကောင်းတဲ့ လူတစ်ယောက် မဟုတ်ဘူးလား ဆရာ…”

ချွေးချန်းက လျှို့ဝှက်ချက်များစွာကို ပြောပြနေသော်လည်း သူကတော့ အကြောင်းအရာ အကြောင်းအရာတစ်ခုကိုတော့ ပြောပြခဲ့ခြင်း မရှိချေ။ ထိုအရာများအားလုံး ဖြစ်လာမည်ကို ချီကျင့်ချွန်က ကြိုတင်တွက်ချက်ထားခဲ့ပုံရသည်။

စုန့်ကျိရှင်းက ထိုအခြေခံစာအုပ် (၃)အုပ်ကို အထင်သေးနေပြီး ချန်းပင်အန်းအတွက် ချန်ထားရန် ရွေးချယ်ခဲ့လိမ့်မည်ဟု ကြိုတင်မြင်နေခဲ့၏။ မူလတုန်းကတော့ သူက လှည့်ကွက်ဆင်ခြင်းနှင့် အကြံဉာဏ်များစွာတွင် ချီကျင့်ချွန်ထက် အဆပေါင်းများစွာ ပိုသာသည်ဟု သူက တွေးခဲ့မိသည်။ သို့သော် ယခု ပြန်ကြည့်လိုက်သည့်အချိန်တွင် သူက ပို၍မှားယွင်းနေကြောင်း နားလည်သွားခဲ့၏။

“စုန့်ကျိရှင်းက အမြဲတမ်း ဉာဏ်ကောင်းခဲ့တယ်…”

ချန်းပင်အန်းက တိတ်တဆိတ် ပြောလိုက်၏။

“မင်းတို့ရဲ့ ဆက်ဆံရေးက အိုးတိုးအမ်းတမ်း ဖြစ်သွားခဲ့တယ်ဆိုတာ မင်းက မင်းအမေရဲ့ ကတိကို ဖျက်အောင် သူက လှည့်စားခဲ့လို့လား…”

ချွေးချန်းက စိတ်ဝင်စားနေသော အမူအရာနှင့် မေးလိုက်သည်။

ချန်းပင်အန်းက ပြန်ဖြေခဲ့ခြင်း မရှိချေ။

ချွေးချန်းက အပြုံးနှင့် ဆက်ပြောလိုက်၏။

“ငါက အဲဒီအရာကို မပြောသင့်ပါဘူး။ ငါက စုန့်ကျိရှင်းအတွက် တရားမျှတတဲ့ ဆင်ခြေတစ်ခု ပေးဖို့ ကြိုးစားနေတာ မဟုတ်ဘူး။ ငါက မင်းကို အမှန်အတိုင်းပဲ ပြောပြနေတာ။ သူလုပ်ခဲ့တဲ့အရာတွေက မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ သူ့လုပ်ရပ်ရဲ့ နောက်ကွယ်မှာ အကြောင်းပြချက်တစ်ခု ရှိတယ်။ အဲဒီအကြောင်းပြချက်ကလည်း အရမ်းရှုပ်ထွေးတယ်…”

“စုန့်ကျိရှင်းက မင်းထက်ပိုပြီး အဆင်မြင့်တဲ့ အသုံးအဆောင် ပစ္စည်းတွေကို ရခဲ့တယ်။ နောက်ပိုင်းမှာ သူ့ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ့် အစေခံမလေး တစ်ယောက်တောင် ရှိခဲ့တယ်။ အဲဒီအပြင် သူက စာဖတ်ခြင်း၊ ကျားထိုးခြင်းနှင့် လက်ရေးအတတ်ပညာတွေကိုလည်း ကျွမ်းကျင်သေးတယ်။ ဒါပေမယ့် သူက မင်းထက်ပိုပြီး အဆင်မြင့်လေလေ မင်းအပေါ် ပိုပြီးတော့ မကျေနပ် အားကျလေလေပဲ..”

“အဲဒီအချိန်မှာ သူက မီးဖိုကြီးကြပ်သူအရာရှိရဲ့ တရားမဝင်သားလို့ မှားယွင်းသတ်မှတ်တာကို ခံခဲ့ရတယ်။ သူ ငယ်ငယ်လေးတည်းက မြို့ထဲမှာရှိတဲ့ လူတိုင်းက သူ့ရဲ့ ရှေ့မှာပဲဖြစ်ဖြစ် နောက်ကွယ်မှာပဲဖြစ်ဖြစ် စော်ကားနေခဲ့ကြတာ…”

နောက်ဆုံးတွင်တော့ ချန်းပင်အန်းက ပြောလိုက်သည်။

ချွေးချန်းက ခေါင်းညိတ်ပြီး တုံ့ပြန်လိုက်၏။

“ဒါကြောင့်လည်း စုန့်ကျိရှင်းက မင်းကို မြင်တဲ့အချိန်တိုင်း သူ့ကိုယ်သူ တစ်ယောက်တည်း ပြန်တွေးမိခဲ့တယ်။ ဘာလို့ မင်းလို ဆင်းရဲနွမ်းပါးတဲ့ လူတစ်ယောက်ဆီမှာ မိဘအပြည့်အစုံရှိပြီး သူ့မှာတော့ မရှိခဲ့ရတာလဲ။ အမှန်အတိုင်းပြောရရင် သူက သူ့အမေရဲ့ နာမည်ကိုတောင် မသိခဲ့ဘူး…”

“သူ သည်းမခံနိုင်လောက်တဲ့ အရာတစ်ခုကတော့ မင်းရဲ့ဘဝကြီးက အရမ်းကို ဆိုးရွားပေမယ့် သူ့မျက်လုံးထဲမှာ မင်းက သူ့ထက်ပိုပြီး ပျော်စရာကောင်းတယ်။ မင်းက ဗိုက်ပြည့်သွားပြီဆိုရင် အိပ်စက်နိုင်တယ်။ အိပ်ရာနိုးလာရင်လည်း နေ့စဉ်အလုပ်တွေနဲ့ အလုပ်ရှုပ်နေတယ်…”

“အဲဒါကို မြင်တဲ့အချိန်တိုင်း စုန့်ကျိရှင်းက အားကျမှုတွေ၊ စိတ်ဓာတ်ကျမှုတွေကို ခံစားခဲ့ရတယ်။ ဒါကြောင့် သူက သူ့ရဲ့ဒုက္ခတွေကို မင်းဆီ ပေးချင်နေခဲ့တာ။ မင်းက ဘယ်အရာကို ဂရုအစိုက်ဆုံးလဲဆိုတာ သူသိတယ်။ ဒါကြောင့် သူက အဲဒီအရာကို မင်းဆီကနေ ဝေးဝေးယူသွားဖို့ ဆုံးဖြတ်ခဲ့တာ…”

ချန်းပင်အန်းက ရွှံ့ပုလင်းလမ်းကြားထဲတွင် မိုးရွာနေသော ညအချိန်ကို ပြန်၍ အမှတ်ရနေသေးသည်။ ထိုအရာက လူတစ်ယောက်ကို သတ်ဖြတ်ချင်စိတ်တစ်ခု ပထမဆုံးအကြိမ် ပေါ်လာခဲ့ခြင်းလည်းဖြစ်၏။ သူက ထိုညတွင် စုန့်ကျိရှင်းကို သေစေနိုင်လောက်သည့် အခြေအနေအထိ လုပ်ဆောင်မိခဲ့၏။

လျှိုရှန်းယန်က သူနှင့်အတူ မီးဖိုကြီးထဲမှ ခိုးထွက်လာခဲ့ပြီး ချန်းပင်အန်း၏ လုပ်ရပ်ကို မထင်မှတ်ဘဲ အဝေးမှ မြင်သွားခဲ့သည်။ ရလဒ်အနေနှင့် ထိုနေ့ညမှစပြီး တစ်လလုံးလုံး လျှိုရှန်းယန်က ချန်းပင်အန်းကို စကားမပြောရဲခဲ့ပေ။

“ကလေးတစ်ယောက်ရဲ့ လုပ်ရပ်တွေက မတူညီတဲ့ အကျိုးဆက်တွေ အများကြီးကို ဖြစ်သွားစေနိုင်တယ်။ အဲဒါက သနားစရာကောင်းတာပဲဖြစ်ဖြစ်၊ ရယ်စရာကောင်းတာပဲဖြစ်ဖြစ်၊ ကြောက်စရာကောင်းတာပဲဖြစ်ဖြစ် တစ်ခုခုပေါ့…”

ချွေးချန်းက သက်ပြင်းချလိုက်သည်။

“အဲဒီကလေးတွေမှာ နှလုံးသားပဲ ရှိကြတာ မဟုတ်ဘူး။ မရင့်ကျက်သေးပေမယ့် အဆင့်မြင့်တဲ့နေရာ ရောက်နေတဲ့ အရေးပါတဲ့လူတွေကလည်း တချို့ကိစ္စတွေကို ဖြေရှင်းတဲ့နေရာမှာ ကလေးဆန်တဲ့အတွက် ရင့်ကျက်တည်ငြိမ်မှုတွေ လိုအပ်တယ်…”

ချန်းပင်အန်းက သူ့ရဲ့ လက်နှစ်ဖက်ကို သိုင်းကွက်ပုံစံ ဖန်တီးလိုက်ပြီး လေ့ကျင့်နေရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

“စုန့်ကျိရှင်းက ငါ့ကို ကတိဖျက်အောင် လှည့်စားခဲ့တဲ့အတွက် ငါက တော်တော်လေး မကျေမနပ်ဖြစ်မိပေမယ့် အဲဒါက သူ့ကို အမှန်တကယ် မကြိုက်အောင် လုပ်ခဲ့တဲ့အရာ မဟုတ်ဘူး…”

ထိုစကားကိုကြားသည့်အခါ ချွေးချန်းက အလွန်စိတ်ဝင်စားသွားခဲ့သည်။

“ဒါဆိုရင် သူက မင်းကို ဘယ်အရာမျိုး လုပ်ခဲ့တာလဲ…”

“အဲဒီအချိန် လျှိုရှန်းယန်က မသေမချင်း တိုက်ခိုက်ခံနေရတဲ့အချိန်မှာ စုန့်ကျိရှင်းက အနီးအနားမှာ ရှိတဲ့ နံရံပေါ်မှာ ထိုင်ပြီး လျှိုရှန်းယန်ကို ရိုက်နေတဲ့သူတွေကို အားပေးနေတယ်။ လျှိုရှန်းယန်က ရိုက်နှက်ခံရပြီး သေသွားမှာကို သူက မြင်ချင်နေတယ်။ သူ့လို လူတစ်ယောက်က ငါ့မျက်လုံးထဲမှာ အရမ်းကြောက်ဖို့ ကောင်းတယ်။

ချန်းပင်အန်းက ပြန်ဖြေလိုက်သည်။

ထိုစကားကိုကြားသည့်အခါ ချွေးချန်းက တိတ်ဆိတ်သွားခဲ့၏။

ချန်းပင်အန်းက ခေါင်းမော့ပြီး အဝေးကို ကြည့်၍ ပြောလိုက်သည်။

“မြို့ငယ်လေးထဲမှာ စကားပုံတစ်ခုရှိတယ်။ ပစ္စည်းအလေးကြီး သယ်လာတဲ့သူတွေက ဘယ်လောက်ပင်ပန်းတယ်ဆိုတာကို ကြည့်နေတဲ့သူတွေက နားလည်မှာ မဟုတ်ဘူးဆိုတဲ့ စကားပုံပဲ။ ဒါက နားမလည်နိုင်စရာ မရှိဘူးလို့ ထင်တယ်။ တကယ်လို့ တစ်ယောက်ယောက်က လေးလံတဲ့ ဝန်ထုတ်ဝန်ပိုးကြီးကို ထပ်ဖြည့်ပေးလိုက်မယ်ဆိုရင် သူတို့အတွက်တော့ ပျော်စရာကောင်းတယ်လို့ တွေးလိမ့်မယ်။ ဒါပေမယ့် အဲဒီလိုလူတစ်ယောက်က မိတ်ဆွေဖြစ်လို့ ရနိုင်ပါ့မလား..”

“စုန့်ကျိရှင်းက မင်းရဲ့ပုခုံးပေါ်ကို အလေးထပ်တင်ဖို့ အလေးထပ်တင်ပေးမယ့် လူမျိုးမဟုတ်ဘူး…”

ချွေးချန်းက ပြန်ပြောလိုက်သည်။

“သူ့ရင်ထဲမှာတော့ စုန့်ကျိရှင်းက မင်းရဲ့မိတ်ဆွေ ဖြစ်ချင်နေခဲ့တာ။ သူက မင်းနဲ့ မိတ်ဆွေဖြစ်သင့်တဲ့ လူစားမျိုးလို့ ထင်တယ်။ ဥပမာအနေနဲ့ ပြောရရင် သူက ကျိုးယောင်ကို သူ့လောက် ဉာဏ်မကောင်းဘူးဆိုပြီး အထင်သေးတယ်။ ဒါပေမယ့် ချီကျင့်ချွန်နဲ့ ပတ်သက်မှုကြောင့် ကျိုးယောင်ကို ရင်းရင်းနှီးနှီး ဆက်ဆံနေသေးတယ်..”

“ငါက အဲဒီလို လူမျိုးကို မကြိုက်ဘူး…”

ချန်းပင်အန်းက ခေါင်းခါပြီး ပြန်ဖြေလိုက်သည်။

"မင်းလည်း သိတာပဲ။ လူတော်တော်များများက မင်းလိုလူမျိုးကို မကြိုက်ကြဘူးလေ…" ချွေးချန်းက အေးအေးဆေးဆေး ပြောလိုက်သည်။

"ဘာလို့ လူတွေအများကြီးက ငါ့ကိုကြိုက်ဖို့ လိုအပ်မှာလဲ…"

ချန်းပင်အန်းက အပြုံးနှင့် မေးလိုက်၏။

"ငါ့ဆီမှာ စားစရာ ၊ နေစရာနဲ့ အဝတ်အစားတွေရှိမယ်ဆိုရင် ငါက ဘာမှစိုးရိမ်စရာမလိုဘူး။ ငါက ဘယ်သူ့ဆီကနေမှ ဘာမှမလိုချင်သလို ဘာမှလည်း မလိုအပ်ဘူး…"

“ဆရာ…

မင်းက လူတစ်ယောက်မှာ မဖြစ်နိုင်တဲ့ စိတ်အခြေအနေမျိုးကို ပြသနေတာပဲ။ လူတစ်ယောပ်မှာ ဆန္ဒမရှိဘူးဆိုတာ မဖြစ်နိုင်ဘူးလေ။ ဒါက တော်တော်လေးစားစရာကောင်းတဲ့ စိတ်အခြေအနေပဲ…”

ချွေးချန်းက လက်မထောင်ပြလိုက်သည်။

“မင်းက အဲဒီအရာတွေပြောဖို့ ငါ့ကို ဆွဲဆောင်နေတယ်ဆိုတာ ငါသိတယ်။ ဒါဆိုရင် မင်းက ငါ့ဆီကနေ အချက်အလက်တွေ စုဆောင်းနိုင်တယ်လေ။ ဒါပေမဲ့ အဆင်ပြေပါတယ်။ မင်းကို အဲဒီအရာတွေ ပြောပြီးသွားတော့ အခုတော်တော်လေး နေလို့ကောင်းသွားပြီ…”

“ဆရာ…

မင်းက နှိမ့်ချထားတဲ့ မျက်နှာအမူအရာအောက်မှာ အရမ်းကြီးမားတဲ့ ဉာဏ်ပညာတစ်ခုကို ပိုင်ဆိုင်ထားတာပဲ။ ငါကတော့ ဉာဏ်ပညာရှိတယ်ဆိုတဲ့ ဟန်ဆောင်မှုအောက်မှာ ရူးမိုက်မှုတွေကို သယ်ဆောင်ထားတယ်…”

ချွေးချန်းက ပြုံးလိုက်မိသည်။

“တကယ်လို့ ငါတို့သာ ပူးပေါင်းလိုက်မယ်ဆိုရင် ကမ္ဘာကြီးက ငါတို့ရဲ့ နတ်ဘုံနတ်နန်းဖြစ်လာလိမ့်မယ်…”

ရုတ်တရက်ဆိုသလို ချန်းပင်အန်းက မေးလိုက်သည်။

“မင်းက အိုက်လျန်ကို သိတယ်မဟုတ်လား…။ သူကလည်း သူ လုံးဝမစီးဖူးတဲ့ မြည်းအိုကြီးအကြောင်း သီချင်းတစ်ပုဒ်ကို ဆိုခဲ့ဖူးတယ်…”

ထိုစကားကိုကြားသည့်အခါ ချွေးချန်း၏အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သူက ပြန်ဖြေလိုက်၏။

"ငါက အိုက်လျန်ကို ဟိုးအရင်ကတည်းက သိတာ။ ချီကျင့်ချွန်ထက်တောင် ပိုပြီးတော့ စောစောသိသေးတယ်…။ မာကျန်းနဲ့ မောက်ရှောင်တုံတို့ထက်တော့ တော်တော်လေးကို ပိုစောတာပေါ့။ ငါက အိုက်လျန်နဲ့အတူတူ အရက်သောက်နေတဲ့ အချိန်တုန်းကဆိုရင် သူတို့တွေက ရွှံ့တွေနဲ့ ကစားနေတဲ့ ကလေးတွေပဲ ရှိသေးတယ်…"

ညအချိန် လမင်းကြီးက အလွန်တောက်ပနေပြီး ကျယ်ပြန့်သော ကောင်းကင်ပေါ်တွင် ကြယ်ကလေးအနည်းငယ် ရှိနေခဲ့သည်။ ချွေးချန်း၏မျက်နှာပေါ်တွင် ဝမ်းနည်းမှုတစ်ခု ပေါ်လာပြီး လေပြေလေညှင်းလေးက သူ့ဆံပင်များကို ဖြတ်တိုက်သွားခဲ့၏။

“ငါ မွေးရပ်မြေကနေ ထွက်လာပြီးတဲ့နောက် ပညာသင်ကြားဖို့အတွက် ခရီးထွက်ခဲ့တယ်။ ဒါပေမဲ့ ငါက မင်းထက်ပိုပြီး ဝေးဝေးသွားခဲ့ရတယ်။ ငါက အရမ်းလည်း မောက်မာခဲ့တယ်။ တစ်ကြိမ်အရှက်ရပြီးတဲ့နောက် ငါ့ကို စာသင်သားအိုကြီးက တပည့်အဖြစ် လက်ခံခဲ့တယ်…"

“အဲဒီအချိန်မှာ စာသင်သားအိုကြီးက နာမည်မကြီးသေးဘူး။ သူ့ရဲ့သင်ကြားမှုတွေကလည်း လမ်းမှားရောက်နေတယ်လို့ သတ်မှတ်ခံခဲ့ရပြီး ငါကတော့ သူ့ရဲ့ပထမဆုံးတပည့်ဖြစ်ခဲ့တယ်။ ချီကျင့်ချွန်နဲ့ တခြားသူတွေကတော့ ငါ့နောက်မှပဲ အဲဒီအဘိုးကြီးရဲ့တပည့်တွေ ဖြစ်လာကြတာ။ သူ့မှာ လက်ရင်းတပည့်တွေ အများကြီးမရှိခဲ့ဘူး။ သူ သင်ကြားပေးတဲ့ပုံစံက ဗဟုသုတတွေကို တတ်နိုင်သမျှ အသေးစိတ် ပြောပြပေးတာပဲ…”

“အဲဒီအချိန်မှာ စကားလုံး အနည်းငယ်လေးနဲ့ အလွယ်တကူရှင်းပြနိုင်တဲ့ သဘောတရားတွေလည်း ရှိနေသေးတယ်။ ဒါပေမဲ့ သူကတော့ အဲဒီအရာတွေကို ရက်ပေါင်းများစွာ ပြောနေတတ်တယ်။ ဒါကြောင့် သူ့ဆီမှာ အချိန်များများမရှိသလို တပည့်တွေ အများကြီးကို သင်ကြားပေးဖို့ အစွမ်းလည်းမရှိခဲ့ဘူး..”

“သူ့မှာ အမည်ခံတပည့်တွေတော့ အများကြီးရှိတယ်။ သူတို့တွေက စာသင်သားသူတော်စင်ရဲ့ နောက်လိုက်ခွေးတွေလို့တောင် ခေါ်ချင် သတ်မှတ်ချင်ကြတယ်။ တစ်ခါတစ်ရံ သူတို့တွေက ရေတွက်ကြည့်ဖို့တောင် အရမ်းများလွန်းတယ်။ အိုက်လျန်ကတော့ ငါ့ထက်အရင် စာသင်သားအိုကြီးကို တွေ့ခဲ့တာပဲ။ နဂိုတုန်းကတော့ အိုက်လျန်ရဲ့ရည်ရွယ်ချက်က စာသင်သားအိုကြီးကို အနိုင်ယူဖို့ပဲ။ ဒါပေမဲ့ သူက သာမန်စာသင်သားအိုကြီး မဟုတ်ဘူး။ သူ့ရဲ့စကားလုံးတွေက ပြိုင်ဘက်ကင်းတယ်…”

“အရင်တုန်းက နှစ်ပေါင်း (၆၀)ကြာတိုင်း ကွန်ဖြူးရှပ်လမ်းစဉ် ၊ ဗုဒ္ဓလမ်းစဉ်နဲ့ တာအိုလမ်းစဉ် ဆိုတဲ့ သင်ကြားမှုလမ်းစဉ် (၃)ခုကြားမှာ ဆွေးနွေးပွဲတစ်ခု ကျင်းပတယ်။ အဲဒါက ဒီလောကကြီးထဲမှာ အတုမရှိတဲ့ ပွဲတစ်ပွဲပဲ။ ဆွေးနွေးပွဲအတောအတွင်း လမ်းစဉ်(၃)သွယ်ထဲက မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေက သူတို့ရဲ့ကိုယ်ပိုင်လမ်းစဉ်တွေကို ပြသဖို့ ကြိုးစားခဲ့ကြတယ်…”

“အဲဒီနေရာမှာ ပိုပြီးတော့ လေးစားခံရလေလေ စကားဝိုင်းပြီးရင် ပိုပြီးတော့ နာမည်ကျော်ကြားလာလေလေပဲ။ ငါက ငါ့ဆရာကို သစ္စာမဖောက်ခင် ကူညီဖို့ရည်ရွယ်ချက်နဲ့ ဆွေးနွေးပွဲအတောအတွင်း ငါ့ရဲ့အမြင်တွေကို ယုံကြည်ချက်ရှိရှိ ပြသခဲ့တယ်။ ထားလိုက်ပါတော့…။ ဒါတွေက အဲဒီအဘိုးကြီးရဲ့ အရင်အောင်မြင်မှုတွေသက်သက်ပဲ..”

“စာသင်သားအိုကြီးက သမိုင်းကြောင်းထဲမှာ ဆွေးနွေးပွဲကို နှစ်ကြိမ်တိတိ ဝင်ပါခဲ့တယ်။ အရေးအကြီးဆုံးအရာကတော့ သူက နှစ်ကြိမ်လုံး အနိုင်ရခဲ့တာပဲ။ ဒါပေမဲ့ အခုတော့ အဲဒါက ပုံပြင်တစ်ပုဒ် ဖြစ်သွားပြီ။ မင်းအခုသိဖို့ လိုတာကတော့ အဲဒီအဘိုးကြီးက မိုးအောက်မြေပြင်မှာ လုံးဝပြိုင်ဘက်ကင်း ဖြစ်ခဲ့တယ်ဆိုတာပဲ…”

“သူက သင်ကြားမှုရဲ့ခေါင်းဆောင်၊ ကြယ်တွေကြားက လတစ်စင်းလို့ သတ်မှတ်ခဲ့ကြတယ်။ တကယ်လို့ စာသင်သားမဟုတ်ဘူးဆိုရင် သူ့ရဲ့တောက်ပမှုကို ဖော်ပြနိုင်မှာတောင် မဟုတ်ဘူး..။ မဟုတ်ရင် နန်းတွင်းစာမေးပွဲမှာ ထူးထူးခြားခြား ဂုဏ်ဆောင်နိုင်တာနဲ့ အဲဒီအဘိုးကြီးကို ကွန်ဖြူးရှပ်ကျောင်းဆောင်ထဲမှာ လေးစားကြမှာလား…”

“အဲဒီစာသင်သားအိုကြီး လာခဲ့တဲ့ တိုင်းပြည်လေးက သူ့ကို ဂုဏ်ထူးဆောင်တံဆိပ်တစ်ခု လက်ခံပေးဖို့ တောင်းပန်ခဲ့တယ်။ ဒါပေမဲ့ သူကတော့ ငြင်းဆန်ခဲ့တာပဲ။ အမှန်အတိုင်းပြောရရင် သူက အစီအစဉ်တစ်ခု ချနေတာပဲ။ အဲဒီမတိုင်ကတော့ သူက စကားများများ မပြောခဲ့ဘူး။ နောက်ပိုင်း အိုက်လျန်က သူ့ရဲ့စကားလုံးတွေကို ဖယ်ရှားခဲ့တဲ့အတွက် ရန်သူတွေကနေ အကောင်းဆုံးမိတ်ဆွေတွေ ဖြစ်လာခဲ့တယ်…”

“အဲဒီကနေ စာသင်သားအိုကြီးရဲ့ အဆင့်အတန်းက ပိုပိုပြီး မြင့်တက်လာတဲ့အချိန်မှာ အိုက်လျန်ရဲ့ကျင့်စဉ်အဆင့်ကလည်း ပိုပိုပြီး မြင့်မားလာတယ်။ သူတို့နှစ်ယောက်က အချင်းချင်း ကောင်းမွန်တဲ့ ဆက်ဆံရေးလည်း ရှိကြတယ်။ စာသင်သားအိုကြီးရဲ့ တပည့်တွေထဲမှာ အိုက်လျန်က ငါ၊ ချီကျင့်ချွန် ပြီးတော့ ဇိုမျိုးရိုးတပည့်နဲ့ အရင်းနှီးဆုံးပဲ။ အိုက်လျန်က ငါတို့(၃)ယောက်အတွက် အတော်လေးကို ကြိုးစားပေးခဲ့တယ်။ ပြောရမယ်ဆိုရင်တော့ ချီကျင့်ချွန်နဲ့ ဇိုမျိုးရိုးတို့အတွက် သူက ထိတ်လန့်စရာတိုက်ပွဲတွေ အများကြီးကိုတောင် တိုက်ခိုက်ခဲ့တယ်…”

ချွေးချန်း၏ မျက်နှာပေါ်တွင် အပြုံးလေးတစ်ခု ပေါ်လာပြီး ဆက်ပြောလိုက်သည်။

“အိုက်လျန်က သူ့ရဲ့တိုက်ပွဲကြီးတွေထဲကနေ ပြန်လာခဲ့တဲ့အချိန်တိုင်း ‘ငါက ပြိုင်ဘက်ကင်း’လို့ အမြဲတမ်းပြောတတ်တယ်။ ငါက ဒီနေ့ ဘယ်ဂိုဏ်းကို အမှောက်သိပ်ခဲ့ပြီလို့ပြောတာမျိုး ၊ ကြယ်တွေထဲမှာရှိတဲ့ ကောင်းကင်မိန်းမပျိုတွေ အားလုံးက ငါ့ကို မျက်လုံးပြူးကြည့်နေပြီး အရှင်လတ်လတ် ဝါးစားချင်နေတာဆိုတဲ့ စကားလုံးမျိုးကို ပြောခဲ့တယ်…”

"ထားလိုက်ပါတော့ ။ မင်းတို့ကလေးတွေက ဒါကိုနားလည်ဖို့ အရမ်းငယ်လွန်းတယ်.."

ချွေးချန်းက အရက်တစ်ငုံသောက်ပြီး သက်ပြင်းချလိုက်သည်။

“အိုက်လျန်ဆီမှာ တော်တော်လေး လေးစားစရာကောင်းတဲ့ အရည်အချင်းတစ်ခုရှိတယ်။ ဒါကတော့ ငါတို့လို ငါတို့စာသင်သားတွေလို မဟုတ်ဘူး။ သူက စကားပြောတဲ့အချိန်မှာ ဘယ်တော့မှ မြှောက်ပင့်ပြီး မပြောတတ်ဘူး…”

ထိုမျှစကားပြောလိုက်ပြီး နောက်ဆုံးတွင်တော့ ချွေးချန်းက အပြုံးနှင့် ကောက်ချက်ချလိုက်သည်။

"ဒါက ငါပြောချင်တဲ့အရာတွေအားလုံးပဲ။ မင်းပြောခဲ့သလိုပဲ။ အခုငါလည်း ရင်ထဲမှာ တော်တော်လေး အဆင်ပြေသွားသလို ခံစားရတယ်…"

ချန်းပင်အန်းက မျက်လုံးမှိတ်၍ လေ့ကျင့်နေခဲ့သည်။ သို့သော် အမှန်အတိုင်း ပြောရလျှင်တော့ သူက ချွေးချန်းပြောခဲ့သော စကားလုံးတိုင်းကို သေချာနားထောင်နေခဲ့သည်။

ချွေးချန်းက တည်ငြိမ်သော အမူအရာနှင့် ပြောလိုက်သည်။

"ငါတို့က အချင်းချင်း ပွင့်ပွင့်လင်းလင်း ပြောပြီးသွားပြီ။ ဒါပေမယ့် ငါက လူဆိုး တစ်ယောက်ဖြစ်ပြီး မင်းက လူကောင်းတစ်ယောက်ဆိုတဲ့ အချက်ကတော့ ပြောင်းလဲမသွားသေးဘူး…"

ချန်းပင်အန်းက မျက်လုံးဖွင့်ပြီး ပြောလိုက်သည်။

"ငါက လမ်းလျှောက်ကျင့်စဉ်ကို ဆက်ပြီးတော့ လေ့ကျင့်ဦးမယ်…"

"လုပ်ပါ…"

ချွေးချန်းက အပြုံးနှင့် ပြောလိုက်၏။

ထို့နောက် ချန်းပင်အန်းက မြင်းလှည်းပေါ်မှ ခုန်ဆင်းသွားခဲ့ပြီး လမ်းလျှောက်ကျင့်စဉ်ကို တိတ်တဆိတ် လေ့ကျင့်နေခဲ့သည်။

ချွေးချန်း၏ မျက်နှာပေါ်တွင် ရှိနေသောအပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး သူက အရက်အိုးထဲတွင် ရှိနေသော အရက်ကို အပြီးသတ် သောက်လိုက်သည်။ သူက တစ်ယောက်တည်း တီးတိုးရေရွတ်နေခဲ့၏။

"ချန်းပင်အန်း မင်းလိုလူတစ်ယောက်က လူအများစုရဲ့မျက်လုံးထဲမှာတော့ တော်တော်လေး ကြောက်စရာကောင်းတယ်ဆိုတာကို မင်း မသိဘူးလား…"

"အဲဒါကို ငါကြားတယ်…"

ချန်းပင်အန်းက မြင်းလှည်း၏နောက်မှနေ၍ လှမ်းအော်လိုက်သည်။

ချွေးချန်းက အားရပါးရ ရယ်လိုက်၏။

"မင်းမှာ တော်တော်ထူးခြားတဲ့ အကြားအာရုံ ရှိနေတာပဲ။ မင်းက တကယ့်ကို နာမည်ကျော် ပါရမီရှင်တစ်ယောက်လို့ ပြောရမယ်။ သိပ်မကြာခင် မင်းက ကမ္ဘာကြီးတစ်ခုလုံးကို စုစည်းပြီး ပြိုင်ဘက်ကင်းလာတော့မှာ…"

"ကျေးဇူးတင်ပါတယ်…"

ချန်းပင်အန်းက အပြုံးနှင့် ပြောလိုက်၏။

………………

အပြန်ခရီးလမ်းတွင် သူတို့က နေရာပေါင်းများစွာကို ဖြတ်ကျော်ခဲ့ရသည်။ မြင်းလှည်းနှင့် မြင်းကိုတော့ ချွေးချန်းက ငွေစ (၁၅၀၀)နှင့် ရောင်းချလိုက်ပြီး ထိုငွေကြေးနှင့် သူ့အတွက် အလွန်လှပသော စာအုပ်သေတ္တာလေးတစ်ခုကို ဝယ်ယူပြီး မြင်းလှည်းထဲတွင် ရှိနေသော အဖိုးတန်ပစ္စည်းအားလုံးကို ထိုသေတ္တာလေးထဲသို့ ထည့်လိုက်သည်။

တာ့ဆွေတိုင်းပြည်သို့ သွားသော ခရီးလမ်းနှင့် ဆန့်ကျင်ဘက်အနေနှင့် ချန်းပင်အန်းက အပြန်လမ်းတွင် ယောင်ရှန်သိုင်းကျမ်းနှင့် ရပ်တန့်ခြင်း (၁၈)သွယ်ကို လေ့ကျင့်ရန် ပို၍အချိန်ရလာခဲ့သည်။ သည်းထန်စွာ မိုးရွာသွန်းခြင်း မရှိလျှင် သူက တစ်နေ့ကို နှစ်ကြိမ်လေ့ကျင့်ပြီး မနက်တစ်ကြိမ် ညတစ်ကြိမ် ဖြစ်သည်။

သူက လမ်းလျှောက်ကျင့်စဉ်ကိုလည်း အလွန်နှေးကွေးစွာ လုပ်ဆောင်ပြီး လီပေါင်ဖျင်နှင့် လီဟွိုင်တို့က သူ့အနားတွင် သူနှင့်အတူ လေ့ကျင့်နေသလို ထင်ရ၏။ ကလေးငယ်များ၏နေရာတွင် ချွေးချန်း ရောက်လာသော်လည်း သူ၏လှုပ်ရှားမှုများကတော့ ချန်းပင်အန်းထက်ပင် ပို၍လှပနေသေးသည်။

သူတို့က အလွန်မြင့်မားသော တောင်တန်းကြီးတစ်ခုကို ဖြတ်သန်းသွားရသည့် အချိန်တိုင်း သို့မဟုတ် ရေကန်ကြီးတစ်ခုကို ဖြတ်သန်းသွားရသည့်အချိန်တိုင်း ချွေးချန်းက သူတော်စင်များ၏ စာသားများကို ကျယ်လောင်စွာ ရွတ်ဆိုခဲ့ပြီး ထိုအချိန်များတွင် ချန်းပင်အန်းကလည်း တိတ်ဆိတ်နေခဲ့သည်။ သူက ချွေးချန်းနှင့်အတူ ထိုစာသားများကို လိုက်လံရွတ်ဆိုနေခဲ့၏။

တာ့ဆွေတိုင်းပြည်မြို့တော်၏ အပြင်ဘက်လမ်းမကြီးပေါ်ရှိ ညအချိန်နှင့် မတူတော့ဘဲ သူတို့နှစ်ယောက်က တစ်နေ့လုံး အချင်းချင်း စကားမပြောသည့်နေ့ရက်များပင် ရှိလာခဲ့၏။ တစ်ခါတစ်ရံ ချွေးချန်းက အဝေးကိုခိုး၍ ထွက်သွားတတ်သည်။

ပြန်လာသည့်အချိန်တွင် သူ၏ခံစားချက်များကတော့ သူ၏ရလဒ်ပေါ် မူတည်နေခဲ့၏။ ချန်းပင်အန်းကတော့ သူ မည်သည့်နေရာကို သွားကြောင်း မည်သည့်အရာများ လုပ်ခဲ့ကြောင်း လုံးဝမမေးခဲ့ပေ။ ထို့ကြောင့် သူတို့နှစ်ယောက်က အလျင်မလိုဘဲ ခရီးလမ်းကို ဆက်၍သွားနေကြပြီး သိပ်မကြာခင် ဆောင်းဦးရာသီမှနေ၍ ဆောင်းရာသီသို့ ရောက်လာခဲ့သည်။

အပြန်ခရီးလမ်းကို ချွေးချန်းက ရွေးချယ်ထားခဲ့ပြီး တာ့ဆွေတိုင်းပြည်သို့ သူတို့လာခဲ့သော ခရီးလမ်းနှင့် လုံးဝကိုကွဲပြားနေခဲ့သည်။ သို့သော် ချန်းပင်အန်းကတော့ ထိုအရာကို ကန့်ကွက်နေခြင်း မရှိချေ။

ရံဖန်ရံခါ သူတို့နှစ်ယောက်က စိတ်ဝင်စားစရာကောင်းသော အဖြစ်အပျက်တချို့ကို တွေ့ရတတ်သည်။ ထိုသို့သော အချိန်မျိုးတွင် သူတို့က အဝေးမှ ကြည့်ရှုနေခြင်းဖြစ်စေ၊ လှုပ်ရှားမှုများကို လေ့လာခြင်းဖြစ်စေ လုပ်ဆောင်တတ်သည်။

ချန်းပင်အန်းက တာလီအင်ပါယာမှ တာ့ဆွေအင်ပါယာသို့ သွားသော ခရီးစဉ်ပြီးဆုံးသွားခဲ့သော်လည်း ထိုအဖြစ်အပျက်များထဲမှတချို့ကို အံ့ဩမိနေသေးသည်။

တစ်ညတွင်တော့ သူတို့နှစ်ယောက်က တာ့ဆွေတိုင်းပြည်၏ အရှေ့ဘက်တွင် ရှိနေသော ရေကန်ကြီးနားတွင် သွားလာခဲ့ကြသည်။ လရောင်အောက်တွင် သူတို့က အဝေး လေထဲတွင် ပျံသန်းသွားသော အင်မော်တယ်စုံတွဲတစ်တွဲကို တွေ့လိုက်ရသည်။

သူတို့က အလွန်ကြီးမားသော သံကြိုးကြီးတစ်ခုကို သယ်ဆောင်ထားကြပြီး ထိုသံကြိုးကြီးက ရေကန်အောက်ခြေမှ တောင်တစ်တောင်၏ အရွယ်အစားခန့်ရှိသော ဧရာမကျောက်တုံးကြီးတစ်တုံးကို မြှောက်နိုင်သည်။ ထို့နောက် ကျောက်တုံးကြီးကို လေထဲသို့မြှောက်ပြီး သူတို့၏ဂိုဏ်းသို့ သယ်ဆောင်သွားခဲ့၏။

ချွေးချန်းက ချန်းပင်အန်းကို ပတ်ဝန်းကျင် သဘာဝအနှစ်သာရများ စုစည်းရသော အကြောင်းအရာများစွာကို ပြောပြခဲ့သည်။ အကယ်၍ ထိုအရာများကို ကျင့်ကြံသည့် ဂိုဏ်းတစ်ခုက ရှာတွေ့သွားမည်ဆိုလျှင် ထိုဂိုဏ်းက ထိုပစ္စည်းကို သူတို့၏ ဂိုဏ်းဆီသို့ ပြန်လည်သယ်ဆောင်ပြီး ပို့ဆောင်ရန် ဂိုဏ်းသားများ စေလွှတ်တတ်သည်။ ထိုအရာက ဂိုဏ်းတစ်ဂိုဏ်း၏ ကံကြမ္မာကို ထိန်းသိမ်းပေးရန် ကူညီပေးနိုင်သော ရတနာတစ်ခုဖြစ်လာနိုင်၏။

ထိုကဲ့သို့ ထူးခြားသည့် ကျင့်ကြံရေးဂိုဏ်းများက တခြားသူများအတွက်လည်း အတော်လေးကို စဉ်းစားပေးတတ်သည်။ သူတို့က ထိုအလုပ်များကို ညအချိန်တွင်သာ လုပ်ဆောင်ရန် ရွေးချယ်တတ်ကြပြီး သူတို့က ဈေးကြီးသော သံအဆီအနှစ် သံကြိုးများကို ဝယ်ယူရန် ငွေကြေးများပင် အသုံးပြုတတ်ကြသည်။

သာမန်ကျင့်ကြံရေးဂိုဏ်းတစ်ခုကတော့ ထိုအရာများကို အလေးမထားခဲ့ပေ။ သူတို့က အလုပ်လုပ်ရန်အတွက် ဈေးပေါသော သံကြိုးကြီးများကို အမြောက်အမြား ဝယ်ယူတတ်၏။ အကယ်၍ ထိုသံကြိုးများကသာ လွတ်သွားပြီး အပြန်လမ်းတွင် တောင်တစ်တောင်ပေါ်သို့ ပြုတ်ကျသွားမည်ဆိုလျှင်ပင် နယ်မြေခံအင်အားစုများက ထိုကျင့်ကြံရေးဂိုဏ်းကို ပြဿနာမရှာရဲကြပေ။ မဟုတ်လျှင် သူတို့သာ သေသွားနိုင်၏။

အကယ်၍ ထိုတောင်တန်းကြီးက အလွန်ကြီးမားသော မြို့တစ်မြို့ပေါ်သို့ ကျသွားမည်ဆိုလျှင်ပင် ထိုအဖြစ်အပျက်ကို လျှို့ဝှက်ထားတတ်ကြသည်။ ထိုပြဿနာက ကျင့်ကြံရေးဂိုဏ်းကို ဆန့်ကျင်မိသည့်အတွက် လျော်ကြေးငွေတစ်ခုနှင့်ပင် ပြီးဆုံးသွားရတတ်သည်။

တာ့ဆွေတိုင်းပြည်နှင့် ခုံရုံးဝါတိုင်းပြည်၏ နယ်စပ်တွင် ရှိနေသော ကြီးကျယ်ခမ်းနားသည့် တောင်တန်းကြီးထဲတွင် ချန်းပင်အန်းက ငါးတစ်ကောင်ပုံစံ အလွန်ကြီးမားသော ကျောင်းတော်တစ်ခုကို တွေ့လိုက်ရသည်။ သို့သော် သူတို့က တောင်တက်လမ်းတွင် ခရီးသွားလာနေသည့်အတွက် ထိုအရာများကို မြင်ရသော်လည်း အဆင်ပြေသည်။

ချွေးချန်းက တောင်ဖြတ်ငါးများအကြောင်း ချန်းပင်အန်းကို ရှင်းပြနေပြီး သူတို့က ရေထဲမှ ထွက်လာ၍ လဝက်ခန့်အထိပင် အသက်ရှင်နိုင်သည်ဟု ပြောခဲ့သည်။ တောင်ဖြတ်ငါးများက သူတို့နေထိုင်ရန် ရေအဆင့်အတန်းကို အလွန်ရွေးချယ်တတ်ကြသည်။

အကယ်၍ သူတို့နေထိုင်သောရေက အလွန်ဆိုးရွားလာပြီဆိုလျှင် သူတို့က ချက်ချင်းပြောင်းတတ်ကြသည်။ ရေထဲတွင်ရှိနေသော စွမ်းအားများက ပို၍များလေလေ တောင်ဖြတ်ငါးရေအတွက်က ပို၍များပြားလာလေလေ ဖြစ်သည်။ ထိုတောင်ဖြတ်ငါး (၁)သောင်းခန့်တွင် ရွှေရောင်ဝိညာဉ်သတ္တဝါတစ်ကောင် ထွက်ပေါ်လာတတ်၏။

ထို့ကြောင့် ကျင့်ကြံရေးဂိုဏ်းအများစုက သူတို့၏ရေကန်ထဲတွင် ထိုကဲ့သို့ သတ္တဝါမျိုးကို မွေးမြူထားကြပြီး ဂိုဏ်းထဲတွင်ရှိနေသော စွမ်းအားများ၏ အဆင့်ကို သတ်မှတ်ရန် သူတို့၏ အပြုအမူကို လေ့လာစောင့်ကြည့်ကြသည်။

ထို့နောက် သူတို့က ခုံရုံးဝါတိုင်းပြည်၏ မြို့ကြီးတစ်မြို့ကို ဖြတ်ကျော်လာခဲ့သည့် အချိန်တွင် လူငယ်ဓားသမားနှစ်ယောက်က မြေပြင်နှင့် (၅)ပေပင် မကွာသော နေရာမှနေ၍ ဈေးတစ်ခုထဲကို ဖြတ်၍ ပျံသန်းသွားကြောင်း တွေ့လိုက်ရသည်။ သူတို့က အလွန်အမင်းကို လျင်မြန်စွာ သွားလာခဲ့ကြပြီး ပြိုင်ပွဲတစ်ခု ယှဉ်ပြိုင်နေသလို ထင်မှတ်ရသည်။ သူတို့က အနားတွင် ရှိနေသူများကို လုံးဝဂရုမစိုက်ခဲ့ကြပေ။

ဈေးထဲတွင် ရှိနေသူများကတော့ အချိန်မီဖယ်ရှားနိုင်ခြင်း မရှိသည့်အတွက် အနည်းနှင့်အများ ဒဏ်ရာရသွားကြ၏။ ဓားသမားတစ်ယောက်က ချန်းပင်အန်း၏အနားမှ ဖြတ်သန်းသွားသည့်အချိန်တွင် အဘွားအိုတစ်ယောက်က အလွန်ကြောက်လန့်သွားသည့်အတွက် မြေပေါ်သို့ လဲကျသွားခဲ့၏။

သူမနှင့် ဓားသမားက အချင်းချင်း ရှောင်တိမ်းရန် ကြိုးစားခဲ့သော်လည်း နှစ်ယောက်လုံးက တစ်ဖက်တည်းကို ရှောင်တိမ်းလိုက်သလို ဖြစ်သွားသည်မှာ အတော်လေး ကံဆိုးသွားသည်။ ထို့ကြောင့် သူမက တစ်ဖက်သို့ ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း ဓားသမား၏လမ်းကြောင်းပေါ် တည့်တည့်သို့ ရောက်သွားခဲ့၏။

ဓားသမားက ပြိုင်ပွဲကို မရှုံးနိမ့်ချင်သည့်အတွက် ရှောင်တိမ်းနိုင်ရန် အရှိန်တင်လိုက်သည်။ ထို့ကြောင့် သူက အဘွားအိုကို ဓားနှင့် ဖြတ်ကျော်သွားရန် ကြိုးစားနေခဲ့၏။

အကယ်၍ ချန်းပင်အန်းကသာ ထိုအဘွားအိုကို ဓားလမ်းကြောင်းပေါ်မှ ဆွဲမထုတ်ခဲ့လျှင် သူမက နေရာ၌ သေသွားနိုင်သည်။ ဓားသမားက ထိုကိစ္စကြောင့် ချန်းပင်အန်းကို ကျေးဇူးမတင်သည့်အပြင် ချန်းပင်အန်းကို ရက်စက်ကြမ်းကြုတ်စွာ ပြန်လှည့်ကြည့်လိုက်သေး၏။ ထို့နောက် ဓားသမားနှစ်ယောက်က အဝေးတွင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

မြို့သူမြို့သားများကတော့ ထိုအဖြစ်အပျက်ကြောင့် အတော်လေး လှုပ်ရှားနေကြသော်လည်း မည်သူကမျှ ထိုအရာကို ပြဿနာမရှာရဲကြပေ။ ဖြစ်ခဲ့သည့်အရာများကို လေသံမာမာနှင့် ပြောရဲသည့်သူပင် မရှိခဲ့ချေ။

ချွေးချန်းက ထိုအရာနှင့်ပတ်သက်၍ လုံးဝကို အေးစက်နေခဲ့၏။ အလယ်ဘုံ(၅)ဆင့်ကို မရောက်သေးသော ချီကျင့်ကြံသူတစ်ယောက်က ဤကဲ့သို့ မြို့ငယ်လေးထဲတွင် ထိုသို့မဆင်မခြင် မလုပ်သင့်ကြောင်းသာ ပြောခဲ့သည်။ သို့သော် ဓားသမားများ ဟူသည်မှာ အလွန်အဖိုးတန်သော ချီကျင့်ကြံသူများဟု သတ်မှတ်နိုင်သည်။ ထို့ကြောင့်လည်း သူတို့က ယခုလိုအပြုအမူများကို လုပ်ဆောင်တတ်ကြခြင်းဖြစ်၏။

အဘွားအိုက သူမ၏အသက်ကို ကယ်တင်ပေးသည့်အတွက် ချန်းပင်အန်းကို ကျေးဇူးတင်လိုက်သည်။ ထို့နောက် အလျင်အမြန် ထွက်ပြေးသွားခဲ့၏။

ချန်းပင်အန်းကတော့ ဓားသမားနှစ်ယောက် ထွက်ခွာသွားသည့်နေရာကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့မိသည်။

“သူတို့ရဲ့လုပ်ရပ်အတွက် မင်းက လူတိုင်းကို အပြစ်တင်လို့ မရနိုင်ဘူး…”

ချွေးချန်းက အေးစက်စွာ ပြောလိုက်သည်။

“ပြီးတော့ မင်းက သူတို့ကို မကျေမနပ်ဖြစ်တော့ရော ဘာလုပ်မှာလဲ။ မင်းက သူတို့နောက်ကိုလိုက်ပြီး သူတို့ကို သတ်မှာလား။ သူတို့က ဒီနေရာမှာ လူတစ်ယောက်မှ သတ်မသွားတာကို မမေ့နဲ့။ ပြောရမယ်ဆိုရင် သူတို့ရဲ့လုပ်ရပ်က မှားတယ်ဆိုတာပြောဖို့ မင်းရဲ့သင်ကြားမှုတွေကို သူတို့လက်ခံနိုင်လောက်တဲ့အစွမ်းမျိုး မင်းဆီမှာ ရှိတယ်ဆိုရင်တောင် သူတို့က မင်းနောက်ကွယ်ကို ရောက်သွားရင် မင်းရဲ့စကားအတိုင်း လိုက်နာမှာလား။ တကယ်လို့ မင်းသာ ငါ့ကို တောင်းဆိုလိုက်မယ်ဆိုရင် ငါက ဒီလိုမလိုအပ်တဲ့ကိစ္စတွေကို ဝင်မပါတော့ဘူး…”

“ငါက သူတို့နောက်ကို လိုက်မသွားဘူး။ ငါက ဒီနေရာမှာ ပြောင်းလဲမှုတစ်ခု လုပ်နိုင်တဲ့ အစွမ်းမျိုးလည်း မရှိဘူး…”

ချန်းပင်အန်းက ခေါင်းခါပြီး ပြောလိုက်သည်။

“ငါက မင်းကို ဒီကိစ္စမှာ ဝင်ပြီးတော့ ပတ်သက်စေချင်တယ်။ မင်းရဲ့ တပည့်တစ်ယောက် ဖြစ်နေပေမယ့် ငါက ဒီခရီးစဉ်တစ်လျှောက်လုံး ဘာမှအကူအညီမပေးနိုင်ခဲ့ဘူး။ ဒီတော့ အပြစ်ရှိသလို ခံစားရတယ်။ ဒါကြောင့် ငါက မင်းအတွက် တစ်ခုခုလုပ်ပေးဖို့ အခွင့်အရေးတစ်ခုရရင် အရမ်းကျေးဇူးတင်မိမှာပဲ..” ချွေးချန်းက ထိုအရာကို စကားအဖြစ်သာ ပြောလိုက်ခြင်းဖြစ်သည်။

တုံ့ပြန်မှုမရသည့်အချိန်တွင် ချွေးချန်းက အပြုံးနှင့် မေးလိုက်၏။

“ဒါဆိုရင် မင်းက တစ်နေ့နေ့ ပြောင်းလဲနိုင်တဲ့အစွမ်းမျိုးရှိရင်တော့ တစ်ခုခုလုပ်မှာလား..”

“အဲဒီနေ့ကို ရောက်လာပြီးမှပဲ ဆုံးဖြတ်ချက်ချရတာပေါ့…”

ချန်းပင်အန်းက ဆက်သွားနေရင်း ပြောလိုက်သည်။

ချွေးချန်းက သူ့နောက်မှ အလျင်အမြန် လိုက်လာပြီး မေးလိုက်၏။

“အဲဒီနေ့က ဘယ်လိုနေ့မျိုးဖြစ်မလဲ…”

“ငါလည်း မသိဘူး။ ဒါပေမယ့် မနက်ဖြန်တော့ မဟုတ်ဘူး…”

ချန်းပင်အန်းက ပြန်ဖြေလိုက်သည်။

ချွေးချန်းက ချန်းပင်အန်း၏ နောက်မှ ပြေးလိုက်လာပြီး စဉ်းစား၍ ပြောလိုက်၏။

“တကယ်လို့ အဲဒီနေ့ကသာ မနက်ဖြန်ဖြစ်မယ်ဆိုရင် ပိုပြီးကောင်းလိမ့်မယ်။ မင်းရဲ့ တပည့်တစ်ယောက်ဆိုမှတော့ ငါက မင်းရဲ့အလင်းရောင်အောက်မှာ ခိုလှုံလို့ရတာပေါ့…”

ချန်းပင်အန်းက ကောင်းကင်ကြီးပေါ်ကို မော့ကြည့်လိုက်သည်။ သူက မြို့ငယ်လေးဆီသို့ ပြန်သွားသည့်အချိန်တွင် နှစ်သစ်ကူးချိန် ရောက်တော့မည်ဖြစ်ကြောင်း ရုတ်တရက် အမှတ်ရသွားခဲ့၏။ သူက ဖယောင်းတိုင်နီမြို့ထဲတွင် ရောင်းချခြင်းမရှိသော နှစ်သစ်ကူးစကားလုံးအနည်းငယ် ဝယ်သွားသင့်မသင့် စဉ်းစားနေခဲ့၏။

ထိုအချိန်တွင် ချွေးချန်းက မော့ကြည့်လိုက်သည်။ သူက အလွန်မြင်မားသော အဆောက်အဦးတစ်ခုကို ကြည့်လိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။

“တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ…”

ချန်းပင်အန်းက လှည့်ကြည့်လိုက်ရာ ထိုမြို့ထဲတွင် အလွန်မြင်မားသော ဆိုင်တစ်ခုကို တွေ့လိုက်ရသည်။ ထိုမြို့ထဲတွင် ရှိနေသော အခြေအနေနှင့် ဆန့်ကျင်၍ ထိုအဆောက်အဦး၏ အပေါ်ဘက် တိမ်တိုက်ထဲတွင် လျှပ်စီးကြောင်းများ ထွက်ပေါ်လာနေသည်။ ထိုအရာများက နေရာငယ်လေးတစ်ခုတွင် ကျဆင်းလာနေသလို ထင်မှတ်ရ၏။

ချွေးချန်းက ချန်းပင်အန်းကို အပြုံးနှင့် ပြောလိုက်သည်။

“ငါတို့ သေချာပေါက် ဝင်ပါရမယ့် အရာတစ်ခုရှိတယ်…”

“ဆရာ…

တကယ်လို့ မင်းက မလိုက်လာချင်ဘူးဆိုရင်တောင် ငါကိုယ်တိုင် သွားလုပ်မယ်။ မင်းက မြို့တံခါးမှာ ငါ့ကို စောင့်နေပေးပါ…”

ချန်းပင်အန်းက မြို့တံခါးဆီသို့ ဆက်၍လျှောက်သွားပြီး ပြန်ဖြေလိုက်သည်။

“တကယ်လို့ မင်းက ညမထွက်ရ အမိန့်ထုတ်ထားတဲ့အချိန်ထိ ရောက်မလာဘူးဆိုရင်တော့ ငါ့ဘာသာပဲ ဆက်သွားတော့မယ်…”

ချွေးချန်းက မျက်နှာပျက်သွားခဲ့၏။

“ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ ဆရာ…”

ချန်းပင်အန်းက ချွေးချန်းကို နောက်ကျောပေးပြီး လက်မြှောက်၍ ဆဲဆိုလိုက်သည်။

ချွေးချန်း၏ အမူအရာက ချက်ချင်းပင် ပြောင်းလဲသွားပြီး ချန်းပင်အန်းကို နှုတ်ဆက်လိုက်၏။

“ဆရာက တဖြည်းဖြည်း ပိုပြီး ပွင့်လင်းလာတယ်။ ကြည့်ရတာ ကျွန်တော့်ရဲ့ လွှမ်းမိုးမှုတွေကြောင့် ဖြစ်မယ်…”

ချန်းပင်အန်းက လက်သီးကို တင်းတင်းဆုပ်လိုက်၏။

ချွေးချန်းက ချက်ချင်းပင် ဦးညွှတ်ပြီး အော်ပြောလိုက်သည်။

“ဂရုစိုက်ပါ ဆရာ…”

All Chapters